Sunday, May 31, 2009

တမ်းချင်း

နင်ဟာငါ့ရဲ့ ကောင်းကင်
ငါရဲ့ဘ၀မို့
ငါ့ကိုခြေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာတခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်.............

Saturday, May 30, 2009

ကွက်လပ်....

ဒဏ်ရာတွေဗလဗွနဲ့
အခါခါထိရှခဲ့တဲ့ နှလုံးသား ...
အကြိမ်ကြိမ် မျှော်လင့်နေပေမယ့်
ပြန်မရနိုင်တော့တဲ့ ပျော်ရွှင်မှု...
ငါ့အတွက်တော့ ...
သင်္ချာညီမျှခြင်းကို ... အဖြေရှာနိုင်ခဲ့ပေမယ့်
အချစ်ညီမျှခြင်းကို ...ဘယ်လောက်ပဲအစားထိုး
မပြေလည်နိုင်ခဲ့တာ ... ဘာကြောင့်လဲ
တခုတော့သိနေခဲ့ပါတယ်
မင်းထားခဲ့တဲ့ကွက်လပ်
မဖြည့်ပဲထားလိုက်ရင်တောင်
တချိန်ချိန်တော့ ....တန်ပြန်ခြင်းက
ပြည့်လာလိမ့်မယ်လို့...

Friday, May 22, 2009

စာသားတချို့ပါ...

ဒီညရော အိပ်မရခြင်းတွေကို ရင်ဆိုင်ရအုန်းမှာလား
ကိုယ့်ကိုကိုယ်ရူးနေပြီလားလို့တောင်ထင်မိတယ်
ဟုတ်မှာပါ...
တကယ်တော့ မေ့မရနိုင်ခြင်းက ထာဝစဉ်စိုးမိုးနေလို့ပါ
အချစ်ကြီးတာလား
သံယောဇဉ်ကြီးတာလား
တခုခုပါပဲ
ဒါမှမဟုတ်
စိတ်ကူးယဉ်ဆန်ခဲ့တာလား
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး
စချစ်ကတည်းက ထာဝရအချစ်နဲ့ချစ်ခဲ့မိတာကိုး
ငါမှားသွားတယ်
ငါအပေါ်ယံလောက်ပဲ ချစ်ခဲ့ရမှာ
ဒါပေမယ့် ဒီအမှားဟာ ငါ့တဘ၀လုံးအတွက် ကြည်နူးချမ်းမြေ့ဖွယ်ကောင်းတဲ့ အမှားပါ
ငါဟာ မင်းကို ပိုင်ဆိုင်ခဲ့ရဖူးတယ်
ထွေးပိုက်ခဲ့ရဖူးတယ်
မင်းရဲ့ အပြောတွေမှာ ပျော်ရွှင်ခဲ့ရဖူးတယ်
မင်းရဲ့ အနမ်းတွေမှာ ကြည်နူးခဲ့ရဖူးတယ်
ငါ့ဘ၀မှာ မရနိုင်ခဲ့တဲ့.. မရနိုင်တော့ဘူးလို့ထင်ခဲ့တဲ့
ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ဖူးတယ်
ငါကျေနပ်ပါတယ်
ဒါပေမယ့် ဒီလိုပျော်ရွှင်မှုမျိုးကို ထာဝရဘာလို့မရခဲ့တာလဲ
ရင်ထဲမှာ နာကျင်စွာ ခံစားနေရတယ်ဆိုတာ ဘယ်သူမှမသိပေမဲ့
ငါ့ကိုငါတော့ သိနေတယ်
ညတိုင်းအိပ်ပျက်နေတာ ငါကြာရင် ရူးသွားနိုင်တယ်
ဒါပေမယ့်မတတ်နိုင်ဘူးလေ
မင်းနဲ့ရှိခဲ့ကတည်းက ငါပျော်ရွှင်မှုတွေကြောင့် ကဗျာတွေရေးရင်အိပ်ရေးပျက်ခဲ့ဖူးတယ်
ခုလည်းဘာထူးလဲ နင့်အတွက် ကဗျာတွေရေးရင်းအိပ်ရေးပျက်နေရတယ်လေ
အကြောင်းအရာကတော့ မတူနိုင်တော့ဘူးလေ
နင်ကဗျာထက် ပုံပြင်ကို ပိုကြိုက်တယ်ဆိုတာ ငါသိပါတယ်
ပုံပြင်ဆိုတာ အမှန်မှမဟုတ်တာ
အချစ်ဆိုတာလဲ ပုံပြင်မဟုတ်ဘူးလေ....
ဒါကြောင့် ပုံပြင်မဟုတ်တဲ့ အချစ်ကို ဘာကြောင့်ပုံပြင်လိုသတ်မှတ်ခဲ့တာလဲ

ကဗျာကတော့ ခံစားမှုပါ
ကဗျာဟာ အကြောင်းအရာတခု တစုံတယောက်အပေါ်ကို အခြေခံတယ်
ကဗျာကိုဖတ်ရင်းနဲ့ ကဗျာရေးသူရဲ့ နှလုံးသားကိုသိနိုင်တယ်
ကဗျာဟာ စိတ်ကူးယဉ်မဆန်ပါဘူး
နှလုံးသားတာ စိတ်ကူးယဉ်ဆန်တာပါ
စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားကို ထိန်းကြောင်းပေးနိုင်တဲ့ ဦးနှောက်မှာ
မှန်ကန်တဲ့အကြောင်းအရာတွေကိုသာ
မှတ်သားထားဖို့လိုတာပါ....

စကားတချို့ဟာပြောပြနေရင် ပြောနေတဲ့သူတာရူးတယ်လို့ထင်မှာပါ
ဒါပေမယ့်လည်းငါရူးပါရစေ....
ထာဝရရူးပါရစေ...

Thursday, May 21, 2009

စေတမန်


ကောင်းကင်ပျိုရယ်...
ချစ်စေတမန်ကိုမှ
အလွမ်းပိုလျှံအောင်
ငါ့ဆီကို ပို့လွှတ်ရသလား...

အသက်ပေးပြီးတောင်
ချစ်ခဲ့ပါတယ်...
အလွမ်းမကျန်အောင်တော့
မင်းအပြန်မှာ ယူသွားစေချင်တယ်...

အပြစ်ကင်းတဲ့ နှလုံးသားကို
ထာဝရပျက်သုန်းအောင်တော့
တန်ဆာမဆင်ပေးခဲ့ပါနဲ့...

ရိုးသားစွာနေပါရစေ...
ရိုးသားစွာချစ်ပါရစေ...
ရိုးသားစွာကြေကွဲပါရစေ...
ရိုးသားစွာသတိရပါရစေ...

အချစ်ကိုအမုန်းဖြစ်အောင်တော့
မဖန်တီးခဲ့ပါနဲ့
ချစ်စေတမန်ရယ်...

Tuesday, May 19, 2009

တည်မြဲခြင်း

တစ်သက်တာ.... တစ်ဘ၀မှာ
တစ်မျက်နှာ... ထာဝရ
ချစ်ခဲ့မိသူပါ...

သောကအပူများစွာနဲ့...
မောဟလူသားဖြစ်ခဲ့ရင်တောင်...
လောကမှာ လူဖြစ်လာခြင်းပင်လျှင်...
သခင့်.. အတွက်ဟုဆိုချင်ပါသည်...

Saturday, May 16, 2009

ပြိုလဲခြင်း

မင်းဟာ.. ငါ့ရင်ထဲက
နတ်ဆောင်းတလက်ပါ
အေးစက်တဲ့ပွဲသိမ်းလက်နဲ့
ကွဲရှရှတေးသွားတပုဒ်ကို
ရက်စက်စွာမင်းတီးပြခဲ့တယ်...

အဲဒီနေ့က
တမာတောမှာ တနေကုန်ထိုင်
အလွမ်းတွေကို ဥသြဆွဲ
ဖန်ခွက်တွေအပြိုပြို လဲကာမှ
ရွာတန်းကို ငါပြန်ခဲ့တယ်...

Thursday, May 14, 2009

အရုး

တခါတရံမှာ
ကဗျာဆန်ချင်တဲ့ကောင်...
မဟာဆန်တာကိုလည်း
သဘောကျပါတယ်တဲ့...
အဖန်ဖန်ခါခါ
ထိန်းထားပေမယ့်
မရေရာတာကို
မျှော်လင့်ခဲ့မိတယ်...

အမှတ်မရှိတဲ့ကောင်...
အကြောင်းမသိတဲ့ကောင်...
ကိုယ့်ကိုကိုယ်ဘာမှန်းမသိတဲ့ကောင်...

လှတာမက်လို့
ညစာပျက်ခဲ့တဲ့ကောင်...

ဘ၀မှာရစရာမရှိခဲ့တာတောင်
အမုန်းမပွားတဲ့
နှလုံးသားနဲ့
နေလာခဲ့တာ
ကာလဘယ်လောက်ကြာကြာ...

Wednesday, May 13, 2009

မရခဲ့တဲ့လူ


မနေ့ညကပေါ့...
ကြယ်စင်တွေတောင်
ရှောင်ပြေးရတဲ့
မိုးသားအောက်မှာ
လွမ်းဆွေးမှုကို
ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်

ရင်ထဲကနာကျင်စွာ
ခံစားနေတဲ့
အစိုင်အခဲကို
မိုးရေမှာမျောလိုက်ချင်ပေမဲ့
ငါဟာကြိုးမဲ့ရုပ်လို
တောင့်တင်းနေခဲ့မိတယ်

သွားပါ..ငါ့ရင်ထဲက ထွက်သွားလိုက်ပါ
မင်းလိုချင်တဲ့ အချစ်စစ်
မင်းရချင်တဲ့ ပျော်ရွှင်မှု
မင်းတွယ်တာတဲ့ လူ
မင်းမက်မောတဲ့ ဘဝ
မင်းပိုင်ဆိုင်ရမဲ့ အရာတွေဆီကို သွားလိုက်ပါ...

ငါကတော့...
မင်းထားခဲ့တဲ့ အသည်း
တခြမ်းပဲရှိလည်း
တစ်လုံးဖြစ်အောင်
မကြိုးစားတော့ဘူး
မင်းထားတဲ့ဘ၀မှာ...ငါနေ
မင်းသေဆိုသေ...ရှင်ဆိုရှင်...

Tuesday, May 12, 2009

တကယ်တော့ ခံစားမှုလေးပါ.....


ချစ်ဧည့်သည်ငှက်
အပျံခက်အောင်
မုန်းလက်နဲ့တား
လှောင်မထားပါ
လွတ်လပ်ထွက်ခွာ
အဝေးတနေရာ
ကျန်ရစ်သူမှာ
အချစ်များစွာ ........

အခုတော့ အချစ်ငှက်လေး တကယ်ပျံထွက်သွားခဲ့ပြီ။
မခေါ်ဘဲလာပြီး မနှင်ဘဲထွက်သွားသူ တစ်ယောက်အတွက် ကျန်ရစ်သူတစ်ယောက်မှာ
အချစ်များစွာနဲ့ အချစ်ငှက်လေး
ပျော်ရွှင်စွာနဲ့ ပျံသန်းနိုင်ပါစေလို့ ထာဝရ ဆုတောင်းနေမှာပါ။
အတောင်ငြောင်းလို့ နားခိုစရာ မရှိတော့ဘူးဆိုရင်တော့
သစ်အိုပင်ကြီးဆီကို ပြန်လာခဲ့ပါလို့ ...။

မင်းကိုချစ်တာ
တို့ရင်ထဲမှာ
အတိုင်းမသိ
ချစ်ခြင်းမျိုးနဲ့ပါ
အများတကာလို
နှုတ်ထွက်စကား
ပျားသကာလို
မချိုသာလည်း
တို့ရဲ့အချစ်တွေ
ထာဝရတည်စေ
မပြောင်းလဲပဲ
ချစ်မယ်လေ ..........

(တချိန်က သူပေးခဲ့တဲ့ ကဗျာပေါ့)

ချစ်ပါတယ်ဆိုတဲ့ နှုတ်ထွက်စကား ပျားသကာလို မချိုသာခဲ့သလို လမ်းခွဲဖို့
စကားလည်း ပျားသကာလို မချိုသာခဲ့ပါလား။
ရင်ထဲမှာ အချစ်တွေ ထာဝရတည်နေမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့်
ပြောင်းလဲသွားတဲ့ ကံကြမ္မာကိုတော့ နဲနဲဒေါသထွက်မိခဲ့တယ်။
ထားရစ်ခဲ့တယ်ဆိုတာ ကြားကောင်းအောင်ပြောတာပါ။ တကယ်တော့
စွန့်ပစ်ခံလိုက်ရတာပါ။ တခုတော့ သိချင်နေခဲ့မိတယ်။
ဘာအကြောင်းကြောင့်များ စွန့်ပစ်ခံလိုက်ရတာလဲလို့ ... ။

Sunday, May 10, 2009

အမေ







ကိုးလဆယ်ဖွား
သားသမီးများကို
ငယ်စဉ်တည်းက
နို့ချိုတိုက်ကြွေး
သံစဉ်တေးဖြင့်
အစဉ်ချော့မြူ
ပြစ်မယူပဲ
အဆိုးမှန်သမျှ
အကောင်းမှတ်ယူ
အထိုသူကို
မေတ္တာရှေ့ထား
ဂရုဏာဖြင့်
ပြုစုယုယ
စောင့်ရှောက်ခဲ့တဲ့... အမေ

အရွယ်ရောက်သော်
ကျောင်းသို့ပို့၍
ပညာရည်မွန်
လူရည်ချွန်လို
အောင်မြင်ရအောင်
ဆုံးမပဲ့ပင်
စကားစဉ်နှင့်
ထိန်းကြောင်းသွန်သင်
လမ်းပြကြယ်သွင်
ပြသခဲ့တဲ့ ... အမေ

လိုချင်သမျှ
မှန်သမျှကို
တောင်းဆိုတိုင်းလည်း
မညည်းမညူ
ဖြည့်ဆည်းသူဖြစ်
သား(သမီး)တို့မျက်ရည်
မကျလေအောင်
ပေါင်နှံအပ်ပေး
လုပ်ကြွေးခဲ့တဲ့ ... အမေ

အမေ...အမေ....အမေ
အရာရာကို
မေတ္တာစွမ်းဖြင့်
အဆိုးသမျှ
မတွေ့ရအောင်
သားသမီးတို့
ကျန်းမာစေကြောင်း
ဆုမွန်ကောင်းဖြင့်
အစဉ်ဆုတောင်း
စောင့်မျှော်ရင်းဖြင့်
ဇရာထောင်းသွားခဲ့ရတဲ့...အမေရယ်

သား(သမီး)တို့
ပြန်အလာကို
နွေးထွေးနေတဲ့
ရင်ခွင်တစုံ
မေတ္တာဟုန်နဲ့
အမြဲကမ်းလင့်
ကြိုဆိုနေတဲ့
အမေများဆီသို့.........

(၁၀.၅.၂၀၀၉ တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်)

Saturday, May 9, 2009

ကဗျာ


တုန်ရီနေတဲ့ လက်နဲ့
ကဗျာတွေကိုဖန်တီး
အရာရာဟာအရင်အတိုင်းပဲမို့
မပြောင်းလဲတဲ့စိတ်
မဟောင်းနိုင်တဲ့အတိတ်နဲ့
ပစ္စုပ္ပန်ကိုအစပျိုး
အနာဂတ်ကိုမျှော်ကိုးလဲ
ဘာမှမပိုင်ခဲ့တဲ့ ငါ့ဘဝ
ကဗျာတွေသာလျှင်
ငါ့...အသက်
ငါ့...ဘ၀......

Friday, May 8, 2009

အလွမ်းရင့်ရင့် ...

လတ်ဆတ်အေးမြတဲ့ လေတစုက ကန်ရေပြင်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့အတွက် ပိုလို့တောင်အေးမြစေခဲ့ပါတယ်။
ကြည့်လိုက်စမ်းပါ... နေရာတိုင်းမှာ ချစ်သူစုံတွဲတွေနဲ့လေ...
တစ်ယောက်တည်း... ကျွန်တော်တစ်ယောက်တည်း အဖော်မဲ့စွာ ထိုင်နေရင်း ကန်ရေပြင်ကို ကြည့်နေမိတယ်။
လှိုင်းကြပ်ခွပ်လေးများက လေအဝှေ့မှာ ဖြန့်ကျက်သွားပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားကြတယ်။

သြော်.. အချစ်ဆိုတာ ဒီလိုပါပဲလားကွာ...
ကျွန်တော့ရဲ့ ဘ၀မှာ သူတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးချစ်ခဲ့မိတာပါ။
ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ....
သူက အခုလောက်ဆိုရင် တခြားတစ်ယောက်ယောက်နဲ့ ရှိရင်ရှိနေမှာပါ။
ကျွန်တော့ကိုလည်းမေ့နေလောက်ပြီပေါ့....
ဟုတ်ပါတယ်လေ... ကျွန်တော်ကသာ သူ့ကိုမေ့မရနိုင်တာပါ။
မေ့မရတိုင်းလည်း ဒီနေရာကို လာလာနေမိတယ်။
ရင့်ကျက်မှု ဆိုတဲ့အတားအဆီးသာ မရှိခဲ့ရင် လူငယ်လေးတစ်ယောက်လို အောဟစ်ငိုကြွေးလိုက်ချင်ပါတယ်။
ကျွန်တော်ကံပဲ ဆိုးခဲ့တာလား???
သူဘာလို့ ကျွန်တော့ကိုမချစ်တော့တာလဲဆိုတာ ဝေခွဲလို့မရနိုင်ခဲ့ပါဘူး။
ယခုအချိန်ထိတိုင်အောင်ပါပဲ.... ရင်ထဲမှာ သေမလောက်ခံစားရပါတယ်။
ဒီနေရာကို ရောက်တိုင်းလဲ ဒီလောက်တောင်ပိုပိုပြီး ခံစားနေရတာ ဘာလို့လာလာမိနေပါလိမ့်။
ကိုယ့်ကိုကိုယ် မေးခွန်းများစွာ ထုတ်လည်းပဲ အဖြေကို ရှာမတွေ့နိုင်ခဲ့ပါဘူး။
တခုတော့ရှိတယ်... သူနဲ့အတူ ရှိခဲ့ဘူးတဲ့ ဒီနေရာ .. တချိန်က ပျော်ရွှင်မှုတွေ ဖုံးလွှမ်းခဲ့တဲ့ ဒီနေရာကို
ရောက်လာတိုင်း မသိစိတ်က သူ့ကိုပိုပြီးခင်တွယ်နေမိခဲ့တယ်ဆိုတာ ကျွန်တော် ၀န်ခံပါတယ်။
ကျွန်တော်အတိတ်ကို ပြန်တွေးမိတယ်...
ကျွန်တော့် ရင်ခွင်ထဲမှာမှီပြီး သူကျွန်တော်ကို အရမ်းချစ်ပါတယ်လို့ ပြောခဲ့တုန်းက အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။
ကျွန်တော် သူ့ကို အများကြီးတန်ဖိုးထားပြီး ဂရုစိုက်ခဲ့ပါတယ်။
သူ့ဘာလို့ ကျွန်တော်ကို စွန့်ခွာသွားရတာလဲ???
သူ့ကို သစ္စာမရှိဘူးလို့ မစွပ်စွဲချင်ပါဘူး။
သူ့ဘက်က ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
ကျွန်တော် သူ့ကိုဆုံးမစကားဆိုတိုင်း သူကြေနပ်စွာ ခံယူခဲ့တယ်လေ...
ဒါပေမယ့် သူ့ရင်ထဲမှာတော့ သူ့ကိုထိန်းချုပ်တယ်လို့ ထင်ချင်ထင်သွားခဲ့မှာပါ။
သူ့ကျွန်တော့်ကို နဲနဲလောက်တောင် နားလည်မပေးနိုင်ခဲ့ဘူလား???
ကျွန်တော် ရင်ထဲမှာ အရမ်းပဲနာကျင်ခံစားရပါတယ်။
ကျွန်တော်ကို သူတကယ်ချစ်ခဲ့တယ်လို့ ထင်နေမိတုန်းပါ။

စွန့်ပစ်ခြင်းခံခဲ့ရတဲ့ လူတစ်ယောက်ရဲ့ဘ၀ကို ခံစားဖူးသူမှသာ နားလည်ပေးနိုင်မှာလား။
ကျွန်တော့်လိုပဲ အသည်းကွဲခဲ့တဲ့သူတွေဘယ်လောက်တောင်များနေပြီလဲ။
တချို့က မရနိုင်တဲ့ အရာကိုတမ်းတရင်း ရူးသွပ်သွားကြပြီလား???
တချို့ကရော ဘ၀ကို အရှုံးပေးဖို့ စဉ်းစားနေကြပြီလား???
တချို့ကရော အရက်ပုလင်းတွေအောက်မှာ ဒူးထောက်ခဲ့ရပြီလား???
တချို့ကရော ဆန့်ကျင်ဘက်နာကျည်းမှုတွေနဲ့အတူ အောင်မြင်အောင် ကြိုးစားနေကြပြီလား???
ကျွန်တော်ကရော ဘယ်လိုမျိုး ဖြစ်လာမှာလဲ???
ကျွန်တော်လည်း အခုတော့ အရူးတစ်ယောက်လိုပါပဲဗျာ...

ကန်ရေပြင်ကို မမြင်ရတော့ဘူး။
အမှောင်ထုက ကြီးစိုးလာခဲ့ပြီ။
ကျွန်တော်လည်း အရိုးကွဲအောင် နာကျင်နေရပြီ။
သြော်... ကျွန်တော် အိမ်ကို ပြန်ရတော့မှာပါလား....
ကျွန်တော် အခုလိုမျိုး ခံစားနေရတယ်ဆိုတာ သူသိနိုင်မှာ မဟုတ်ပါဘူး...
သူ ခုဆို ပျော်ရွှင်မှုတွေနဲ့ပဲ အတူရှိနေမလား....
သူ အမြဲ ပျော်ရွှင်နိုင်ပါစေ...
ကျွန်တော်ကတော့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့တာ ကြာပါပြီ...

ကျွန်တော့်ရဲ့ အိမ်ပြန်ခြေလှမ်းတွေက နှေးကွေးလို့နေပါတယ်...
ဒီနေရာကို နောက်ထပ်ရောက်ချင် ရောက်လာအုံးမှာပါ။

မလှောင်ကြပါနဲ့ သူနဲ့အတူ ထိုင်ခဲ့ဖူးတဲ့ ခုံတန်းလေးတွေ၊ ဆိုင်တန်လေးတွေ ကျွန်တော့်ကို မလှောင်ကြပါနဲ့ဗျာ...
ကျွန်တော့်ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ... သုတ်ဖို့ကိုလည်းမကြိုးစားတော့ပါဘူး....

သြော်..... နောက်ထပ် အိပ်လို့မရတဲ့ ညတစ်ညကို ရင်ဆိုင်ရအုံးမှာပါလား.......။

အလွမ်းစုခြင်း ...


နှင်းစက်ပွင့်မေ
နေမထွက်ခင်......... ရင်မှာခိုစက်
အမေ့ခက်အောင်
လွမ်းရာထောင်ကို.......... ပေးခဲ့သလား ??

နေလည်းထွက်ရော
သောကနိမိတ်............ တိတ်တဆိတ်ဆင်
အဝေးနှင်လို့
ရင်ဆို့နင့်အောင်.......... ထားရစ်ခဲ့သလား ??

နွေရင်ခွင်ရိုင်း
ဆိုင်းတဲ့မြူတွေ ...... သူလေလားနှင့်
ထင်မှားမိပြန်

မေ့ပစ်ရန်ခက်
မိုးစက်မိုးဖွဲ ....... သူပဲဖြစ်ရင်
စိတ်မှာထင်မိ.... ဘယ်ထိနှိပ်စက်မှာလည်းလေ......

သူလက်ကမ်းသည့်
အလွမ်းဘဝ
ပန်းသမျှထင်
ရင်မှာတွယ်ဖက်
တသက်သိမ်းဆည်းထားမယ်လေ.....................

(ဒီကဗျာလေးကို ဘယ်သူရေးခဲ့မှန်း သေချာမသိပါဘူး... ကျွန်တော်ကြိုက်လွန်းလို့ တင်လိုက်တာပါ)

၂၀၀၈ ခုနစ်ရဲ့ ပုံပြင်တစ်ပုဒ်...


ငါဟာ နင့်ရဲ့
လက်တစ်စုံကို
ဖမ်းဆုပ်ချိန်ကတည်းက
ငါ့ရဲ့ နှလုံးသားမှာ
နက်ရှိုင်းစွာ... စူးဝင်နေခဲ့ပြီလေ

နင်ပေးခဲ့တဲ့
နွေးထွေးတဲ့ အချစ်ကို
ခံယူရင်း ... ၂၀၀၈ နှစ်ဦးကို
အတူတူ အစပျိုးခဲ့ကြတယ်လေ

နင်နဲ့ အတူတူ...
ရုပ်ရှင်တွေ ကြည့်ခဲ့ကြတယ်...
အင်းယားကန်ဘောင်မှာ ထိုင်ခဲ့ကြတယ် ...
ရွှေတိဂုံဘုရားမှာ ငါနဲ့ မွေးနေ့ ဖုယောင်းတိုင်တွေ ထွန်းခဲ့ကြတယ် ...
စိမ်းလန်းစိုပြေရဲ့ ခုံတန်းလေးမှာ တနေကုန်ခဲ့ကြတယ် ...
နင် ငါ့ကိုချစ်တယ်ဆိုပြီးတော့ ခုံတန်းလေးမှာ စာတွေရေးပေးခဲ့တယ် ...
ကန်တော်ကြီးကိုလည်း ရောက်ခဲ့ကြတယ် ...
တိရစ္ဆာန်ရုံမှာ လျှောက်သွားခဲ့ကြတယ် ...
တစ်ယောက်အကြောင်း တစ်ယောက် ဝေငှခဲ့ကြတယ် ...
နင်ရဲ့ ကျောင်းဆင်းချိန်တချို့မှာ ငါရှိနေပေးခဲ့တယ် ...
ငါ နင့်ကို လက်ဆောင်တွေ ၀ယ်ပေးခဲ့တယ် ...
နင်ကလည်း လက်ဆောင်တွေ ပြန်ဝယ်ပေးခဲ့တယ် ...
ငါ့အတွက်ဆိုပြီး စက္ကူကြယ်လေးတွေ လုပ်ပေးခဲ့တယ် ...
ငါ့ရဲ့ လက်သည်းလေးတွေကို တယုတယ ညှပ်ပေးခဲ့တယ် ...
နင့်ရဲ့ အနမ်းလေးတွေနဲ့ ငါပျော်ရွှင်ခဲ့ရတယ် ...
နင် ငါ့ကို ခွဲသွားမှာလားဆိုတော့ နင်ကိုမစော်ကားပါနဲ့လို့ နင်ပြောခဲ့တယ် ...
ငါ့ကို ပစ်မသွားဖို့ ကတိတောင်းတော့ နင်ကျေကျေနပ်နပ်နဲ့ ပေးခဲ့တယ် ...

ငါတို့ တွေ့ဆုံချိန်တွေ နည်းခဲ့ပေမယ့်
သံယောဇဉ်တွေ တိုးခဲ့ကြပါတယ် ...

နှစ်တစ်နှစ်ရဲ့ ဒီဇင်ဘာမှာတော့
နင် ငါ့ကို လမ်းခွဲခဲ့တယ် ...
နင် ငါ့ကို မချစ်ခဲ့ဖူးတဲ့ ...
ငါ ဘယ်လို ယုံနိုင်မှာလဲ ...
နင် ညာတယ်ဆိုတာ ငါဘယ်လို ယုံနိုင်ရမှာလဲ ...
ငါ စိတ်ညစ်လွန်းလို့ ကားတိုက်ခံခဲ့တယ် ...
ဒါပေမယ့် ကံကြမ္မာက ရှင်သန်ခွင့်ပေးခဲ့တယ် ...
ငါ ဒဏ်ရာတွေနဲ့ နင့်ဆီကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့တယ် ...
နင်ကတော့ ငါ့ကို မစိုးရိမ်တဲ့ အပြင်
အရာရာကို လျစ်လျူရှုခဲ့တယ် ...
နင့်အတွက် ရှင်သန်နေတဲ့ ငါ့ဘ၀ကို
သေဆုံးသွားအောင် လုပ်ခဲ့တယ် ...

အခုတော့ ... ငါတစ်ယောက်တည်း ...
ရုပ်ရှင်ရုံရှေ့ ရောက်ရင်မျှော်ကြည့်မိတယ် ...
ကန်ဘောင်ကိုလည်း လွမ်းနေမိတယ် ...
ဘုရားရောက်တိုင်းလည်း သောကြာထောင့်မှာ
နင့် အတွက်ဆုတောင်းနေမိတယ် ...
စိန်းလမ်းစိုပြေရဲ့ ခုံတန်းလေးမှာ နင့်ရဲ့ အငွေ့အသက်များ
ရှိနေမလား သွားကြည့်တိုင်းလည်း ငိုခဲ့မိတယ် ...
ညတိုင်းလည်း နင့်အကြောင်းကို တွေးပြီး
တရေးနိုး ငုပ်တုပ်ထိုင်နေမိတယ် ...
အချိန်တိုင်းမှာ နင့်အကြောင်းကိုတွေးပြီး
နာကျင်စွာနဲ့ ရင်ထဲမှာ ငိုနေရတယ် ...
နင်ကတော့ ဘယ်တော့မှာ သိနိုင်မှာ မဟုတ်ပါဘူး ...

နင်ဟာ ငါ့ရဲ့ အချစ်ဦးပါ ..
ငါ့ရဲ့ အချစ်က ရယူခြင်းမဟုတ်ဘူး ...
ပေးဆပ်ခြင်းနဲ့ ထာဝရချစ်နေတာပါ ...
နင် စိတ်ကျေနပ်မယ်ဆိုရင်
နင်သွားမယ့်လမ်းမှာ ကျောခင်းပေးချင်ခဲ့တာပါ ...
နင်မထင်ထားတာတွေတောင်
နင့်ဘက်က ငါစဉ်းစားပေးခဲ့ဖူးတယ် ...
ဒါကို နင်သိနိုင်မှာ မဟုတ်ဘူး ...
နင်ကရော ငါ့အတွက် ဘယ်လောက်ထိစဉ်းစားပေးခဲ့ဖူးလဲ ...
နင်နှစ်နှစ်ကာကာ ချစ်ပါတယ်လို့ပြောခဲ့ပြီးမှ
ငါ့ကိုသံယောဇဉ်နဲနဲလေးတောင် မရှိတော့ဖူးလား ...
နင် ငါဘက်ကို မစဉ်းစားပေးတော့ဖူးလား ...

ဘ၀လုံး တိုတောင်းလွန်းပါတယ် ...
အချစ်စစ်ဆိုတာ ပေးတဲ့သူအပေါ်မှာသာ မူတည်ပါတယ် ...
နင်တနေ့ ရင့်ကျက်လာရင် နားလည်လာမှာပါ ...
ဒါပေမယ့် အဲဒီနေ့ဟာ ...
နင်ခံစားရမယ့် နေ့တနေ့ မဖြစ်ပါစေနဲ့လို့ ...
ငါ ဆုတောင်းပါတယ် ...

နင် အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ ...
နင် အမြဲတမ်း ကျန်းမာပါစေ ...
နင် အမြဲတမ်း နင့်ကို ကူညီမယ့်သူများသာ တွေ့ပါစေ ...
နင့် ဘ၀မှာ နင်အောင်မြင်နိုင်ပါစေ ...

ညတိုင်း ညတိုင်း လူသားတွေ အိမ်စက်နေချိန်မှာ
ကောင်းကင်ကြီးတခု ရှိနေတယ်ဆိုတာ လူသားတွေ တွေးတောင်မတွေးမိကြပါဘူး
မေ့နေကြပါတယ် ........
ဒါပေမယ့် ကောင်းကင်ကြီးကတော့ နွေးထွေးတဲ့ လုံခြုံမှုကို ပေးနေဆဲပါ ...

ဒီလိုပါပဲ ....
ငါကလည်း ...
ကောင်းကင်ကြီးလို နင်မသိတဲ့ အချိန်မှာ .. နင်မေ့နေတဲ့ အခါမှာ ...
အမြဲတမ်းရှိနေပါမယ်လို့ ...

ငါ့ ဘ၀ဟာ ................ ညရဲ့ကောင်းကင် ပဲပေါ့ ....

မေတ္တာထားတတ်အောင်ကြိုးစားကြပါ.............


တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ အရမ်းချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး
နှစ်ယောက်ရှိကြတယ်။
ကောင်လေးကတော့ ကောင်မလေးထက် အသက်ကြီးတယ်တဲ့လေ။ ဒါကို ကောင်မလေးက ဂရုမစိုက်ပါဘူး။
ကောင်မလေးက ဘယ်လောက်တောင် ချစ်လဲဆိုရင် သူ့ရဲ့အထွတ်အမြတ်ထားတဲ့
မွေးနေ့မှာတောင် အဖြေပေးခဲ့တာလေ။
ကောင်မလေးကပြောတယ် "သူ့အတွက်ဘာမှ မလိုပါဘူး ၊ အနားမှာရှိနေပေးရင် ကျေနပ်ပါပြီတဲ့"

ကောင်လေးကလည်း ကောင်မလေးကို အရမ်းချစ်တယ် ၊ အရမ်းတန်ဖိုးထားတယ် ၊
အရမ်းမြတ်နိုးတယ်လေ။
သူတို့နှစ်ယောက်ရဲ့ အချစ်တွေဟာ ခိုင်မြဲခဲ့ကြပြီး နေရာအနှံ့မှာ
သူတို့နှစ်ယောက်ရဲ့ ခြေရာလေးတွေ ထင်ကျန်ခဲ့တာပေါ့။
သူတို့နှစ်ယောက်ဟာ သစ်ရွက်ကလေးတွေ ကြွေတာကိုလဲ ထိုင်ကြည့်ခဲ့ဖူးကြတယ် ၊
ရေလှိုင်းလေးတွေ ဂယက်ရိုက်တာကို
လည်း ထိုင်ကြည့်ခဲ့ဖူးကြတယ်။ အဲဒီ အချိန်တွေမှာ ကောင်လေးအတွက်တော့ ဘ၀မှာ
အပျော်ဆုံးအချိန်တွေပေါ့ ။
ဒါပေမယ့် ကောင်လေးကြောက်နေတာ တစ်ခုရှိတယ် ။ သူ့ကိုခွဲသွားမှာ ပစ်သွားမှာ
မုန်းသွားမှာကို ကြောက်နေခဲ့တယ် ။
ညအိပ်ရင်တောင် အိပ်မက်ထဲထိကို လာလာနှောင့်ယှက်နေတယ် ။
ဘာကြောင့်လဲဆိုတော့ သူဟာ အချစ်စစ် အချစ်မှန်နဲ့
တကယ်ချစ်မြတ်နိုးလို့ပေါ့နော်။

အဲဒါနဲ့ တစ်နေ့မှာ ကောင်လေးကို ကောင်မလေးကို ဒီလိုပြောတယ် ...
"ကို့ကို ပစ်မသွားနဲ့နော် ကိုရူးရလိမ့်မယ်"
"ဒါကြောင့် ကို့ကို ကတိတစ်ခုပေးပါကွာ"
"ကို့ကို အမြဲတမ်းချစ်နေပြီး ဘယ်တော့မှ ခွဲမသွားပါနဲ့ကွာ... နော်"

"ကတိပေးပါတယ် ဘယ်တော့မှ ခွဲမသွားပါဘူးလို့"
"ကို့ကိုအရမ်းချစ်တယ်ဆိုတာကို ဒီခုံတန်းလေးမှာ စာရေးပေးခဲ့မယ်... နော်"
ဒါပေမယ့် ကောင်မလေးက ရှက်လွန်းတဲ့ အတွက် စာကိုတော့
ပြောင်းပြန်ရေးပေးခဲ့တယ်လေ ။ ဘာပဲဖြစ်ဖြစ် ကောင်လေးကတော့
ကျေနပ်သွားတာပေါ့နော် ။ ဒါဟာတချိန်မှာ သူ့အတွက် ပြောင်းလဲမှုတခုကို
ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ခဲ့မိဘူးပေါ့ ။

ဒီလိုနဲ့ပဲ တစ်နေ့မှာ ကောင်မလေးက ရုတ်တရက်ကြီး ကောင်လေးကို အဆက်အသွယ်
ဖြတ်ခဲ့တယ် ။ တွေ့ခွင့်လည်း မရှိတော့
ဘူးပေါ့နော် ။ ကောင်လေးကတော့ တွေ့ခွင့်ရဖို့ ကြိုးစားတာပေါ့လေ ။
နောက်ဆုံးတော့ တွေ့ခွင့်ရမယ့် နေ့အချိန်ုကိုဘဲ မျှော်ကိုးပြီး
အလွမ်းများစွာနဲ့ စောင့်နေခဲ့တယ် ။ အချိန်တိုင်း သတိရနေခဲ့ပြီး
ညတိုင်းငိုခဲ့ရတယ်လေ ။

တစ်နေ့မှာတော့ ကောင်လေးဆီကို စာတစ်စောင် ရောက်လာခဲ့တယ် ။ စာထဲမှာ
ကောင်မလေးက တကယ်ချစ်ခဲ့တာ မဟုတ်ဘူး ၊
အားနာပြီး အဖြေပေးခဲ့တာတဲ့လေ ၊ ဒါကြောင့် လမ်းခွဲကြရအောင်တဲ့လေ ။
ကောင်လေးခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားတယ် ။ ရင်ထဲမှာလည်း
ဗလောင်ဆူသွားတာပေါ့နော် ။ အရမ်းလည်း တုန်လှုပ်သွားတယ် ။
ဒါပေမယ့် ဒါဟာတကယ်မဖြစ်နိုင်ဘူး ။ တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို
ကွဲအောင်ဖန်တီးတာပေါ့လေ ။
ဘယ်လိုမှကို မယုံနိုင်ခဲ့ဘူးပေါ့ ။ အဲဒါနဲ့ ကောင်လေးက
ကြောက်ရွံထိတ်လန့်စွာနဲ့ပဲ နေ့ရက်တွေကို ဖြစ်သန်းခဲ့ရတာပေါ့ ။

တနေ့တော့ အဲဒီတနေ့ဟာ သူ့ရဲ့ဘ၀ကို ရိုက်ချိုးမယ့် နေ့လို့မထင်ခဲ့ဘူး ။
စိတ်ညစ်ညစ်နဲ့ တစ်ယောက်တည်း လျှောက်သွားနေတုန်း သူ့ရဲ့ ကောင်မလေးကို
ဖျက်ခနဲ လှမ်းမြင်လိုက်တယ် ။ ကောင်မလေးရဲ့ ဘေးမှာ
တခြားကောင်လေးတစ်ယောက်နဲ့ပေါ့ ။ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားတယ် ။
ရင်ထဲမှာတော့ စိတ်မကောင်း
အရမ်းဖြစ်သွားတယ် ။ သူအမြဲတမ်း ကြောက်ရွံနေခဲ့တဲ့ အရာဟာ
တကယ်ဖြစ်လာခဲ့တာပေါ့ ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
မျက်ရည်တွေတောင်ကျခဲ့ရတာပေါ့။
သူကောင်မလေးကို အရမ်းမုန်းသွားတယ် ။ သစ္စာမရှိဘူး ကတိမတည်ဘူး ဆိုပြီး
မေ့ပစ်ဖို့ ကြိုးစားခဲ့တယ် ။ ဒါပေမယ့် နာကြည်းစိတ်နဲ့ မေ့လေ
ပိုသတိရလာလေပဲ ။
ဘာကြောင့်လဲဆိုတော့ သူဟာ ကောင်မလေးကို တကယ် အချစ်စစ်အချစ်မှန်နဲ့
မြတ်မြတ်နိုးနိုး ချစ်ခဲ့မိလို့ပေါ့ ။
အဲဒါနဲ့ ဒီစိတ်နဲ့ပဲ အိပ်ရာထဲလဲခဲ့တယ် ။ အစားလည်းမစားနိုင်ဘူး ။
တစ်ရက်မှာ ဆရာတော်တစ်ပါးရဲ့ တရားစာအုပ်ကို ဖတ်မိခဲ့တယ် ။ အဲဒီမှာ
မေတ္တာတရားရဲ့ အကြောင်းကို
ဟောထားတယ် ။ မေတ္တာတရားဟာ ကိုယ့်အပေါ်ကိုမကောင်းတဲ့ သူကိုတောင်
အောင်မြင်နိုင်တယ်ပေါ့လေ ။ တကယ်တော့ ဒါကို လူတိုင်းသိပါတယ် ။
ဒါပေမယ့် ကျင့်ကြံခဲ့တဲ့သူ နည်းပါတယ် ။
ကောင်လေးဟာ ကောင်မလေးကို သတိရလာတဲ့ အခါတိုင်း ကျန်းမာချမ်းသာပါစေ ၊
အစစအရာရာ အဆင်ပြေပါစေ ၊ သူခံစားရသလို ဘယ်သောအခါမှ မခံစားရပါစေနဲ့ဆိုပြီး
မေတ္တာပို့လိုက်တယ် ။ သူနဲ့ မထိုက်တန်ဘူးထင်လို့ စွန့်ပစ်ခဲ့တာပဲ ၊
ကိုယ့်ကံနဲ့ အကြောင်းတရားနဲ့ ကိုယ်ပေါ့။ အဲဒီမှာ ထူးဆန်းစွာနဲ့ပဲ
သူ့ရဲ့ရင်ထဲမှာအေးချမ်းသွားတယ် ။
ကိုယ့်ကိုကိုယ် အောင်နိုင်သွားတယ်ပေါ့ ။

အချိန်တွေ ကြာလာတာနဲ့ အမျှ ကောင်လေးဟာ ကောင်မလေးကို သတိရနေဆဲပါ ။
မေ့ပစ်ဖို့ကိုလည်း မကြိုးစားတော့ပါဘူး ။
ဘာလို့လဲဆိုတော့ သူဟာ မေတ္တာတရားကို ထားတတ်နေပြီလေ...။

ဇာတ်လမ်းလေးကတော့ ဒါပါပဲ ။

****(ကျွန်တော် ပြောချင်တာကတော့ ကိုယ့်ရဲ့ဘေးကလူကို တန်ဖိုးထားကြပါ ။
မြတ်နိုးကြပါ ။ မဖြစ်နိုင်ရင် အစကတည်းက မဖန်တီးပါနဲ့ ။
ကိုယ့်ကြောင်သူတပါးစိတ်ဆင်းရဲရမယ့် အဖြစ်မျိုးကို မဖန်တီးကြပါနဲ့။
နောက်ပြီးမေတ္တာထားတတ်အောင် ကြိုးစားကြပါ ။ လောကမှာ ဘယ်အရာမှ
အဆိုးဆုံးဆိုတာ မရှိပါဘူး ။ မေတ္တာတရားနဲ့ လွှမ်းချုံလိုက်ရင်
အရာရာကို အောင်မြင်နိုင်မှာပါ )****

Wednesday, May 6, 2009

ဘ၀ရဲ့ အနှစ်သာရကို ခံစားကြည့်ကြပါ။


ဘ၀မှာ စိတ်ညစ်စရာ ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။
ဘာအတွက်ကြောင့် ကျွန်တော်တို့က အဲဒီအတွက် ၀မ်းနည်းနေရမှာလဲ?
ဝမ်းမနည်းပါနဲ့.....

ဘ၀မှာ ဘယ်အရာမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။
လိုအပ်ချက်ဆိုတာ အမြဲရှိနေတာပါပဲ။

အဲဒီလိုအပ်ချက်ဆိုတာကမှ ဘ၀ရဲ့ အနှစ်သာရပါ။
တချို့အရာတွေဟာ ဖန်တီးရယူလို့ မရပါဘူး။

ကိုလက်ရှိရနေတဲ့ ဘ၀ကို အားကျကြပါ။
တိုးတက်အောင်လုပ်ကြပါ။
အချိန်တန်ရင် ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ဘ၀တခုကို ပိုင်ဆိုင်ရမှာပါ။ ..........

ခံစားမှု ......


ဟိုး ....အဝေးတနေရာမှာ
အလွမ်းကဗျာတွေကို
ထပ်အခါခါရေးဖွဲ့နေပေမယ့်
ရင်ထဲတနေရာမှာတော့
အလွမ်းဒဏ်ရာတွေကို
ထပ်အခါခါခံစားနေရတယ်လေ

ပျံသန်းနေတဲ့ ငှက်တွေတောင်
အချိန်တန်ရင်
အိပ်တန်းပြန်ကြပေမယ့်
မင်းလေးကတော့
ကို့ဆီကို
ပြန်မလာနိုင်တော့ပါလား...................

သူသိပါစေ .....



ရင်မှာဒဏ်ရာ
ဝေဒနာကို
ကြိုးစားဖြေလျက်
စောင့်မျှော်နေမယ်...

မင်းမချစ်လို့
မုန်းရာထောင်ကို
ပေးခဲ့ရင်တောင်
အလွမ်းရက်စက်
နေ့မပျက်ပဲ
အသက်ထက်ဆုံး
ချစ်နေမှာပါ...

တစုံတယောက်သို့ ရည်ရွယ်ခြင်းပါ..........


ချစ်သူရယ်..........

ငါ့ရင်ထဲက
နှလုံးသားစကား
သစ္စာတရားကို
ဘယ်သောခါမှ
သိနီုင်မှာလဲ............

မာနတွေကို
အရောင်တင်
စိမ်းကားတဲ့
အပြုမူတွေနဲ့
ရက်စက်တဲ့
စကားလုံးတွေကို
မင်းနှုတ်က..
ပြောထွက်လည်းပဲ

မင်း..........
ခိုလှုံခဲ့ဖူးတဲ့
ရင်ခွင်တစုံကတော့
မတုန်လှုပ်တော့ပါဘူး.........

Tuesday, May 5, 2009

စီမံခန့်ခွဲခြင်း ဆိုသည်မှာ ...

မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်းကို ပါမောက္ခ တစ်ယောက်က သက်သေပြသွားဖူးပါတယ်။
တစ်ခါက ပါမောက္ခ တစ်ယောက်ဟာ အတန်းထဲ ၀င်လာပြီး မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်း
ရှင်းပြမယ်ဆိုပြီး ဗူးတစ်လုံးကို အခန်းထဲသွင်းလာတယ်။
ကျောင်းသားတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။

ဆရာကြီးဟာ ဗူးထဲက ပထမဦးဆုံး ဖန်ပုလင်းအ၀အကျယ်ကြီးကို ယူထုတ်လိုက်တယ်။
"ဒါဘာပုလင်းလဲ ၊ အထဲမှာ ဘာရှိလဲ"
"လေပဲ ရှိပါတယ်"
"ကောင်းပြီ ၊ ဒီအထဲကို ဂေါက်သီးတွေ ထည့်လိုက်မယ်"

ဆရာကြီးဟာ ဖန်ဗူးထဲကို ဂေါက်သီးတွေတစ်လုံးပြီးတစ်လုံး ထည့်တယ်။
မကြာမီ ဂေါက်သီးတွေ အားလုံးဖန်ဗူးထဲ ပြည့်သွားတယ်။ ထပ်ထည့်လို့ မရတော့ဘူး။
ဆရာကြီးက ကျောင်းသားတွေကို မေးတယ်။

"ကဲ ပြည့်ပြီလား"
"ပြည့်ပါပြီ"
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့မရတော့ဘူး"
"ဂေါက်သီးတွေတော့ ထပ်ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဂေါ်လီလုံးလေးတွေတော့
ထည့်လို့ရတယ်"

ရောင်စုံ ဂေါ်လီလုံးလေးတွေဟာ နေရာလွတ်တွေအကြား ၀င်သွားတယ်။ ပါမောက္ခကြီးက
ဖန်ဗူးကို လှုပ်ခါပေးတယ်။ ဂေါ်လီလုံးလေးတွေဟာ ဂေါက်သီးအကြားက
နေရာလွတ်တွေထဲကိုဝင်သွားတယ်။
နောက်ဆုံးဂေါ်လီလုံးတွေ ထည့်လို့မရတော့ဘူး။
ပါမောက္ခကြီးက ကျောင်းသားတွေကို မေးပြန်တယ်။

"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ မရတော့ပါဘူး"
"ဂေါ်လီလုံးတွေကိုတော့ ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဒီမှာကြည့်"
ဆရာကြီးဟာ သဲအိတ်တစ်ခုကိုယူပြီး သဲတွေကို ဖန်ဗူးထဲထည့်တယ်။
သဲတွေ ၀င်သွားတယ်။ လှုပ်လေသဲတွေဝင်လေပါပဲ။ နောက်ဆုံးသဲတွေ မ၀င်တော့ဘူး။
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ ရရင်လည်းရမယ်။ မရရင်လည်း မရဘူး"

ကျောင်းသားတွေ ပါးသွားပါပြီ။ သူတို့ဟာအဖြေတစ်ခုတည်းကို မပေးတော့ဘူး။
"ကောင်းပြီ။ ဒီအထဲ ရေထည့်လို့ရသေးတယ်"

ဆရာကြီးဟာ ရေသန့်ဗူးထဲမှ ရေတွေကို တဖြည်းဖြည်းချင်းထည့်တယ်။
ရေတော်တော်များများဝင်သွားပါတယ်။
နောက်ဆုံးမှာ ပါမောက္ခကြီးက ပြောတယ်။

"နောက်ထပ်ထည့်လို့မရတော့ဘူး။ ပြီးသွားပြီ။"
"ဒါဟာ ဘာသင်ခန်းစာပေးတယ်လို့ထင်သလဲ"
"အစီအစဉ် ကျနမှုပါ" ကျေင်းသားတစ်ယောက်က ပြန်ဖြေတယ်။

"မှန်ပါတယ်။"
အစီအစဉ်ကျနမှုဟာ အရေးပါပါတယ်။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုပေါ့။
ရေကိုအရင်ထည့်ပြီးမှ ဂေါက်သီးကိုထည့်ရင် ရေလျှံထွက်မယ်။
ဂေါ်လီလုံးတွေ ပြည့်အောင်ထည့်ပြီးမှ ဂေါက်သီးထည့်လို့မရဘူး။
ဒီအတိုင်းပဲ သဲတွေထည့်ပြီးမှ ဂေါ်လီလုံးထည့်လို့ မရပြန်ဘူး။
ဘ၀မှာအစီအစဉ်ကျနမှုဟာ အင်မတန်အရေကြီးပါတယ်"

"မိမိ ဘာကိုဦးစားပေးမှာလဲ"

ဖတ်ကြည့်ပြီးရင် တွေးကြည့်ပါ။ ဘယ်ကိစ္စမဆို ဒီအတိုင်းတွေးကြည့်ပါ။
သင့်ရဲ့ ဘ၀မှာ အောင်မြင်မှုတွေ ပိုပြီးရလာပါလိမ့်မယ်။

(ဂျာနယ်တစ်စောင်မှ ဒေါက်တာခင်မောင်ညိုရေးသားထားသည်ကို အလွန်သဘောကျမိသဖြင့်
ပြန်လည်မျှဝေ ခံစားခြင်းဖြစ်ပါသည်။)

ကြာတော့ကြာပါပြီ။ ကျွန်တော် နှစ်သက်လွန်းလို့ ပြန်လည်တင်ထားခြင်းဖြစ်ပါသည်။
I didn't think "meeting is parting".
Now i know well "anything won't be complete in all life".
We need to live very well in our life.
We will try best.
Don't fear to create a future.

OK! let try!

ရင်ခွင်ရိုင်း.......

အတ္တတွေကြီးစိုး
မာနကိုတုခိုးလို့
အချစ်ကိုခုတုံးလုပ်
ဟန်ဆောင်မှုများစွာနဲ့ ............
......... ငါ့ရဲ့ဘ၀ကို..............

အပြုံးမပျက်
အမုန်းလက်နဲ့
ရက်ရက်စက်စက်
ခွဲရက်ခဲ့ပေမယ့် .................

မင်းရှေ့မှောက်ဒူးထောက်
အရှက်ဆိုတာမရှိ
ချစ်တာတစ်ခုတည်းနဲ့
ရှိုက်ငင်ငိုကြွေး
တောင်းပန်လည်းပဲ............

မချစ်တတ်တဲ့
ရင်ခွင်ရိုင်းတစုံကတော့...
မတုန်မလှုပ်
ကျောက်ဆစ်ရုပ်လို
နေတတ်ခဲ့ပြီ.......................ပေါ့

come back!..............................

come back


night
it is black and dark
no moon ,no star
no one for me


love
the most softy thing in the world
you can feel this with the spring
with the rain
also with the brain , if you wish


the rainy night
the middle of the night
the middle of the road
the middle of the rain
rain rain rain


please forgive me
i am lonely
i am cool
but,
i can't laugh and cry
i found your face in the sky
rain is tear that come from your eyes


please don't hate me
i am a sucker
i am a loser
i don't care what happened
let me happy with you
let me cry with you
let me fly with you


please give me a chance
i can't give you up
i can't let you go
i can't stay without you
i can't stand without you


rain
please tell her
it is hardly cool
but
i am waiting all the time
with the broken heart


pleas tell her
i love her so much


please come back ..........................
........
@@@@@@@@
written by Anonymous