Tuesday, May 5, 2009

စီမံခန့်ခွဲခြင်း ဆိုသည်မှာ ...

မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်းကို ပါမောက္ခ တစ်ယောက်က သက်သေပြသွားဖူးပါတယ်။
တစ်ခါက ပါမောက္ခ တစ်ယောက်ဟာ အတန်းထဲ ၀င်လာပြီး မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်း
ရှင်းပြမယ်ဆိုပြီး ဗူးတစ်လုံးကို အခန်းထဲသွင်းလာတယ်။
ကျောင်းသားတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။

ဆရာကြီးဟာ ဗူးထဲက ပထမဦးဆုံး ဖန်ပုလင်းအ၀အကျယ်ကြီးကို ယူထုတ်လိုက်တယ်။
"ဒါဘာပုလင်းလဲ ၊ အထဲမှာ ဘာရှိလဲ"
"လေပဲ ရှိပါတယ်"
"ကောင်းပြီ ၊ ဒီအထဲကို ဂေါက်သီးတွေ ထည့်လိုက်မယ်"

ဆရာကြီးဟာ ဖန်ဗူးထဲကို ဂေါက်သီးတွေတစ်လုံးပြီးတစ်လုံး ထည့်တယ်။
မကြာမီ ဂေါက်သီးတွေ အားလုံးဖန်ဗူးထဲ ပြည့်သွားတယ်။ ထပ်ထည့်လို့ မရတော့ဘူး။
ဆရာကြီးက ကျောင်းသားတွေကို မေးတယ်။

"ကဲ ပြည့်ပြီလား"
"ပြည့်ပါပြီ"
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့မရတော့ဘူး"
"ဂေါက်သီးတွေတော့ ထပ်ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဂေါ်လီလုံးလေးတွေတော့
ထည့်လို့ရတယ်"

ရောင်စုံ ဂေါ်လီလုံးလေးတွေဟာ နေရာလွတ်တွေအကြား ၀င်သွားတယ်။ ပါမောက္ခကြီးက
ဖန်ဗူးကို လှုပ်ခါပေးတယ်။ ဂေါ်လီလုံးလေးတွေဟာ ဂေါက်သီးအကြားက
နေရာလွတ်တွေထဲကိုဝင်သွားတယ်။
နောက်ဆုံးဂေါ်လီလုံးတွေ ထည့်လို့မရတော့ဘူး။
ပါမောက္ခကြီးက ကျောင်းသားတွေကို မေးပြန်တယ်။

"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ မရတော့ပါဘူး"
"ဂေါ်လီလုံးတွေကိုတော့ ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဒီမှာကြည့်"
ဆရာကြီးဟာ သဲအိတ်တစ်ခုကိုယူပြီး သဲတွေကို ဖန်ဗူးထဲထည့်တယ်။
သဲတွေ ၀င်သွားတယ်။ လှုပ်လေသဲတွေဝင်လေပါပဲ။ နောက်ဆုံးသဲတွေ မ၀င်တော့ဘူး။
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ ရရင်လည်းရမယ်။ မရရင်လည်း မရဘူး"

ကျောင်းသားတွေ ပါးသွားပါပြီ။ သူတို့ဟာအဖြေတစ်ခုတည်းကို မပေးတော့ဘူး။
"ကောင်းပြီ။ ဒီအထဲ ရေထည့်လို့ရသေးတယ်"

ဆရာကြီးဟာ ရေသန့်ဗူးထဲမှ ရေတွေကို တဖြည်းဖြည်းချင်းထည့်တယ်။
ရေတော်တော်များများဝင်သွားပါတယ်။
နောက်ဆုံးမှာ ပါမောက္ခကြီးက ပြောတယ်။

"နောက်ထပ်ထည့်လို့မရတော့ဘူး။ ပြီးသွားပြီ။"
"ဒါဟာ ဘာသင်ခန်းစာပေးတယ်လို့ထင်သလဲ"
"အစီအစဉ် ကျနမှုပါ" ကျေင်းသားတစ်ယောက်က ပြန်ဖြေတယ်။

"မှန်ပါတယ်။"
အစီအစဉ်ကျနမှုဟာ အရေးပါပါတယ်။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုပေါ့။
ရေကိုအရင်ထည့်ပြီးမှ ဂေါက်သီးကိုထည့်ရင် ရေလျှံထွက်မယ်။
ဂေါ်လီလုံးတွေ ပြည့်အောင်ထည့်ပြီးမှ ဂေါက်သီးထည့်လို့မရဘူး။
ဒီအတိုင်းပဲ သဲတွေထည့်ပြီးမှ ဂေါ်လီလုံးထည့်လို့ မရပြန်ဘူး။
ဘ၀မှာအစီအစဉ်ကျနမှုဟာ အင်မတန်အရေကြီးပါတယ်"

"မိမိ ဘာကိုဦးစားပေးမှာလဲ"

ဖတ်ကြည့်ပြီးရင် တွေးကြည့်ပါ။ ဘယ်ကိစ္စမဆို ဒီအတိုင်းတွေးကြည့်ပါ။
သင့်ရဲ့ ဘ၀မှာ အောင်မြင်မှုတွေ ပိုပြီးရလာပါလိမ့်မယ်။

(ဂျာနယ်တစ်စောင်မှ ဒေါက်တာခင်မောင်ညိုရေးသားထားသည်ကို အလွန်သဘောကျမိသဖြင့်
ပြန်လည်မျှဝေ ခံစားခြင်းဖြစ်ပါသည်။)

ကြာတော့ကြာပါပြီ။ ကျွန်တော် နှစ်သက်လွန်းလို့ ပြန်လည်တင်ထားခြင်းဖြစ်ပါသည်။