Wednesday, October 21, 2009

ဝမ်းနည်းမှုတမ်းချင်း

နေညိုချိန် အပြန်လမ်းမှာ
အလွမ်းတွေကို ထွေးပွေ့ပြီး
ပြန်ရလိမ့်မယ်လို့ မထင်ခဲ့တော့
အိပ်တန်းပြန်ငှက်တွေရဲ့
လှောင်ပြောင်မှုကို ခံခဲ့ရတယ်...

ဝမ်းနည်းစွာ နာကျင်နေတဲ့
ရင်ဘတ်ထဲက မျက်ရည်တစက်
ကတ္တရာလမ်းထက် အကျဝယ်
ခြေလှမ်းတွေနဲ့ နင်းချေမှုအောက်မှာ
ပျောက်ခဲ့ရပေမယ့်
အိုင်သွန်းခဲ့တဲ့ မျက်ရည်စက်တွေ
ရင်ထဲမှာ ပြည့်လျှံလို့နေတာ
ဘယ်သူခံစား သိနိုင်မှာလဲ...

မင်းနဲ့တို့နဲ့ ကွာခြားမှုများစွာကို
ဖြည့်ဆည်းနားလည်ပေးဖို့
ဆုံးဖြတ်ထားခဲ့ပေမယ့်
တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ
ကြွေနွမ်းသွားတဲ့ ပွင့်ဖတ်တွေလို
နှလုံးသားဟာ အသက်ငင်ဖို့တောင်
အချိန်မမှီခဲ့ပါဘူး...

တကယ်တော့
မင်းကိုချုပ်ချယ်ခဲ့တာ
မဟုတ်ရပါဘူး
မင်းဘက်ကကြည့်ရင်
ပိတ်ပင်မှုလို့ ထင်နိုင်ပေမယ့်
ငါ့ဘက်ကကြည့်ရင်
ယုယဂရုစိုက်မှုလို့
ထင်ယောင်မိခဲ့လို့
သဘာဝတရားက
အပြစ်ပေးလိုက်တာလား...

နောက်ဆိုရင်
မင်းစိတ်အနှောင့်အယှက်ဖြစ်မယ့်
စကားမျိုးကို မပြောရဲတော့ပါဘူး
ရင်ထဲမှာပဲ ကြိတ်မှိတ်လို့
နှလုံးသားတွေ ပေါက်ကွဲလွင့်ထွက်ပါစေ
ပူလောင်ကြေကွဲပါစေ
ထာဝရခံယူဖို့ အသင့်ပါပဲ...

အခုတော့ကွာ
ဝမ်းနည်းကြေကွဲနေတဲ့
မျက်ရည်တွေကို
ကဗျာစာသားဖြင့်သုတ်လို့
နာကျင်စွာ ရေးထွင်းခဲ့တဲ့
ညတစ်ညတော့
တရေးနိုးပေါင်းများစွာဖြင့်
မိုးလင်းခဲ့ပြီလေ...


(ကဗျာအသစ်တွေထပ်မရေးနိုင်သေးတာနဲ့ လွန်ခဲ့တဲ့ ကာလတွေက မတင်လိုက်ရတဲ့ ကဗျာလေးကိုပဲ တင်မိလိုက်တယ်)

1 comment[s]:

ညီညီ said...

ရင်တွင်းဖြစ်ကဗျာလေးထင်တယ်. ခံစားရပါတယ်ဗျာ.
အဆင်ပြေပါစေ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)