Friday, December 30, 2011

"ကမ္ဘာမြေ"


အပူလှိုင်းတွေနဲ့ ၂၀၁၁
လက်တစ်ဖက်က ဒုက္ခ
လက်တစ်ဖက်က သုခ
သူတို့လွန်ဆွဲပွဲမှာ ကျုပ်တို့နာတယ် ...။

အမှောင်နဲ့ အလင်းတစ်ချို့
ငြိမ်းချမ်းခြင်းရဖို့ တိုက်ခိုက်ကြတယ်
မိုးသောက်ခါနီးမက်တဲ့ အိမ်မက်က
ထင်ယောင်ထင်မှားဆိုတာ သူတို့မသိကြဘူး ...။

လေထုရဲ့ ညစ်ညမ်းမှုမှာ
အောက်ဆီဂျင်က လမ်းပျောက်တယ်
ညမှာ အမှောင်သောက်သူတွေ
ကိုယ့်လမ်းကိုယ်ဖောက်ရင်း
ကမ္ဘာကြီးက ပါးပါးလာတယ် ...။

ပြိုပျက်လာတဲ့ အုပ်ကျိုးချပ်တွေကြား
အသက်တွေ ပိတ်လှောင်ရတယ်
ငြိမ်းချမ်းခြင်းကို အယောင်ဆောင်ပြီး
အမှောင်ထုက လက်ဝါးကြီးအုပ်မှတော့
ရှုလိုက်မိတဲ့လေတိုင်းမှာ ရနံ့တွေ ရှားလာတယ် ...။

ရိုးသားခြင်းတွေက စရိုက်မဲ့
ကြီးနိုင်ငယ်ညှင်းဆိုတာ မင်းမူနေပြီ
လူစွမ်းကောင်းတွေ လက်မထောင်သတဲ့
အပြုံးအတုတွေရဲ့နောက်မှာ
မီးခိုးမြူတွေက ခန်းလုံးပြည့် ကောင်းချီးဖွင့်ကြတယ် ...။

ညရဲ့လမင်းက တခြမ်းပဲ့
လပြည့်ညဆိုတာ တိမ်ထုအယောင်ဆောင်
ဓာတ်အငွေ့တွေကြား
အပြေးအလွှားနဲ့တောင်
ကြည့်သူမဲ့နေတယ် ...။

ကလေးတစ်ချို့ ငိုသံ
မျက်ရည်ခသူတွေရဲ့
ဆာလောင်မွတ်သိပ်မှုတွေကြား
ရေလှိုင်းတွေက တဖုံ
လေပြင်းတွေက တမျိုး
မီးရောင်စုံတွေနဲ့ ဇာတ်ပျက်အောင် တိုက်ကြတယ် ...။

ပန်းတစ်ပွင့်ရဲ့လက်က
ဝတ်ဆံကျပျောက်သွားတဲ့ အနာဂတ်ထဲ
စာရင်းမသွင်းကြပါနဲ့တော့
အနောက်ဘက်မှာ အရှေ့မျှော်သူတွေ ဒုနဲ့ဒေး
အိမ်မက်တွေ တောင်လိုပုံနေရဲ့ ...။

ရောင်နီတစ်နှစ်တော့ ပွင့်ကောင်းပါတယ်
အေးချမ်းခြင်းတွေသယ်ဆောင်လို့
နှစ်သစ်မှာ ပွင့်လန်းပေးပါဦး ကမ္ဘာကြိး
ကိုယ် ထူ ကိုယ် ထ ပဲ ဆို ဆို
သူ ထူ ကိုယ် ထ ပဲ ဆို ဆို
အတိတ်ကို ချနင်း
အိပ်မက်ခြေရင်းမှာ
ကျုပ်တို့ လက်တွေနဲ့
ကမ္ဘာကြီး တည်တံ့နေအုန်းမှာပါ ...။

ညလင်းအိမ် (၃၀.၁၂.၂၀၁၁)

နှစ်သစ်အတွက် ရေးဖွဲ့ပါသည်။ ညီမလေး အေဒီ က ပါဝင်အားဖြည့်ပေးပါသည်။ နှစ်သစ်မှာ စိတ်ချမ်းသာမှု များဖြင့်သာ တွေ့ကြုံကြပါစေလို့ ဆန္ဒပြုရင်း  ....


လေးစားစွာဖြင့်

Thursday, December 1, 2011

နေ ၀င် ည နေ

နေ၀င်ညနေ
အိပ်မက်လေပြေတွေနဲ့
အပြန်လမ်းက အထီးကျန်လိုက်တာ
လွှဲသူမဲ့ လက်တစုံက
လေဟာနယ်ကို ကိုင်စုပ်ထားသမျှ
လွတ်လပ်မှုနယ်ပယ်မှာ ကျွန်တော်က အကျူံးဝင်နေတယ် ...။

ရုပ်ကြွင်းတခုရဲ့ စကားသံမှာမှ
ပန်းတွေ ကြဲချလိုက်သလား
ညဉ့်ငှက်ရဲ့ ပရိသတ် တစ်ယောက်လို
တိုးတိုးတိတ်တိတ်နဲ့ အားပေးလိုက်တယ်
ကြယ်တွေက ငိုလို့ပေါ့ ...။
(ကျွန်တော်ကတော့ ရပါတယ်)

အဲ့ဒီ မြို့ပြမှာ နေသားကျပါတယ်ဗျာ ...
သူတို့တွေ ပျော်သလိုမျိုးပေါ့
ဂစ်တာတစ်လက်ကိုဆွဲ
သီချင်းတစ်ပုဒ် ဟဲ ရဲမှတော့
သင်းကွဲတစ်ကောင်လည်း
အလင်း အမှောင်ထဲ ခပ်ကဲကဲပါပဲ ...။

သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ်
တိတ်တိတ်လေးပေမယ့်
သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့
ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။

တကယ်တော့
နေ၀င်ညနေဆိုတာ
အနာဂတ် အတွက် ရင်ခုန်ရက်တွေ ပါပဲလေ ...။

ညလင်းအိမ်
(၁.၁၂.၁၁)

Monday, November 28, 2011

သတိ (သို့) အသိ


ဘ၀ ...
ရိုးရှင်းလိုက်တာများ
ထူးတောင် ထူးဆန်းတယ်ကွယ် ...

မှောင်သော ညတွေထဲ
ပျောက်သော လမ်းတွေ
ကျုပ်ကိုယ်တိုင်က လမ်းပြကြယ် တခုပေါ့ ...

ပန်းတိုင်က အနတ္တမို့လား
အခမ်းနားဆုံး စကားတွေနဲ့ ဖွဲ့ဆိုကြပါ
အဲ့ဒီ နံနက်ခင်းတိုင်းမှာတော့
ကျေးငှက်တွေ တေးဆိုတတ်ဖို့ သင်ကြားနေကြတုန်းပါ ...

အဝေးမှာ ဘာမှမရှိ
အနီးမှာ ရှိခြင်းတရားတွေ
လမ်းပျောက်တဲ့ ကလေးကို ကူညီပါ
ကြီးကျယ်မြင့်မြတ်မှုနဲ့ ပျောက်ဆုံးပါ ...

အသံနဲ့ အသက်ရှုသလို
အနံ့ နဲ့ မြင်ကြည့်ပါ
ခင်ဗျားရှေ့ မမြင်နိုင်တာ ဒုနဲ့ဒေး
အတွေးတွေ ကောင်းစားဖို့
ဦးနှောက်တွေ ကျဆုံးကြပြီ ...

သီအိုရီတစ်ခုကို ဖော်သူက ဖော်
ဖျက်သူက ဖျက်
အသိအတတ်ပညာနဲ့
မသိမတတ်တာတွေ သင်ရင်း
ကျုပ်တို့ နဖူးပေါ် လက်တင် အိပ်ကြစို့ ...။

ညလင်းအိမ် (၃၀.၉.၁၁)

Saturday, September 10, 2011

“သို့ ... သူ”

သတိ၇ပါတယ် ...
ဘေးနေရာပေမယ့် အဝေးမှာနေရသလိုပဲ
မြင်သမျှ စကားလုံးများ
ကြားသမျှ အသံပွက်ပွက်
ကျွန်တော်ထက့် အသာမှာမို့
အလှမ်းကွာတာ မဆန်းပါဘူး ... သူ ...။

လှမ်းမျှော်စရာ ပန်းတစ်ပွင့်မို့
မှန်းမျှော်ကာလည်း မရည်မှန်းမိဘူး
တခုတ်တလျလို့ပဲ ဆိုဆို 
မုန်းမရလို့ပဲ ဆိုဆို
ကျွန်တော်မျက်ရည်ပူပူနဲ့
ပွဲဆူအောင်လည်း မလုပ်ချင်ဘူး ... သူ ...။

နေလိုရာစေ ထားလိုရာသွား
မင့်အသံပါးပါးမှ မကြားနိုင်သရွေ့
အရူးလိုပဲ ဆိုဆို 
အမူးလို့ပဲ ဆိုဆို
တခါတခါ မှောင်ရိပ်ခို ငိုရတာ
မသက်သာလှဘူး ... သူ ...။

မုန်းရင်လည်းရူး
ပစ်ရင်လည်း(ရင်)စူးမှာပါပဲ ... သူ
အညာတရဆန်ဆန်လို
ဘ၀ထန်ထန်လှိုင်းထက်မှာ
ယှဉ်တွဲကာ မခေါ်ရက်ဘူး
ရင်ထဲမှာ အနာတရနဲ့
ဒဏ်ရာတရှရှကို ခံယူ
ကျွန်တော်ရင်တွေလည်း ပူတယ် ... သူ ...။

စကားအပို မဆိုတတ်တာနဲ့
အသည်းမာတတ်သူတဲ့လား ... သူ
ပန်းကိုပဲ ပျိုးချင်
အလွမ်းကိုပဲ (ပိုင်) စိုးချင်သူမို့
ပန်းတစ်ပွင့် တင့်တယ်နေသမျှ
တသိမ့်သိမ့်ကြည်နူး
ဒီဥယျာဉ်မှူး ကျွန်တော်
စိတ်ကူးနဲ့ ရူးနေတုန်းပါ ... သူ ...။

ဘယ်လိုပဲဆိုဆို
ရင်ထဲမှာ ငွေ့ရည်ဖွဲ့တုန်းမို့
တချက်ချက်လွင့်လာတဲ့
မင်းအသံထွက် အတွက်
ဆန္ဒတစ်စုံကို စိုက်ပျိုး
လက်ဆစ်တွေကို ရည် (တွက်) ချိုးရင်း
မင်း အပြန်တလှည့်ကို
သေသပ်စွာ ဆုတောင်း
ကျွန်တော် အလွမ်းတွေ ကြောင်းနေပါရစေတော့
ထာဝရ ရင်၌ပျိုးသော ... အို ... သူ ...။

ညလင်းအိမ်
(၁၀.၁၀.၁၁)

Tuesday, August 2, 2011

"Happy Birthday To Me"

နှင်းကြွေသံ တဖျောက်ဖျောက်နဲ့
မိုးသောက်ကြတဲ့ နေ့တွေ
တဖြည်းဖြည်းလျော့ပါးသွား
လက်ချိုးရေစရာမလိုပဲ
အချိန်တွေက အဆုပ်လိုက် ၀ါးမြိုသွားကြတယ် ...။

ကိုယ့်ကိုကိုယ် ခွဲခြမ်းစိတ်ဖြာဖို့
တစက္ကန့်ဆိုတဲ့ အချိန်
ဘယ်မှာသွားရှာရမလဲ ...
လိုချင်တဲ့ အရာတွေများတိုင်း
ပေးလိုက်တဲ့ အရသာက ပိုခါးတယ် ...။

တခါတလေ
ကိုယ့်သမိုင်းကို ကိုယ်ပြန်ဖတ်တော့
ချိုခြင်း ခါးခြင်း ချစ်ခြင်း မုန်းခြင်း
တကယ်တော့ ...
အားလုံးဟာ ပြီးဆုံးသွားခြင်းပဲ ...။

ဒီလိုနဲ့ ကျွန်တော်ဟာ
မရေမရာ အနာဂတ်အတွက်
တစ်နှစ်ဆိုတဲ့ သတ်မှတ်ချက် ကွာခြားသွားတယ် ...။

ပန်းတွေက ပွင့်တုန်း
နှင်းတွေက ဝေတုန်း
မိုးတွေလည်း ကြွေတုန်း
ကျွန်တော်လည်း လေ (တေပေ) တုန်းပါပဲ ...။

စကားကြီးကြီးတော့ မပြောတတ်ဘူး
ဒီနေ့အတွက်တော့
"Happy Birthday To Me" ...။

ညလင်းအိမ်
(၂.၈.၁၁)

Monday, July 25, 2011

“အလွမ်းညနေများစွာ”

တစစလွင့်ပါးသွားသလိုနဲ့
အဲ့ဒီ ညနေတွေက လှပလွန်းတယ်
ညမှောင်ကို ကြိုဆိုဖို့
ရှက်သွေးကြွယ်ပြတဲ့
အလင်းရောင်ရယ်
မင်းကိုသတိတရနဲ့
ငါဖျားနာတယ်။

တိမ်တိုက်ကုပ်ကုပ်အောက်မှာ
ကိုယ်တိုင် ရက်လုပ်ထားတဲ့
သံယောဇဉ် တစ်မျှင်နှစ်မျှင် ...
လက်ခြင်းတွဲယှက်ထားတဲ့
အရိပ်တစ်စုံနဲ့ ...
ကန်ဘောင်ဘေးက
မညီမညာလမ်းကလေး ...
ငါ့ ကိုအဖြေပေးကြပါ။
(သူဘယ်မှာလဲကွယ်)

ညနေတွေထဲက ကောင်မလေး
သတိရလိုက်ရတာ ...
ငါ ကိုယ်တိုင်ရေးပေးခဲ့တဲ့ ကဗျာ
ငါ ကိုယ်တိုင်တွေးပေးခဲ့တဲ့ အနာဂတ်
မင်း အတွက် ထာဝစဉ်
ထွန်းလင်းပါစေ ။

ငါ့မှာတော့
ညနေတွေ ကြုံတိုင်း
ရစ်မှိုင်းဝေသီ
အတွေး ပန်းချီတွေနဲ့
ဒဏ်ရာတွေ လင်းလက်တောက်ပတယ်။

ထားခဲ့တော့ နေမင်းရေ
လမင်းက ငါ့ကို မကြိုမှတော့
အဲ့ဒီတိမ်အုပ်တစ်ထွေနဲ့
ငါ့ စိတ်တွေ လေနေပစေ
ညနေများစွာမှာ
သူ့ ကိုသတိရနေမယ်။

ညလင်းအိမ်
(၂၅.၇.၁၁)

Monday, June 27, 2011

“အနာဂတ်ထဲ အတိတ်ကလူ”

ကောင်မလေးရယ်
နှစ်တွေကြာခဲ့တာတောင်
ရင်ခုန်သံ သဲ့သဲ့က ရပ်မသွားဘူး ...
တခါက
တိုးလျှိုးပါးလျစွာ နမ်းရှိုက်ခဲ့တဲ့
အသက်ရှုသံ တစက ထိရှတုန်း ...။

နှစ်လိုခြင်း များစွာဖြင့်
အိပ်မက်မက်တယ် ...
ပါးပြင်ပေါ်က သနပ်ခါးတစ်ပွင့်
ရင်ကိုမွှေးတဲ့ အနမ်းစစ်ပေါ့
ခုတော့
အချိန်လွန်ရင့်တဲ့ အလွမ်းနှစ်မှာ
ကိုယ်ဟာ အတင်း “အပြစ်” ခံရတဲ့ လူ ...။

မိုးတွေစွေတုန်း
ဆောင်းတွေဝေတုန်း
နွေရနံ့တွေ ကြွေတုန်း
ပန်းကလေးတွေ ကိုယ်တို့ အကြောင်းပြောကြတုန်း
မြေနီလမ်းလေးမှာ ကျေးငှက်တွေ သီကြူးတုန်း

ဒီလိုနဲ့ တစ်နှစ်အကူး
ကိုယ်ဟာ အသွင်မထူးတဲ့
ဝတ်ရုံတစ်စုံကိုခြုံ
မလင်းချင်းရာ နေ့သစ်မှာ
ထူးဆစ်မလာနိုင်တဲ့ “အရူး” အဖြစ်နဲ့ လူ ...။

ခူးမရတဲ့ အလွမ်းပွင့်အကြွေတွေနဲ့
တခန်းရပ်ဇာတ်ကွက်ထဲ
အခန်းဆက် ကြွေကွဲသံတွေ
တစတစ လွင့်ပါး
အာရုံမှာ ဝေး၀ါးသလို
အရှေ့ကိုလျှောက်ရင်း
အနောက်ပြန်ရောက်နေခဲ့ပြန်တယ် ... ကောင်မလေးရယ် ...။

(အရှေ့= အနာဂတ်
အနောက် = အတိတ်)

ညလင်းအိမ်
(၂၇.၆.၁၁)

Monday, June 20, 2011

“ကျွန်တော့် ဖိနပ်လေး”

ဒီနေ့မှ ကျွန်တော့်ဖိနပ်လေးကို
တယုတယ ကြည့်မိတယ်
မညီမညာ ခွာအစုံအောက်
သူပြားပြားမှောက်နေပြီပဲ ...

လေကဓံတွေကို ထံပိုး
သူနဲ့အတူတိုးခဲ့တဲ့ လမ်းတွေ
ကျွန်တော်တို့ကိုတောင် နှုတ်ဆတ်သွားကြပြီလေ ...

ကိုယ်တိုင်တည်ဆောက်မပြနိုင်တဲ့
အနာဂတ် ကယက်လှိုင်းထဲ
ကျွန်တော့် ဖိနပ်လေးကို စီး
နေ့တွေကိုလည်း ငြီးရအုန်းမယ် ...

ကျွန်တော့် ဖိနပ်လေးရယ်
ခွင့်လွှတ်ပါ ကွာ
ယှဉ်တွဲလျှောက်နိုင်မယ့်
ဖိနပ်လှလှလေး တစ်စုံ
ကျွန်တော့်တို့ ကြားမှာ မပေါ်သေးသရွေ့
ကျွန်တော်ရယ် ...
ကျွန်တော့် ဖိနပ်လေးရယ် ...
ကျွန်တော့် မျှော်လင့်ချက်လေးရယ် ...
တနေရာထဲ စုဝေး
ကဗျာလေးတွေ ရေးကြမယ်လေ ...။

ညလင်းအိမ်
(၂၀.၆.၁၁)

Saturday, May 21, 2011

“အိမ်အပြန်လမ်း”

ဒဏ်ရာတွေ ထုဆစ်ပုံသွင်းဖို့ 
ငါ့မနက်ခင်းထဲ ၀င်ရောက်ခဲ့လေသလား
နေခြည်နွေးနဲ့ လေပြည်အေးရေ
အတွေးသက်သက်နဲ့ 
ဖြားယောင်းရက်စက်တတ်လိုက်တာ
ခပ်တိတ်တိတ်ပါပဲ
အဆိပ်လည်းတက်ခဲ့ပြီ။
လှမ်းမမှီတဲ့ ဘ၀က
မှန်းမျှော်ဖို့ လည်း မတန်သတဲ့ လား
ဂုဏ်ရှိန်ရောင်ဝါအောက်က
တံလျှပ်တွေထနေလိုက်ကြတာ
ငါ့တွင်းကိုပဲ ခပ်နက်နက်တူးချင်ရဲ .
တကူးတကလည်း ငိုပြမနေနဲ့ တော့ကွယ်
ရေဆန်ဆိုလည်း
ဆယ်လမွန်ငါးတို့ ပြန်တတ်တယ်။

လွန်း

Tuesday, May 17, 2011

“သတိတရ ဂျူလိုင်”

မုတ်သုံတောင်ဝင်ခဲ့ ပြီ …
ရေနာနေတဲ့ နှင်းဆီပန်းတစ်ပွင့်လို
မလန်းပဲ ဆန်းနေတယ် ဂျူလိုင်။
နင့်ရဲ့ ခေတ်ဦးဒဿန တွေထဲမှာ
စံပယ်တွေဘာနံ့ မွှေးမလဲ
စံပယ်ခင်းလမ်းကို လှမ်းရင်းဖြေတယ် ...
စံပယ်တွေ စံပယ်နံ့ မွှေးတယ်
တကယ်ဆိုရင်
အမှန်နဲ့ အမှား ဆိုတာ
အကြွေစေ့ပေါ်က ခေါင်းနဲ့ ပန်းလို
ကျောခြင်းကပ်နေတာ မဟုတ်ပါဘူး
အံစာတုံးနှစ်ခု
အပွင့်ချင်းပြိုင်ယုံ
မကြာခဏ
အပွင့်တူလည်း ကျတတ်တယ်။

တစ်လောကလုံးလှည့် စား ရရင်တောင်
နင့်ကိုတော့ မကောက်ကျစ်ချင်ခဲ့ပါဘူး
ဂျူလိုင်ရယ်…
မရိုးသားခဲ့တာတော့
ငါဝန်ခံတယ်
ခေါင်းတစ်ဖက် ပန်းတစ်ဖက်နဲ့ ပဲ
ဒေါင်လိုက်ကြီး
မိုးရေထဲ လမ်းလျှောက်ထွက်ခဲ့တယ်
ခိုဝင်ခဲ့ဖူးတဲ့ ထီးလေးတော့
အလွမ်းသားကွယ် ...
ဒီလိုပါပဲ ဂျူလိုင်
ငါ့ရဲ့ ရှစ်ခွင်တိုင်းမှာလဲ
မမှုန်မမှိုင်းရပါပဲနဲ့ 
နင့်ပုံရိပ်တွေ ပတ်လည်တယ်။
( ဂျူလိုင်…)

ရေးသားသူ ... လွန်း
မေလ ၁၇ ရက်…အင်္ဂါ ၂၀၁၁

Sunday, May 15, 2011

အရိပ်မဲ့ တမ်းချင်း

အတိုင်းအဆမဲ့ ခမ်းနားခြင်းတွေ
ပန်းခက်တွေလို ဖွာလန်ပြန့်ကျဲ
အိပ်မက်တွေနဲ့ ရဲခဲ့ရတာ
(ခုထိတိုင်ပဲ) ...

ရထားတစ်စင်းက ခုတ်မောင်းဆဲ
ဆင်းသူဆင်း တက်သူတက်
ဖမ်းဆုပ်ကိုင်တွယ်မိသမျှ
အရိပ်တွေထက်တောင် ပါးလွှလာတယ် ...

ထိန်းချုပ်တားဆီးထားတဲ့ အရာတွေ
လေအတွေ့တွေနဲ့တင် အသက်ရှုကြပ်မှတော့
အောက်ဆီဂျင်တောင် ညစ်ညမ်းပြီပေါ. ...

ကျွန်တော့်ကို အရိပ်တခုပေးကြပါ
အဲ့အရိပ်မှာ ခိုဝင်နား
ကျွန်တော်လည်း ဖျားနာပါရစေ ...

တချို့က ပြောတယ် ...
အရေးပြားပေါ်က အယားပြေအချစ်တဲ့
သူတို့များ ကံကောင်းလိုက်ကြတာ ...

ရှိပါစေတော့ ...
အရိပ်တွေကို တမ်းတရတာ များတော့
ကျွန်တော်တောင် အရိပ်မဲ့နေပြီလေ ...။

ညလင်းအိမ်
(၁၅.၅.၁၁)

Friday, April 22, 2011

“ရင်ထဲက စာစုတို ကဗျာလေးများ (၂)”

ပန်းမြိုင်အလယ် ပွင့်လန်းပေစွ
တင့်ဆန်းလှတဲ့ အို ... စံပယ်
တစ်ငုံတစ်ဖူး ဆွတ်ခူးရုံမျှ
ရနံ့လွန့်မြူး ကြည်နူးသမို့
သီရန်ရွယ်စူး ကိုယ်ခူးခဲ့သည်
မေ့ ... တွက်မို့လေ စံပယ်ဖူးနှင့်
စိတ်ကူးရုံမျှ ရင်စူးလောက်အောင် ရူးရသည် ...။

@@@@@@@@@@@@@@@@@@@@@@@@@

မလှမ်းချီ ၀င့်မီ(မှီ)ကတင်
ရနံ့တွေ ကြွေလွင့်ပြီမို့
အခက်ရယ်တွေ့အောင်
မုန်းမေ့တော့မှာလား ... မေ ...
သစ္စာတွေ စူးရပါရဲ့
မေတ္တာမိုးသားစွန်းမှာ
ငွေ့ရည်လေး ဖွဲ့ရုံနဲ့တင်
မောင့်ရင်မှာ ရူးရပြီမို့ ...
နှောင်းမြေ့ကျွမ်းလောင် မဆွေးအောင်
ပစ်ခွာကာအဝေး မပြေးပါနှင့် ...။

@@@@@@@@@@@@@@@@@@@@@@@@

ရနံ့မကြွယ် တစ်ပွင့်ပန်းမို့
အပွင့်အ၀ါ ဖြူပြာတွေကြား
စောင့်မျှော်ငေးလင့် ပွင့်နေရုံသာ ...။

@@@@@@@@@@@@@@@@@@@@@@@@

ညဉ့်ယံဦး၌ မြရည်ဆွတ်လူး
ရနံ့ထူးသော ဆိတ်ဖလူးရုံ
လရောင်စုံအောက် မှုန်ပြာမှိုင်တွေး
တစ်ကိုယ်ရည်ဆွေး ...။

@@@@@@@@@@@@@@@@@@@@@@@@

အိပ်မက်တွေ တသီတတန်းနဲ့
နန်းချခံလိုက်ရတဲ့ နံနက်ခင်း
“သူ”ပေးတဲ့ အလင်းတစ်စက်နဲ့
လင်းမြစိုစွတ်ခဲ့တယ် ...။

ခါတော်မှီ ပန်းတွေ ပွင့်လန်းစရာ မလိုပါဘူး
“သူ”ပေးတဲ့ နှုတ်ခမ်းရိုက်သံ သဲ့သဲ့နဲ့တောင်
ကျနော် ရင်မှာ ရနံ့သင်းပျံ့မှတော့
ချစ်သူရေ တစ်စက္ကန့်ရွေ့တိုင်း လွမ်းးးတယ် ...။

@@@@@@@@@@@@@@@@@@@@@@@

အိပ်မက်တွေ ကပိုကရိုနဲ့
ကဗျာဆန်တဲ့ည
အလင်းတွေ ဖရိုဖရဲနဲ့ပဲ
အဆုံးသတ်သွားတယ်
ကျနော်မှာတော့ အိပ်လို့ကောင်းတုန်း ...။

@@@@@@@@@@@@@@@@@@@@@@@

အကြည့်တရှိုက် အပြုံးအလှစ်မှာ
အပွင့်တွေပြိုကျလာတာ
ဘာနဲ့မှ နှိုင်းမရဘူး ..
ကောင်မလေးရယ် ...
တကယ်တော့ငါဟာ
တမ်းတရုံနဲ့ရူး
အချစ်ဦးတွေ ဖူးခဲ့တာ
ဘယ်မေ့နိုင်ပါ့မလဲ ...
အနာဆိုပေမယ့်
အမာရွတ်တွေ လှပချင်တုန်းပါပဲ ...
မင်းရနံ့မှာ ရစ်မူးပျော်ဝင်တာလောက်
လှတဲ့ မျက်ရည်မရှိမှတော့
ငါကြွေမယ့်လမင်း မင်းအတွက် ဖြစ်ပါစေလေ ...

@@@@@@@@@@@@@@@@@@@@@@@
စုဆောင်းထားမိတဲ့ စာအတိုအတွာလေးတွေပါ ...။

Tuesday, April 5, 2011

“သင်္ကြန်မြင်ကွင်း”

ပိတောက်တွေ ၀ါရွှေဦး
ပင်ဦးမှာ ဖူးပါလို့
ရနံ့ရယ် စူးလှတဲ့
နွေဦးရဲ့ သွန်းချိန်တန်
အတာမိုး သုတ်အဖြူး
လေရူးက ပင့်သက်လျှံ
သင်္ကြန်က မာန်ဝင့်ဝင့်
တန်ခူးနှင့် ပနံ့သင့်လှပေတယ် ...။

အကြို နဲ့ အကျ
အပွင့်တွေ ပြိုကျတဲ့
ရွှေငုဝါ ပွင့်ဖတ်တွေ
ပိတောက်နှင့် အပြိုင်
သင်္ကြန်ကို ဖော်ကြူး
နှစ်သစ်ကို ကူးကြမည်မို့
အချစ်အတွက် ရွယ်စူး
တချို့တွေ ခူးကြမည် ...။

အကြတ် နဲ့ အတတ်
ပိတောက်တခတ်နှင့်
မွှေးနံ့သာပတ်ဖြန်း
ယဉ်ကျေးမှု အတတ်စွမ်းနဲ့
တို့ရိုးရာ သင်္ကြန်
တို့အမျိုးသား ဟန်ကို
တို့တတွေ စောင့်ရှောက်
နှစ်သစ်ကို ဖောက်ရမည် ...။

ခုတော့ ...
နှစ်သစ်လည်းဆန်းပြီ
ရွှင်လန်းစွာပတ်ဖြန်းတဲ့
လမင်း ၀င်းပပ
အလင်းရောင်က လှ လှတယ် ...
အတာရေ အေးအေး
ဘယ်သူ မမွှေးမွှေးပေါ့
ကျွန်တော့်ရင်မှာ အေးလှတယ် ...။

အတာ နှင့် အင်္ကြန်
ပိတောက် နှင့် ငုဝါ
ဒီအရှိန်အ၀ါတွေက
အစဉ်သာ ရောင်စဉ်ဟပ်
ထာဝစဉ် ဒီတစ်သက်မှာ
ကျွန်တော် ...
ဘယ်မေ့ရက်နိုင်ပါ့မလဲ ...။

ညလင်းအိမ်
(၅.၄.၁၁)

Monday, April 4, 2011

“မင်္ဂလာပါ နံနက်ခင်း”

ဖူးသစ်စအလင်း
ကြူးရင့်ကြ နံနက်ခင်းမှာ
နှင်းနုအကြွင်းတစ်ခင်းက
အတင်းလုပြီး ခွင်းလာတယ် ...။

(သို့ပေမယ့်)
ထွက်သစ်စ နေမင်း
ကမ်းလင့်ကြ ဒီအလင်းကြောင့်
ခမ်းလွင့်စ နှင်းစက်ခမျာ
ကြွမ်းရင့်ကာ ကြွေကြရရှာတယ် ...။

(အဲဒီအချိန်)
မြသားနှယ် အဆင်း
လှစကားကြွယ် သီချင်းနဲ့
လာကြွားတယ်ထင်တဲ့ ငှက်ကျေးကိုမှ
ဘာသာစကားလွယ်လွယ် ပြန်ပြောလိုက်တယ် 
မင်္ဂလာပါ နံနက်ခင်း ... လို့ ...။

ညလင်းအိမ်
(၄.၄.၁၁)

“ဆည်းဆာချိန်”


နေ၀င်ပျိုးပျ
သွန်းလဲ့ဆည်းဆာ
ကျေးငှက်ဝါတို့
တောင်ပံခြင်းယှက်
အိပ်တန်းတက်ချိန်
ပြာလွင်ကောင်းကင်
ညို့တန်းဆီက
မှိုင်းဝေမြူးလူး
ရနံထူးကို
ကျွန်တော်ရဧ။် ...။

တိမ်ညိုတောင်ဆွယ်
ပင်တန်းငယ်က
လေပြေညှင်းသွဲ့
ပန်းပျိုနံ့နှင့်
ယိမ်းနွဲ့လှုပ်ရှား
သစ်မွှေးပင်ကြား
မြေဆီမြေနံ့
သင်းပျ့ံပျံ့ကို
ကျွန်တော်ရဧ။် ...။

ရေစင်သွယ်သွယ်
ဝှေ့ဝင်စီးဆင်း
ကွေ့လျားရစ်ပတ်
ထုတ်ချင်းထွက်သည့်
တောင်စောင်းနဘေး
စမ်းချောင်းလေးက
ကြည်လင်အေးချမ်း
တိတ်ဆိတ်ခြင်းကို
ကျွန်တော်ရဧ။် ...။

နေ၀န်းနီတောက်
တောင်စွယ်နောက်မှာ
မှောင်ရီဖုံးစဉ်
မိုးသားစွန်းက
ရောင်စဉ်ပြေလျော့
ဖြန့်ကျက်ထိုးဝင်
ဆည်းဆာချိန်သည်
ဆွတ်ရည်ငေးလင့်
လွမ်းသင့်ခြင်းကို
ကျွန်တော်ရဧ။် ...။

ညလင်းအိမ် (၄.၄.၁၁)
@@@~~~@@@

Saturday, April 2, 2011

“ချစ်ခြင်းဖွဲ့”

သခင့်အတွက် စပ်ဆိုသည့်
ချစ်ခြင်းဖွဲ့ ဒီကဗျာ
ရင်တွင်းအသည်းညှာမှာ
တဆစ်ဆစ်နာတယ် ...။

ရွယ်ရည်လို့ခူး
သီဖူးသမျှ စံပယ်တွေ
ဒဏ်ရာတွေ အဆုပ်လိုက်ပါပဲ
ကြွေ လွင့် နွမ်း လျှ
ရင်မှ တရှရှနဲ့
မျှော်လင့် တမ်းတ လွမ်းနာကျတယ် ...။

သခင့်အလိုစေသား
နှုတ်ဖျားတော် တစ်ခွန်းအထွက်မှာ
ရာဇ၀တ်သားလို ဒဏ်သင့်ပါစေ
နှလုံးသားကို ဖြန့်ခင်း
သခင့် စေရာ နင်းခဲ့ပြီးမှ ...

အခုတော့လည်း
ခဲလေသမျှ သဲရေကျ
သခင့်အလိုအရ
ဝေးနေရတယ် ...။

ဘာပဲဖြစ်ဖြစ်
မညာပဲ ချစ်ပါရစေ သခင်
စံပယ်တွေ မပွင့်သော်လည်း
ဆန္ဒတွေ ပွင့်မယ့်တနေ့
ချစ်ခြင်းဖွဲ့ ဒီကဗျာကို
လေပြေရယ် ဆောင်ယူပါစေသား ...။

ညလင်းအိမ်
(၂.၄.၁၁)

Wednesday, March 23, 2011

“ကြက်ခြေခတ် ၀င်းရိုးစွန်းနဲ့ နေတစ်ခေတ် လတစ်ခေတ် ကောင်းကင်”

ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ
မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့
လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင်
မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ
သေရမှာ မကြောက်မှတော့
မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး
ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း
နေနိုင်တဲ့သူပဲလေ . . . ။ ( ညလင်းအိမ် )

နေတစ်ခေတ် လတစ်ခေတ်နဲ့
သက္ကရာဇ်ကတောင်
ဆယ်စုနှစ်အဟောင်းတွေ ချွေချလိုက်ပြီ
ဆောင်းပျိုငယ်က နွေကျဲကျဲ သုတ်ချသွားတာတောင်
ကျွန်တော့်အိပ်မက်တွေ အခုထိ ချိုနေတုန်းပါပဲ
ဆေးခါး ကြိုက်နေမှတော့
သကာလိုက်လည်း မမှီတော့ဘူး
အချစ်ရူးဆိုတာ ထန်းလျှက်ကျွေးလည်း
ခါးနေမယ့်သူပဲလေ . . . ။ ( လင်းခေတ်ဒီနို )

ကျွန်တော်ဆိုတဲ့ ကျွန်တော်
အဲဒီ အလွမ်းတစ်သုတ်နဲ့ပဲ
ဒဏ်ရာတွေ မိုးစုန်းစုန်းချုပ်ရင်း
ဆောင်းတစ်ညကို နောက်ပြန်လျှောက်ကြည့်တယ်
တကယ်တော့ အချစ်ဆိုတာ
နူးညံ့ကြွရွနေတဲ့ ကချေသည်တစ်ပါး
သစ္စာဆိုတာ သူ့အတွက်
ဖန်ဆင်းမှုကို အရောင်တင်ထားတဲ့ အရပ်သုံးစကား
မျှော်လင့်ခြင်းဆိုတာ ကြွေကျသွားတဲ့
ကြယ်ပျက်တစ်လုံးလိုပဲ . . .
သတိရပေးပါ ဒီဇင်ဘာရယ်
အချမ်းပို ဆောင်းညတွေမှာ
ကြက်ခြေမခတ်နိုင်တဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတဲ့အခါ
ဆုတောင်းသံ သဲ့သဲ့လေးတော့ မင်းကြားနိုင်ပါစေကွာ . . . . ။ ( ညလင်းအိမ် )

ကျွန်တော်ဆိုတဲ့ ကျွန်တော်
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
အလွမ်းခြေရာ ပြန်ကြည့်ရင်း
အဲဒီညနေကို ခြေကျင်လျှောက်ကြည့်တယ်
တကယ်တော့ နာကျင်မှုဆိုတာ
သေငယ်ဇောနဲ့ မျှောနေတဲ့ ကြယ်တစ်လုံး
သံယောဇဉ်ဆိုတာ သူ့အတွက်
အခွံနွာထားတဲ့ ပဒိုင်းသီးဖတ်စာ
တမ်းတခြင်းဆိုတာ မျက်ရည်ကျနေတဲ့
ကောင်းကင်တခြမ်းလိုပဲ . . .
နှုတ်ဆက်ပါတယ် ဒီဇင်ဘာရယ်
ညနေခင်းလေးမှာ
နီညိုရောင် တောင်ပံတွေ ဖြန့်ခင်းလာတဲ့အခါ
နာကျင်ခြင်းမဲ့စွာ မင်းပျော်နိုင်ပါစေကွာ . . . . ။ ( လင်းခေတ်ဒီနို )

စံပယ်ရုံ ရနံ့တွေက
သင်းကနဲ လှိုက်ကနဲ
ငါ့ အာရုံတွေ အလင်းပျောက်တယ် ဒီဇင်ဘာ . . .
ဒီလို နံနက်ခင်းတိုင်းမှာ စကားသံတချို့
ဒိုင်ယာရီထဲ ကျပျောက်ခဲ့တာပါပဲ
ခပ်တိတ်တိတ် ရှိုက်မိတဲ့ ဝေဒနာ တစ်ဝက်လောက်ကို
ကဗျာတွေထဲ ရောသောက်လိုက်တယ်
သွေးကြောထဲက တင်းမာလာတဲ့
မာန တချို့ကို စိတ်ဖြာကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့ မျက်ရည်တွေ
မင်းအတွက် ကျလို့ မလောက်သေးပါလားကွယ် . . . . ။ ( ညလင်းအိမ်)

စွယ်တော်ရွက် ကြွေသံလေးတွေက
ဖောက်ကနဲ ဖောက်ကနဲ
ငါ့ရင်ဘတ်တွေ နာကျင်တယ် ဒီဇင်ဘာ . . .
ဒီနှစ် ဖေဖော်ဝါရီလဆန်းတုန်းကလည်း
သစ္စာတွေ အလွမ်းရောင် ပြောင်းခဲ့တာပဲ
ခပ်ရှိုက်ရှိုက် နမ်းမိတဲ့ အလွမ်းတစ်ဝက်လောက်ကို
ကဗျာတွေထဲ ငှဲ့ချလိုက်တယ်
ရင်ဘတ်ဟောင်းထဲက ဖြာထွက်လာတဲ့
သတိရခြင်းတွေကို ကောက်ယူကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့သစ္စာတွေ
မင်းအတွက် ဖြူစင်နေတုန်းပါပဲကွယ် . . . . ( လင်းခေတ်ဒီနို )

ဒီဇင်ဘာ . . .
နှစ်လွှာတစ်ရွက်ပါလို့ ပြောခဲ့တဲ့
စွယ်တော်ရွက်လေးတောင်
ကျကွဲသွားပြီပဲ
ကိုယ်တို့ နှစ်ယောက်လည်း
နှုတ်မဆက်ပဲ ကျောခိုင်းကြတာပေါ့
ဒါပေမယ့် ကောင်မလေးရယ် . . .
နွေဦးပေါက်လို့ မြူမှုန်တွေ ပျောက်သွားခဲ့ရင်
သစ္စာပန်းအထပ်ထပ်နဲ့
မေတ္တာလမ်းဆက်ခဲ့တဲ့
ဆောင်းကြွင်း တစ်နေရာက
ဟောင်းနွမ်းပေတေနေတဲ့ သူတစ်ယောက်
စံပယ်ဖြူပွင့်တွေနဲ့ အတူ
နာမည်သုံးလုံးကို သီကုံးနေလိမ့်မယ်ဆိုတာတော့
ရာဇ၀င်ထဲက ဒီဇင်ဘာက ပြောပြနေဦးမှာပါ . . . . ။ ( ညလင်းအိမ် )

ဒီဇင်ဘာရောက်ရင်
ငိုကြွေးနေတဲ့ ကြယ်တွေအောက်မှာ
ငါ့ ရင်ခုန်သံတွေ ယိုင်နဲ့တယ်
အိမ်မက်တွေ အညတရ ဆန်ခဲ့တယ်
စံပယ်ဖြူလို ရိုးသားပြခဲ့ဖူးတဲ့
ကဝေပျိုမငယ်လေးရယ် . . .
ဒီနေ့ မိုးမရွာပေမဲ့
ဥပေက္ခာတွေ နင့်နင့်သည်းသည်း ပြိုကျခဲ့တယ်
ကျေနပ်ခဲ့ပါတယ် . . .
နှင်းစက်လေးတွေ တစက်စက် ကြွေအကျမှာ
ငါ့သစ္စာပန်းခင်းဟာလည်း
အလွမ်းပင်လယ် ဖြစ်ခဲ့ဖူးပြီးပဲ
သွားပါတော့
ဒီဇင်ဘာရယ်. . .
ဘာမှမကျန်တော့တဲ့
ရနံ့မဲ့ သစ္စာဟောင်းတွေကို
ခိုးဝှက် ရှိုက်နမ်းရင်း
ငါဟာ ရင်ခွင် ကောင်းကင်မဲ့နေဦးမယ့်သူပါ . . . . ။ ( လင်းခေတ်ဒီနို )


@@@@@ ---- @@@@@

ကျွန်တော် ညလင်းအိမ် နဲ့ လင်းခေတ်ဒီနို (ဗညား) တို့ ကဗျာ အတူတူ မစပ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။ မနေ့တနေ့က ကျွန်တော်တို့ ညီအကို နှစ်ယောက် အလုပ်အားနေတဲ့ အချိန် ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ နှစ်ယောက် အတူတူ ကဗျာရေးဖြစ်ခဲ့ကြပါတယ် ။ နှစ်ယောက်စလုံးက အလွမ်းကဗျာသမားပီပီ အလွမ်းကဗျာကိုပဲ ရေးဖြစ်ခဲ့ကြပါတယ်။ ခေါင်းစဉ်နဲ့ တည်းဖြတ်ကတော့ ဗညားပါ။

Thursday, March 17, 2011

“မိန်ရာသီဧ။် အိန်ဂျယ်လ်”

နှင်းစက်မြူခိုးတွေအဆုံး
ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်
မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။

ဒီအချိန်ဆို
ကောင်းကင်ပြင် ရာသီခွင်၌
ငါးနှစ်ကောင် နက္ခတ်တို့ ပျော်မြူး
အိန်ဂျယ်လ်ဆီ အခေါ်ထူးကြပေလိမ့်မည်။

လေရူးတသုန်သုန်မို့
နွေဦးကို အကြိုထောက်တယ် ထင်ပါ့
စံပယ်ရုံ သင်းရနံ့တွေနဲ့တင်
ရက်တွေတိုင်းက မွေးပျံ့လှတယ်။

ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ
ဤကမ္ဘာမြေဟာလည်း
ချစ်သင်္ကေတတို့ ထုံမွှမ်း
သစ္စာတွေ စုရုံးခဲ့ကြပြီ။

ကဗျာလို နူးညံ့ခြင်းမျိုး
လေပြေလို သန့်စင်ခြင်းမျိုးနှင့်
ရှင်သန်ရာ သူတို့ဧ။်
ရာဇ၀င်သည်လည်း လင်းမြနေခဲ့ပြီ။

ဖြတ်သန်းခဲ့ရာ မိုင်တိုင်တိုင်း
သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။
လျှောက်လှမ်းရာ ရောင်နီတိုင်းသည်လည်း
အားအင် ပြည့်စွာ ရုန်းကြွနေလိမ့်မည်။

ဤသို့ဆိုလျှင်
ယနေ့၌ ကျရောက်သော မွေးနေ့မှစ၍
နောင် နှစ်ပေါင်းများစွာတိုင်
ဆောင်ယူရာ သတင်းတိုင်း
လေပြေလို အေးလို့
ပန်းခိုင်လို မွှေးလို့
ရေကြည်လို အေးမြပါစေသား ...။

ညလင်းအိမ်

(၁၇.၃.၂၀၁၁ မှာ ကျရောက်သော မမီး (မမိုးငွေ့) နှင့် ကြယ်တွေနဲ့ စံပယ်ကို မြတ်နိုးသူ တစ်ယောက် အတွက် ဤကဗျာလေးကို ရေးဖွဲ့ပါသည်)

Sunday, February 27, 2011

“မရောက်လာတဲ့ ... ကြယ်”


ကြယ်ကြွေကောက်ဖို့ လက်တစ်ဖက် မရှိခဲ့ပါဘူး
နယ်မြေဖောက်ဖို့တော့ ကြိုးစားခဲ့မိတယ်
ဒါပေမယ့် ...
ဒီလမ်းအဆုံးမှာမှ ပန်းတိုင်မရှိခဲ့တာ ...။

ဘယ်သူတွေ ဘာပြောကြမလဲ ???
ငါ ကတော့ ...
ရှာဖွေမှုတွေထဲ နွမ်းပါးစွာ ပျောက်ဆုံး
နိဂုံးက သပ်ရပ်လှပ သေဆုံးခဲ့တယ် ...။

တခွက်တမှုတ်လောက် ခပ်သောက်ရုံနဲ့ 
အဲဒီ ရေအိုး ခမ်းသွားကြေးဆို
ကြယ်မင်းသမီးရယ် ငါ့ နှလုံးသားကို တံဆို့ ရိုက်ခဲ့ပါ ...။

ငါ့မှာ မင်းကိုချစ်တာက လွဲရင်
ကြယ်တွေကို တမက်တမော နမ်းရှိုက်တတ်တဲ့ စိတ်ပဲ ရှိတာပါ ...။

အများကြီး မပေးရင်နေပါ
တအားကြီးတော့ ဝေးမသွားပါနဲ့ကွယ်
ဘာမှ မရခဲ့ဘူးဆိုရင်တောင်
ကောင်းကင် တမိုးအောက်မှာ
ကြယ်စု တွေ အရောင်တောက်လာတိုင်း
မင်း ကောက်ကြောင်းအောက်
ငါ မူးနောက်နေချင်သေးတယ် ...။

ညလင်းအိမ်
(၂၇.၂.၂၀၁၁)

Friday, February 25, 2011

ခေါင်းစဉ်ပေးရန် စကားလုံး မရှိပါ ..

လေညှင်းသံ သဲ့သဲ့တော့ ကြားတယ်
ကျွန်တော့်ကို ခေါ်တာ မဟုတ်ဘူး
အဖူးအငုံပွင့်တွေထဲမှာမှ ရနံကို ရှာမိတယ် ...။

ရေးထားခဲ့သမျှ ဒိုင်ယာရီတွေက ပြောတယ်
ကံကြမ္မာက လက်မခံတဲ့ ကောင်တဲ့ ...။
(ရှိပါစေတော့) ...။

တရားပါတယ် ... အားလုံး တရားကြပါတယ် ...
မှားနေတာက ကျွန်တော့်အတွေးနဲ့ ကျွန်တော် ...

ကျွန်တော်မငိုဘူး ...
မျက်ရည်ကျရုံလေးပါ ...
ရူးလောက်အောင် မျည်ရည်ကျရုံလေးပါ ...

လောကကြီးကို ဒူးတုပ်ပြီး  တောင်းပန်လိုက်တယ် ....
ကြယ်တွေက ငိုတယ် ...
ငှက်တွေက တေးဆိုတယ် ...
လူတွေက ကောင်းချီးပေးတယ် ..
ကောင်းကင်ကတော့ တရားချတယ် ...
လွတ်မြောက်ပါစေတဲ့ ...။

ဒီလိုနဲ့ပဲ ကျွန်တော့်ဈာပနက
လူမသိ သူမသိပါပဲ ပြီးဆုံးသွားတယ် ...။

ညလင်းအိမ် (၂၅.၂.၁၁)

Monday, February 7, 2011

စိတ်ဖိစီးမှုတို့ဧ။် နောက်ကွယ်

အားလုံး မင်္ဂလာပါဗျာ။ ကျွန်တော် ခုရက်အတောအတွင်း ဘာတွေဖြစ်မှန်းမသိဘူး။ သေချာတာတော့ ဘာမှ မလုပ်ချင်နေတာ ဖြစ်မယ်။ ဒါကြောင့် စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို ခေတ္တခဏ နားထားမိတယ်။ အားလုံး တွေ့ပုချိပါ။ အခုတော့လည်း သူများတွေကို အားကျလို့  ပို့စ်တစ်ပုဒ်ရေးပါမယ်။ မျက်စိဒုက္ခခံကြပါ။ ဒန်.. တန် .. တန် ..။

@@@@@@@@@@@

လမ်းမကြီးရဲ့ အဆုံးမှာ ထိုးထွက်နေပြီး ထီးထီးမားမား တည်ရှိနေတဲ့ အုတ်နီရောင်အမိုးနဲ့ အဆောက်အအုံ ၀င်းကြီးတစ်ခု။ ဘေးပတ်ပတ်လည်မှာတော့ စိမ်းစိုလန်းဆန်းနေတဲ့ မြက်ခင်းနုနုများ၊ သေသပ်လှပစွာ ဖန်တီးပြုပြင်ထားသော တောင်ကုန်းမြင့် ကလေးများ။ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ အဲဒီနေရာက ဒဏ္ဍာရီဆန်စွာ ဖြစ်တည်နေခဲ့တယ်။

ကားနောက်ခန်းမှာ နှုတ်ဆိတ်စွာ လိုက်ပါလာတဲ့ ကျွန်တော် မမြင်ဘူးတဲ့ ဒေသတစ်ခုမို့ ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်နေမိဧ။် ။ ကားက အရှိန်အနည်းငယ် လျော့အသွား မြင်လိုက်ရတဲ့ ဆိုင်းဘုတ်တစ်ခု၊ ခမ်းနားထည်ဝါစွာ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တစ်ခုဆို ပိုမှန်ပါလိမ့်မယ်။ 

“INSTITUTION OF MENTAL HEALTH”

ကျွန်တော် သေချာဖတ်နေမိတော့ ကားမောင်းနေတဲ့ ပရောဂျက်မန်နေဂျာက “မင်း ဒီနေကို သိလားတဲ့”။ ကျွန်တော်သွက်လက်စွာပဲ မသိဘူးလို့ အဖြေပေးလိုက်တယ်။ သူက ထပ်မေးတယ် .. “မင်း Mental ဆိုတာကို သိလား” ... ”သိပါတယ် .... စိတ်နဲ့ သက်ဆိုင်တာကို ပြောတာပါ” ..“အင်းဟုတ်တယ် ဒီနေရာက တကယ်တော့ စိတ်နဲ့ပတ်သတ်ပြီး ရောဂါရနေတဲ့ သူတွေကို ကုသပေးနေတဲ့ နေရာတစ်ခုပေါ့”။ ကျွန်တော်သိလိုက်ပါပြီ ဒါဆို ဒီနေရာက စိတ်ရောဂါကု ဆေးရုံပေါ့။ ကျွန်တော် ပိုစိတ်ဝင်စားသွားမိတယ်။ ဒီနိုင်ငံက ဒီလိုဆေးရုံကြီးက ဘာလို့များ ဒီလောက် ကြီးကျယ်ခမ်းနားနေရပါသလဲ အတွေးတွေ ပွားမိရင်း ပွားမိရင်းနဲ့ပေါ့ ။

ကြုံတုန်း ကြွားတယ်လို့ မထင်ပါနဲ့။ ကျွန်တော့် ရာထူးက ဘာလဲဆိုလားပဲ။ သူတို့ပြောတာတော့ "Field Service Engineer" တဲ့။ ကွန်တော်တို့က ဒီဆေးရုံမှာ "Panic Alarm System" ကို တပ်ဆင်ပေးနေရတယ်။ ဒီစနစ်က လူနာတစ်ယောက် (စိတ်ရောဂါခံစားနေရသူ) စိတ်ဖောက်လာတဲ့အခါ သက်ဆိုင်တဲ့ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ရဲတွေစီကို အလိုအလျောက် အကြောင်းကြားပေးတဲ့ စနစ်တခုပါ။ ဒါမှသာ အဲဒီလူနာနဲ့ အနီးကပ်ရှိနေတဲ့ သူနာပြုရဲ့ အသက်အန္တရာယ် ကာကွယ်ပေးရာ ရောက်မှာပါ။ 

ကျွန်တော့်ကို ပရောဂျက် အင်ဂျင်နီယာနဲ့ မိတ်ဆတ်ပေးပြီးနောက်မှာ ကျွန်တော်ဟာ မယောင်မလည်နဲ့ လုပ်ငန်းခွင်ထဲကို ရောက်ခဲ့ပါတယ်။ အပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေသလောက် အတွင်းမှာ အော်ဟစ်နေကြတဲ့ ထောင်သားတွေရဲ့ အသံကြောင့် ကျွန်တော် ကြက်သီးဖြန်းဖြန်းတောင် ထမိပါတယ်။ မန်နေဂျာက မှာကြားတဲ့ များပြားလှစွာသော စကားတွေကို ကျွန်တော်နားထောင်နေရင်း သက်မတစ်ချက်ကို တိတ်တိတ်လေး ခိုးချလိုက်မိဧ။်။
  • အ၀င်အထွက် တံခါးကို ခွင့်ပြုချက်မရပဲ မဖွင့်ရန်
  • ဖွင့်ဝင်တဲ့ တံခါးတိုင်းကို သေချာစွာ ပြန်ပိတ်ရန်
  • လုပ်ငန်းခွင်အတွင်း မျက်စိရှင်ရှင်ထားရန်
  • ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတိုင်းကို ၀င်မပါရန်
  • ဘာစမ်းသပ်မှုပဲ လုပ်လုပ် သက်ဆိုင်ရာ တာဝန်ခံကို အကြောင်းကြားရန်
  • ဘယ်လူနာမှ ကိုယ့်ဘေးသို့ အကပ်မခံရန်
  • လူနာမူမမှန်ပါက တတ်နိုင်သလောက် ဝေးဝေးရှောင်ရန်
  • အကြောင်းမတိုက်ဆိုင်လို့ တိုက်ခိုက်မှုဖြစ်ပါက လူနာကို ထိခိုက်အောင် မလုပ်မိစေရန်
  • အမြဲတမ်းလွတ်မြောက်ဖို့ လမ်းကို ရှာပြီးမှ လူနာများနေရာ အခန်းသို့ ၀င်ရန်
  •  .....
  • .....
ဘုရား ဘုရား ကျွန်တော်ဟာ အော်ပရေးရှင်း တိုက်ပွဲတစ်ခုကို ဆင်နွှဲရမယ့် ကွန်မန်ဒိုများဖြစ်သွားလေပြီလား။ စိတ်မောစွာနဲ့ပဲ ၀မ်းတထွာအတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်လုပ်ရတော့မယ်လေ။
@@@@@@@@@@@

နှင်းတွေမကြွေ မြူတွေမဆိုင်းပါပဲနဲ့ ကျွန်တော့်ရင်ထဲမှာ အေးခဲခိုက်တုန်နေမိတယ်။ ဒီနေ့က IMH ကို တစ်ယောက်တည်း စတင်လာရတဲ့ နေပေါ့။ တက္ကစီပေါ်က အဆင်းမှာ ကျွန်တော်တာဝန်ကျရာ Block 7 သို့ ထွက်လာလိုက်တယ်။ သြော် ကျွန်တော်ပြောဖို့ မေ့နေခဲ့တယ်။ ဒီဆေးရုံမှာ block ပေါင်း ၉ ခုတိတိရှိပါတယ်။ တော်တော်ကို ကြီးတဲ့ ဆေးရုံကြီး တစ်ခုပါ။ Block 7 ဆိုတာကတော့ လုံးဝကို ပြန်လွှတ်လို့ မဖြစ်နိုင်တဲ့ စိတ္တဇထောင်သားတွေကို ဖမ်းချုပ်ရာ နေရာတစ်ခုပါ။ 

ကျွန်တော် လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ ပထမ မိန်းတံခါး တစ်ချပ်ပွင့်လာတယ်။ ကျွန်တော်လျင်မြန်စွာ ၀င်လိုက်ပြီး တံခါးကို အမြန်ပြန်ပိတ်လိုက်တယ်။ ကိုယ့်ကိုကိုယ် ရန်သူနယ်မြေကို ချည်းနင်းဝင်ရောက်လာတဲ့ ကွန်မန်ဒို တစ်ယောက်လို သဘောထားနေရတယ်။ ဒုတိယ တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါက ထောင်သားတွေကို ထမင်းကျွေးရာ နေရာတခု၊ အတွင်းဘက်ကို ကြည့်လိုက်တော့ ထောင်သားတွေကို တံခါးတစ်ချပ်သာ ခြားနေပြီး လှမ်းမြင်နေရတယ်။ ကျွန်တော်ရင်တွေ ခုန်နေတယ်။ ကောင်မလေးကို ရည်းစားစကားပြောတုန်းကတောင် အဲဒီလောက် ရင်မခုန်မိဘူး ..း) ။ တတိယ တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါက ထောင်သားတွေ နားနေရာ နေရာတစ်ခု။ တီဗွီတစ်လုံးနဲ့ ခုံတန်းတစ်ချို့လွဲရင် ဘာမှကို မရှိ။ နောက်ဆုံး တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါနောက်ဆုံးတံခါး တစ်ချပ်ပါ။ အဲဒီနောက်မှာ တာဝန်ရှိသူတွေက စစ်ဆေးအပြီးမှာ ကျွန်တော့်တို့ စနစ်တပ်ဆင်မယ် အဓိက Riser ကို သွားခွင့်ရခဲ့ပါတယ်။

အစက အဲမှာ လုပ်ဖို့ စိတ်တွေလေးနေပေမယ့် နောက်တော့ နေသားကျသွားလို့ပဲလား မသိပါဘူး။ ထောင်သားတွေကတောင် ကျွန်တော့်ကို မနက်ဆို လှမ်းနှုတ်ဆတ်ကြ .. ညနေအပြန်နှုတ်ဆတ်ကြနဲ့ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ တကယ်တော့ သူတို့ ဘ၀က သနားဖို့ ကောင်းပါတယ်။ တသက်လုံး ဒီလိုပဲ သွားရတော့မယ်လေ။ အပြင်လောကဆိုတာ သူတို့ဘ၀အတွက် အိပ်မက်တစ်ခုပဲ ဖြစ်နေတော့မှာပါ။ သူတို့ရဲ့ ဘ၀ကံက တကယ်ကို ဆိုးလှပါတယ်ဗျာ။

အဲဒီလိုနဲ့ပဲ Block တစ်ခုပြီး တစ်ခုနဲ့ ပရောဂျက်ပြီးတယ်အထိ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပါတယ်။ တခြား Block တွေကတော့ ထောင်မဟုတ်ပါဘူး။ စိတ်ရောဂါသက်သက်ကုတဲ့ နေရာပါပဲ။ ဒါပေမယ့် ထောင်လိုပဲ ချူပ်နှောင်ထားရတယ်။ ဘာလို့လဲဆိုတော့ သူတို့ စိတ်ဖောက်ရင် ကြောက်ဖို့ကောင်းလို့ပါပဲ။

တချို့လူနာတွေကို နေ့ပိုင်း စောင့်ရှောက်ပေးတဲ့ NURSING HOME များလည်း ဒီဆေးရုံဝင်းထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ ကလေး မူကြိုပို့သလိုပေါ့။ မနက် မိသားစုဝင်တွေက အလုပ်မသွားခင် သူတို့ကို ဆေးရုံမှာ ထားခဲ့ပြီး ညနေမှ ပြန်လာခေါ်ကြတယ်လေ။ တချို့ဆို ဆေးရုံဝင်းထဲ ဒီအတိုင်း လျှောက်သွားနေတတ်ကြတယ်။ သူတို့ကတော့ စိတ်သိပ်မဖောက်တဲ့ သူတွေပေါ့။

ကျွန်တော် IMH မှာ လုပ်နေရင်း တစ်လလောက် အကြာမှာပေါ့ ... နေ့လည်စာ ထမင်းကို ဆေးရုံရဲ့ စားသောက်ဆိုင်တန်းမှာ စားနေရင်း လူတစ်ယောက် လမ်းလျှောက်တာကို သတိထားလိုက်မိတယ်။ သူက ရှေ့သို့ လျှောက်နေတာပါပဲ။ ဒါပေမယ့် ရှေ့ကို မရောက်ဘူး .. ခေါင်းတစ်ခြမ်းကလည်း စောင်းနေတယ် .. ငိုက်စိုက်ငိုက်စိုက်နဲ့။ အ၀တ်အစား ၀တ်ထားပုံက သေသေသပ်သပ်ပါ။ ကျွန်တော်သူ့ကို ကြည့်ပြီး “အော် .. ဒီလူက ယဉ်ယဉ်လေးနဲ့ ရူးနေတာ ထင်ပါရဲ့” လို့ ညဉ်းမိတယ်။ အဲဒီအခါ ကျွန်တော်နဲ့ ထမင်းအတူတူ စားနေကြတဲ့ စီနီယာနှစ်ယောက်က ခွက်ထိုးခွက်လန် ရီပါလေရောဗျာ။ ကျွန်တော်က ကြောင်တောင်တောင်နဲ့ပေါ့။ နောက်မှ သူတို့က “အဲဒါ လူနာမဟုတ်ဘူးကွ၊ ဒီဆေးရုံရဲ့ စီနီယာ ဒေါက်တာကွ” လို့ ပြောတော့မှ ကျွန်တော်ပါ ရီလိုက်ရတာ အူမတက်ပါပဲ။ ဆရာဝန်တွေလည်း ကြာလာတော့ လူနာတွေ ပုံစံပြောင်းလာတာပဲလား မသိဘူး။ ကျွန်တော်လည်း နောက်ဆို အဲလိုဖြစ်သွားမလားဆိုပြီး မဆီမဆိုင် တွေးပူမိပါသေးတယ်။း)

ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဆေးရုံပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ လူတိုင်းလိုလိုကို ရင်းနှီးလာခဲ့ပါတယ်။ လူနာတွေက အစပေါ့။ တချို့ Block တွေ ကျွန်တော်သွားပြီဆိုရင် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြ တာဗျာ.. ဘေးက ကြည့်ရင်တော့ ကျွန်တော့်ကိုပါ လူနာထင်မလားပဲ။ တစ်နေ့ သတင်းတစ်ခု ကြားလိုက်ရတယ်။ လူနာတစ်ယောက် စိတ်ဖောက်ပြီး သူနာပြုတွေကို တိုက်ခိုက်၊ တံခါးတွေ ချိုးဖြတ်ပြီး ထွက်ပြေးသွားတယ်တဲ့။ တာဝန်ရှိသူတွေလည်း ခေါင်းပူရတာပေါ့။ သူ့ကို အမြန်ဖမ်းဆီးနိုင်ဖို့ အပူတပြင်း လိုက်ကြလေရဲ့။ ဒါပေမယ့် ညမိုးချုပ်တဲ့ အထိ ရှာလို့မတွေ့ခဲ့ပါဘူး။ အဲ ... နောက်နေ့မနက်လည်းရောက်ရော အဲ့ဒီလူနာက ပြန်ရောက်လာတယ်။ အဲဒီတော့မှပဲ အားလုံးက စိတ်အေးကြရတော့တယ်။ ကျွန်တော်ထင်ပါတယ် .. သူလည်း ထွက်ပြေးပြီးမှ နေစရာနေရာကမရှိ စားစရာကလည်း မရှိတော့ နောက်ဆုံး အိမ်ပဲ ပြန်တာပဲ ကောင်းပါတယ်ဆိုပြီး ပြန်လာခဲ့တယ် ထင်တယ်။ အဲလိုမျိုး  အဖြစ်အပျက်တွေလည်း တော်တော်များ တွေ့ကြုံခဲ့ရပါတယ်။

ကျွန်တော်လည်း နေ့စဉ်မြင်နေရ ကြားနေရတဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး အတွေးဝင်မိပါတယ်။ ဒီနိုင်ငံကလူတွေက အလုပ်ကိုပဲ ဖိလုပ်ကြတယ်။ ငွေအတွက်ပဲ ရှင်သန်ကြရတယ်။ နေ့စဉ် စိတ်ဖိစီးမှုတွေများတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးကြတယ်။ အိုမင်းလာတဲ့ အခါမှာလည်း သားသမီးရဲ့ စောင့်ရှောက်မှုကို မခံကြရပါဘူး။ သားသမီးတွေက လူအိုရုံတွေကိုပဲ ပို့လိုက်ကြတာပါပဲ။ ကျွန်တော်သတိထားမိသလောက် ဒီနိုင်ငံမှာ လူအိုရုံတွေ၊ သက်ကြီးစောင့်ရှောက်ရေးစင်တာတွေ တော်တော်များကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလိုနိုင်ငံတွေမှာ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ် မလိုက်နာကြတာတွေတော်တော်များ ရှိနေကြပါလားဗျာ။

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသာလျှင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းပြိး ကျင့်ဝတ်သီလရှိသူတွေ စောင့်ထိန်းကျသူတွေကို တွေ့နိုင်ပါသေးတယ်။ ဒီတစ်ခုအတွက်တော့ ကျွန်တော့်တို့ နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက် ကြေနပ်နေမိပါတော့တယ်။

PS: ကျွန်တော် နောက်ဆုံးပြောချင်တာက စိတ်ဖိစီးမှုကို သိပ်မထားပါနဲ့။ ဘယ်အခက်အခဲနဲ့ပဲ ကြုံကြုံ အောင်မြင်စွာဖြေရှင်းနိုင်မှာပါ ဆိုတဲ့ စိတ်မွေးပြီး ရှေ့ဆက်ကြပါ။ အရာရာကို လွယ်လွယ်သာတွေးပြီး တဆင့်ခြင်း လုပ်သွားပါ။ ပျော်ရွှင်မှုရဲ့ အရသာကို ရှာဖွေ ဖော်ထုတ်ကြပါလို့ ထပ်လောင်းပြောချင်ပါတယ်။

လေးစားစွာဖြင့်
ညလင်းအိမ်


Sunday, January 30, 2011

“အိမ်ပြန်ကြစို့”

ကောင်းကင်မှာ အုံ့ပြာညိုမှိုင်း
ရှစ်ခွင်တိုင်းဆိုင်း ရိုင်းနေတဲ့ မိုးရယ်
တဖွဲဖွဲမို့လား အလွမ်းတစ်စုံက
အိမ်ကို တမ်းတတယ် ...။

လွတ်လပ်စွာ ပျံသန်းချင်ခဲ့တဲ့
ဂျစ်ပစီတစ်ကောင်
ခြေအစုံ လေနှင်ခဲ့တာ ကြာပြီ
ရပ်နေရတာ ပန်းတိုင်တစ်ခုပါပဲ
ဒါပေမယ့် ..
ဘ၀က မိုးရေတွေထဲမှာတောင်
ကန္တာရဆန်နေတယ် ...။

အမေရေ ...
မေတ္တာဆိုတာ မိုးရေတွေလိုပါပဲတဲ့
ကျွန်တော်တော့ သောက်လေ ငတ်မပြေနိုင်ဘူး ...
(အခုတော့ သိပါပြီ)။

ယုံကြည်မှုတွေ အောင်မြင်မှုတွေ
ဝမ်းနည်းဝမ်းသာ အဖြစ်တွေ
ခဏလောက် သော့ခတ်ခဲ့ကြပါ ..
တချိန်ချိန်တော့ ဖောက်ယူစားသုံးရအုန်းမှာပေါ့ ...

အခုတော့ ....
အခုတော့ .........
အိပ်တန်းပြန်ငှက်တို့ရေ
မိုးလေ စဲပြီဆိုရင်ဖြင့်
ငါတို့ အိမ်ပြန်ကြရအောင် ...
ဒီအချိန်ဆိုရင်
အနောက်တောင်ရိုး တလျှောက်မှာ
စံပယ်တွေလည်း အကြိုထောက်လင့်နေပြီ ...။

ညလင်းအိမ် (၃၀.၁.၁၁)