Saturday, October 31, 2009

တကယ်ဆို စိုရုံလေးပါ

မရည်ရွယ်ခဲ့ပါဘူး
စိုရုံလေးပက်ဖြန်းစေချင်ခဲ့တာပါ
ဒါပေမယ့် ...
ရင်ထဲမှာ ၀ုန်းဒိုင်းကြဲတော့
အပြင်မှာ မိုးသည်းမိတာပေါ့ ... ။

မရည်ရွယ်ခဲ့ပါဘူး
မင်းတို့ရင်ကိုအေးချမ်းဖို့
အကြိမ်ကြိမ်ဖြစ်တည်ပြီးမှ
ဖွင့်ချမိတာပါ
အညှိုးကြီးတယ်ဆိုပြီးတော့
လူဆိုးကြီးလို့ မထင်လိုက်ကြပါနဲ့ .... ။

တခါတခါ
ငါမလာခဲ့ရင် တောင့်တကြပြီး
ငါရွာတော့မှ မဖျောင်းဖျကြတာလဲ ... ။

ငါ့ကို ...
အပြစ်တွေတင်ပြီးတော့
ရက်စွဲတွေကို ဒဏ်မခတ်လိုက်ပါနဲ့ ... ။
ချစ်တယ်ထင်ပြီးတော့လည်း
သွန်းနိုင်မှုကို အတင်းမပြုပါနဲ့ ... ။

ထောင်သောင်းမကတဲ့ ငွေ့ရည်တွေ
စုဆောင်းလို့မှ ဖြစ်လာတဲ့ ဘဝ
ငါရွာချင်ရင် ရွာမယ်
ငါသာချင်ရင် သာမယ်
ဒါငါ့ရဲ့ ဖြစ်တည်မှု ... ။

တခါတလေ
ငွေ့ရည်လေးတွေ ဖြစ်တည်ဖို့ အတွက်
ငါတကိုယ်ကောင်းဆန်ရလိမ့်မယ် ... ။

ဒါပေမယ့်
စိုရုံလေးပက်ဖြန်းစေချင်ခဲ့တာပါ ... ။



Wednesday, October 28, 2009

စိတ်ကူးလေးတခု

ကောင်းကင်က ငှက်တွေက မြေပြင်မှာ ပျော်မြူးချင်ကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူနဘေးမှာ နေချင်လို့ဖြစ်မယ် ...

ပန်းလေးတွေက လှလှပပဖူးပွင့်ကြတယ် ...နောက်ပြီး အခူးခံကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ..
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကေသာမှာ ပန်စေချင်လို့ဖြစ်မယ် ...

လေပြေလေညှင်းလေးက ငြင်ငြင်သာသာတိုက်ခတ်ကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရင်ကို အေးမြစေချင်လို့ဖြစ်မယ် ...

စမ်းချောင်းလေးက သာယာစွာ စီးဆင်းတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကို အသံသာလေးတွေနဲ့ သာယာစေချင်လို့ဖြစ်မယ် ...

ကြယ်လေးတွေက တခါတခါကြွေကြပေးကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူ ဆုတောင်းလေးတွေပြည့်စေချင်လို့ဖြစ်မယ် ...

သူတို့လည်း ကျွန်တော်နဲ့ တူ ... လို့ ... တူ ... လို့ ။

ချစ်သူတွေငိုကြတယ် ... အဲဒါ ချစ်လို့ ။
ချစ်သူတွေရီကြတယ်... အဲဒါချစ်လို့ ။
ချစ်သူတွေပျော်ကြတယ် ... အဲဒါချစ်လို့ ။
အနမ်းလေးတွေ ပေးကြတယ် ... အဲဒါချစ်လို့ ။
လက်လေးတွေ တယုတယတွဲကြတယ် ... အဲဒါချစ်လို့ ။
သစ္စာကတိတွေ စောင့်ထိန်းကြတယ် ... အဲဒါချစ်လို့ ။
ပန်းခင်းလမ်းတွေကို အတူတူလျှောက်ကြတယ် ... အဲဒါချစ်လို့ ။
ဆူးခင်းလမ်းတွေကို ရဲဝံ့စွာဖြတ်ကျော်ကြတယ် ... အဲဒါချစ်လို့ ။
တစ်ယောက်ကိုတစ်ယောက် နားလည်ပေးကြတယ် ... အဲဒါချစ်လို့ ။
တစ်ယောက်စိတ်ဆိုးရင် တစ်ယောက်ချော့ကြတယ် ... အဲဒါချစ်လို့ ။
တစ်ယောက်ငိုရင် တစ်ယောက်ရင်နာရတယ်.....အဲဒါချစ်လို့ ။.
အဲဒီလောက်တောင် ချစ်ကြတယ့် ချစ်သူတွေ ပေါင်းဆုံကြပါတယ် ။
သူတို့လို ကျွန်တော်လည်း ပေါင်းဆုံစေချင်ပါတယ် ။

ကမ္ဘာကြီးကို နှစ်ယောက်တည်းနဲ့ပတ်လို့
ပျော်ရွှင်မှုတွေလွှမ်းခြုံပေးမယ့် အိမ်လေးရဲ့  ရင်ခွင်မှာ
တစ်ယောက်ရဲ့ ရင်ခုန်သံကို  တစ်ယောက်က ရှုစားလို့
ချိုမြိန်တဲ့ ညနေခင်းတွေကို အတူကျော်ဖြတ်လို့
အလွမ်းမပြေတဲ့ အလွမ်းတွေကို ပြန်ပြောင်းပြောလို့
လသာတဲ့ညတွေမှာ တီးတိုးကပ်လို့
ကောင်းကင်ကကြယ်တွေကို ရည်တွက်လို့ ...လို့ ... လို့......

သြော် ... စိတ်ကူးအိပ်မက်တွေ ဘယ်တော့များမှ ပြည့်ရမှာလဲ...
မနက်ဖြန်တိုင်းကို မျှော်လင့်ရတာ တခါတခါတော့
စိတ်ကူးပင်လယ်မှာ လှေငယ်လေးမျောပါနေသလိုပါပဲ...
တချိန်ချိန်တော့ ပင်လယ်အောက်ပဲ ငုပ်လျှိုးသွားမှာလား
မျောပါနေရင်းနဲ့ပဲ ပင်လယ်ကြီးငြိမ်သက်သွားမှာလား

တချိန်ချိန်တော့ ... တချိန်ချိန်တော့ ... တချိန်ချိန်တော့ ... တချိန်ချိန်တော့ ...

Sunday, October 25, 2009

ဆရာနီကိုရဲအတွက် အမှတ်တရ





ကျွန်တော်မရေးဘူး လုံးဝမရေးဘူးလို့ ဆုံးဖြတ်ထားတာ ခုတော့ ။ မနေ့ကပေါ့ ကျွန်တော့် ဘလော့ဂ်မှာ ဆရာမ မနော်ဟရီရဲ့ ပို့စ်အသစ်...“ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်” ဆိုတာကို တွေ့လိုက်တယ် ။ တွေ့တွေ့ချင်း စိတ်လှုပ်ရှားသွားတယ် ။ ဘယ်သူလဲဘယ်သူလဲပေါ့ ။ ဆရာနီကိုရဲ ကွယ်လွန်ခဲ့ပြီ ။ အရမ်းဝမ်းနည်းသွားတယ်။ စိတ်မကောင်းလည်း ဖြစ်သွားတယ် ။ အော်...ကျွန်တော်တို့လေးစားရတဲ့...ဆရာတစ်ယောက်ကြွေလွင့်သွားရ ပြန်ပြီလေ ။ ကောင်းကင်ကိုမော့ကြည့်လိုက်မိတယ် ။ အော်... ကြယ်တွေ ကြယ်တွေ ဘယ်နှစ်စင်းများ ထပ်ကြွေကြအုန်းမှာလဲ..(ဒီမှာတော့ ကြယ်မရှိတာများပါတယ်)။ ကျွန်တော် ကြယ်တွေကို သတိရရင်း “ကြယ်သေ” ဆိုတဲ့ ကဗျာကို ချရေးမိတယ် ။ ကျွန်တော် ကဗျာကို ကောင်းကောင်းမရေးတက်ပါ ။ အတတ်နိုင်ဆုံး ကြိုးစားပြီးရေးမိခြင်းပါ ။ ကဗျာကို အဆုံးသတ်လိုက်ချိန်မှာတော့ P.S မှာ ဆရာ့ကို ရည်ညွှန်းကြောင်း ရေးမလို့ပဲ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး ။ ကျွန်တော် ဆရာနဲ့ပတ်သတ်ပြီး အတိတ်ကို သတိရမိခဲ့လို့ပါ။

ကျွန်တော်တို့ G.T.C ကျောင်းသားဘ၀ကပေါ့ ။ နီကိုရဲကို စသိခဲ့တာ “ စိတ်အိုင်ပက်သူ” ဆိုတဲ့ ၀တ္ထု ၊ အဲဒီဝတ္ထုကို စဖတ်ကတည်းက စွဲသွားခဲ့တာ ။ ကျွန်တော့ဘေးက သူငယ်ချင်း တနေ့ အဲဒီစာအုပ်ကို ၀ယ်လာခဲ့တယ် ။ သူတောင်မဖတ်ရသေးဘူး ။ ငါခဏလေးကြည့်ပါရစေ ဆိုပြီးတောင်းကြည့်မိတယ် ။ ကြည့်ပြီးမှ အရမ်းဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့တယ် ။ နောက်နေ့...သူ့ဆီက စာအုပ်ကိုရဖို့ ကျွန်တော် အမျိုးမျိုး ဖားခဲ့ရတယ် ။ နောက်တနေ့ မနက်အစောကြီး ကျွန်တော်ကျောင်းကို ရောက်နေခဲ့တယ်။ စာအုပ်လုဖို့လေ ။ သူငယ်ချင်းက ကျွန်တော့်ကို ပေးဖတ်တယ်...ဒါပေမယ့် အိမ်ကိုမငှားဘူး ကျောင်းမှာပဲ အပြီးဖတ်ခိုင်းတယ်...။ ကျွန်တော်ပျော်သွားတယ်...။ ဒါတောင်တခြားသူတွေက ကျွန်တော်ပြီးရင်ဖတ်ဖို့ စောင့်နေကြတယ် ။ ကျွန်တော် စဖတ်လိုက်တာ ဘယ်သူ့ကိုမှလဲ သတိမထားမိဘူး ။ အချိန် ဘယ်လောက်တောင်ကုန်လို့ ကုန်မှန်းလည်းမသိဘူး ။ အတန်းပထမအချိန်စတော့ ကျွန်တော် တော်တော်လေးကို ဈာန်ဝင်နေပြီ ။ စာသင်လိုက် စာအုပ်ကိုပြန်ဖတ်လိုက်နဲ့ စာကိုလည်း စိတ်မ၀င်စားတော့ ။ လက်ကလည်း မှတ်ထားတဲ့နေရာလေး ပျောက်မှာစိုးလို့၊ သူများလာလုမှာလည်း စိုးသေးတယ် ။ နောက်တော့ ကျွန်တော်ဘယ်လိုမှ မနေနိုင်တော့ဘူး...။ ကျွန်တော်ထိုင်တဲ့ ခုံတန်းကနောက်ဆုံးဆိုတော့ အခွင့်အရေး ရသွားတယ်။ ခေါင်းကိုငုံပြီး စာအုပ်ကို သည်းကြီးမဲကြီး ဖတ်နေမိတယ် ။ စာသင်သံတွေလည်း ဂရုမစိုက်နိုင်တော့ဘူး ။ ရုတ်တရတ် တတန်းလုံး အသံက အပ်ကျသွားရလောက်အောင်ကို တိတ်သွားတယ် ။ ဘာဖြစ်လဲမသိဘူးပေါ့ ။ ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ် ။ ဒေါသတ၀င်းဝင်းထနေတဲ့ ဆရာမရဲ့မျက်နှာ ကျွန်တော့်ရှေ့မှာ ခါးကိုထောက်လို့ ။ စာအုပ်ကို အမြန်ဖွက်လိုက်မိတယ်.. မမှီတော့ဘူး...။ “နင့်လက်ထဲကစာအုပ်ပေးစမ်း” တဲ့ ကျွန်တော် မပေးချင် ပေးချင်နဲ့ ပေးလိုက်ရတယ်...။ ဘေးကသူငယ်ချင်းက မျက်နှာရှုံမဲ့နေပြီ ။ “နင့်အပြစ်နင်သိလား” “ဟုတ်ကဲ့သိပါတယ်”  “သိရင်အတန်းချိန် ပြီးတဲ့အထိမက်တပ်ရပ်နေ” ကျွန်တော်စိတ်တော်တော်ညစ်သွားတယ် ။ တတန်းလုံးရဲ့ အကြည့်တွေက ကျွန်တော်ဆီရောက်နေတယ် ။ ကျွန်တော် ဂရုစိုက်ပါဘူး ၊ ဂရုစိုက်မိတာက စာအုပ်လေ ဆရာမပြန်မပေးရင် ဒုက္ခ ၊ ကျွန်တော်အရှိန်ကောင်းနေမှဗျာ။ ကျွန်တော့်အကြည့်က ဆရာမဆွဲခြင်းတောင်းထဲက စာအုပ်ဆီပဲ ရောက်ရောက်နေတယ် ။ ဘေးကသူငယ်ချင်းက ကျွန်တော့်ကို ငိုမဲ့မဲ့မျက်နှာနဲ့ ကြည့်နေပြီ ။ အတန်းချိန်ပြီးအောင် မနည်း သီးခံပြီးစောင့်နေရတယ် ။ စိတ်ကမရှည်ချင်တော့ ။ အဲဒီနေ့မှ ဆရာမကလည်း အတန်းချိန် ကျော်အောင်သင်နေတယ် ။ ကျွန်တော့်ကို အရွဲ့တိုက်တာလား မသိဘူး ။ အတန်းချိန် ပြီးသွားပြီ... ကျွန်တော်စိတ်ကိုတင်းလိုက်တယ် ။ ဆရာမနားကပ်သွားတယ် ။ “ဆရာမ ကျွန်တော့်ရဲ့ စာအုပ်လေး ပြန်ယူလို့ရမလား” “ ဘာ.............. မပေးဘူး...အေးလိုချင်ရင် ကျောင်းလွှတ်မှလာယူ” ကျွန်တော် ငိုချင်စိတ် ပေါက်သွားတယ် ။ ဘာမှ မတက်နိုင်တော့ ကျွန်တော့်အမှားကို... ။ သူငယ်ချင်းကို တောင်းပန်ရတယ် ။
“ ငါပြန်ရအောင်ယူပေးပါမယ်ကွာ .. ဘာမှစိတ်မပူနဲ့” လို့လည်းပြောရတယ် ။ အဲဒီနေ့က ကျွန်တော့်အတွက် အဓိပ္ပါယ်မရှိတဲ့နေ့ပေါ့...။ ဖတ်ပြီးသမျှတွေကို ပြန်တွေးမိပြီး ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး ။ ကျောင်းမလွှတ်ခင်ကတည်းက ကျွန်တော် ဆရာများနားနေခန်းကို ရောက်နေပြီ ။ ဆရာမက လှမ်းခေါ်တယ် စာအုပ်ရပြီပေါ့ ။ ဆရာမက အသံကချိုချိုသာသာနဲ့ “သားစာအုပ်ကို မနက်ဖြန်မှယူတော့” ၊ ကျွန်တော် “ ဗျာ ” လို့ ထအော်လိုက်မိတယ် ။ “အေး...မင်းစာအုပ်က ကောင်းလို့ စွဲသွားပြီ ဆရာမဖတ်ချင်လို့ အိမ်ကိုယူသွားမယ် ..မနက်ဖြန်မှပြန်ယူ ..ဒါပဲ” တဲ့ ။ ကျွန်တော့်နားနေခန်းထဲက အလိုမကျချင်းများစွာနဲ့ ထွက်လာမိတယ် ။ သူငယ်ချင်းကတော့ ပြောလိုက်တာ မိုးမွှန်နေတာပဲ ။ ကျွန်တော်အရမ်းကြိုက်မိတဲ့ စာအုပ်ကိုမှ ဘာလို့ အေးအေးဆေးဆေး ဖတ်ခွင့်မရခဲ့တာလဲ ။ မတတ်နိုင်ဘူးလေ နောက်နေ့ပေါ့ ။ ဒီလိုနဲ့ နောက်နေ့မှာ ဆရာမဆီက စာအုပ်ပြန်ရခဲ့တယ် ။ အဲဒီနေ့က ကျွန်တော် အတန်းမတက်တော့ဘူး...၊ ကျောင်းပန်းခြံထဲမှာ တစ်ယောက်တည်း စာအုပ်ဆုံးတဲ့အထိ ဖတ်ဖြစ်လိုက်တယ် ။ ကျွန်တော်အရမ်းကျေနပ်သွားတယ် ။ အရမ်းကောင်းတဲ့ ၀တ္ထု ၊ လူငယ်တွေရဲ့စိတ်ကို စွဲသွားစေခဲ့တယ် ။ အခက်အခဲတွေကြားထဲက ဖတ်ခဲ့ရတာကို မမေ့နိုင်ခဲ့ဘူး ။ အဲဒီကတည်းက ကျွန်တော့်ဘ၀မှာ ဆရာနီကိုရဲ ကအမှတ်တရဖြစ်စေခဲ့တယ် ။ နောက်ပိုင်းအဲဒီစာအုပ်ကို Title အသစ်နဲ့ ရုပ်ရှင်ပြန်ရိုက်တာ သိလိုက်ရတယ် ။ ကြည့်ချင်ပေမယ့် မကြည့်ဖြစ်ခဲ့ဘူး ။
မနေ့ညကဆရာအတွက် ကြယ်နေရာက ခံစားရင်း ကဗျာရေးမိတော့မှ အတိတ်ကို အမှတ်ရစေခဲ့တယ် ။
ဆရာက..
ကလောင်သွားထက်ထက်နဲ့ စာတွေသီကုံးခဲ့တယ် ။
ဘ၀ကို စာအလှတွေနဲ့ ဝေမျှခဲ့တယ် ။
ခုတော့ ... အကြွေစောခဲ့ပြီ ။
ဆရာကောင်းရာမွန်ရာဘ၀သို့ ရောက်ပါစေ လို့အစဉ် ဆန္ဒပြုလျက်...

အိုင်ဒီယာမဂ္ဂဇင်း လ (၁၀၀) ပြည့်မှာ နောက်ဆုံးပါသွားတဲ့ ဆရာ့ဝတ္ထုတိုလေးကို ဖတ်ကြည့်စေချင်၍ ဆရာမ မနော်ဟရီရဲ့ လင့်လေးကို ထည့်ပေးလိုက်ပါတယ်။

ကျွန်တော် . . . . . . . . နှင့် ဘတ်တာဖလိုင်းဆရာမ

(ဆရာနီကိုရဲအတွက် အမှတ်တရအဖြစ် နောက်ပြီး ကျွန်တော့ဘ၀ထဲကို ဆွဲသွင်းပေးခဲ့တဲ့ သူငယ်ချင်း၊ ကျွန်တော့်ကို အမှတ်တရဖြစ်အောင်လုပ်ပေးခဲ့တဲ့ ဆရာမ အားလုံးကို သတိရလျက် ဒီပို့စ်လေးကို ရေးလိုက်ရပါတယ် )
စာပေအနုပညာကို အစဉ်လေးစားလျက်... 










Saturday, October 24, 2009

ကြယ်သေ ***




နက္ခတ်စုံစီ   အရီရီနှင့်
ရှစ်ခွင်ပတ်လုံး   မိုးသားလုံးတို့
မခို့တစိတ်   ပြုံးရိပ်သန်းရောင်
လရောင်ကွေးကွေး   သူ့နဘေး၌
ဝပ်ဆင်းခယ   ယှဉ်တွဲကြတဲ့
သန်းခေါင်ယံည   စစ်ခင်းပွဲမှာ ...

ကြယ်ဓူဝံက   အထီးတည်းနှင့်
တည်ရှိမှုကို   ကိုယ်စားပြုဧ။် ။

ကြယ်စင်ညီနောင်    ခုနစ်ကောင်က
သန်းခေါင်လှနှင့်   ဖင်ထောင်ကလို့
အရောင်မယွင်း   စုစည်းခြင်းဖြင့်
ကကြိုးရင်းကို   တမျိုးခင်းဧ။် ။

ကြယ်စင်အလှ   အိုရီယွမ်က  
ချစ်သင်္ကေတ   သစ္စာလှကို
သဘာဝနှင့်   ယှဉ်တွဲပြဧ။် ။

ကြယ်စင်အားလုံး   အစုရုံးနှင့်
သူတို့စွမ်းစ   ပင်ကိုလှကို
မရမက   ထုတ်ပြကြဧ။် ။

အဝေးတနေ   ကြယ်စင်သေက
ကပြရမယ့်   စစ်ခင်းပွဲမှာ
သူ့ထက်စွမ်းကား   သာလွန်ချည်းမို့
တခြမ်းပဲ့တဲ့   သူ့သက်တမ်းကို
ဘယ်လိုစခန်း   သွားရအံ့ဟု
ကြွေရပင်လျှင်   မြတ်လှချေဧ။်
လူတို့တောင်းဆု   ပြည့်နိုင်မှုကြောင့်
အားမှမတန်   မာန်ကိုအလျော့
ကမ္ဘာမြေတွင်း   သွတ်သွင်းလိုက်မယ်
နောက်ဆုံးအလှ   ငါ့ဘ၀ကို
ကြယ်စင်အားလုံး   ခံစားရင်းဖြင့်   သံဝေဂယူကြလော့ ။ ...

(Orion = မောင်ရင်ဆိုင်းထမ်းကြယ်)
(ဘာရယ်မဟုတ်ပါဘူး ကောင်းကင်ကိုကြည့်ရင်းနဲ့ ကြယ်တစင်းကြွေကျတာကို သတိရမိလို့ပါ)

Friday, October 23, 2009

သတိရပါ

သံစဉ်ပျက်နေတဲ့ ဂစ်တာတလက်
ကာရန်ညှိမယ့် ကြိုးတွေနဲ့
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့ ။

အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားအောင် ရန်ထောင်နေကြတယ် ။

ဘ၀ဆိုတာ မလှပတာလူတိုင်းသိတယ်
ရတာမရတာတော့ အပထား
လက်တကမ်းက ပန်းအလှကို
တမ်းတချင်ကြတာပဲ ။

ဘာကြောင့်လဲ
နားရည်ဝမယ့် စာသားအလှတွေနဲ့
ပါးစပ်ဖျားက သေမလောက်ပြောလဲ
ကြွေမသွားလောက်ပါလား ။

စဉ်းစားကြည့်ပါ
ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ
မရေရာပေမယ့် သေချာတာက
ဒဏ်ရာဆူးနက် တချက်ထိရင်
ဘယ်လောက်ခံရခက်မလဲ ။

သွားချင်ရင်သွားပါ
မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘဝ
ပျိုးခဲ့တဲ့ပန်း လန်းခဲ့ရတယ်ဆို
ပန်းပျိုးလက်တဖက်နဲ့တောင်
အသက်ဆက်နိုင်ပါသေးတယ် ။

ဒါပေမယ့်
သစ္စာတွေအပ်
မေတ္တာတွေ အထပ်ထပ်ခင်းခဲ့တဲ့
ပန်းပျိုးရက် ဘ၀တစ်သက်ကို
အမုန်းမိုးစက်တွေနဲ့တော့
ရင်ဝတဖက်တချက်ကို
သေရခက်အောင် မစူးစိုက်ခဲ့ပါနဲ့
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာပျိုရယ် ။

Wednesday, October 21, 2009

သွေးလှူဒါန်းမိသည့်အခါဝယ်


လောကတွင် ကိုယ်ခန္ဓာမှ တခုခုကို ထုတ်ယူလှူဒါန်းခြင်းသည် မွန်မြန်သောအလှူဟု ဆိုကြပါသည်။ ထိုအထဲတွင်မှ သွေးလှူဒါန်းခြင်းကား မိမိဧ။်သွေးဖြင့် မည်သူမည်ဝါမှန်းမသိသော လူအသက်ပေါင်းများစွာကို အသက်ဆက်စေနိုင်သည့် အတွက် သွေးလှူဒါန်းခြင်းသည်ကားလည်း မွန်မြတ်လှသောအလှူဖြစ်ပါသည်။
ဒီနေ့ ကျွန်တော်လှူဒါန်းခဲ့သော အလှူကိုသာဓုခေါ်စေနိုင်ရန်နှင့် စင်ကာပူတွင် ရောက်နေကြသော မောင်နှမတို့အား သွေးလှူဒါန်းခြင်းအမှုကို ပြုနိုင်ရန် ယခုပို့စ်လေးကို နှိုးဆော်ရေးသားလိုက်ရပါသည်။

တကယ်ဆိုရင် ကျွန်တော်စင်ကာပူရောက်ပြီး သွေးလှူတာ ယခုအကြိမ်နှင့်ဆို ၂ ကြိမ်ရှိခဲ့ပါပြီ။ အရင်ရက် တွေကတည်းက နောက်တစ်ကြိမ်သွေးလှူလို့ရနေပါပြီ။ သူငယ်ချင်းတွေမအား၍တကြောင်း၊ သူတို့အားတဲ့ စနေ၊ တနင်္ဂနွေက ကျွန်တော်မအား၍ တကြောင်း မသွားဖြစ်ခဲ့ခြင်းပါ။ ဒီနေ့တော့  ရောက်အောင်သွားမယ်ဆိုပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့လိုက်တယ်။ ကျွန်တော် HSA (Health Sciences Authority) ရှိရာ Outram Park MRT ကိုရောက်တော့ နေ့လယ်ဖြစ်နေပြီ။ တစ်ယောက်တည်းလမ်းလျှောက်လာရင်း Blood Bank ထဲကို ၀င်လိုက်တာနဲ့ ကျောင်းသားကျောင်းသူလေးတစ်ဖွဲ့ ကိုတွေ့လိုက်ရတယ်။ သူတို့အားလုံးပျော်နေကြတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ သူတို့ပထမ အကြိမ်လှူဒါန်းခြင်းဆိုတာ လက်မောင်းက First Time ဆိုတဲ့ စတစ်ကာလေးတွေကနေ သိလိုက်ရတယ်။ ရင်ထဲမှ သာဓုခေါ်လိုက်မိပါတယ်။ ပထမဆုံး ကောင်တာမှာ ဖောင်ယူပြီး သူတို့မေးထားတဲ့မေးခွန်းလေးတွေကိုဖြေရတယ်။ နောက်ပြီးစစ်ဆေးတဲ့ဆရာဝန်က မြန်မာဖြစ်နေတော့ ပိုပြီးအဆင်ပြေသွားတယ်။ မသိနားမလည်တဲ့ မေးခွန်းတွေကို မေးခွင့်ရလိုက်တယ်။
စစ်ဆေးပြီးတဲ့ အခါမှာ နောက်ကောင်တာတခုမှာ သွေးစစ်ရတယ်။ နောက်ဆုံး သွေးလှူဒါန်းမယ့် အခန်းထဲကို ကျွန်တော်ဝင်လာခဲ့တယ်။ ပစ္စည်းတွေက အားလုံးတခါသုံးတွေပါပဲ။ လက်အိတ်ကအစ တခါသုံးရာဘာလက်အိတ်တွေနဲ့ သန့်ရှင်းမှုတော့ တော်တော်ရှိပါတယ်။ ထူးထူးဆန်းဆန်းအံ့သြစရာ ကြုံရသေးတယ်ဗျ။ ကျွန်တော့်ကို သွေးထုတ်ပြီး ၄ မိနစ်ပဲရှိသေးတယ် တစ်ပုလင်းပြည့်သွားတယ်။ ထုတ်ပေးတဲ့နပ်စ်ကအံ့သြနေတယ်။ ခင်ဗျားသွေးအား တော်တော်ကောင်းတာပဲလို့တောင် ပြောသွားသေးတယ်။ သွေးလှူဒါန်းပြီးတဲ့ နောက်မှာတော့ ဆေးရုံကနေ မိုင်လိုတခွက်နဲ့ မုန့်တခု၊ ပဲဟင်းချို တခွက်ကို တိုက်ပါတယ်။ သွေးအားအမြန့်ပြန်ပြည့်စေမယ့် ဆေးတွေလည်းပေးလိုက်ပါတယ်။ နောက်ဆုံး ကျွန်တော်ဆေးရုံကနေ ပြန်လာတော့ ဆေးရုံဝင်ပေါက်ဝကို ပြန်လှည့်ကြည့်ရင်း အတွေးဝင်လာခဲ့တယ်။
အဲဒါတွေကတော့
(၁) သွေးလှူဒါန်းခြင်းကား မွန်မြတ်သောအလှူဖြစ်ခြင်း။
(၂) မိမိကသွေးကိုထုတ်လိုက်သည့်အတွက် သွေးအသစ်ကိုပြန်ရပြီး Blood Circulation ကိုပိုကောင်းစေခြင်း။
(၃) သွေးလှူဒါန်းရမည့် အတွက် ကျန်းမာရေးကို ပိုဂရုစိုက်မိခြင်း။
(၄) မိမိဧ။်သန့်သောသွေးကိုသာ လှူဒါန်းချင်သည့်အတွက် အပျော်အပါးလိုက်စားဖို့ရန်ပင် ၀န်လေးလာခြင်း။
(၅) မိမိဧ။်ကျန်းမာရေးနှင့် မိမိဧ။်ဘ၀ကို ယုံကြည်စိတ်ချမှုရှိလာခြင်း။
စသည့် အခြားခြားသော ကောင်းကျိုးတွေကို ရရှိနိုင်ပါလားလို့။
ထို့ကြောင့် စင်ကာပူတွင်ရောက်နေကြသော မောင်နှမများအား သွေးလှူဒါန်းချင်ပါက လှူဒါန်းနိုင်စေရန် ဒီပို့စ်လေးဖြင့် နှိုးဆော်လိုက်ရပါသည်။

သွေးလှူဒါန်းရမယ့် လိမ်စာက

Bloodbank@HSA
Blood Services Group
Health Sciences Authority
11 Outram Road,near by Outram Park MRT
Singapore 169078
Tel: 6213 0626 / 6223 5640 Fax: 6222 0085

လှူဒါန်းနိုင်တဲ့ အချိန်တွေကတော့
အင်္ဂ - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ဗုဒ္ဓဟူး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ကြာသာပတေး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
သောကြာ - မနက် ၉ နာရီမှ ည ၈ နာရီထိ
စနေ - မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ
တနင်္ဂနွေ - မနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ



(အားလုံးပဲ ကုသိုလ်ဖြစ်ရာဖြစ်ကြောင်း လက်ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်းပါရစေ)


ဝမ်းနည်းမှုတမ်းချင်း

နေညိုချိန် အပြန်လမ်းမှာ
အလွမ်းတွေကို ထွေးပွေ့ပြီး
ပြန်ရလိမ့်မယ်လို့ မထင်ခဲ့တော့
အိပ်တန်းပြန်ငှက်တွေရဲ့
လှောင်ပြောင်မှုကို ခံခဲ့ရတယ်...

ဝမ်းနည်းစွာ နာကျင်နေတဲ့
ရင်ဘတ်ထဲက မျက်ရည်တစက်
ကတ္တရာလမ်းထက် အကျဝယ်
ခြေလှမ်းတွေနဲ့ နင်းချေမှုအောက်မှာ
ပျောက်ခဲ့ရပေမယ့်
အိုင်သွန်းခဲ့တဲ့ မျက်ရည်စက်တွေ
ရင်ထဲမှာ ပြည့်လျှံလို့နေတာ
ဘယ်သူခံစား သိနိုင်မှာလဲ...

မင်းနဲ့တို့နဲ့ ကွာခြားမှုများစွာကို
ဖြည့်ဆည်းနားလည်ပေးဖို့
ဆုံးဖြတ်ထားခဲ့ပေမယ့်
တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ
ကြွေနွမ်းသွားတဲ့ ပွင့်ဖတ်တွေလို
နှလုံးသားဟာ အသက်ငင်ဖို့တောင်
အချိန်မမှီခဲ့ပါဘူး...

တကယ်တော့
မင်းကိုချုပ်ချယ်ခဲ့တာ
မဟုတ်ရပါဘူး
မင်းဘက်ကကြည့်ရင်
ပိတ်ပင်မှုလို့ ထင်နိုင်ပေမယ့်
ငါ့ဘက်ကကြည့်ရင်
ယုယဂရုစိုက်မှုလို့
ထင်ယောင်မိခဲ့လို့
သဘာဝတရားက
အပြစ်ပေးလိုက်တာလား...

နောက်ဆိုရင်
မင်းစိတ်အနှောင့်အယှက်ဖြစ်မယ့်
စကားမျိုးကို မပြောရဲတော့ပါဘူး
ရင်ထဲမှာပဲ ကြိတ်မှိတ်လို့
နှလုံးသားတွေ ပေါက်ကွဲလွင့်ထွက်ပါစေ
ပူလောင်ကြေကွဲပါစေ
ထာဝရခံယူဖို့ အသင့်ပါပဲ...

အခုတော့ကွာ
ဝမ်းနည်းကြေကွဲနေတဲ့
မျက်ရည်တွေကို
ကဗျာစာသားဖြင့်သုတ်လို့
နာကျင်စွာ ရေးထွင်းခဲ့တဲ့
ညတစ်ညတော့
တရေးနိုးပေါင်းများစွာဖြင့်
မိုးလင်းခဲ့ပြီလေ...


(ကဗျာအသစ်တွေထပ်မရေးနိုင်သေးတာနဲ့ လွန်ခဲ့တဲ့ ကာလတွေက မတင်လိုက်ရတဲ့ ကဗျာလေးကိုပဲ တင်မိလိုက်တယ်)

Wednesday, October 14, 2009

လှရက်လွန်းလို့

ပန်းဆီရောင်နှုတ်ခမ်းဖျားက
ထွက်ကျလာတဲ့စကား
ရူးသွားလောက်အောင်ပင်
ချိုသာလွန်းပါဧ။်၊
ကြည်ပြာရောင်မျက်ဝန်းများက
ဖွင့်အလာတဲ့အကြည့်
ပြောမပြတတ်အောင်ပင်
ရင်ဖိုလွန်းပါဧ။်၊
မင်ရဲ့အကြည့်တချက်နဲ့
ဆံနွယ်တချက်အသပ်မှာ
ရင်ကိုတဖျက်ဖျက်ခတ်စေတော့
မာန်တင်းထားတဲ့လေးကြိုးတောင်
ညွှတ်ဆင်းရရှာပြီပေါ့လေ...

Sunday, October 4, 2009

ပျံသန်းဖို့အတွေး

လေထုရှိုက်သံအကြားက
အလွမ်းချင်းခတ်သံကို
နှလုံးသားနဲ့ အပ်နိုင်ဖို့
အသေအချာပြင်ပြီးကာမှ...
အခြေမခိုင်ခဲ့တဲ့ဘဝ
အနေယိုင်ခဲ့ရတာကြောင့်
ချစ်သူ့ဆီပျံသန်းဖို့
ဖွင့်ထားခဲ့တဲ့အတောင်
ခရီးမစခင်မှာတင်
အရာရာပျက်သုန်းခဲ့ရပြီ...

ဒီလိုနဲ့...
ကမ္ဘာမြေတစ်ဘက်ခြားက
မဟာသက်ထားချစ်သူကို
စာလွှာပေစကားတွေနဲ့ပဲ
ဘယ်အခါဘယ်ကာလထိ
ကျေနပ်နှစ်သိပ့်နေရတော့မှာလဲ...

တွေ့ချင်လှပါပြီ။
မြင်ချင်လှပါပြီ။
လွမ်းနေရပါပြီ။

တကြိမ်တခါမက
မျှော်လင့်ခဲ့တဲ့ အပြန်လမ်းမှာ
ရော်လွင့်ခဲ့ရတဲ့ ကံကြမ္မာကြောင့်
ပျံသန်းဖို့ခရီးစဉ်
စိတ်ကူးယဉ်မနက်ဖြန်များစွာကို
အလွမ်းတွေတပွေ့တပိုက်
စိက်ကူးတွေအထပ်ထပ်နဲ့
အားမာန်ပြည့်စွာ ပျံသန်းနိုင်မယ့်
နေ့တရက်ကို သိမ်းပိုက်ရပါစေတော့...

Saturday, October 3, 2009

ဖြစ်ချင်ခဲ့သော သီတင်းကျွတ်လပြည့်နေ့





ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ပေါ့။ အားလုံးပျော်နေကြမှာပါပဲ။ ချစ်သူနဲ့ အဝေးမှာရောက်နေတဲ့ ကျွန်တော်ကတော့ မပျော်နိုင်ခဲ့ပါဘူး။ သူ့ကိုပဲလွမ်းဆွတ်နေမိတယ်။ ဒီလိုအချိန်မှာ ချစ်သူနဲ့အတူတူ မီးပန်းတွေလွှတ်ပြီး အတူတူရှိနေချင်လိုက်တာ။ ကျွန်တော်တွေးနေမိတာက နောင်သီတင်းကျွတ် လပြည့်နေ့ကိုရောက်တိုင်း စီစဉ်ထားတာလေးတခုရှိတယ်။ အဲဒါက ပထမ ရွှေတိဂုံဘုရားမှာ ဆုတောင်းကြမယ်။ နောက်ပြီး ရုပ်ရှင်အတူတူ သွားကြည့်ကြမယ်။ အတူတူ နေ့လည်စာစားကြမယ်။ တနေရာရာမှာထိုင်ပြီး ချစ်လို့မ၀တဲ့အကြောင်း တွေပြောကြမယ်။ မိုးချုပ်ထိတိုင်နေပြီး မီးပန်းတွေလွှတ်ကြမယ်။ ဖုယောင်းတိုင်တွေ ထွန်းကြမယ်ပေါ့လေ။ စိတ်ကူးထဲမှာတော့ အရမ်းကိုပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့နေ့ရက်လေးပါပဲ။
ဒါတွေကို ချစ်သူကိုပြောပြဖို့ ကျွန်တော် Online မှာစောင့်နေခဲ့မိတယ်။ တွေ့တဲ့အချိန်မှာတော့ ကျွန်တော်ပြောပြဖို့ကိုတောင် စွန့်အသွားခဲ့ရတယ်။ သူက သေဆုံးသွားခဲ့ရတဲ့ သူ့အရင်ချစ်သူကောင်လေးကို သတိရနေတယ်တဲ့။ ဒီလိုအချိန်တွေမှာ သူတို့အတွက် အမှတ်ရစရာတွေရှိခဲ့မှာပဲလေ။ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရင်ထဲမသိစိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုကော ဘယ်သူသိနိုင်မှာလဲ။ အတန်တန်ထိန်းထားပေမယ့် မျက်ဝန်းမှာ မျက်ရည်တွေ စိုစွတ်ခဲ့ရတယ်။ဘာကြောင့်မှန်းတော့မသိဘူး။ ရင်ထဲမှာလည်း စိတ်မကောင်း ဖြစ်သွားခဲ့ရတယ်။ သူဒီလိုခံစားနေရတာ ကျွန်တော်မမြင်ချင်ဘူး။ သူ့အတွက် ပိုပြီးပြီးပြည့်စုံတဲ့ ဘ၀တခုကို ကျွန်တော်ဖန်တီးပေးချင်တာပါ။ အများကြီးလည်း ရည်ရွယ်ထားပါတယ်။ ဝေးနေရတဲ့ အချိန်မှာတော့ ကျွန်တော်ဘာလုပ်ပေးနိုင်မှာလဲ။ စကားတွေနဲ့ အားပေးလည်း ကျွန်တော်မှ သူနံဘေးမှာ မရှိနိုင်သေးတာလေ။ ဘာပဲဖြစ်ဖြစ်ခုအချိန်မှာ မပြောခဲ့ရသေးပေမယ့် နောင်နှစ်တိုင်းနှစ်တိုင်း ကျွန်တော်ရဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ချင်ပါတယ်။ ဖြစ်နိုင်ခဲ့ရင် အချိန်တိုင်းသူ့နဘေးမှ နေပေးချင်တယ်။ ခုအချိန်မှာတော့ လွမ်းနေရတယ်၊ စိုးရိမ်နေရတယ် ဆိုတာသူကောသိပါလေစ။ ကျွန်တော့်မှာလည်း အတိတ်ဆိုတာရှိခဲ့ဘူးပါတယ်။ လူဆိုတာ အတိတ်ကို မေ့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပစ္စုန်ပ္ပန်မှာတော့ အတိတ်ကအရာတွေကို မလွှမ်းမိုးစေချင်ပါဘူး။ အတိတ်ကြောင့်သာ ပစ္စုန်ပ္ပန်မှာ ကောင်းကောင်းမဖန်တီးနိုင်ခဲ့ရင် အနာဂတ်မှာ ကောင်းလာဖို့ဆိုတာ ရာခိုင်နှုန်းနဲပါတယ်။ ခုလိုသီတင်းကျွတ်လပြည့်နေ့မှာ ချစ်သူတိုင်း ချစ်သူတိုင်း ပျော်ရွှင်စွာနဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ ကိုယ့်ဘေးမှာရှိတဲ့ ချစ်သူကိုတန်ဖိုးထားကြပါ။ ကြင်နာကြပါ။ နားလည်ကြပါစေလို့။
ကျွန်တော်ကတော့ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို စောင့်စားမျှော်လင့်ရင်း၊ ချစ်သူနဲ့ဆုံဆည်းရမယ့်ရက်ကို လက်ချိုးရေတွက် နေမိပါတော့တယ်။