Saturday, May 21, 2011

“အိမ်အပြန်လမ်း”

ဒဏ်ရာတွေ ထုဆစ်ပုံသွင်းဖို့ 
ငါ့မနက်ခင်းထဲ ၀င်ရောက်ခဲ့လေသလား
နေခြည်နွေးနဲ့ လေပြည်အေးရေ
အတွေးသက်သက်နဲ့ 
ဖြားယောင်းရက်စက်တတ်လိုက်တာ
ခပ်တိတ်တိတ်ပါပဲ
အဆိပ်လည်းတက်ခဲ့ပြီ။
လှမ်းမမှီတဲ့ ဘ၀က
မှန်းမျှော်ဖို့ လည်း မတန်သတဲ့ လား
ဂုဏ်ရှိန်ရောင်ဝါအောက်က
တံလျှပ်တွေထနေလိုက်ကြတာ
ငါ့တွင်းကိုပဲ ခပ်နက်နက်တူးချင်ရဲ .
တကူးတကလည်း ငိုပြမနေနဲ့ တော့ကွယ်
ရေဆန်ဆိုလည်း
ဆယ်လမွန်ငါးတို့ ပြန်တတ်တယ်။

လွန်း

Tuesday, May 17, 2011

“သတိတရ ဂျူလိုင်”

မုတ်သုံတောင်ဝင်ခဲ့ ပြီ …
ရေနာနေတဲ့ နှင်းဆီပန်းတစ်ပွင့်လို
မလန်းပဲ ဆန်းနေတယ် ဂျူလိုင်။
နင့်ရဲ့ ခေတ်ဦးဒဿန တွေထဲမှာ
စံပယ်တွေဘာနံ့ မွှေးမလဲ
စံပယ်ခင်းလမ်းကို လှမ်းရင်းဖြေတယ် ...
စံပယ်တွေ စံပယ်နံ့ မွှေးတယ်
တကယ်ဆိုရင်
အမှန်နဲ့ အမှား ဆိုတာ
အကြွေစေ့ပေါ်က ခေါင်းနဲ့ ပန်းလို
ကျောခြင်းကပ်နေတာ မဟုတ်ပါဘူး
အံစာတုံးနှစ်ခု
အပွင့်ချင်းပြိုင်ယုံ
မကြာခဏ
အပွင့်တူလည်း ကျတတ်တယ်။

တစ်လောကလုံးလှည့် စား ရရင်တောင်
နင့်ကိုတော့ မကောက်ကျစ်ချင်ခဲ့ပါဘူး
ဂျူလိုင်ရယ်…
မရိုးသားခဲ့တာတော့
ငါဝန်ခံတယ်
ခေါင်းတစ်ဖက် ပန်းတစ်ဖက်နဲ့ ပဲ
ဒေါင်လိုက်ကြီး
မိုးရေထဲ လမ်းလျှောက်ထွက်ခဲ့တယ်
ခိုဝင်ခဲ့ဖူးတဲ့ ထီးလေးတော့
အလွမ်းသားကွယ် ...
ဒီလိုပါပဲ ဂျူလိုင်
ငါ့ရဲ့ ရှစ်ခွင်တိုင်းမှာလဲ
မမှုန်မမှိုင်းရပါပဲနဲ့ 
နင့်ပုံရိပ်တွေ ပတ်လည်တယ်။
( ဂျူလိုင်…)

ရေးသားသူ ... လွန်း
မေလ ၁၇ ရက်…အင်္ဂါ ၂၀၁၁

Sunday, May 15, 2011

အရိပ်မဲ့ တမ်းချင်း

အတိုင်းအဆမဲ့ ခမ်းနားခြင်းတွေ
ပန်းခက်တွေလို ဖွာလန်ပြန့်ကျဲ
အိပ်မက်တွေနဲ့ ရဲခဲ့ရတာ
(ခုထိတိုင်ပဲ) ...

ရထားတစ်စင်းက ခုတ်မောင်းဆဲ
ဆင်းသူဆင်း တက်သူတက်
ဖမ်းဆုပ်ကိုင်တွယ်မိသမျှ
အရိပ်တွေထက်တောင် ပါးလွှလာတယ် ...

ထိန်းချုပ်တားဆီးထားတဲ့ အရာတွေ
လေအတွေ့တွေနဲ့တင် အသက်ရှုကြပ်မှတော့
အောက်ဆီဂျင်တောင် ညစ်ညမ်းပြီပေါ. ...

ကျွန်တော့်ကို အရိပ်တခုပေးကြပါ
အဲ့အရိပ်မှာ ခိုဝင်နား
ကျွန်တော်လည်း ဖျားနာပါရစေ ...

တချို့က ပြောတယ် ...
အရေးပြားပေါ်က အယားပြေအချစ်တဲ့
သူတို့များ ကံကောင်းလိုက်ကြတာ ...

ရှိပါစေတော့ ...
အရိပ်တွေကို တမ်းတရတာ များတော့
ကျွန်တော်တောင် အရိပ်မဲ့နေပြီလေ ...။

ညလင်းအိမ်
(၁၅.၅.၁၁)