Sunday, August 29, 2010

“ငါရဲ့ ရောင်နီ”



တခါတလေ တောင့်တမိတယ်
ကိုယ်လည်း လူသားတစ်ယောက်
အတွေးတွေကိုတည်
ကံနဲ့ဆောက်တဲ့ အနာဂတ်လေး
လိုချင်ပါရဲ့ ...

ဒါပေမယ့်
အိပ်မက်တွေရဲ့ ရာသီမှာပဲ
တပတ်မလည်လာတဲ့ ကံဇာတာကို
အပြစ်ဖို့ရမလား
စိတ်တွေက ဆေးတခွက်လို ခါးတယ် ...။

ကိုယ်ဖန်တီးမယ့် ဆန္ဒရပ်ဝန်းမှာ
ဘယ်သူမှ မရှိလည်း ဖြစ်ပါတယ်
ဒါပေမယ့် မိုးတွေ ညို့လာတယ်ဆို
အဲဒီ နေရာကို ရှောင်မယ်
ချုံးပွဲချ ငိုရတာ သိက္ခာကျလွန်းတယ် ...။

ကိုယ့်လက်နဲ့ ဖမ်းဆုပ်မရတဲ့ အတ္တပေမယ့်
ဒီတိုက်ပွဲမှာ အလံဖြူထောင်မယ်
မရေရာတဲ့ အနာဂတ်ရေ
တင်းထားတဲ့ လေးကြိုးတွေတောင် လျော့ချလိုက်ပြီ
အဲဒီ စစ်မြေတလင်းမှာ
အလွမ်းတွေ ရှင်းထားပေးပါ
ငါ ... စိတ်အသန့်ဆုံးနဲ့ လာခဲ့မယ်
ရောင်နီရယ် ကြိုလှည့်ပါ  ...။

ညလင်းအိမ်
(၂၉.၈.၁၀)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပြီးပြင်ပါသည်။

Sunday, August 22, 2010

ခံစားမှု (၃)

သူ ...“သူ” ဆိုတာ “သူ” ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ “သူ” ဖြစ်စေချင်ခဲ့တယ်။ မဆန်းပါဘူး လက်ထဲက ရေတွက်ခွင့်မရတဲ့ မျှော်လင့်ချက်ကို တမ်းတမက်မော လူတိုင်းမျောမိကြမှာပါ။ အေးစက်ဝင်းမြနေတဲ့ စကားစိုစိုတွေကို ကျွန်တော်မပြောတတ်ပါဘူး။ ချစ်တယ်..ချစ်ပါတယ် အဲဒီစကားဟာ ကျွန်တော့်ရင်ဘတ်က ကြားရုံလောက်သာ ပြောနေမိတယ်။ မလှောင်ကြပါနဲ့လို့ ပြောပါရစေ။ “လမ်းဘေးက သူတောင်းစားလည်း နတ်သမီးအိပ်မက် မက်ခွင့်ရှိတယ်တဲ့” ဆရာတာရာမင်းဝေက ပြောဖုးတယ်။ ဟုတ်တယ် မက်ခွင့်ရှိတယ်၊ စိုးမိုးပိုင်ခွင့်လည်း ရှိပါတယ်။

အချစ်ရဲ့ ဒသနဗေဒကို တချို့က ဒီလိုဖွင့်ဆိုကြတယ်။ အချစ်သည် လူတစ်ယောက်ကို ရူးသွပ် သွားစေနိုင်သည်တဲ့၊ အချစ်ခံရလို့ ရူးသွပ်နိုင်တယ်။ အချစ်မခံရလို့ ရူးသွပ်နိုင်တယ်။ မချစ်ရလို့လည်း ရူးသွပ်နိုင်တယ်တဲ့။ အဟား ... ဟား ... အဲလိုမရီပါဘူး။ ရီဖို့လည်း စိတ်မကူးဘူး။ ပြုံးတော့ ပြုံးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘာမှမဟုတ်ပဲ ရူးသွပ်နေလို့လေ။ တကယ်ဆို ကျွန်တော်လည်း ဖွင့်ဆိုပြချင်တယ်။သူ့ကို ဘယ်လောက် ချစ်လဲဆိုတာ ...

လေပြေတွေ သုတ်မြူးဆော့မြူလာတိုင်း လွင့်စင်ဖိတ်ကျလာတဲ့ ဆံနွယ်သင်းနံ့လေးကို ချစ်တယ်။ 

ပါးပြင်က ကြွလှနေတဲ့ သနပ်ခါးပါးပါးတွေကို ချစ်တယ်။

ဝိုင်းစက်ကြွယ်မြနေတဲ့ ရွှန်းရွှန်းစို မျက်လုံးလေးတွေကို ချစ်တယ်။ 

ကော့ညွှတ်တိမ်းယိမ်းနေတဲ့ မည်းနက်နက် မျက်ခုံးလေးကို ချစ်တယ်။ 

ဖြောင့်စင်းသွယ်တန်းနေတဲ့ နှာတံလှလှလေးကို ချစ်တယ်။ 

ပြုံးလို်က်တိုင်း (မပြုံးလည်းပဲ) ပေါ်လာတဲ့ ဖြူစင်တဲ့ သွားတန်းလေးကို ချစ်တယ်။ 

လေးကိုင်းလို ညွှတ်ကျနေတဲ့ နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်။ 

မူယာကြော့ရှင်းနေတဲ့ လည်တိုင်လှလှကိုလည်း ချစ်တယ်။ 

သူ့ဆီက ထွက်လာတဲ့ ကိုယ်သင်းနံ့လေးကိုတောင် ချစ်တယ်ဗျာ။ 
(ဆက်ဖော်ပြလို့ မဖြစ်တော့ဘူးထင်တယ်) ဒီမှာပဲ ချစ်တာကို ရပ်တယ်ဗျာ။

တကယ်တော့ အချစ်ဆိုတာ မြတ်နိုးခြင်းတမျိုးတဲ့ (ကျွန်တော်ပြောတဲ့ စကားပါ)။ အဲလိုပဲ သူ့ကို ကျွန်တော်အရမ်း မြတ်နိုးတယ်။ သူကြောင့်ပဲ ညဉ့်နက်သန်းခေါင်တိုင် ကျွန်တော့ ကောင်းကင်မှာ လကွယ်နေခဲ့တယ်။ တခါတခါဆို များပြားလှတဲ့ ကြယ်တွေကို ရေတွက်နေခဲ့မိတယ်။ ပြီးတော့ အတွေးတွေ ပွားမိတယ်။

ပထမဆုံးတွေးမိတာက အိုရီယွမ် (မောင်ရင်ဆိုင်းထမ်းကြယ်) ပေါ့။ သူတို့ ချစ်သူနှစ်ယောက်က သနားဖို့ ကောင်းလိုက်တာ။ သေကွဲခွဲရတာတောင် ရာဇ၀င်မှာ ၀ါးဆစ်သုံးဆစ်နဲ့ အခြားခံရတယ်။ ဒါဆိုရင် သိပ်ချစ်ကြပြီး မပေါင်းရတဲ့သူတွေ၊ ပေါင်းကြရပြီး သိပ်မချစ်ကြတဲ့သူတွေ၊ ပေါင်းလည်း မပေါင်းသင်းရ ချစ်လည်း မချစ်ကြတဲ့သူတွေ ...ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မသိဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ ကျွန်တော့ကို လာမမေးကြနဲ့။ 

နောက် ခုနစ်စဉ်ကြယ် ...။ အားလုံးက ချီးကျူးကြပါတယ်။ အရမ်းကို အတွဲညီတဲ့ အဖွဲ့တဲ့။ သူတို့ရဲ့လှပတဲ့ အကက သန်းခေါင်ကျော်လာရင် ပိုပိုပြီး တောက်ပြောင်လာတယ်တဲ့။ ဒါဆို သန်းခေါင်မကျော်ခင်က သူတို့ဘာလုပ်နေလဲ။ အက တိုက်နေရင် တိုက်နေမှာပေါ့။ ဒါမှမဟုတ် သူတို့ ထွန်းလင်းအောင် ပွတ်တိုက်ဆေးကြောနေမှာပေါ့။ တကယ်တော့ မဟုတ်ဘူး။ သူတို့ကို မျှော်လင့်နေတဲ့လူတွေကို တိတ်တဆိတ်လေး ကြည့်နေကြတာ။ လူတွေကတော့ အဖက်တောင်မလုပ်ကြပါဘူး။ ထွက်ပေါ်လာခါမှပဲ ချီးကျူးကြ၊ မြှောက်ပင့်ကြနဲ့။ အဟားးးး ဘာလို့ လျို့ဝှက်ချက်တွေကို ကျွန်တော်ဖော်နေမိလဲ။ မသိတော့ဘူး။ ဆက်တွေးမယ်။

ဓူဝံကြယ်တဲ့ .. သူကို့တော့ လမ်းပြကြယ်လို့ ခေါ်ကြတယ်။ မြောက်အရပ်မှာ ထီးထီးကြီး တည်ရှိနေတယ်။ လမ်းပျောက်နေသူတွေအတွက် တည်တည်တံတံနဲ့ လမ်းညွှန်ပေးနေတယ်။ ဒါတောင် သူ့ဘေးမှ ဘယ်သူမှ မရှိကြဘူး။ သူ့မှာ အစွမ်းအစတွေတော့ ရှိတယ်။ သူကတော့  အထီးကျန်မှုနဲ့သာ ရပ်တည်နေရတယ်။

ကျွန်တော့်ရဲ့ ကြယ်ကကော ဘယ်အချိန်မှာ ထွန်းလင်းတောက်ပလာမှာလဲ။ ဘာတွေကို စွမ်းဆောင်နိုင်မှာလဲ။ ဘယ်လို လမ်းပြပေးနိုင်မှာလဲ။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ တော်ပြီ အိပ်မက်တွေ ဒီနေရာမှာ ရပ်မယ်။

ဒါနဲ့ “သူ့” အကြောင်း ဆက်ပါရစေအုန်း။ တကယ်တော့ ကျွန်တော့်ဘ၀မှာ အားလုံးဟာ တံခါးမခေါက်ပဲ ပိုင်စိုးပိုင်နင်း ၀င်လာတယ်။ ပြီးတော့ နှုတ်မဆက်ပဲ ထွက်သွားကြတယ်။ တချို့ဆို ပြောင်တောင်သွားကြသေးတယ်။ ဒီလိုပဲ ကျွန်တော့် နှလုံးသားကို အလှူအိမ် လောက်တောင် ၀တ်ကျေတန်းကျေ သဘောမထားကြဘူးလေ။ သူကကော ဘယ်လိုမျိုးလဲ။ ကျွန်တော်ကြောက်တယ်  ကြောက်တယ်ဗျာ။ 

အဲဒီတော့ ဒီအတိုင်းလေး မြတ်နိုးနေပါရစေ။ ဒီအတိုင်းလေးပဲ ရီသံလေး ကြားနေပါရစေ။ ဒီအတိုင်းလေးပါပဲ ကြားသိမြင်တွေ့ခွင့် ရနေပါရစေ။ ဆန္ဒတစုံတရာကို သော့ခတ်သိမ်းအလွမ်းတွေနဲ့ပဲ ယိမ်းနေပါရစေတော့။ ရပါတယ်လေ သံယောစဉ်ဆိုတဲ့ နွယ်တွေမှ ရစ်ပတ်နှောင်ချည်တတ်တဲ့  ဒီရင်ဟာ အမှတ်မှမရှိတော့တာ။  

“တကယ်တော့ လူကြီးဆန်ရတာ သိပ်ကို ပင်ပန်းပါတယ်။”
@@@@@@

လေးစားစွာဖြင့်
ညလင်းအိမ်

Saturday, August 21, 2010

“ရင်ထဲက စာစုတို ကဗျာလေးများ (၁)”

အလင်းနဲ့ အမှောင် မသဲကွဲ
ဖရိန်အကျဉ်းအကျယ် ဘောင်တွေထဲ
အရိပ်အယောင် အတုတွေကမှ ပုံရိပ်စစ်တဲ့လား
ဒါဆို ကျွန်တော့်ကို စည်းဝိုင်းအပြင် ပို့ပေးပါ
အထဲမှာ နေရတာ (နေရာ) ကြပ်လို့ ...။

@@@@@@@@@@@@@@@@@@@@@@@@@@

ကြယ်တွေတောင် မိုးသောက်သွားပြီ
လရိပ်က ရွှန်းစိုတောက်ပတုန်း
ဝမ်းတထွာအရေး တွေးနေတဲ့လူတစ်ယောက်
တိုးတိုးကလေးညဉ်းတယ်
မနက်ဖြန်တွေ ရွှေ့ဆိုင်းထားပေးပါ
အိပ်မက်တွေထဲ အစာအချို့ သိုလှောင်ချင်လို့ ..။

@@@@@@@@@@@@@@@@@@@@@@@@@@

အနားသတ်ထားတဲ့ ခွက်တခုထဲ
အပိုင်းအစတွေ ကောက်ထည့်မိတယ်
မကျေနပ်မှု တခု
ရယူလိုခြင်း ဆန္ဒ တစုံ
ဒဏ်ရာ တချို့
အလွမ်း တခု
နောက်ပြီး ...
ဝမ်းနည်းခြင်း
ဝမ်းသာခြင်း
စိတ်ပျက်ခြင်း
အားငယ်ခြင်း

နောက် ..
မွှေပြစ်လိုက်တယ် ..
အဲဒါ ဘ၀ ပြန်ဖြစ်သွားတယ် ...။

@@@@@@@@@@@@@@@@@@@@@@@@@@

တိမ်တွေက ဟိုတစ ဒီတစ
ပုံသဏ္ဍာန်တွေ ပြောင်းလည်း
တိမ်ဆိုတာ တိမ်ပါပဲ
လေနှင်ရာ လွင့်ချင်ကြတယ် ...။

လူတွေက လိုတာမရ မလိုတာရ
စိတ်ကာလာတွေ ပြောင်းလည်း
လူဆိုတာ လူပါပဲ
အချိန်တန်တော့ သေကြရတယ် ...။

ကဲ .. ဘာတွေကို တွေးမလဲ
ရောက်ချင်ရာရောက်ပါစေ
လျှောက်သာလျှောက်
လုံးဝမကြောက်နဲ့ ...။

@@@@@@@@@@@@@@@@@@@@@@@@@@

ငါဟာ တိမ်ပြာပြာနေ့တွေထဲက
နွေရာသီကို ၀တ်ဆင်ထားတဲ့
ဂျစ်ပစီတယောက်ပေါ့ ...
ရောက်ချင်ရာ ရောက်ပါစေ ...
လွတ်လပ်ခြင်းဆိုတဲ့ အတောင်တွေ
မညောင်းခင်အထိတော့ ပျံသန်းနေမယ် ...၊

@@@@@@@@@@@@@@@@@@@@@@@@@@

ညလင်းအိမ်

ဘာရယ်မဟုတ်ပါဘူး .. စိတ်ထဲပေါ်လာတာလေးတွေကို ချရေးမိတယ် ... ဒီလိုနဲ့ ညတွေတောင် ချုံးပွဲချ ငိုနေကြပြီ ..

Saturday, August 14, 2010

“နွေကန္တာ ဥယျာဉ်”


ပန်းဥယျာဉ်သာသာပေမယ့်
ပန်းကမရှိတော့ နွမ်းလျပါဘိ
မြေသြဇာကို မွှေနှောက်
မြောင်းတွေ ပေါက်ထားလည်း
ရေမလာ ဒီမြေဆီလွှာမှာ
နွေကန္တာတွေ များများလာတယ် ...။

တချို့က ပျိုးကြတယ်
ဒါပေမယ့် မဖူးဘူး
တချို့က မပျိုးကြပေမယ့်
ဥယျာဉ်က ရူးရတယ်
ရင်စူးရပါစေ
ကိုယ့်အလွမ်းကိုပဲ
ပျိုးကျဲထားမိတယ် ...။

တကယ်ဆို
ပန်းတို့ မရှင်သန်ချင်သော ဥယျာဉ်၌
မြေသားတို့ ဆွေးမြေ့ နေပြီလေ
ဆုပ်လည်းစူး စားလည်းရူးမို့လို့လား
တူးဆွတဲ့မြေတောင်
ဒီဥယျာဉ်ကို လှောင်ကြတယ် ...။

ရပါတယ်လေ
အလည်တောင် မလာချင်ကြတဲ့
ညနေ နေညိုငုတ်တုတ်
ကိုယ့်ဥယျာဉ် ရင်ခွင်စုတ်မှာ
အသေသပ်ဆုံး ခင်းကျင်း
ရင့်ကျက်ခြင်းတွေပဲ ရင်းထားတော့မယ် ...။

ညလင်းအိမ်
(၁၄.၈.၁၀)
~~~~ @@@@ ~~~~
PS .. ဒီကဗျာကို လုံးဝမကြိုက်ပါဘူးဆိုတဲ့ ညီမလေး တစ်ယောက်ရဲ့ ပြောစကားကို ဆန့်ကျင်ပြီး သူရွေးပေးတဲ့ ခေါင်းစဉ်နဲ့ပဲ စိတ်ထွက်ပေါက် တခုတည်းအတွက် တင်လိုက်ပါတယ် ...း)

ပုံလေးကို ဒီကနေ ယူပါသည်။

Saturday, August 7, 2010

“ခွက်ထဲက အလွမ်း”



မတွေးချင်ပါဘူးလို့ တွေးလိုက်တိုင်း
ဆိုနင့် အက်ကွဲသံတချက်က
ရင်ထဲက ထွက်မလာခဲ့ဘူး
မကျက်တကျက် အနာကပဲ
အပ်ကြောင်းတွေနဲ့ ရင့်ကျက်လာခဲ့တယ် ...။

အဲဒီတော့ ...
နေညိုလာရင် ငိုရမလို
လေပျိုလာရင် ဆိုရမလိုနဲ့
အပိုအလို မရှိတော့တဲ့ လွမ်းတေးတွေ
လမ်းဘေးကိုရောက် ငါလည်း မှောက်နေပါပြီ ...။

တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။

တကယ်ထူးတာတော့ ဘယ်သူသိမှာလဲ
ရင်ထဲက အပြိုင်းပြိုင်းနဲ့
ဥသြတွေ ဆွဲတော့မယ် ...။

တကိုယ်လုံးလည်း ကိုင်းပြီ
ခြေလှမ်းတိုင်း နွမ်းပြီ
ဒီနှလုံး(နှလုံးသား) လည်း ကျွမ်းပြီ
ပြန်တွေးတိုင်း အလွမ်းသည်
အမြုပ်တစီစီခွက် အတွင်း သက်ဆင်းရလေသည် ...။

ညလင်းအိမ်
(၇.၈.၁၀)

~~~~ @@@@ ~~~~
အခုရက်ပိုင်း ကဗျာရေးလို့မရပါ။ ရေးစရာ ခံစားချက်လည်း မရှိဘူး။ ဘယ်မှလည်း မရောက်ဖြစ်ဘူး။ အဟီး .. ဒါနဲ့ပဲ ရေးချင်တာ ရေးလိုက်ပါတယ် ...း)

Monday, August 2, 2010

“မထူးခြားတဲ့နေ့”



တနင်္လာတစ်နေ့တဲ့
ငါ့အတွက် အလင်းမလာတဲ့နေ့
အချိန်နဲ့ တိုင်းတာရရင်
နှစ်က နှစ်ဆယ့်နဲ့ရှစ် (၂၈)
ဘ၀ရဲ့ အစကလည်း
နှစ်ရက်ရှစ်လရှစ်ဆယ့်နှစ် (၂.၈.၈၂) ...။

ယိုင်တိုင်တိုင်နေ့စွဲတွေ
မပိုင်ဆိုင်မှုက ခနိုးခနဲ့
ပိုင်ဆိုင်လိုမှုက မျှော်လင့်ချက်မဲ့
ပြက္ခဒိန်တွေသာ စုတ်ပြဲဟောင်းနွမ်းခဲ့ ...။

အထိမ်းအမှတ်လည်း သာမန်ကားချပ်
ဆုတောင်းသံလည်း ရွတ်သံကင်းမဲ့
ဖရောင်းတတိုင်လည်း အရောင်လဲ့လဲ့
အခန်းကျဉ်းထဲမှာ ပြိုပြိုပျက်ပျက် ...။

ဒီလိုနဲ့
ထပ်တူကျတဲ့ နေ့စွဲ တစ်ရက်
တခါသာ လာပေမယ့်
အခါခါ သာတဲ့ လမင်းလို
ထူးမခြားနားချက်က
လသာချိန် လ လာတာပါပဲ
ညအခါတွေမှာတော့
ဘ၀တွေက ယခုထိ အထီးကျန်ဆဲ  ...။

ညလင်းအိမ်
(၂.၈.၁၀)