Saturday, December 25, 2010

“အလွမ်းသင့် ဒီဇင်ဘာ”


မြူမှုန်တွေ ၀ပ်ဆင်း နှင်းကြွင်းစေဖို့လား
မလင်းမချင်းခဲ့တဲ့ ဒီဆောင်း
အလွမ်းတွေ ထပ်လောင်းဖြည့်ရင်တောင်
အချမ်းက ကောင်းဆဲ ...။

အမြင်ရယ် ဝေဝါး မေ့ပျောက်စေဖို့လား
သံစဉ်ရှာမရခဲ့တဲ့ စာသား
ဆောင်းလေရယ် အဝှေ့မှာတင်
အချစ်တွေ ပျောက်ဆုံးသွားခဲ့ပြီ ...။

အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။

ခုတော့ ...
နှင်းလည်းပြယ်ပြီ ဒီဇင်ဘာ
ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။

ဒီလိုနဲ့ပဲ ...
မြူခိုးတွေနဲ့ ညနေခင်းက
တိတ်တဆိတ် နှုတ်ဆက်တယ်
သူတို့ ထွက်ခွာတော့မယ်လေ
ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း
တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး
နောက်ဆုံးတော့
ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ ...။

ညလင်းအိမ် (၂၅.၁၂.၁၀)


ညီမလေး အေဒီ က အားဖြည့်ရေးသီပါသည်။

Sunday, December 5, 2010

“နှိုင်းယှဉ်ခြင်း ကဗျာ”

အိပ်မက်တခုလိုပါပဲ
ငါ့ဘဝက ပြသဒါးဆန်ခဲ့တယ်
ရက်ရာဇာမဲ့တဲ့ ပြက္ခဒိန်မျိုးရှိရင် ပြောကြပါ
နှိုင်းယှဉ်ချင်လွန်းလို့ပါ
(အခုတော့ကွာ) ...။

ငါဟာ ကျင်းတခု ဖြစ်ပါရဲ့
ဒါနဲ့တောင် ဝင်လာတဲ့ အရာတိုင်း
အလွယ်တကူ ပြန်ထွက်သွားနိုင်ခဲ့တယ်
ဒါဆို ငါ့ရဲ့ နက်ရှိုင်းမှု မလုံလောက်လို့ ဖြစ်မယ် ...။

ငါဟာ လေးတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် မြှားအစင်းစင်း နင်းကန်ထွက်ခွါဖို့အတွက်
ရင်အစုံကို အဟုန်လုပ်ပေးခဲ့ရတယ်
ဒါဆို ငါ့ရဲ့ ဦးညွတ်မှုများသွားလို့ ဖြစ်မယ် ...။

ငါဟာ တံခါးတစ်ချပ် ဖြစ်ပါရဲ့
ဒါနဲ့တောင် ၀င်ထွက်နေကြတဲ့ အရိပ်တွေကို
တားဆီးနိုင်ခွင့် မရှိခဲ့ဘူး
ဒါဆို ငါ့ရဲ့ လုံခြုံပေးနိုင်မှု နဲလို့ဖြစ်မယ် ...။

ငါဟာ ကောင်းကင်တစ်ခု ဖြစ်ပါရဲ့
ဒါနဲ့တောင် တိမ်မည်းတိမ်ညစ်တွေ စိုးမိုးမှုမှာ
နာကျင်စွာ ကျရှုံးခဲ့ရတယ်
ဒါဆို ငါရဲ့ အုပ်မိုးမှု ရပ်ဝန်း သေးသွားလို့ ဖြစ်မယ် ...။

ငါဟာ တံတားတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် ထမ်းပိုးခဲ့ရတဲ့ အချိန်တွေအတွက်
အိုမင်းရင့်ရော်မှုသာ ရခဲ့တယ်
ဒါဆို ငါရဲ့ ဆွေးမြေ့မှု မြန်သွားလို့ဖြစ်မယ် ...။

ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။

ညလင်းအိမ်
(၅.၁၂.၁၀)

Saturday, November 6, 2010

“အစွန့်ပစ်ခံ လရောင်နှင့်အတူ”

ညက တိတ်ဆိတ်စွာ မဲမှောင်လာပြီ
တစ်ယောက်သောသူက ရောက်မလာခဲ့ဘူး
အချိန်နာရီတွေသာ တိုက်စား
မျှော်လင့်ချက်တွေ ပါးပါးလာတယ် ...။

ဘာပြောနိုင်မှာလဲ
တမ်းတလွမ်းဆွတ်မှုဆိုတဲ့ ရနံ့ကိုမှ
ရှုရှိုက်မိသူ
အိပ်မက်တံခါးဝမှာ လရောင်ကို မျှော်ကြည့်ရုံပေါ့ ...။

ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။

ညမွှေးပန်းတို့ မွှေးပါဧ။်
လအဆင်းလည်း လင်းပါဧ။်
ဒါပေမယ့်
နှလုံးသားက သွေးချောင်းစီးတယ်
မျှော်လင့်တမ်းတ ဒီညက အဓိပ္ပါယ်မဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲ
ဥပေက္ခာတရားရဲ့ စီရင်ချက်အတိုင်းပေါ့
ငါ ကတော့ ...
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ် ...။

ညလင်းအိမ် (၆.၁၁.၁၀)

Sunday, October 17, 2010

“ဗလာအတိနဲ့ ကံဇာတာ ထိတဲ့အကောင်”

တိမ်တွေက ရင်ဘတ်ပေါ်မှာ လူးလွန့်
လေတွေတောင် ကျီစားနေကြတော့
ကောင်းကင်ပြတ်ရွေ့တွေကြား
အလင်းဝတ်ရုံလွှာကို ခြုံလိုက်မိတယ်

ဒါပေမယ့် မရပါဘူး ...

ရိုးအီနေတဲ့ အထီးကျန်အမှောင်ထုအောက်မှာ
အလင်းပွင့်လာဖို့ဆိုတာ
အိပ်မက်တခုလေလားပဲ ...

တကယ်တမ်းပြောရရင်
ငါ ... ဆိုတာကိုက 
ဗ လာ အ တိ နဲ့ ကံ ဇာ တာ ထိ တဲ့ အ ကောင် ...


Saturday, October 2, 2010

“တာ့တာ”

သူ ကွန်ပျူတာကို စိုက်ကြည့်နေမိတုန်းပဲ။ အဲဒီ မတိုင်ခင် အချိန်က ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမမှတ်မိတော့။ သူ ဘာလို့ ငြိမ်သက်မိနေတယ် ဆိုတာလည်း မသိတော့။ သူကြည့်နေတဲ့ စာပိုဒ်တခုရဲ့ အဆုံးမှာတော့ “တာ့တာနော်”  တဲ့။ လူတိုင်းကို သူနှုတ်ဆတ်ခဲ့ဖူးပါတယ်။ လူတိုင်းကလည်း သူ့ကို နှုတ်ဆတ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းက ဘာမှမဖြစ်ခဲ့တာ သေချာပါတယ်။ ခုတော့ သူ ... ရစ်ဝဲလာတဲ့ မျက်ရည် အစအနေတွေကို မျက်တောင်နဲ့ ပုတ်ခတ် ထုတ်လိုက်တယ်။ အဲဒီတော့မှ ပါးပြင်တောက်လျှောက် ပူနွေးသွားတဲ့ အသိနဲ့အတူ ရင်ထဲက အောင့်လာတဲ့ ခံစားချက်ကို သတိထားလိုက်မိတယ်။ ချစ်သူက သူ့ကို အပြီးတိုင် နှုတ်ဆတ်သွားပြီလေ။

ချစ်သူက ဘယ်သူ့မှ မသိတဲ့နေရာ ဘယ်သူ့မှ မရှိတဲ့နေရာကို ထွက်သွားတော့မယ်တဲ့။ အခုလာတာ နောက်ဆုံး နှုတ်ဆတ်ခြင်းပါတဲ့လေ။ အဲဒီနေရာမှာ ပန်းတွေ ရှိချင်မှ ရှိမယ်။ လိပ်ပြာတွေ ရှိချင်မှ ရှိမယ်။ မြက်ခင်းပြင်တွေ ရှိချင်မှ ရှိမယ်။ သေချာတာကတော့ ကျိန်စာတွေ မရှိဘူးတဲ့။ ချစ်သူ ချစ်တဲ့ အရာတွေ တစွန်းတစတော့ ရှိကောင်းရှိလိမ့်မယ်တော့ သူထင်မိပါတယ်။ ဒါကြောင့်လည်း ချစ်သူ ထွက်သွားတာပေါ့။ အခုမှတော့ ဘာမှမဖြစ်တော့ပါဘူးလေ။ ချစ်သူက သူ့ချစ်သူ အဖြစ်က နှုတ်ထွက်နှင့်ပြီးလေပြီပဲ။ သူ မျှော်လင့်မိခဲ့တယ် ဆိုပေမယ့် သူသိနေတာတခုက ချစ်သူက သူ့ဆီကို ဘယ်အကြောင်းအတွက်နဲ့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာလေ။

ချစ်သူရေ သွားပါ။ အဝေးဆုံးကို သွားပါ။ သံယောဇဉ်ဆိုတဲ့ ကြိုးကတောင် မတားဆီးနိုင်တော့တာပဲ။ ချစ်သူထားခဲ့တဲ့ နေရာမှာ သူနေတတ်ရတော့မှာပေါ့။ ချစ်သူရေ ချစ်တယ်ဆိုတဲ့ စကားထက်ပိုတဲ့ စကားရှိရှင် ပြောပြချင်ပါတယ်။ ခုတော့ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။ လူတစ်ယောက်အပေါ် စွဲမြဲနေတဲ့ သူ့အချစ်ကို သူကိုယ်တိုင်တောင် အံ့သြမိတယ်။ သူမေ့ပျောက်ဖို့ ကြိုးစားကြည့်တယ်။ မရဘူး။ လူတစ်ယောက်ကို မေ့နိုင်လောက်တဲ့ အကြောင်းပြချက်ကို သူ့စဉ်းစားလို့မရဘူး။ ဒါဆို သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက ဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာ သေချာပါတယ်။

ချစ်သူ စာတစ်ကြောင်းရိုက်လိုက်တိုင်း သူ့ရင်တွေ လှိုက်လှိုက်တုန်လို့ နာကျင်ရတယ်။ “အင်း” ဆိုတဲ့ စကားက လွဲရင် သူ့မှာ ဘာမှပြောစရာ မရှိတော့ပါဘူးလေ။ ဒါပေမယ့် စိတ်ထဲကတော့ ဆုတောင်း နေမိတယ်။ ချစ်သူ မင်းသွားမယ့်အရပ်မှာ ရနံ့မွှေးတဲ့ ပန်းတွေ ရှိပါစေ။ ကြည်လင်တဲ့ ရေစင်ရေသန့်တွေ ရှိပါစေ။ သာယာအေးမြတဲ့ လေပြည်တွေ ရှိပါစေ။ ချစ်သူချစ်တဲ့ ချစ်သူပိုင်ဆိုင်ချင်တဲ့ အရာတွေ ရှိပါစေ။ ချစ်သူအတွက် ... ချစ်သူအတွက် အရာအားလုံး ပြည့်စုံနေပါစေလေ။

သူမျက်လုံးတွေက မျက်ရည်တွေကို ဖောက်ထွက်ပြီး စကားလုံးတစုကို အားတင်း ရိုက်လိုက်တယ်။ “တာ့တာပါ” ... ချစ်သူကတော့ မရှိတော့ဘူးလေ။ တာ့တာ နှစ်ခွန်းကြားမှာ တစ်ကမ္ဘာ မဟုတ်သေးဘူး ကမ္ဘာအင်္သချေ ခြားနားသွားပြီလေ။  နောက်ဆုံးတော့ သူ့မှာ လွမ်းနေခွင့်တောင် မရှိတော့ဘူးလား။ သူကတော့ သတိရတိုင်း လွမ်းနေမိဦးမယ်။ လွမ်းနေမိတိုင်း သတိရနေဦးမှာပါလေ။

ခြားနားအောင် မစီမံခဲ့ပါဘူး
တို့တွေ လမ်းခွဲစရာမလိုပဲ
ကမ္ဘာအင်္သချေအောင် ဝေးကြပြီပေါ့ ...။
မဆုံနိုင်ဘူးဆိုလည်း
ကံကြမ္မာရယ် ဘေးဖယ်လိုက်ပါတော့
မျှော်လင့်ရတယ်ဆိုတာ
စိတ်တွေ ပင်ပန်းလွန်းလှပါတယ် ...။
အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်
ဆန့်ကျင်ဘက်လျှောက်ကြတာပေါ့
သံသရာတစ်ပတ်ဆုံးရင်တော့
ပြန်ဆုံချင် ဆုံနိုင်ပါသေးတယ်လေ ...။

@@@@@ ~~~~~~~ @@@@@@@
ညလင်းအိမ်
(၂.၁၀.၁၀)

Friday, September 17, 2010

“လရောင်ကို မျှော်မိတဲ့နောက်”

ညက ပွင့်အာလာပြီလား
ကြယ်ရင်ပြင်မှာ ငါဒူးထောက်နေပါတယ်
လင်းမြပါတော့
လဆီက အရောင်တွေနဲ့ဆမ်း
ငါ့ ရင် နှုတ်ခမ်းကို နမ်းကြပါ ...။

အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။

လရောင်က နှုတ်ဆက်ခြင်းမဲ့
ထွက်ခါသွားလေတော့
ကြယ်တွေက (ရီ)ရယ်သွေး
အတွေးခပ်ရေးရေးတွေတောင်
ငါ့ကို မကယ်နိုင်တော့ဘူး ...။

လရောင်ကို မျှော်မိတဲ့ပန်း
ဇာတ်သိမ်းမလှတဲ့ အခန်းတွေနဲ့
နောက်ဆုံးနိဂုံးချုပ်
ကိုယ်ကို ရုတ်လိုက်ရတဲ့နောက် ...

အဲလို ညတွေ ငါ့ကိုတိုက်စား
ခြားနားခြင်းတွေက များလာတယ်
မျှော်လင့်ခြင်းနဲ့
အခါခါ ဒူးထောက်
လရောင်က ရောက်မလာခဲ့ဘူး ...။

နောက်ဆုံးတော့
ဖူးရုံသာဖူးခဲ့တယ်
ပွင့်ခွင့်မရပဲ
ညတွေသာ ပွင့်အာလာတော့တယ် ...။

ညလင်းအိမ်
(၁၇.၉.၁၀)

~~~~ @@@@ ~~~~
ဘာတွေ ရေးမိမှန်းမသိသလို ဘာတွေ တွေးမိမှန်းမသိတော့ဘူး ... သေချာတာတော့ စိတ်တွေက နောက်နေတယ် ... အချိန်တွေက ပျောက်နေတယ် ...း(

Friday, September 10, 2010

“နေတတ်ရင် ကျေနပ်စရာပါ”


နှင်းတွေ စိုလက်တဲ့ လမ်းမှာ
မလျှောက်ခဲ့ဖူးဘူး
မိုးတွေ ထစ်ချုန်းတဲ့ လမ်းမှာ
ငိုကြွေးခဲ့ဖူးတယ်
နောက်ဆုံး
နွေရာသီ ဆန်သွားခဲ့တာပဲ ...။

တစ်မိုးအောက်ပေမယ့်
ကုန်းကောက်စရာ မရှိတော့
မိုးသောက်လာတဲ့ အချိန်တိုင်း
ယာယီဖြစ်လာတဲ့ ဘ၀ကို
တိုးကြောက်လာမိတယ် ...။

မတည်မြဲခြင်းဆိုတာ
ပြိုကွဲခြင်းနဲ့
ဒွန်တွဲနေတာ သိပေမယ့်
လွန်ဆွဲခဲ့မိတာ မှားသွားလား ...။

ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်
ဖောက်ထားတဲ့ လမ်းမှာ
ရော်နွမ်းလာရင် မျှော်တမ်းတမိတယ်
ဒီလမ်းမှာ တွဲလျှောက်မယ့်သူ
ဘယ်ဆီမှာ ရောက်နေမလဲ ...။

တစ်ရွက်ထဲပေမယ့်
စွယ်တော်ရွက်ကို အားကျတယ်
လိုချင်တပ်မက်တာ သဘာဝဆိုလည်း
ငိုချင်ရက် လက်မတို့ကြပါနဲ့ ...။

ဘ၀မှာ နေတတ်ဖို့ဆို
ကိုယ့်ကိုကိုယ်လည်း ပျော်တော်ဆက်ရမယ်
တစ်ကိုယ်တော် ခံစားချက်တွေနဲ့
အနေတော် ပျော်ရွှင်တတ်ရမယ်
နွေလို ပူပြင်းရက်တွေမှာလည်း
လေပြေကို မျှော်လင့်တတ်ရမယ် ...။

ကဲ ... ဒါဆို
တစ်ယောက်တည်းပေမယ့်
မှောင်မဲနေတဲ့ အရိပ်ရှိသေးတယ်
အရောင်မွဲနေတဲ့ စိတ်တွေကိုလွှတ်ချ
မမြဲတဲ့  နိယာမမို့
နွေရာသီဆန်တာတောင်
နေတတ်ရင် ကျေနပ်စရာပါပဲလေ ...။

ညလင်းအိမ်
(၁၀.၉.၁၀)
~~~~ @@@@ ~~~~

Thursday, September 2, 2010

“စင်ရော်တို့ ရှိရာ”


ဟိုး ...  စင်ရော်တွေ
ပျော်စံရာ ပင်လယ်ကမ်းမှာလ
ကြင်ဖော်ကို မျှော်ကာလွမ်းနေကြတာ
လှရက်လိုက်တာ ...။

ဟိုး ...  စင်ရော်တွေ
ဖော်မောင်နှံ တသီတတန်းနဲ့
တူယှဉ်ကာ လူးလားပျံသန်း
ကမ်းနားကို တောင်ပံတွေနဲ့ နမ်းနေကြတာ
လှရက်လိုက်တာ ...။

လှိုင်းရေ တချက်အ၀င့်နှင့်
ပနံသင့်လှတဲ့ စင်ရော်
ရွှေရင်မျှော် ကမ်းစပ်နား
လာလည်သူ လူတွေကြား
ခိုဝင်ကာ နားကြတယ်ဆို ...။

အို ... လှလိုက်ပါဘိ
သဘာဝပန်းချီချယ်မှုန်း
ဒီလို ကမ်းစပ်ပုခုံးမှာ
လှိုင်းတွေက တ၀ုန်းဝုန်း
စင်ရော်တွေ တရုန်းရုန်းနဲ့
အချိန်တွေကို ကုန်ဆုံးချင်ပါရဲ့ ...။


ညလင်းအိမ်
(၂.၉.၁၀)
~~~~ @@@@ ~~~~
သူငယ်ချင်း တစ်ယောက်ရိုက်ထားတဲ့ပုံလေးကို ကြည့်ပြီး နှစ်သက်မိလို့ ကဗျာလေးနဲ့ ပုံဖော်မိပါတယ်။

Sunday, August 29, 2010

“ငါရဲ့ ရောင်နီ”



တခါတလေ တောင့်တမိတယ်
ကိုယ်လည်း လူသားတစ်ယောက်
အတွေးတွေကိုတည်
ကံနဲ့ဆောက်တဲ့ အနာဂတ်လေး
လိုချင်ပါရဲ့ ...

ဒါပေမယ့်
အိပ်မက်တွေရဲ့ ရာသီမှာပဲ
တပတ်မလည်လာတဲ့ ကံဇာတာကို
အပြစ်ဖို့ရမလား
စိတ်တွေက ဆေးတခွက်လို ခါးတယ် ...။

ကိုယ်ဖန်တီးမယ့် ဆန္ဒရပ်ဝန်းမှာ
ဘယ်သူမှ မရှိလည်း ဖြစ်ပါတယ်
ဒါပေမယ့် မိုးတွေ ညို့လာတယ်ဆို
အဲဒီ နေရာကို ရှောင်မယ်
ချုံးပွဲချ ငိုရတာ သိက္ခာကျလွန်းတယ် ...။

ကိုယ့်လက်နဲ့ ဖမ်းဆုပ်မရတဲ့ အတ္တပေမယ့်
ဒီတိုက်ပွဲမှာ အလံဖြူထောင်မယ်
မရေရာတဲ့ အနာဂတ်ရေ
တင်းထားတဲ့ လေးကြိုးတွေတောင် လျော့ချလိုက်ပြီ
အဲဒီ စစ်မြေတလင်းမှာ
အလွမ်းတွေ ရှင်းထားပေးပါ
ငါ ... စိတ်အသန့်ဆုံးနဲ့ လာခဲ့မယ်
ရောင်နီရယ် ကြိုလှည့်ပါ  ...။

ညလင်းအိမ်
(၂၉.၈.၁၀)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပြီးပြင်ပါသည်။

Sunday, August 22, 2010

ခံစားမှု (၃)

သူ ...“သူ” ဆိုတာ “သူ” ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ “သူ” ဖြစ်စေချင်ခဲ့တယ်။ မဆန်းပါဘူး လက်ထဲက ရေတွက်ခွင့်မရတဲ့ မျှော်လင့်ချက်ကို တမ်းတမက်မော လူတိုင်းမျောမိကြမှာပါ။ အေးစက်ဝင်းမြနေတဲ့ စကားစိုစိုတွေကို ကျွန်တော်မပြောတတ်ပါဘူး။ ချစ်တယ်..ချစ်ပါတယ် အဲဒီစကားဟာ ကျွန်တော့်ရင်ဘတ်က ကြားရုံလောက်သာ ပြောနေမိတယ်။ မလှောင်ကြပါနဲ့လို့ ပြောပါရစေ။ “လမ်းဘေးက သူတောင်းစားလည်း နတ်သမီးအိပ်မက် မက်ခွင့်ရှိတယ်တဲ့” ဆရာတာရာမင်းဝေက ပြောဖုးတယ်။ ဟုတ်တယ် မက်ခွင့်ရှိတယ်၊ စိုးမိုးပိုင်ခွင့်လည်း ရှိပါတယ်။

အချစ်ရဲ့ ဒသနဗေဒကို တချို့က ဒီလိုဖွင့်ဆိုကြတယ်။ အချစ်သည် လူတစ်ယောက်ကို ရူးသွပ် သွားစေနိုင်သည်တဲ့၊ အချစ်ခံရလို့ ရူးသွပ်နိုင်တယ်။ အချစ်မခံရလို့ ရူးသွပ်နိုင်တယ်။ မချစ်ရလို့လည်း ရူးသွပ်နိုင်တယ်တဲ့။ အဟား ... ဟား ... အဲလိုမရီပါဘူး။ ရီဖို့လည်း စိတ်မကူးဘူး။ ပြုံးတော့ ပြုံးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘာမှမဟုတ်ပဲ ရူးသွပ်နေလို့လေ။ တကယ်ဆို ကျွန်တော်လည်း ဖွင့်ဆိုပြချင်တယ်။သူ့ကို ဘယ်လောက် ချစ်လဲဆိုတာ ...

လေပြေတွေ သုတ်မြူးဆော့မြူလာတိုင်း လွင့်စင်ဖိတ်ကျလာတဲ့ ဆံနွယ်သင်းနံ့လေးကို ချစ်တယ်။ 

ပါးပြင်က ကြွလှနေတဲ့ သနပ်ခါးပါးပါးတွေကို ချစ်တယ်။

ဝိုင်းစက်ကြွယ်မြနေတဲ့ ရွှန်းရွှန်းစို မျက်လုံးလေးတွေကို ချစ်တယ်။ 

ကော့ညွှတ်တိမ်းယိမ်းနေတဲ့ မည်းနက်နက် မျက်ခုံးလေးကို ချစ်တယ်။ 

ဖြောင့်စင်းသွယ်တန်းနေတဲ့ နှာတံလှလှလေးကို ချစ်တယ်။ 

ပြုံးလို်က်တိုင်း (မပြုံးလည်းပဲ) ပေါ်လာတဲ့ ဖြူစင်တဲ့ သွားတန်းလေးကို ချစ်တယ်။ 

လေးကိုင်းလို ညွှတ်ကျနေတဲ့ နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်။ 

မူယာကြော့ရှင်းနေတဲ့ လည်တိုင်လှလှကိုလည်း ချစ်တယ်။ 

သူ့ဆီက ထွက်လာတဲ့ ကိုယ်သင်းနံ့လေးကိုတောင် ချစ်တယ်ဗျာ။ 
(ဆက်ဖော်ပြလို့ မဖြစ်တော့ဘူးထင်တယ်) ဒီမှာပဲ ချစ်တာကို ရပ်တယ်ဗျာ။

တကယ်တော့ အချစ်ဆိုတာ မြတ်နိုးခြင်းတမျိုးတဲ့ (ကျွန်တော်ပြောတဲ့ စကားပါ)။ အဲလိုပဲ သူ့ကို ကျွန်တော်အရမ်း မြတ်နိုးတယ်။ သူကြောင့်ပဲ ညဉ့်နက်သန်းခေါင်တိုင် ကျွန်တော့ ကောင်းကင်မှာ လကွယ်နေခဲ့တယ်။ တခါတခါဆို များပြားလှတဲ့ ကြယ်တွေကို ရေတွက်နေခဲ့မိတယ်။ ပြီးတော့ အတွေးတွေ ပွားမိတယ်။

ပထမဆုံးတွေးမိတာက အိုရီယွမ် (မောင်ရင်ဆိုင်းထမ်းကြယ်) ပေါ့။ သူတို့ ချစ်သူနှစ်ယောက်က သနားဖို့ ကောင်းလိုက်တာ။ သေကွဲခွဲရတာတောင် ရာဇ၀င်မှာ ၀ါးဆစ်သုံးဆစ်နဲ့ အခြားခံရတယ်။ ဒါဆိုရင် သိပ်ချစ်ကြပြီး မပေါင်းရတဲ့သူတွေ၊ ပေါင်းကြရပြီး သိပ်မချစ်ကြတဲ့သူတွေ၊ ပေါင်းလည်း မပေါင်းသင်းရ ချစ်လည်း မချစ်ကြတဲ့သူတွေ ...ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မသိဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ ကျွန်တော့ကို လာမမေးကြနဲ့။ 

နောက် ခုနစ်စဉ်ကြယ် ...။ အားလုံးက ချီးကျူးကြပါတယ်။ အရမ်းကို အတွဲညီတဲ့ အဖွဲ့တဲ့။ သူတို့ရဲ့လှပတဲ့ အကက သန်းခေါင်ကျော်လာရင် ပိုပိုပြီး တောက်ပြောင်လာတယ်တဲ့။ ဒါဆို သန်းခေါင်မကျော်ခင်က သူတို့ဘာလုပ်နေလဲ။ အက တိုက်နေရင် တိုက်နေမှာပေါ့။ ဒါမှမဟုတ် သူတို့ ထွန်းလင်းအောင် ပွတ်တိုက်ဆေးကြောနေမှာပေါ့။ တကယ်တော့ မဟုတ်ဘူး။ သူတို့ကို မျှော်လင့်နေတဲ့လူတွေကို တိတ်တဆိတ်လေး ကြည့်နေကြတာ။ လူတွေကတော့ အဖက်တောင်မလုပ်ကြပါဘူး။ ထွက်ပေါ်လာခါမှပဲ ချီးကျူးကြ၊ မြှောက်ပင့်ကြနဲ့။ အဟားးးး ဘာလို့ လျို့ဝှက်ချက်တွေကို ကျွန်တော်ဖော်နေမိလဲ။ မသိတော့ဘူး။ ဆက်တွေးမယ်။

ဓူဝံကြယ်တဲ့ .. သူကို့တော့ လမ်းပြကြယ်လို့ ခေါ်ကြတယ်။ မြောက်အရပ်မှာ ထီးထီးကြီး တည်ရှိနေတယ်။ လမ်းပျောက်နေသူတွေအတွက် တည်တည်တံတံနဲ့ လမ်းညွှန်ပေးနေတယ်။ ဒါတောင် သူ့ဘေးမှ ဘယ်သူမှ မရှိကြဘူး။ သူ့မှာ အစွမ်းအစတွေတော့ ရှိတယ်။ သူကတော့  အထီးကျန်မှုနဲ့သာ ရပ်တည်နေရတယ်။

ကျွန်တော့်ရဲ့ ကြယ်ကကော ဘယ်အချိန်မှာ ထွန်းလင်းတောက်ပလာမှာလဲ။ ဘာတွေကို စွမ်းဆောင်နိုင်မှာလဲ။ ဘယ်လို လမ်းပြပေးနိုင်မှာလဲ။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ တော်ပြီ အိပ်မက်တွေ ဒီနေရာမှာ ရပ်မယ်။

ဒါနဲ့ “သူ့” အကြောင်း ဆက်ပါရစေအုန်း။ တကယ်တော့ ကျွန်တော့်ဘ၀မှာ အားလုံးဟာ တံခါးမခေါက်ပဲ ပိုင်စိုးပိုင်နင်း ၀င်လာတယ်။ ပြီးတော့ နှုတ်မဆက်ပဲ ထွက်သွားကြတယ်။ တချို့ဆို ပြောင်တောင်သွားကြသေးတယ်။ ဒီလိုပဲ ကျွန်တော့် နှလုံးသားကို အလှူအိမ် လောက်တောင် ၀တ်ကျေတန်းကျေ သဘောမထားကြဘူးလေ။ သူကကော ဘယ်လိုမျိုးလဲ။ ကျွန်တော်ကြောက်တယ်  ကြောက်တယ်ဗျာ။ 

အဲဒီတော့ ဒီအတိုင်းလေး မြတ်နိုးနေပါရစေ။ ဒီအတိုင်းလေးပဲ ရီသံလေး ကြားနေပါရစေ။ ဒီအတိုင်းလေးပါပဲ ကြားသိမြင်တွေ့ခွင့် ရနေပါရစေ။ ဆန္ဒတစုံတရာကို သော့ခတ်သိမ်းအလွမ်းတွေနဲ့ပဲ ယိမ်းနေပါရစေတော့။ ရပါတယ်လေ သံယောစဉ်ဆိုတဲ့ နွယ်တွေမှ ရစ်ပတ်နှောင်ချည်တတ်တဲ့  ဒီရင်ဟာ အမှတ်မှမရှိတော့တာ။  

“တကယ်တော့ လူကြီးဆန်ရတာ သိပ်ကို ပင်ပန်းပါတယ်။”
@@@@@@

လေးစားစွာဖြင့်
ညလင်းအိမ်

Saturday, August 21, 2010

“ရင်ထဲက စာစုတို ကဗျာလေးများ (၁)”

အလင်းနဲ့ အမှောင် မသဲကွဲ
ဖရိန်အကျဉ်းအကျယ် ဘောင်တွေထဲ
အရိပ်အယောင် အတုတွေကမှ ပုံရိပ်စစ်တဲ့လား
ဒါဆို ကျွန်တော့်ကို စည်းဝိုင်းအပြင် ပို့ပေးပါ
အထဲမှာ နေရတာ (နေရာ) ကြပ်လို့ ...။

@@@@@@@@@@@@@@@@@@@@@@@@@@

ကြယ်တွေတောင် မိုးသောက်သွားပြီ
လရိပ်က ရွှန်းစိုတောက်ပတုန်း
ဝမ်းတထွာအရေး တွေးနေတဲ့လူတစ်ယောက်
တိုးတိုးကလေးညဉ်းတယ်
မနက်ဖြန်တွေ ရွှေ့ဆိုင်းထားပေးပါ
အိပ်မက်တွေထဲ အစာအချို့ သိုလှောင်ချင်လို့ ..။

@@@@@@@@@@@@@@@@@@@@@@@@@@

အနားသတ်ထားတဲ့ ခွက်တခုထဲ
အပိုင်းအစတွေ ကောက်ထည့်မိတယ်
မကျေနပ်မှု တခု
ရယူလိုခြင်း ဆန္ဒ တစုံ
ဒဏ်ရာ တချို့
အလွမ်း တခု
နောက်ပြီး ...
ဝမ်းနည်းခြင်း
ဝမ်းသာခြင်း
စိတ်ပျက်ခြင်း
အားငယ်ခြင်း

နောက် ..
မွှေပြစ်လိုက်တယ် ..
အဲဒါ ဘ၀ ပြန်ဖြစ်သွားတယ် ...။

@@@@@@@@@@@@@@@@@@@@@@@@@@

တိမ်တွေက ဟိုတစ ဒီတစ
ပုံသဏ္ဍာန်တွေ ပြောင်းလည်း
တိမ်ဆိုတာ တိမ်ပါပဲ
လေနှင်ရာ လွင့်ချင်ကြတယ် ...။

လူတွေက လိုတာမရ မလိုတာရ
စိတ်ကာလာတွေ ပြောင်းလည်း
လူဆိုတာ လူပါပဲ
အချိန်တန်တော့ သေကြရတယ် ...။

ကဲ .. ဘာတွေကို တွေးမလဲ
ရောက်ချင်ရာရောက်ပါစေ
လျှောက်သာလျှောက်
လုံးဝမကြောက်နဲ့ ...။

@@@@@@@@@@@@@@@@@@@@@@@@@@

ငါဟာ တိမ်ပြာပြာနေ့တွေထဲက
နွေရာသီကို ၀တ်ဆင်ထားတဲ့
ဂျစ်ပစီတယောက်ပေါ့ ...
ရောက်ချင်ရာ ရောက်ပါစေ ...
လွတ်လပ်ခြင်းဆိုတဲ့ အတောင်တွေ
မညောင်းခင်အထိတော့ ပျံသန်းနေမယ် ...၊

@@@@@@@@@@@@@@@@@@@@@@@@@@

ညလင်းအိမ်

ဘာရယ်မဟုတ်ပါဘူး .. စိတ်ထဲပေါ်လာတာလေးတွေကို ချရေးမိတယ် ... ဒီလိုနဲ့ ညတွေတောင် ချုံးပွဲချ ငိုနေကြပြီ ..

Saturday, August 14, 2010

“နွေကန္တာ ဥယျာဉ်”


ပန်းဥယျာဉ်သာသာပေမယ့်
ပန်းကမရှိတော့ နွမ်းလျပါဘိ
မြေသြဇာကို မွှေနှောက်
မြောင်းတွေ ပေါက်ထားလည်း
ရေမလာ ဒီမြေဆီလွှာမှာ
နွေကန္တာတွေ များများလာတယ် ...။

တချို့က ပျိုးကြတယ်
ဒါပေမယ့် မဖူးဘူး
တချို့က မပျိုးကြပေမယ့်
ဥယျာဉ်က ရူးရတယ်
ရင်စူးရပါစေ
ကိုယ့်အလွမ်းကိုပဲ
ပျိုးကျဲထားမိတယ် ...။

တကယ်ဆို
ပန်းတို့ မရှင်သန်ချင်သော ဥယျာဉ်၌
ဆုပ်လည်းစူး စားလည်းရူးမို့လို့လား
တူးဆွတဲ့မြေတောင်
ဒီဥယျာဉ်ကို လှောင်ကြတယ် ...။

ရပါတယ်လေ
အလည်တောင် မလာချင်ကြတဲ့
ညနေ နေညိုငုတ်တုတ်
ကိုယ့်ဥယျာဉ် ရင်ခွင်စုတ်မှာ
အသေသပ်ဆုံး ခင်းကျင်း
ရင့်ကျက်ခြင်းတွေပဲ ရင်းထားတော့မယ် ...။

ညလင်းအိမ်
(၁၄.၈.၁၀)
~~~~ @@@@ ~~~~
PS .. ဒီကဗျာကို လုံးဝမကြိုက်ပါဘူးဆိုတဲ့ ညီမလေး တစ်ယောက်ရဲ့ ပြောစကားကို ဆန့်ကျင်ပြီး သူရွေးပေးတဲ့ ခေါင်းစဉ်နဲ့ပဲ စိတ်ထွက်ပေါက် တခုတည်းအတွက် တင်လိုက်ပါတယ် ...း)

ပုံလေးကို ဒီကနေ ယူပါသည်။

Saturday, August 7, 2010

“ခွက်ထဲက အလွမ်း”



မတွေးချင်ပါဘူးလို့ တွေးလိုက်တိုင်း
ဆိုနင့် အက်ကွဲသံတချက်က
ရင်ထဲက ထွက်မလာခဲ့ဘူး
မကျက်တကျက် အနာကပဲ
အပ်ကြောင်းတွေနဲ့ ရင့်ကျက်လာခဲ့တယ် ...။

အဲဒီတော့ ...
နေညိုလာရင် ငိုရမလို
လေပျိုလာရင် ဆိုရမလိုနဲ့
အပိုအလို မရှိတော့တဲ့ လွမ်းတေးတွေ
လမ်းဘေးကိုရောက် ငါလည်း မှောက်နေပါပြီ ...။

တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။

တကယ်ထူးတာတော့ ဘယ်သူသိမှာလဲ
ရင်ထဲက အပြိုင်းပြိုင်းနဲ့
ဥသြတွေ ဆွဲတော့မယ် ...။

တကိုယ်လုံးလည်း ကိုင်းပြီ
ခြေလှမ်းတိုင်း နွမ်းပြီ
ဒီနှလုံး(နှလုံးသား) လည်း ကျွမ်းပြီ
ပြန်တွေးတိုင်း အလွမ်းသည်
အမြုပ်တစီစီခွက် အတွင်း သက်ဆင်းရလေသည် ...။

ညလင်းအိမ်
(၇.၈.၁၀)

~~~~ @@@@ ~~~~
အခုရက်ပိုင်း ကဗျာရေးလို့မရပါ။ ရေးစရာ ခံစားချက်လည်း မရှိဘူး။ ဘယ်မှလည်း မရောက်ဖြစ်ဘူး။ အဟီး .. ဒါနဲ့ပဲ ရေးချင်တာ ရေးလိုက်ပါတယ် ...း)

Monday, August 2, 2010

“မထူးခြားတဲ့နေ့”



တနင်္လာတစ်နေ့တဲ့
ငါ့အတွက် အလင်းမလာတဲ့နေ့
အချိန်နဲ့ တိုင်းတာရရင်
နှစ်က နှစ်ဆယ့်နဲ့ရှစ် (၂၈)
ဘ၀ရဲ့ အစကလည်း
နှစ်ရက်ရှစ်လရှစ်ဆယ့်နှစ် (၂.၈.၈၂) ...။

ယိုင်တိုင်တိုင်နေ့စွဲတွေ
မပိုင်ဆိုင်မှုက ခနိုးခနဲ့
ပိုင်ဆိုင်လိုမှုက မျှော်လင့်ချက်မဲ့
ပြက္ခဒိန်တွေသာ စုတ်ပြဲဟောင်းနွမ်းခဲ့ ...။

အထိမ်းအမှတ်လည်း သာမန်ကားချပ်
ဆုတောင်းသံလည်း ရွတ်သံကင်းမဲ့
ဖရောင်းတတိုင်လည်း အရောင်လဲ့လဲ့
အခန်းကျဉ်းထဲမှာ ပြိုပြိုပျက်ပျက် ...။

ဒီလိုနဲ့
ထပ်တူကျတဲ့ နေ့စွဲ တစ်ရက်
တခါသာ လာပေမယ့်
အခါခါ သာတဲ့ လမင်းလို
ထူးမခြားနားချက်က
လသာချိန် လ လာတာပါပဲ
ညအခါတွေမှာတော့
ဘ၀တွေက ယခုထိ အထီးကျန်ဆဲ  ...။

ညလင်းအိမ်
(၂.၈.၁၀)

Sunday, July 25, 2010

“အင်အား”


ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...။

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့က တိုးတက်
တချို့က စိတ်ပျက်ကြတယ် ...။

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့ အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...။

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...။

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...။

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး  
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် 
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...။

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး ...။
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး ...။

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ်
ကိုယ့်ကိုကိုယ် မာန်တင်း
ဖန်ဆင်းရဲတယ် ...။

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။
~~~~ @@@@@@@ ~~~~~

ဒီကဗျာလေးက ကျွန်တော် စိတ်အရမ်းညစ်တုန်းက ရေးခဲ့တာ။ အားငယ်စိတ်ဝင်တိုင်း ဒီကဗျာလေးကို ပြန်ပြန်ဖတ်မိတယ်။ အခု အသစ်မရေးနိုင်သေးလို့ အဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ် ။

ဒါနဲ့ စကားမစပ် အခုလာနေတဲ့ သီချင်းလေးက ကျွန်တော်နဲ့ အတူတူနေတဲ့ အခန်းဖော် အစ်ကိုကြီးက သူစိတ်အရမ်းညစ်တုန်းက ရေးထားခဲ့တာပါ။ ကျွန်တော်နားထောင်မိပြီး ကောင်းလွန်းလို့ သူ့ကိုပဲ ဂစ်တာတီး သီချင်းဆိုခိုင်းပြီး ကျွန်တော်က အသံသွင်းခဲ့တာပါ။

သီချင်းလေးနာမည်က - “ဘ၀” 
တေးရေး၊ တေးဆို - ဖိုးစည်

နားထောင်ပြီး အားပေးကြပါဦး ... :)

Thursday, July 22, 2010

“နေရာမှန်”

မထင်ထားခဲ့ဘူး ...
လေဟာနယ်က ၀တ်ရုံလွှာတွေ
ပါးပါးလေးနဲ့ ရင်ကိုလာရိုက်တော့
နှလုံးသားက သံပတ်မပေးရပဲ
သံစဉ်တွေက သူ့အလိုလို
ဖွင့်ဟမိလာတယ် ...။

တကယ်ဆို
စွဲလန်းမိတာ အပြစ်လား
ရင်ခုန်သံတွေ တဝေါဝေါ
အထိန်းအသိမ်း မဲ့မိတဲ့နောက်
အိပ်မက်နဲ့ ဆောက်ခဲ့တဲ့ အိမ်လည်း
လေထုက ခွင့်မပြုခဲ့ပြန်ဘူး။

နှလုံးသားလမ်းကြောင်းဟာ
ကျွန်းခံရုံတင်မကဘူး
ပြတ်ကို ပြတ်နေခဲ့တာ ...။

ဒီလိုနဲ့ ...
အားငယ်စွာ စိုးထိတ်မှုတွေကလည်း
ရာထောင်ချီခဲ့ပြီ ...။
ရင်ထဲက တီးတိုးရွတ်ဆိုခဲ့တဲ့
နာမည်တစုံကလည်း တိမ်ဝင်သွားခဲ့ပြီ ...။

မုသားမပါတဲ့ စကားလုံးတွေက
အမှန်ကို ဖုံးခဲ့လို့လား ... ဟင်
အညတရရဲ့ ရင်ခွင်ဟာ မှောင်မိုက်
ညတွေတောင် ကမ္ဘာပျက်သွားခဲ့ပြီ ...။

မျှော်လင့်ထားတဲ့ လမ်း
ဘယ်မှာမှန်းလဲ မသိ ...
တောင့်တနေမိတဲ့ ကွက်လပ်လည်း
ဗလာနတ္ထိ ...
တိတ်တခိုး ညည်းသံသဲ့သဲ့တောင်
အပါးတော်က နှုတ်ဆက်သွားခဲ့တော့
ကျွန်တော့ ရပ်ဝန်းမှာ
နောက်ဆုံးတော့ ...
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်ကြပြီလေ ...။

ညလင်းအိမ်
(၂၂.၇.၁၀)

Saturday, July 17, 2010

စိတ္တဇ “ည”



အိပ်မက်လိုပါပဲ
ဝိုးတ၀ါး ပုံရိပ်တွေနဲ့
ဒီညဟာ ဆွံအသွားရတယ် ...။

မေ့ပျောက်မရတဲ့ အတိတ်တွေက
ပုံပြင်တစ်ပုဒ်လို
ပါးစပ်ရာဇ၀င် ဖြစ်ခဲ့လေပြီလား ...။

ရှိုက်သံ တချက်က
အခန်းဆက် နက္ကတစ်တွေလို
အဖြူ အမည်း သာသာပါပဲ
တဖျက်ဖျက် လက်နေကြတုန်း ...
တီးတိုးတောင်းပန်သံတွေ
ရင်ထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက်
နှလုံးသားဟာ ကမ္ဘာပျက်နေပြီ ...။

ငါလေ ...
အမှုမဲ့ ပါပဲ
အမှတ်တရကို ပြောင်းပြန်တွေး
စိမ်းလန်းစိုပြေ နဘေးကို
ရောက်ရောက်သွားတယ် ...။

အဲဒီတုန်းက ...
နွေးထွေးတဲ့ ရင်ခွင်တစုံ
ချိုမြမြ စကားသံတချို့
ခုံတန်းတနေရာက စာတစ်ကြောင်း
ခုဆို အရောင်တွေပြောင်း
ရာသီတွေ အလီလီ ဟောင်းပြီပေါ့ ...။

သတိရတယ် ... တမ်းတတယ် ... မေ့မရတယ်
တချိန်တခါဆီက နတ်သားလို စံခဲ့သမျှ
ခုတော့ ငရဲလို ခံနေရပြီ ...။

လမင်းရယ် ...
ဘယ်ကမ္ဘာမှာများ ခိုဝင်နားနေလဲ
ဒီကောင်လူသားကတော့
လမိုက်ညမဟုတ်လည်း
သတိရနေဆဲပါ ...။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
ရင်ခွင်မှာ အမောစို့ဖို့လား
ဒီညဟာ ငါ့အနားရောက်လာတယ်
ခြေသံဖွဖွပေမယ့်
ဝုန်းဒိုင်းကြဲနေတဲ့ ဖိစီးခြင်းတွေ
မသိလိုက်မိတဲ့
မျက်ရည်တစက်က
ရုတ်တရတ် ကြွေကျတယ် ...။

နင်လေ ...
အရိပ်ပြသလိုပါပဲ
ညရဲ့ ၀တ်စုံကို ဆင်ယင်
ပြတင်းတံခါးကို ချည်းနင်း
မှုန်ဝါးဝါး  အလင်းနဲ့
နှလုံးသားကို မြူဆွယ်
စကားတွေ ကြွယ်သွားခဲ့တော့
မာယာတောမှာ မျောမိတဲ့ “ငါ”
မောမိရတဲ့ စိတ်တွေက
ကယောင်ချောက်ချား တုန်လှုပ်
ဒီညမှာ ငုတ်တုတ် ဆွေးရတယ် ...။

ရင်ထဲက ကျင်ခနဲနဲ့
အနာဟောင်းက ထကြွတိုင်း
နှလုံးသားဟာ
တဆစ်ဆစ် အဆိပ်တက်တယ် ...
တော်သင့်ပါပြီလေ ...
ဒီလိုညတွေထဲ
အရင်လို ဘ၀အကြောင်း
မတွေးကောင်းတော့ပါဘူး ...။

ညဟာ ညပဲ
အတိတ်ဟာ အတိတ်ပဲ
ပိတ်မထားတဲ့ တံခါးတချပ်
ခပ်တင်းတင်း စေ့လိုက်တော့မယ် ...။

ငါ့ ဘ၀ ငါ့ အကြောင်းထဲ
သွေးပျက်ညတွေ ကင်းစင်
ကြယ်စင်တွေ လင်းလက်
ရွှေရောင် ပျိုးပျိုးပျက်ပျက်နဲ့
အနာဂတ် ဟင်းလင်းပြင်ထဲ
ပျော်ရွှင်စွာ အိပ်စက်ပါရစေတော့လေ ...။

ညလင်းအိမ် (၁၇.၇.၁၀)

Thursday, July 15, 2010

“ ကဗျာ ငိုတဲ့ ည”



၁၅.၀၆.၂၀၁၀
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ် ...။

အသဲကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယို ဖိတ် သေ ဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက် မှု က
ယုံတမ်းပုံပြင်လို လွင့်ပါးသွားရ ...။

ဒီလိုပါပဲ ...
အတိတ်မဲ့တဲ့ ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေး ပင့်သက်ချ ...

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း ...

ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ ...
နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ ...

ရင်ခုန်သံတွေ ထပ်တူကျ
အော်မြည်သံတွေ တဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ် ....

ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့
ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့ အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက် ...

လွင့်ပါးသွားရတဲ့ ဖြစ်စဉ်တွေ
သေခြာနေတဲ့ မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့....

အဆုံးသတ်တွေ မလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ် ...

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ ညခင်းလေး
မောင်နှမတွေ စုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ .... တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀ ... ည ။
~~~~ @@@@ ~~~~

ကဗျာရေးသားသူ --- အဖြူရောင်နတ်သမီးအရုပ်ကလေးညလင်းအိမ်မိုးငွေ့အနှိုင်းမဲ့ 



အမှတ်တရနေ့လေး တစ်နေ့အတွက် ... အဲဒီနေ့က မရည်ရွယ်ပါပဲ ခုလို ချီးယားစ် လုပ်ဖြစ်ခဲ့ကြတယ် ... :P

Sunday, July 4, 2010

“နောက်ဆုံး”

နွေရွက်အ၀ါတွေ
ရင်ဘတ်အပြာပေါ်မှာ
တရွက်ပြီး တရွက်ကြွေ
မေ့မရတဲ့ ရက်တွေနဲ့ စိတ်တွေထွေ ...။

မိုးရွက် စိမ်းစိမ်းတွေ
နှလုံးအိမ် နီနီမှာ
တစက်ပြီး တစက်ဝေ
အိပ်မရတဲ့ ညတွေနဲ့ အလွမ်းတွေစွေ ...။

ဆောင်းရွက် ဖြူဖြူတွေ
လက်ဖ၀ါး ထူထူမှာ
တချပ်ပြီး တချပ်နေ
မှန်းဆမရတဲ့ အချစ်တွေနဲ့ ဘ၀တွေသေ ...။

ယူ ... ရေ ဘယ်မှာတုန်း
ကူညီကယ်ပါဦး
ဖူးစာရေးနတ်ကလည်း
သုံးဥတု အဆက်ဆက်မှာ
စာရင်းက ဖျက်ဖျက်သွားတော့
မတတ်မသာနဲ့
ငှက်ပျောတုံး တတုံးနဲ့ပဲ
နောက်ဆုံး ဖက်ကာ လုံးရတော့မယ်လေ ...။း(

ညလင်းအိမ် (၃.၇.၁၀)

စိတ်တွေညစ်နေလို့ အပျော်လေးတင်လိုက်တာပါ ..း))

Thursday, July 1, 2010

“မျှော်လင့်ရင်း ... ဝေး ...”



တဲအိုပျက် သာသာပါပဲ
ယိုင်နဲ့နဲ့ နဲ့ အလွမ်းအခါးတွေက
မှော်ဝင် အရောင်တွေထဲ ပြည့်နှက်
အချစ်ကို အမှောင်တိုက်ကြတယ် ...။

ကယောင်ကတမ်း ညတွေမှာတောင်
စိမ်းရွှေရောင် အိပ်မက်တစ်စုံက
နီးစပ်ခွင့်ကို မပေးဘူး
အကွာအဝေးတွေနဲ့ ခြားခြား သွားရတယ် ...။

ဒဏ္ဍာရီဆန်ဆန် ပြကွက်တွေလား
ရှုစားသူမဲ့ ပိတ်ကားထဲ
မျက်ရည်ကျခန်းတွေက ပိုများလာတော့
အက်ရှရှ ညီးသံသဲ့သဲ့တောင်
တစတစ ပျောက်ကွယ်သွားရတယ် ...။

ဒီလိုပါပဲလေ ...
တယောက်တည်း ပေမယ့်
အထီးကျန်ခြင်းက အရိပ်ကျတော့
ဖတ်မရတော့တဲ့ အတိတ်တွေထဲ
ပစ္စုပ္ပန်မှာ ကြွေကျမယ့် အနာဂတ်တွေ
ငါ့ ကို ... ထမ်းပိုးသွားကြတော့မယ်လေ ...။

ညလင်းအိမ် ( ၁.၇.၁၀)
~~~ @@@ ~~~
ပုံကို ဒီကနေ ယူပါသည်။

Saturday, June 5, 2010

“မာယာနတ်သမီး”

နင်ဟာ နတ်သမီးလား
ငါ့ ရင်ခွင်ကို စီးပြီး မျှော်လင့်ချက်ကို ကြဲချတယ်
ပြီးတော့ ..............
ငါ့ နှလုံးသားကို အရောင်ဆိုးတယ်
ပြီးတော့ ..............
ငါ ... ရိတ်သိမ်းခံလိုက်ရတယ်
ငါ့မှာတော့ အလွမ်းငုတ်တိုတွေနဲ့ ထိုင်ငိုနေရပြန်တယ် ...။

နင် ခင်းကျင်းထားတဲ့ အစီအမံတွေထဲမှာမှ
ရူးနှမ်းစွာ ပါဝင်ပတ်သတ်ခဲ့မိတဲ့ ... ငါ
အသည်းတွေ တဖြုတ်ဖြုတ်နဲ့ ဆွဲနှုတ်ခံလိုက်ရပြန်တယ် ...။

နတ်သမီးရေ ...
နင့် ရာသီခွင်ထဲမှာ
ငါက ပြသဒါးဆိုရင်
တိတ်ဆိတ်စွာနဲ့ ပျောက်ကွယ်ပေးပါ့မယ် ...။

ငါဟာ နင့်ရဲ့ မြူမှုန်တမှုန်တောင်
ဖမ်းဆုပ်ခွင့် မရခဲ့တဲ့ အကောင်
ခွေးတစ်ကောင်လို အမောင်းခံလိုက်ရတဲ့ နောက်တော့
ငါဟာ သေဖို့ ရက်စေ့သွားပြီပေါ့ ...။

နတ်သမီးရေ နင့်မာယာကို နင်ရုတ်
ခေါ်ထုတ်သွားပါတော့
မာနမရှိတဲ့ ငါ
ဘာမှမရှိတဲ့ နေရာမှာပဲ
ထာဝရ ဖြစ်မယ့် အချစ်တွေနဲ့
ငါ့ သေတွင်း ငါတူး ... ရူးနေရအုန်းမှာပေါ့ ...။

ညလင်းအိမ် (၅.၆.၁၀)

ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတဲ့ ဘ၀မှ အားလုံးဝေးကြပါစေဗျာ ...။

Thursday, May 27, 2010

“အမှားတွေနဲ့ ဓား”

ငါလေ ...
အမှတ်မရှိခဲ့ပါဘူး
တချက်ထိတောင် ရှတဲ့ ဓားကိုမှ သွေးနေမိတယ် ...။

အဲဒီဓားသွားက ငါ့ နှလုံးကို မွှန်း
ဘ၀တွေ ပွန်းပွန်း လာတာတောင်
ပေးဆပ်ရခြင်းကိုက
နှလုံးသားတွေ ထပ်ကြွေ
ဘ၀တွေ ထပ်သေရတယ် ...။

တကယ်ဆို
သွေးနေတဲ့ ဓားကပဲ ထက်ထက်လာတာလား
သွေးနေတဲ့ လက်ကပဲ ပျက်ပျက်လာတာလား
အမှတ်တရား မရှိတာတော့ မဟုတ်ဘူး
အမှတ်မှားမိတာ ဖြစ်ချင်ဖြစ်မယ်
အဲဒီဓားကိုတော့ သွေးနေမိအုန်းမှာ သေချာတယ် ...။

ဒါနဲ့တောင် ...
SORRY ပါဆိုတဲ့ စကားလုံး ရောက်ရောက်လာတိုင်း
ငါလေ ... ပထမတွေထဲက ဒုတိယ ဖြစ်သွားရလေတော့
ရင်ဘတ်ကိုအုပ် ကိုယ့်ကိုကိုယ်ပဲ ရန်လုပ်ရတော့မယ် ...။

ငါ ခုတ်လိုက်ရင် ရမယ့် အစား
သွေးပြီးတော့ပဲ သိမ်းထုတ်လိုက်ပါတော့မယ်
တချိန် အဲဒီဓားအိမ်အဖုံးမှာ
အချစ်တွေ ရှုံးနေတဲ့ ဓားသွားထက်ထက်နဲ့
ငါ့ အချစ်တ၀က်ကို နင်တွေ့ရစေမယ် ...။

ညလင်းအိမ် (၂၇.၅.၁၀)

Sunday, May 23, 2010

“မင်း”

ငါ့ ... ရင်ကို ခိုးခိုးသွားတဲ့
ညတွေမှာ ...
မင်း ... နှိုးနှိုးသွားတဲ့ အိပ်မက်က
ရိုးရိုးလေးပါပဲ ...
ဆိုးဆိုး သွားတာက ငါ့ နှလုံးသား
မရိုးမသားနဲ့ ကိုးကားရရင်
တိုးတိုးသွားတဲ့ အရာတွေတိုင်းက
“အချစ်” ဆိုတဲ့ စိတ္တဇနာမ်တွေသာ ဖြစ်လာတယ် ...။

ညလင်းအိမ် (၂၃.၅.၁၀)
~~~ @@@@ ~~~~
အစမ်းတင်ကြည့်တာပါ။ အလဲ့ ... ကျော်လို့ ရသားပဲ။ ဒါပေမယ့် တကမ္ဘာကြာအောင် စောင့်ရတယ်း)

Thursday, May 20, 2010

“ကံကို ခေါင်းစဉ်တပ်လိုက်ရတဲ့ အပြန်လမ်း”

ကံကိုသာ အပြစ်ဖို့လို့ရရင်
၂၀၀၈ ဒီဇင်ဘာကို ဥဒါန်းကျူးချင်တယ်
အဲဒီကတည်းက လမ်းတွေ လမ်းတွေ
အကွေ့အကောက်တွေက များလိုက်တာ
ယိုင်နဲ့လိုက် ပြန်မတ်လိုက်နဲ့
စိတ်တွေက ပြုတ်ပြုတ်ကျတယ် ...။

လွယ်တဲ့ အရာတွေက ခက်
ခက်တဲ့ အရာတွေက ပိုခက်လို့
ဘ၀ကို မသတီချင်တော့ဘူး
ရီချင်လည်းရီတော့ အိပ်မက်တွေက ခါးတယ် ...။

ငါက နေချင်တဲ့ မြေ ...
ငါ့ကို လက်မခံချင်တဲ့ မြေ ...
ငါက အကျိုးပြုတဲ့ မြေ ...
ငါ့ကို အဆိုးပြုတဲ့ မြေ ...
တစုံတယောက် ရှိတဲ့ မြေ ...
ငါ့အတွက် ဘုံပျောက်ရတဲ့ မြေ ...
အစုံ မရောက်ခဲ့တဲ့ မြေ ...
ငါ့ကို ကန်ကြောက်ခဲ့တဲ့ မြေ ...

အဲဒီမြေကို
မလွမ်းလောက်ပေမယ့်
လမ်းပျောက်ခဲ့ရပြီ ...။

အချိန်မမှန်သာတဲ့ ဥသြနဲ့
အချိန်မှန်လာတဲ့ နိစ္စဒူဝတွေ
အသားကျခဲ့ရပြီ ...။

အမယ်အစုံမပါတဲ့
တကိုယ်တော် ထမင်းဝိုင်းနဲ့
နာမည်ကျော်ပါတဲ့
ပထမတန်း ခေါက်ဆွဲဟာလည်း
နေ့စဉ် မရှောင်လွှဲနိုင်ခဲ့ရပြီ ...။

အခုတော့
နှုတ်ဆက်ပါတယ်
ရီပြလိုက် ပြုံးပြလိုက်ရတဲ့ ရက်တွေ
စိတ်ဖိစီးမှုများစွာနဲ့ မနက်တွေ
အစိုင်အခဲတွေ လွှတ်ချလိုက်ရတဲ့ ညနေတွေ
အတွေးအစုံနဲ့ အိပ်မရ ညတွေ
စက်ရုပ်လို လူသားဘ၀တွေ
အားလုံး ... အားလုံး  ... အားလုံး ကိုပေါ့ ...။

ကံပါရာ လမ်းအတိုင်း
ပြန်ကာလှမ်းရတော့ပေမယ့်
မမှုပါဘူး ...
အကောင်းမတန်တဲ့ ကံ
ဘယ်လောက်ထန်ထန်
ငါ့ ရင်မှာ ပန်းပန်လျက်ပဲ ...။

ငါ့အတွက်တော့ ...
အကြမ်းပန်းကန်တခွက်
ထမင်းကြမ်းတခဲနဲ့
နွေးထွေးမှု တချို့က
အိမ်အပြန်လမ်းမှာ
စောင့်ကြိုလက်ကမ်း နေမှာဆိုတော့
လျှောက်လိုရာ ထိုစခန်းဆီသို့
ခြေလှမ်းတွေ များစွာဖြင့် ...။

ညလင်းအိမ် (၂၀.၅.၁၀)

~~~~ @@@@ ~~~~

အမိမြန်မာပြည်ကို ပြန်ရတော့မှာမို့ (ခဏ သို့ တသက်လုံးလည်း ဖြစ်နိုင်ပါတယ် ) အားလုံးကို ဒီနေရာလေးကနေ နှုတ်ဆတ်ပါတယ်။ ကျွန်တော်နဲ့ ရင်ဘတ်တူခဲ့ကြတဲ့ ညီအစ်ကို မောင်နှမ အားလုံး၊ တိတ်တိတ်လေးလာပြီး တိတ်တိတ်လေးပြန်သွားကြတဲ့ စာဖတ်သူအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ ရွှန်လန်းကြပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။ မြန်မာပြည်ဧ။် ဆက်သွယ်မှု အခက်အခဲကြောင့် ညီအစ်ကို မောင်နှမ တို့ရဲ့ အိမ်လေးတွေကို အလည်မလာနိုင်ခဲ့ပါက ခွင့်လွှတ်ကြပါလို့ ကြိုပြီး တောင်းပန်ပါရစေ ခင်ဗျာ။ ကဗျာတွေကို ချစ်တဲ့ ကျွန်တော် ကဗျာတွေနဲ့ ပျော်မွေ့နေဦးမှာ ဖြစ်တဲ့အတွက် ကျော်လိုက်ခွလိုက်နဲ့ပဲ ကဗျာတွေ ထပ်တင်နိုင်အောင် ကြိုးစားပါမယ်။ စာတွေလည်း တတ်နိုင်သလောက် ကြိုးစားပြီး လာဖတ်ပါမယ်လို့ ။ skyofnights@gmail.com မှာတော့ ကျွန်တော် အမြဲရှိနေမှာပါ။

အားလုံး ဂွတ်ဘိုင်၊ တာ့တာပါဗျာ ...

ခင်မင်လေးစားမှုများစွာဖြင့်
ညလင်းအိမ်

Sunday, May 9, 2010

“အမေ”



နွေရာသီ အပူထဲ အရိပ်တခုအဖြစ် ...
မိုးရာသီ မိုးရေထဲ ထီးတလက်အဖြစ် ...
ဆောင်းရာသီ နှင်းမှုန်ထဲ အနွေးဓာတ်အဖြစ် ...
ဖန်ဆင်းခဲ့လေသော ငါတို့ရဲ့အမေ ...
ခုတော့ သူ့ကန္တာရမှာ အိုအေစစ်မဲ့တယ် ...။

မတန်ပါဘူး မွေးရတာလို့
မဟန်ပါဘူး ကျွေးရတာလို့
အညီးစကား မဆိုငြားလည်း
ငါတို့များက ခြေစုံကန်သွားခဲ့တယ် ...။

အမေရေ ...
အမေမရှိတဲ့ အရိပ်မို့ နွေက ပူတယ် ...။
အမေမမိုးတဲ့ ထီးမို့ မိုးကစိုတယ် ...။
အမေမပေးတဲ့ အနွေးမို့ အချမ်းက ပိုတယ် ...။
အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

အမေရေ ...
သားမိုက် အလွမ်းပိုက်လို့
အမေ့ဆီ ဆိုက်ဆိုက် မပြန်နိုင်သေးတောင်
အမေ့မေတ္တာ ကရုဏာကို
မှန်းမျှော်တမ်းတ ရှိခိုးကန်တော့ပါရစေ ...။

တနေ့ ...
အမေ့ ကန္တာရမှာ သားပျော်ဝင်ပါလိမ့်မယ် ...
အခုတော့ ...
မငိုပါနဲ့ အမေ ...။
မငိုပါနဲ့ အမေ ......။
မငိုပါနဲ့ အမေ ..........။

ညလင်းအိမ် (၉.၅.၁၀)
~~~~ @@@@ ~~~~~
********************************************
အမေ ကျန်းမာပျော်ရွှင်ပါစေ ...။
********************************************
ပုံလေးကို ဒီကနေ ယူပါသည်။

Saturday, May 8, 2010

“ကောင် မ လေး ရေ ... ”

ကောင်မလေးရေ ...
ကောင်းကင်တွေပြိုတာတောင် မင်းက မနိုးခဲ့ဘူး ...
ငါ့မှာတော့ အိပ်မက်ကိုပဲ ဖက်တွယ်လို့လား
ဒီရက်တွေမှာ တချက်တလေတော့ အသက်သေတယ် ...။

ကောင်မလေးရေ ...
သင်ရိုးညွှန်းတမ်းတွေ မပြီးသေးတာတောင် မင်းက မရှိခဲ့ဘူး ...
ငါမှာတော့ ဗလာရင်တအုပ်နဲ့ စောင့်နေလို့လား
ဒီရက်တွေမှာ ဒဏ်ရာတရွက်ပြီး တရွက် ကြွေတယ် ...။

ကောင်မလေးရေ ...
ဒီလိုနဲ့ ...
ညတွေက ပြာသွားတယ် ...။
စကားတွေက ၀ါသွားတယ် ...။
ဘ၀တွေက နာသွားတယ် ...။
အချစ်တွေက ညာသွားတယ် ...။

ညလင်းအိမ် (၈.၅.၂၀၁၀)

Thursday, April 29, 2010

“ရင်ကွဲနာ”



ဒဏ်ရာတွေ အုပ်မိုး အပိုင်စိုးထားတဲ့ ညဉ့်နက်နက်မှာ
အလင်းပြတ်ရွေ့တွေ ကသုတ်ကရုတ်နဲ့ ခေါင်းပေါ်ထိုးချတယ်
နှုတ်ခမ်းတလှုပ်စာပါပဲ ရုန်းမရတဲ့ ဒီအနာက
ဝုန်းကနဲ့ ထလောင်တော့
ရင်ကွဲနာ ကျတယ် ...။

နှလုံးသားကို သတိတရားနဲ့ သံပတ်ပေးတယ် ...
မရဘူး ...
တစက္ကန့်ရဲ့ ရွေ့လျားမှုမှာ နာရီ မိနစ်တံတွေ လိုက်ပါနေတော့
တောင်စဉ်ရေမရ အတွေးတွေနဲ့
သတိရမိခြင်းကြောင့်
ရင်ကွဲနာ ကျတယ် ...။

တလှပ်လှပ်နဲ့ တုန်ခါလာတဲ့ အိပ်မက်တွေ
ဆေးပန်းချီ ခပ်ရေးရေးဆွဲမိလို့လား
မာရ်နတ်ရဲ့ လှောင်ပြောင်ခြင်းကို ခံရတယ်
တိုးတိုးလေး ငုပ်လျိုးလိုက်ချင်ပါတယ်
အစပါလာတဲ့ ကြိုးမို့လား
ရင်ကွဲနာ ကျတယ် ...။

ငှက်ဆိုးရဲ့ အော်သံက ရှိုက်သံတွေနဲ့ အတူ
နေ၀င်သွားသလို
မီးညှိထားတဲ့ ဖယောင်းတိုင်တောင်
ကိုယ်တိုင် အလင်းမဲ့တယ်
ပိုင်ဆိုင်လိုမှု အတ္တတွေက ရေမျောကမ်းတင်မို့လား
ပင်လယ်ကို ဆဲဆိုပြီးမှ ချုံးချုံးချ ငိုရလို့
ရင်ကွဲနာ ကျတယ် ...။

လွှတ်ပစ်လိုက်တဲ့ အဟောင်းတွေ
သတိရလို့ ပြန်ကောက်တော့
အမှိုက်တွေပါတယ် ...
ဒါပေမယ့် စံပယ်ရနံ့တွေ ရှိုက်မိလိုက်တော့
အနမ်းတချက်မှာ အသက်မဲ့သွားတယ်
အသက်ပြန်သွင်းတိုင်းမှာလည်း
ထစ်အထစ်အနဲ့
ရင်ကွဲနာ ကျတယ် ...။

အချိန်ကာလရဲ့ သမားတော်က ဘယ်မှာလဲ ...။
ကုရာနတ္ထိ ဆေးမရှိတဲ့ ညသန်းခေါင်တွေ
အမှောင်တွေအကူးမှာ ကျွံကျွံကျမှတော့
တမ်းတမ်းတတနဲ့ပဲ ရင်ခွင်အပျက်မှာ
နေတခြစ်ခြစ်ပူအောင်
ရင်ကွဲနာ ကျတယ် ...။

ဒီလိုနဲ့ ... ဒီလိုနဲ့ ... ဒီလိုနဲ့ပဲ
စခဲတဲ့ အမှတ်တခု
မဆုံးသေးတဲ့ မှတ်တိုင်ထိ
ရင်ကွဲနာ ကျလွန်းနေတော့
နွေမိုးဆောင်း ဥတုသုံးလီမှာ
ပဲ့ပဲ့သွားတဲ့ နှလုံးသားစည်းချက်တိုင်း
မျဉ်းဖြောင့်တစ်ကြောင်းတည်း အောက်မှာမှ
တဖြည်းဖြည်း တွန့်ကောက်လာခဲ့တယ် ....။

ညလင်းအိမ် (၂၉.၀၄.၂၀၁၀)
~~~~ @@@@ ~~~~~~
ပုံလေးကို ဒီကနေ ယူပါသည် ။
~~~~ @@@@ ~~~~~~
စိတ်အခြေအနေ လုံးဝမကောင်းပါသဖြင့် ညီအစ်ကို မောင်နှမတို့ဧ။် ဘလော့ဂ်သို့ မရောက်ရှိနိုင်ခြင်းအတွက် နားလည် ခွင့်လွှတ်ပေးနိုင်ကြပါစေး((( 
*************************************************************************** 

Tuesday, April 27, 2010

“မှာတမ်း”

လေဟာနယ် တခွင်မှာ အကြင်နာရနံ့တွေက ငွေ့ရည်ဖွဲ့နေပြီ ...။
အနောက်မြို့ရိုးမှာလည်း စစ်ပွဲတွေက ရပ်စဲလိုက်ပြီ ...။
မအောင်မြင်သလို မကျရှုံးခဲ့တဲ့ စစ်သည်တော်ကတော့ အားလုံး တည်ငြိမ်မှုတွေကြား ဒူးကို ထောက်လိုက်တယ် ...။

အို ... အရှင် ...
လမင်းအနား မခစားရတာ ကြယ်ကလေး မထိုက်တန်လို့လား ...။
ပန်းလေးနား မပျံဝဲရတာ ပျားကလေး ချို့တဲ့နေလို့လား ...။
ပင်လယ်ထဲ စီးဆင်းခွင့်မရှိတာ သောင်တင်နေတဲ့ မြစ်မလို့လား ...။
အရှင့်ရဲ့ အချစ်ကို မရထိုက်တာ ဒီတိုက်ပွဲကို မနိုင်ခဲ့လို့လား ...။
ပြောပြပေးပါ ...။

ကျွန်ုပ် ဆုတောင်းပါသည် ...။
မှိုင်းညို့ညို့ရင်ခွင်မှာ ဆိုင်းနေတဲ့ မြူတွေ ပျယ်လွင့်ပါတော့လေ ...။
ကမ္ဘာကြီးရဲ့ ရင်အုပ်ထဲမှာ ငြိမ်ကုပ်နေသွားချင်လို့ပါ ...။
မထင်မရှား သာမန်အရပ်သားဘ၀နဲ့ တကိုယ်တော် တဲအိုပျက်မှာ ကြယ်တွေကို ရေတွက်သွားချင်လို့ပါ ...။
ဘယ်ဖက်ရင်အုပ်က လက်တဖျစ်စာ အနာကိုလည်း စိတ်ငြိမ်စွာ ကုသခွင့် ပေးတော်မူပါတော့ ...။

အို ... အရှင် ...
ဤနေရာ၌ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတော့ ...။
ကျွန်ုပ်ပြုသောအမှု ကောင်းသည်ဆိုးသည် သီးခံပါလေ ...။
အရှင့်ရဲ့ နာကျည်းခြင်း ဥပေက္ခာတွေ ကြားမှာ နှလုံးသွေးနဲ့ ရေထွင်းခဲ့ပါမယ် ...။
အနာဂတ်ရာဇ၀င်မှာ သူရဲကောင်းဟု သတ်မှတ်ပေးပါ ...။
အချစ်နတ်ဖုရားရဲ့ ကောင်းကင်မှာ နေရာတခုသတ်မှတ်ပေးပါ ...။
အချစ်ကြီးသူတို့ ပုံပြင်ကို နောင်နာနောင်သားတို့အား ပြောပြပေးတော်မူပါ ...။

အို ... အရှင် ...
ပန်းပျိုသူတို့ ဥယျာဉ်မှာ မဖူးပွင့်နိုင်တဲ့ ပန်းဆိုတာ ဥယျာဉ်မှူး ညံ့လို့မဟုတ်ပါ ...။
မဖူးပွင့်ချင်တော့လို့ပါ ...။
ကျွန်ုပ်သည်လည်း အရှင့် နှလုံးသား ရင်ပြင်မှာ ပန်းမပျိုးချင်တော့ပါ ...။

သြော် ...
လရောင်ကို ကြိုလင့်ဖို့ နေတောင် ၀င်ပေးနေပြီ ...။
ကျေးငှက်တွေလည်း အိပ်တန်းပြန်ကုန်ကြပြီ ...။
အဖော်မဲ့တေလေ တကောင်တော့ အိမ်ရာပျောက်နေတယ်  ...။
နာကျင်အောင် ဖန်တီးပြီးမှ အခါခါသေသွားတဲ့ နှလုံးသားကတော့ နေရောင် တခေါက်ရောက်ရင် လင်းလက်တောက်ပလာပါစေ ...။

သွားတော့မည် ... အရှင် ...
မငိုကြွေးပဲ ဟားတိုက်ပါတော့ ...။
ကြည်သာရွှင်ပြစွာ လက်ခုပ်တီးတော်မူပါ ...။
ကျွန်ုပ်အား အနာဂတ်သို့ တွန်းလွတ်ပေးတော်မူပါ ..။
ကျွန်ုပ်ဧ။် မျက်လုံးအိမ်မှ ကျသော မျက်ရည်ကို ခြေဆေးတော်မူပါ ...။
ကျွန်ုပ်ဧ။် နှလုံးသွေးနဲ့ ကောင်းမွန်စွာ ရှေ့ဆက်တော်မူပါ ...။
ကျွန်ုပ်အား အရှင့် ရာသီခွင်တွေထဲက မောင်းထုတ်တော်မူပါ ...။

ကောင်းကင် သယံဇာတတွေ ကြွယ်ဝချိန်မှာ ကျွန်ုပ်သည် မထင်မရှားကြယ်အဖြစ် ရှိနေပါလိမ့်မယ် ... အရှင်ယုံကြည်ပေးပါ ...။
ယခုတော့ ကျွန်ုပ် သွားတော့မည် ...။
ကျွန်ုပ်ဧ။် ချစ်ခြင်းကို ကျွန်ုပ် သယ်ဆောင်သွားတော့မည် ...။
ကျွန်ုပ်ဧ။် ဒဏ်ရာကို ကျွန်ုပ်ကုစားပါရစေတော့ ...။

ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
~~~~ @@@@ ~~~~

Monday, April 26, 2010

“သက်မဲ့ ဈာပန”



ထားခဲ့ပြီလေ ...
နောက်ဆုံးရထားတောင် မမှီတော့ဘူး ...။
လိုက်ပါပို့ဆောင်သူမဲ့တဲ့ အချစ်ဈာပနက အသံတွေတိတ်
ဖျာတွေတောင် လိပ်သွားပြီ ...။
ကျောခိုင်းသွားကြတဲ့ အရာအားလုံးကလည်း
ဝမ်းနည်းပူဆွေးမှုလေးတောင် မဖော်ပြခဲ့ဘူး
ပျော်ရွှင်စွာ လှမ်းထွက်သွားကြပြီ ...။

ဘောင်ခတ်ထားတဲ့ အခေါင်းထဲက
နှလုံးသား အလောင်းကောင်ကတော့
တချက်တချက် ထထခုန်တယ် ...။
ဒင်းက အမှတ်မရှိတာလား ...။
အသေမဖြောင့်တာလား ...။

အဟတ် ... ထားလိုက်စမ်းပါ
ရက်စက်စွာနဲ့ ရေထွင်းခံခဲ့ရတဲ့
အတိတ်စာမျက်နှာတွေက ကျောက်ထပ်အက္ခရာ တင်ပေးလိမ့်မယ် ...။

တိတ်ဆိတ်စွာပဲ လှဲလှောင်းလိုက်ပါတော့ ...။
နှလုံးသားမှာ ရိုက်သွင်းခဲ့တဲ့ ကျိန်စာတွေ
တနေ့မှာ ပြေသွားမှာပါ ...။

ငိုသံသဲ့သဲ့လည်း မကြားရ ...
ကမ္မ၀ါဖတ်သံလည်း မကြားရ ...
ဆုတောင်းရွတ်ဖတ်သံလည်း မကြားရ ...
ဒီသင်္ချိုင်းကိုက တိတ်ဆိတ်လွန်းတာကြောင့်
အဝေးစေတီက ဆည်းလည်းခတ်သံ အကြားမှာ
နှလုံးသား ရှိုက်သံတ၀က်နဲ့ပဲ
အာရုံပြုဆုတောင်းပါရစေတော့ ...။

နောင်သံသရာ အဆက်ဆက်
အခက်အလက် မဝေလည်း
သက်စေ့နေရတဲ့ နှလုံးသားနဲ့
ဈာပနချပါရစေ ...။

ညလင်းအိမ် (၂၆.၀၄.၂၀၁၀)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။
~~~~ @@@@ ~~~~

Saturday, April 24, 2010

“Block ထားတဲ့ လေဟာနယ်”



ချစ်သူရေ ... (တဖက်သက်ပါ)
လေဟာနယ် တခုက
မင်းနဲ့ ငါ့ကြား ပါးပါးလေး ...
ဒါပေမယ့် ...
အလွမ်းစကား မကြားရတာကြာပြီ
သတိများရရဲ့လား ...။

ဆက်သွယ်မှု ဧရိယာ တဖက်စွန်းက
နှလုံးသားတစုံမှာ လက်ခံမှုနှုန်းကလည်း
အားနည်းနေတာကြောင့်
ငါ ... သတိရတိုင်း ပို့လိုက်တဲ့ စကားတွေ
လေဟာနယ်မှာပဲ ပြန့်ပွသွားပြီလား ...။

ခုတော့လည်း
လွမ်းတတ်တဲ့ ငါ့ ... စိတ်တွေက
မဆိုင်တော့တဲ့ ပတ်ဝန်းကျင်မှာ
အကျွမ်းဝင်နေလောက်ပါပြီ ...။

အနောက်တောင်လေတွေက တိုက်လာပြီ ...
မျက်ဝန်းမှာ မိုးတွေညိုပြီဆို
နှလုံးသား အော်ငိုတော့မယ် ...
လှိုက်တက်လာတဲ့ တောင့်တမှုတွေ
အန်ချလိုက်တဲ့ နောက်
စိတ်က တကောက်ကောက်နဲ့ ပါသွားတယ်
အဲဒီ လေဟာနယ် စီးကြောင်းတွေထဲ ...။

တချက်တချက် ရှိုက်သံသဲ့သဲ့ဟာ
ကြိမ်နှုန်းခုန်သံနဲ့အတူ စီးမျောရင်း
တိုး ၀င် ပျောက် ရှ သေး သိမ် သွား ...

ဒီလိုနဲ့ ...
ထပ်တူမကျနိုင်တဲ့ ခံစားမှုကို
ပြန်မျိုအချ တဒင်္ဂမှာပဲ
နှလုံးသားလေး ဖျားသွားတယ် ဆိုတာ ...
အဲဒီနေ့က မကြော်ငြာတဲ့ (နားမထောင်ဖြစ်တဲ့)
မိုးလေ၀သ သတင်းတခုကြောင့် ...
........ ......
“လေဟာနယ်ကို တဖက်က block လုပ်လိုက်ပြီတဲ့ ...။”

ညလင်းအိမ် (၂၄.၀၄.၂၀၁၀)
~~~~ @@@@ ~~~~~~

ပုံလေးကို ဒီကနေ ယူပါသည်။

Wednesday, April 21, 2010

ကဗျာစုလေးများ

“အမည်မဲ့ ပန်း”

နကိုကတည်းကမှ
နှင်းမှုံကြားမှာ မပွင့်နိုင်တဲ့ပန်း
စိတ်ကူးတွေနဲ့ လန်းခဲ့ရင်တောင်
လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းမှာ
အနမ်းပွင့်တွေကို ကိုယ်တိုင်ချွေနေခဲ့ရသူပါ ...။

လေဟာနယ်ဆိုတာ ဒြပ်တခုသာဆို
မွှေးပျံ့လာမယ့် ရနံ့တိုင်းမှာ
ဆောင်ကျဉ်းပေးမယ့် ဒြပ်တခုသာသာဟာ
အမည် မပါလာတဲ့ ပန်းတပွင့်စာရဲ့
တိုးလျှပါးလွှားတဲ့ ငိုရှိုက်သံ သဲ့သဲ့သာ ဖြစ်မယ်ဆိုတာ ...။


ညလင်းအိမ် (၁၀.၄.၂၀၁၀)

************************@@@*********************

“လမ်းခွဲမိုးတိမ်”

လမ်းခွဲခြင်းမှာ နှုတ်ဆတ်မှုတွေမပါသလို
မိုးတိမ်တွေလည်း မပြိုအက်ခဲ့ပါဘူး
သဘာဝဆန်ဆန်ပဲ ညနေခင်းတွေလည်း
သူ့တာဝန်နဲ့သူ လှပနေခဲ့တယ်။
ဒါပေမယ့် ...
တိတ်တဆိတ် ရှိုက်သံတချို့နဲ့
နှလုံးသား တဖက်လပ် ဖြစ်သွားတဲ့ ငါ ......
ရပ်နေဆဲပါပဲ ဒီနေရာလေးမှာ
လေထဲက အောက်ဆီဂျင်တွေ
အယောင်ယောင် အမှားမှားနဲ့မို့လား
ငါ ... တခဏသေသွားတယ် ...။
(ဘ၀ သေသွားသလိုပါပဲ)
ဒီလိုနဲ့ ...
စိတ္တဇ ဆန်ဆန် ဦးမော့ပစ်လိုက်တယ်
မိုးတိမ်ရေ ငါ့ကို ခေါ်ဆောင်ပေးပါ
အလွမ်းမပွင့်တဲ့ ရာသီတွေဆီသို့ ...။


ညလင်းအိမ် (၁၅.၄.၂၀၁၀)

************************@@@*********************

“လွဲ”

ပန်းတပွင့် မိုးပေါ်က ကြွေအလာ
လေအညှာ တချက်ခတ်မှာ
ရှောင်ဖယ်ကာ သွားလိုက်ပုံက
အလှမ်းမမှီတဲ့ပန်း ကြွေတာတောင် အကျလွဲတယ် ...။

နက္ခတ်တွေ ဖွက်တဲ့ ကောင်းကင်မှာ
မထင်မရှား ထိပ်ထားလေးက
အချစ်စကား ဆိုမှာစိုးလို့
တိမ်ညစ်တွေ ကာဆီးလိုက်ပုံက
စိတ်ကူးယဉ်အိပ်မက်တောင် စိတ်ကူးထဲ ပြန်ကျုံဝင်တယ် ...။

ဒီလိုပါပဲ ...
ဂြိုလ်တွေတောင် ဘယ်နေ့သေမှန်းမသိ
အသက်တွေလည်း ဘယ်ရွေ့ရှည်မှန်းမသိ
လျှောက်တဲ့ လမ်းတောင် မြေသားတွေ ပြိုကျမှာတော့
လွဲတယ်ဆိုတာ ပါးပါးလေးပါ ...။


ညလင်းအိမ် (၁၉.၄.၂၀၁၀)

************************@@@*********************
ဒီကဗျာလေးတွေက ကျွန်တော် ညလင်းအိမ် နာမည်နဲ့ ရေးထားခဲ့တဲ့ ကဗျာစုလေးတွေပါ။ မြက်ခင်းသစ်ဆိုတဲ့ ဆိုက်လေးမှာတော့ တင်ဖူးပါတယ်။ 
************************@@@*********************

Friday, April 16, 2010

“သွေးစွန်းတဲ့နေ့”

ကြယ်တွေစုံတဲ့ နေ့မှ
မရဏမင်းရဲ့ ခေါ်သံတွေထပ်နေတယ် ...။

လွတ်လပ်စွာ ကခုန်နေတာကို
တေးသွားက မလိုလားလို့လား ...

သွေးဆိပ်တက်နေတဲ့ လက်တွေက
နေမ၀င်လိုက်တဲ့ ညတွေဆီ ခေါ်ဆောင်သွားတော့
အိမ်ရာမဲ့ ၀ိညာဉ်တွေ
မကျေမနပ်နဲ့ ဆဲဆိုကြတော့မယ် ...။

အော် ...
ကောင်းကင်အစွန်းနားက
နှုတ်ခမ်းသားတွေ
ပဲ့ကြွေကုန်မှတော့
သွေးစွန်းတဲ့ အော်သံတွေလည်း
ရေထဲ ကျပျောက်လို့
ငေးသာကြည့်နေရတော့တယ် ...။

ရင်ထဲက “တောက်” တစ်ချက် ခေါက်မိတယ်
အဲဒီနေ့ကို ရာဇ၀င်ထဲ ထည့်သွင်းသူတွေကြောင့် ...
တိမ်ဖုံးသွားရတဲ့ ဘ၀တွေ
အပြစ်မဲ့တဲ့ နှလုံးသားပိုင်ရှင်တွေ
ဆုတောင်းရွတ်ဖတ်သံတွေနဲ့အတူ

ကောင်းကင်ဘုံတပါးမှာ ကောင်းမွန်ခံစားကြပါစေတော့ ...။

ညလင်းအိမ် (၁၆.၄.၂၀၁၀)

Wednesday, April 7, 2010

“အဓိပ္ပါယ်အပြည့်နဲ့ သင်္ကြန်”

  

လေးတစ်ည ကမ္ဘာမြေရဲ့ အလှအပကို သူက ပိုင်စိုးထားဧ။်။ ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ ကောင်းကင်ကြီးက လှပနေဧ။်။ ရုတ်တရတ် ပြန့်လွင့်လာတဲ့ ပိတောက်သင်းနံ့ မွှေးပျံ့ပျံ့က ကျွန်တော့် နှာခေါင်းဝသို့ တိုးဝင်လာတယ်။ မနက်ကတည်းက ခြံထောင့်က ပိတောက်ပင်ကြီးက အပွင့်တွေဝေေ၀ဆာဆာ ဖူးပွင့်လို့ နေပေမယ့် ခုအချိန်မှာမှ ပိတောက်နံ့ကို အားရပါးရ ရှုမိလိုက်ဧ။်။

“အားပါးပါး မွှေးလိုက်တာ” ...

သြော် မနက်ဖြန်ဆို သင်္ကြန်တောင်ကျပြီ .. အဟိ။ ကိုယ့်ဘာသာကိုယ် တွေးထားတဲ့ စိတ်ကူးလေးကို သဘောကျလို့ ရယ်မိလိုက်ဧ။်။ ပျော်လိုက်တာ မနက်ဖြန် သင်္ကြန်အကျနေ့မှာ ချစ်ဆုံးသူ့ကို ပထမဆုံး ရေလောင်းရမယ်။ နောက်ပြီး မတွေ့တာ ကြာနေပြီ ဖြစ်တဲ့ ချစ်သူ မျက်နှာလေးကို မြင်ရတော့မည်။ အင်း ... အိပ်တော့မှပဲ။ မနက်ဖြန် သူငယ်ချင်းအိမ်ကို စောစောရောက်အောင်သွားရမယ်။ သူငယ်ချင်းအိမ်နဲ့ ချစ်သူအိမ်က နီးတယ်လေ။ သူငယ်ချင်းအိမ်နဲ့ ချစ်သူမိသားစုက သိကြတယ်။ မနက်ဖြန် သူတို့ အိမ်မှာ မုန့်လုံးရေပေါ်နဲ့ သာကူကြိုမယ်တဲ့။ ရေကန်အသင့် ကြာအသင့်ပဲ ချစ်သူအိမ်သွားဖို့ အကြောင်းရှာလို့ရပြီ။  ခုံတန်းလေးထက်မှ ကျွန်တော်ဖြည်းညှင်းစွာ ထလိုက်မိသည်။ လေညှင်းလေးက ဝှေ့တိုက်သွားလိုက်တာ အင်္ကြန် အငွေ့အသက်တွေနဲ့ ပါလား။ အရာရာ အားလုံးဟာ သာယာလှပလို့လေ ...။

တူ ... တူ ... တူ ...။ အချိန်မှန် နှိုးစက်လေးက သတိပေးနေလေရဲ့။ ကျွန်တော်အိပ်ယာထက်မှ အမြန်ခုန်ထလိုက်တယ်။ သွားတိုက် မျက်နှာသစ် ရေချိုးလိုက်ပြီးမှ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးသဲ့သဲ့ကို တွေ့ရတော့ မနေနိုင် အမြန်ရိတ်လိုက်မိတယ်။ ဒီနေ့ဟာ ကျွန်တော်အတွက် စိတ်ရော ကိုယ်ပါ နုနေရမယ့် နေ့တစ်နေ့ဖြစ်နေလို့ပါပဲ။ ခေါင်းကို အသေသပ်ဆုံးဖြစ်ဖို့ သေသေချာချာကို ဖီးနေမိသည်။ အိုကေပြီ ဒီလောက်ဆိုရလောက်ပြီ။ ဂျင်းပင်နဲ့ တီရှပ်လက်ရှည်ကို သေချာဝတ်ပြီး မှန်ကိုပြန်ကြည့်လိုက်မိဧ။်။ အလဲ့ ဒီလိုဆိုတော့လည်း ကျွန်တော်က မဆိုးဘူးပဲ။

“ဟဲ့ ... သားနားလှချည်လား။ ဒါက ဘယ်သွားမလို့လဲ”

“သူငယ်ချင်းအိမ်လေ အမေ... မနေ့ကတည်းက အမေ့ကို ပြောထားတယ်လေ”

“အေးပါကွယ် သားသမီးတွေများတယ်ခက်တာပဲ ... အရွယ်ရောက်လာတာနဲ့ သူတို့စိတ်ကို မခန့်မှန်းနိုင်တော့ဘူး ... ကဲကဲ သွား စောစောပြန်ခဲ့”

“ဟုတ်ကဲ့ ... အဟဲ သား သွားပြီနော်” .........

အမေ့မျက်နှာက ပြုံးရောင်သန်းနေသည်။ တခုခုကို ရိပ်မိနေတဲ့ပုံမျိုး။ ဘက်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်းက နာရီကိုကြည့်မိလိုက်တယ်။ မနက် ၆ နာရီခွဲ ... တော်တော်စောသေးတာပဲ။ လိုင်းကားတွေကော ထွက်ပါ့မလား။ စိုးရိမ်စွာ ကျွန်တော်တွေးလိုက်မိတယ်။ ချစ်သူရပ်ကွက်လေးကို ရောက်ဖို့က ကားသုံးဆင့်တောင် ပြောင်းစီးရမှာလေ။ ဒီအချိန်မှာ မထွက်ရင် နောက်ကျလိမ့်မယ်။ဟော ... ကားလာပြီ ကျွန်တော်ပျော်သွားတယ်။ ကားက နဲနဲကျပ်နေပေမယ့် ဒီလောက်တော့ ရှိမှာပေါ့လို့ တွေးလိုက်မိသည်။ အင်္ကြန်ချိန်ခါက ကားတွေက သိပ်မထွက်ကြဘူးလေ။

“...... ကိုဘယ်လောက်လဲ ...” 

“၂၀၀ ပါအစ်ကို ” 

“ဟာများလိုက်တာ မင်းတို့ကလည်းကွာ လွန်တာပေါ့” ကျွန်တော်မကျေမနပ်နဲ့ ပြောလိုက်မိတယ်။ ပုံမှန် ၅၀ ခရီးပါ နောက်ပြီး မှတ်တိုင်က ငါးမှတ်တိုင် လောက်ပဲ စီးရမှာ...။

“ကဲ ... ဟိုအစ်ကို စီးမှာလား မစီးဖူးလား ... မကျေနပ်ရင် ဆင်း” 

အန် .. သူတို့ကလည်း မတရားယူသေးတယ်။ ကျွန်တော်ဘာမှမပြောပဲ ပိုက်ဆံ ၂၀၀ကို ထုတ်ပေးလိုက်ရတယ်။ ဒီလိုနေ့မှာ ကိုယ့်ကပြန်ပြောရင် အမှားပဲ ဖြစ်နေမှာ။

ဒီလိုနဲ့ပဲ ကားသုံးဆင့် ပြောင်းစီးပြီးမှာ ချစ်သူရှိတဲ့ ရပ်ကွက်ကို ခြေချမိတော့တယ်။ နာရီကို ကြည့်လိုက်တော့ ၈ နာရီကျော်ပြီ။ ဟူးးးးးးးးး ... သတ်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိဧ။်။

“ဟိတ်ကောင် ... နောက်ကျလှချည်လား ...”

“ဟာ ... မင်းကလည်း ငါအစောကြီးထဲက ထွက်လာတာ ... ကားစီးရတာ ခက်တယ်ကွ”

“အေးအေး စကားအပိုတွေ မပြောပဲ ၀ိုင်းကူလုပ် ... တော်ကြာ ငါ့အိမ်က အမြင်ကတ်ပြီး မင်းချစ်သူအိမ်ကို မုန့်သွားမပို့နဲ့တော့ဆို ခက်မယ်နော်”

“အေးပါကွာ... ငါ့ကောင်ကလည်း ပဲကိုင်လိုက်တာ”

မုန့်လုံးရေပေါ် ၀ိုင်းလုံးပေးရင်း နာရီကို ကြည့်နေမိတယ် ... သူနိုးနေပြီလား ... ရေပဲထွက်ပက်နေပြီလား ... ငါပြောထားတာပဲ ငါအရင်ဆုံးသူု့ကို ရေလောင်းချင်တယ်လို့ ... သူစောင့်နေမှာပါ ... တွေးရင်းတွေးရင်း ... မုန့်လုံးရေပေါ်က လုံးရင်းနဲ့ ထန်းညက်တွေ အရည်ပျော်ကုန်ပြီ။

“ဟား ... ဟား ... ဟား ...” သူငယ်ချင်း မိသားစုက ကျွန်တော်ကိုကြည့်ပြီး ၀ိုင်းရယ်ကြသည်။ ရှက်လိုက်တာဗျာ ... အဟီး ။

သူငယ်ချင်းက စက်ဘီးကို ထုတ်လာသည်။ မုန့်တွေ ထည့်ထားတဲ့ ချိုင့်က အဆင်သင့် ကျွန်တော်လက်ထဲမှာ။

“ဟိတ်ကောင် ... သေချာကိုင်ထားအုန်း စက်ဘီးပေါ်က ပြုတ်ကျပြီး မုန့်တွေမှောက်ကုန်မယ်” သူငယ်ချင်းက ရယ်ကျဲကျဲနဲ့ နောက်သည်။

“ငါသိပါတယ်ကွ ... ခွီးမှပဲ” မကျေမနပ်နဲ့ ကျွန်တော်ပြန်ပြောလိုက်တယ်။ ဒီထက်ထပ်ပြောလို့ မဖြစ် သူ့အကူအညီအများကြီးပါတယ်။ ဒီနေ့တော့ ခံလိုက်ဦးပေါ့ကွာ ...။

ရင်တွေခုန်လိုက်တာ ... ချစ်သူနဲ့ တွေ့ရတော့မယ် ။ ချစ်သူအိမ်ကို ပထမဆုံးရောက်ဖူးတာလေ။ ဒါကြောင့် ... ရင်တွေတုန်နေသည်လား ခုန်နေသည်လား မသိတော့။ သူငယ်ချင်းနောက်က ကျွန်တော်ကုပ်ကုပ်နဲ့ ပါသွားတယ်။ အိမ်ရှေ့မှာ ဘယ်သူ့မှမရှိ။

“အန်တီရေ ... အန်တီရေ ...”

“ဟေ .. သားပါလား ... သူငယ်ချင်းလည်း ပါလာတာလား ... လာလေ အထဲဝင်” အန်တီကြီးက ဖော်ရွှေပုံရတယ် အိမ်ထဲကို ၀င်ခိုင်းသည်။

“ဟုတ်ကဲ့ အန်တီ ... ဒါ (...)ရဲ့ သူငယ်ချင်းပဲလေ ... လာလည်ချင်တယ်ဆိုလို့”

“အေးအေးလာလာထိုင် ... သမီးရေ ... ဒီမှာ ကို(...) တို့ ရောက်နေတယ်”

ဟာ ရင်တွေခုန်လိုက်တာ ... တံခါးဝမှာ ချစ်သူမျက်နှာကို တွေ့လိုက်ရသည်။ အိပ်ယာထခါစ ဆံပင်စုတ်ဖွားနဲ့ ပုံစံလေးက ချစ်ဖို့ကောင်းလိုက်တာ။ သူငယ်ချင်းက ခြေထောက်လှမ်းကုပ်သည်။ ကျွန်တော်မနည်း မျက်နှာလွှဲလိုက်ရသည်။

“သားတို့ ခဏထိုင်ကြ ... အန်တီ မုန့်တွေယူပြီး အိမ်မှာ လုပ်ထားတဲ့ မုန့်တွေထည့်ပေးလိုက်မယ် ... သူငယ်ချင်းအတွက်ပါ ပိုထည့်ပေးမယ်”

“ဟုတ်ကဲ့ ကျေးဇူး” ကျွန်တော်တို့ နှစ်ယောက်စလုံး ပါးစပ်က ပြိုင်တူအသံထွက်သွားဧ။်။

ချစ်သူအမေက အိမ်ထဲဝင်သွားဧ။်။ ချစ်သူက ထွက်လာရရင် ကောင်းမလားလို့ စဉ်းစားနေလေဧ။်။ သူငယ်ချင်းက ရှောင်ပေးရှာသည် ။

“ငါ ... ဒီနားမှာ ကွမ်းသွားဝယ်အုန်းမယ် ... ကောင်းကောင်းနေခဲ့နော်”

ကျွန်တော့် အသံတိတ် ပါးစပ်ပိတ်ပြီး ဆဲလိုက်သည်။

ချစ်သူက တခစ်ခစ်နဲ့ ရယ်သည်။ လာအုန်းလို့ လက်ယက်ပြီး ကျွန်တော် လှမ်းခေါ်လိုက်သည်။ ချစ်သူ ခြေလှမ်းတလှမ်းပဲ ရွေ့ရသေးတယ် ...။

“ သမီးရေ လာဝိုင်းလုပ်အုန်း ... မျက်နှာလည်း သစ်အုန်းလေ .. တယ်ညစ်ပတ်တာကို” 

“ ဟုတ်..ဟုတ် မေမေ လာပြီ” ချစ်သူပါ အိမ်ထဲပြန်ဝင်သွားလေသည်။

ကျွန်တော်တယောက်တည်း အိမ်ရှေ့မှာ ဘာလုပ်ရမှန်းလည်းမသိ ... လက်နှစ်ဖက်ကို ယောင်ပြီး ပွတ်နေမိတယ်။

“သားက သမီးနဲ့ သူငယ်ချင်းပဲလား” .. ရုတ်တရတ်ထွက်ပေါ်လာတဲ့ အသံကြောင့် လန့်သွားမိသည်။

“ဟုတ်ကဲ့ အန်တီ”  ဒီထက်ဘာဆက်ပြောရမှန်းမသိဘူး ...။

ယောင်တောင်တောင်နဲ့ “သူငယ်ချင်းက ဒီနားမှာ ကွမ်းယာသွားဝယ်တဲ့ အန်တီ” လို့ အကြောင်း ရှာပြောလိုက်မိဧ။်။ အန်တီကြီးက ကျွန်တော့်ကို သေချာအကဲခတ် နေသည်ထင်ပ။ ကျွန်တော်ခေါင်းကို ငုံလိုက် အပြင်ကို ကြည့်လိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေမိသည်။ တော်ပါသေးဧ။် သူငယ်ချင်းပြန်ရောက်လာလို့။ ချစ်သူကလည်း ကော်ဖီထည့်ထားသော လင်ပန်းလေးနဲ့ ထွက်လာသည်။ ပါးမှာလည်း သနပ်ခါး ရေကျဲလေးနဲ့လေ ... အားပါး ... ချစ်ဖို့ သိပ်ကောင်းလိုက်တာ။ သူငယ်ချင်းနဲ့ အန်တီက စကားတွေပြောလို့။ ကျွန်တော်က အဲဒါကို အခွင့်ကောင်းယူကာ ချစ်သူနဲ့ အသံတိတ်စကားတွေ ပြောနေမိသည်။

သူငယ်ချင်းက “ညီမလေး ရေမဆော့ဘူးလား ... အိမ်ရှေ့မှာပဲ ဆော့မှာလား” မေးလိုက်သည်။

“ဟုတ် အိမ်ရှေ့မှာပဲ ဆော့မှာလေ ... အားရင်လာဆော့လေ” ...
ပြောသာပြောလိုက်သည် ချစ်သူက သူ့အမေကို ပြန်ကြည့်လိုက်သည်။ အန်တီကြီးက ဘာမှတော့မပြော။ ဒီလိုနဲ့ အချိန်အနည်းငယ်  ကြာသွားသည်လေ။

သူငယ်ချင်းက လက်တို့သည် ... “ငါတို့ ပြန်ရအောင်လေ...” တဲ့  

“အော်.. အေးပြန်ကြမယ်လေ” ကျွန်တော်အသံက စိတ်မပါမှန်းသိသာနေတယ်။ ရေလောင်းချင်တဲ့ စိတ်ကူးလေး မပြည့်သေးဘူးကို။ နောက်ဆုံး နှုတ်ဆတ်ပြီး ကျွန်တော်တို့ ပြန်ထွက်လာကြဧ။်။ ကျွန်တော့် ခြေလှမ်းတွေက နေရာမှမရွေ့ချင်။ သူငယ်ချင်းက ရိပ်မိတယ်။ လမ်းပေါ်ရောက်မှ စက်ဘီးရပ်ကာ ...

“လာကွာ ရေနည်းနည်း သွားလောင်းရအောင်” ချစ်သူတို့ အိမ်ရှေ့မှာ ရေပက်နေကြသူတွေ ရှိနှင့်လေပြီးသားလေ။ ကျွန်တော်လည်း စိတ်မပါတပါနဲ့ အနားရောက်သွားတယ်။ ကျွန်တော်ကို ရေ၀ိုင်းလောင်းကြပါတယ်။ ချစ်သူလောင်းတာ မဟုတ်လို့ ဒီအတိုင်းပဲ ရပ်နေမိတယ်။ ချစ်သူနဲ့ သူ့အမေက အိမ်ထဲမှ ကြည့်နေလေရဲ့။ 

“လာကွာ သွားကြရအောင် ပြန်ကြမယ်” သူငယ်ချင်းကို လှမ်းပြောအပြီး လှမ်းထွက်လိုက်သည်။ ချစ်သူက စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ နှုတ်ဆတ်အပြုံးလေး အဝေးကနေ လှမ်းခြွေလိုက်ဧ။်။ သူငယ်ချင်းကော ကျွန်တော်ကာ အပြန်လမ်းမှာ စကားမပြောမိကြ။ တနေရာရောက်မှ သူငယ်ချင်းက စက်ဘီးရပ်လိုက်သည်။

“ဟိတ်ကောင် ငါ့တို့ကို အိမ်က အုန်းသီး ၀ယ်ခဲ့ဖို့ မှာခဲ့တယ်မလား ... မပါလာရင် ဆူအုန်းမယ်”

“အေး ၀ယ်လေကွာ”

“ ဟာ ငါ့ ပိုက်ဆံအိတ် မင်းချစ်သူအိမ်မှာ ကျန်ခဲ့တယ်ဟ  ... အတော်ပဲဟေ့ ပြန်ယူကြရအောင်”

“ ငါ မျက်နှာပူတယ်ကွာ ပြန်သွားရမှာ”

“အေး မင်းဆန္ဒမပြည့်သေးလို့ ကံကြမ္မာဖြည့်ပေးတာ ပြန်မလိုက်ချင်လည်း နေ”

“ဟာ .. လိုက်မှာပေါ့ကွာ .. မင်းကလည်း” 

အမှန်ပြောရရင် အရမ်း ပျော်သွားတယ်။ ချစ်သူအိမ်ရှေ့ရောက်တော့ ကွက်တိဗျာ။ ချစ်သူက ရေထွက် လောင်းနေတယ်။

သူငယ်ချင်းက “ ဟိတ်ကောင် သွား သွာ ... သွားလောင်းချေ... ငါ့ပိုက်ဆံအိတ် ၀င်ယူရင်း အန်တီကို အာရုံလွှဲထားလိုက်မယ်” 

ပျော်လိုက်တာဗျာ ... ချစ်သူ မျက်နှာကလည်း ၀င်းပသွားသည်။ ကျွန်တော်ကို ရေလောင်းဖို့ လှမ်းလာအခိုက် ချစ်သူလက်ထဲက ခွက်ကိုလုပြီး သူ့ကိုသေချာ စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း လောင်းလိုက်မိဧ။် ။ နောက်ပြီးတော့ ချစ်သူက ကျွန်တော့်ကို ပြန်လောင်းသည် ။ နှစ်ယောက်သား တော်တော်နီးကပ် သွားတယ်ဆိုတာ မသိသာလိုက်ဘူး။ အရမ်းကို ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ ချစ်သူလက်ကလေးကို ခိုးကိုင်လိုက်သည်။ 

“နောက်နေ့တွေမှ တွေ့မယ်နော်” တဲ့

ချစ်သူ နှုတ်ခမ်းပါးပါးလေးမှ တိုးတိုးလေး ပြောလိုက်တဲ့ အသံ။ အဲဒီအခိုက်အတန့်ဟာ ကျွန်တော့်ဘ၀မှာတခါမှ မခံစားဘူးတဲ့ ခံစားချက်တွေ ရရှိလိုက်ပါသည်။

အပြန်လမ်းက သာယာလိုက်တာဘိ။ ကားတွေဘယ်လောက်ကျပ်ကျပ်မမှုတော့။ ကားခတွေလည်း ဘယ်လောက်ပေးရမှန်းမသိတော့။ အိမ်ကိုဘယ်လို ရောက်လာမှန်းလည်း မသိတော့။ လူက ပျော်လွန်းလို့ ခြေလှမ်းတွေ တက်ကြွနေလေဧ။်။

နေရောင်ခြည်သဲ့သဲ့ကတော့ သူထွက်မခွာသေးခင် ကမ္ဘာမြေကြီးကို နှုတ်ဆတ်နေလေရဲ့။ အနောက်ဘက်ယွန်းယွန်းမှာလည်း သင်္ကြန်အကြတ်နေ့ကို ကြိုဆိုဖို့ နေမင်းကြီး အနားယူသွားလေပြီ။ ထွန်းလင်းနေတဲ့ လမင်းနှင့်အတူ ညလေညှင်းလေးတွေ တိုက်ခတ်မှုက ရင်ကိုအေးမြစေလိုက်တာ။  မနက်ဖြန်အတွက်ကြိုတွေးဖို့ အတွေးတွေနဲ့ ခုံတန်းလေးဆီသို့အလာ ပိတောက်ရနံ့ သင်းသင်းလေးကို အားရပါးရ ရှုရှိုက်ရင်း အဓိပ္ပါယ်ရှိသော သင်္ကြန်အကျ နေ့လေးကို ပြန်လည် ပုံဖော်နေမိပါသည်။ ကျွန်တော် အတွက်တော့ အဓိပ္ပါယ်ရှိသော သင်္ကြန်ရက်လေးတွေ ဖြစ်လာတော့မယ် ဆိုတာ ... ။
  ~~~~ @@@@ ~~~~
ပြီးပါပြီ။
-------------------------------------------------
အားလုံးပဲ အဓိပ္ပါယ်ရှိသော သင်္ကြန်ရက်များ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ...။
ပုံလေးကို ဒီကနေ ယူပါသည်။
-------------------------------------------------
စာကြွင်း ။  ။ ဒီပို့စ်လေးက ၁၀၀ မြောက်တိတိ ပို့စ်လေးဖြစ်သလို။ ကျွန်တော် ဘလော့ဂ်ရပ်ဝန်းလေး တစ်နှစ်တိတိ ပြည့်တဲ့ အထိမ်းအမှတ်လေးနဲ့ ရေးသားလိုက်ရခြင်း ဖြစ်ပါသတည်း ။

Sunday, April 4, 2010

“ပိတောက်နှင့်အတူ”



ရော်ရွက်ဝါကြွေ လေအလာရူး
ရွက်နုဖူးတဲ့ နွေဦးမှာလ
အတာကျူးမယ့် တန်ခူးချိန်ခါ
ဖန်တခါခါ ရောက်ခဲ့ပြန်တော့
ဖော်ပြန်ကာလွမ်း အတိတ်လမ်းလည်း
မှုန်ရီဝါးဝါး မပြတ်သားဆဲ ...။

ဟိုတချိန်က ပိတောက်ဖူးတွေ
နေရာဦးတဲ့ ကေသာဦးမှာ
ရနံ့ရယ်ကြိုင် တလှိုင်လှိုင်နဲ့
မွှေးကြူသင်းပျံ့ မမေ့ရက်လို့
ခြေရာယှက်အောင် လည်ပတ်ခဲ့တဲ့
နေ့ရက်တွေလည်း လွမ်းမိနေဆဲ ...။

ဖက်စွတ်သွန်းဖြိုး အတာမိုးထဲ
နှစ်ကိုယ်လက်တွဲ လျှောက်လှမ်းခဲ့တဲ့
အပြုံးထင်ဟပ် ချစ်သူလက်လည်း
မက်မောတမ်းတ သတိရဆဲ ...။

စကားတီတာ ပြောခါခါဖြင့်
ကြည်သာရွှင်ပြ နေ့ရက်လှတို့
ဖြတ်ကျော်ခိုင်မြဲ သစ္စာသည်လည်း
ပိတောက်နှင့်တူ သင်္ကြန်နှင့်တူ
ကျွန်ုပ်နှလုံးသား ရင်ထဲတွင်မယ်
မြဲတသသ ပိုင်စိုးနေဆဲ ...။

ခုတော့ ...
ပိတောက်တွေဝေ မိုးတွေစွေလည်း
အတိတ်ဟောင်းက ချစ်သူကြောင်းကို
ကဗျာတွေစပ် စာတွေမှတ်သည်
သင်္ကြန်သည်လည်း ရာသီကူးမို့
ပွဲတော်ထူးသည် စိတ်မှာထင်မိ
ဘယ်ဆီထံပါး ချစ်သူနားသို့
ပိတောက်မှာကြား စကားပါးစေ
ဤချိန်ဤခါ ရောက်လာလျှင်ဖြင့်
ချစ်သူပျော်မြူး ကြည်နူးနိုင်ပါစေ ...။
~~~~ @@@@ ~~~~

Thursday, April 1, 2010

“အခွင့်ရှိရှိ မရှိရှိ မ၀င်ရ”



စိတ်အတွေးကို နယ်နမိတ်စည်းချ
တရားဓမ္မနဲ့ တားဆီးတယ်
ဒါပေမယ့် မရဘူး ...
မလှတဲ့ အိပ်မက်တွေကြောင့်
သန်းခေါင်ယံညတွေ ငှက်ဆိုးထိုးတယ် ...။

နှလုံးသားက ဖျားတော့ ဆေးမမှီတယ်
မရတာကိုမှ လိုချင်မိတော့ သေချင်မိတယ်
တခါတလေ မြင်နေရတဲ့ အရာတွေကြောင့်
စည်းဝိုင်းအစွန်းမှာ တွေဝေနေမိတာ
အထဲ လား အပြင် လား ...။
အပြင် လား အထဲ လား ...။

စကားအချိုတွေနဲ့ တအားပိုတတ်တဲ့
နှုတ်ခမ်းပါးပါးလေးတွေ
မာနတံခွန်ထူတဲ့ ယောင်္ကျားကိုမှ လူထင်တယ် ...
သူတို့လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းထွက်ကြတာပဲ
သင်္ခါရ သဘောတရားနဲ့ဆို
လူတိုင်းက အရည်ပြားအောက် အရိုးပေါက်တဲ့ သူတွေချည်းပဲ ...။

လက်တဖက်ပုပ်ရင် ဖြတ်ထုတ်နိုင်တယ်
နှလုံးသားတခြမ်းပုပ်တော့ ဘယ်လိုလုပ်မလဲ ...။
သေတ္တာလေး တစ်လုံးလုပ် သိမ်းဆည်းထုပ်ဖို့လည်း 
ကျန်တခြမ်းကို နှမြောတယ် ...။
eBay မှာ ကြော်ငြာလုပ် ရောင်းထုတ်ဖို့လည်း
နှလုံးသားက အဆင့်မမှီပြန်ဘူး ...။

ဒီတော့ရှိစေတော့ ...
မတူတဲ့ အတွေးတွေနဲ့ ပူဆွေးမနေနဲ့တော့
နေသာသလိုနေ ဖြေသာသလိုဖြေ
မလှတာကိုမှ အဲဒါ ဘ၀ ...။

ဒီတံခါးက တွန်းဖွင့်ရမှာ မဟုတ်သလို
ဆွဲဖွင့်ရတာလည်း မဟုတ်ဘူး
အဲဒါ အယောင်ဆောင်ထားတဲ့ တံခါးပေါက်
ခေါက်ချင်သလောက်ခေါက် ရောက်လာမှာက
ကျကျလာတဲ့ စိတ်ရောဂါပဲ ...။

မစောင့်ပါနဲ့တော့ ...
ဒီလမ်းကလည်း တဖက်ပိတ်
တိတ်တဆိတ်မို့
ရင်တထိတ်ထိတ်နဲ့ ရောဂါ  ဖြစ်နေရမှာ ...။
လမ်းမှားသလိုမျိုး အတွေးနဲ့
ခဏလောက် ပြေးလာရင်လည်း
သွက်ချာပါလ လိုက်နေတဲ့
နှလုံးသားအမိုက်ကို
ကမ္မာဝါ စာချ ကန်သာချသွားလိုက်ပါတော့ ...။

“အခွင့်မရှိ မ၀င်ရ” တဲ့
အခွင့်ရှိက ၀င်နိုင်သည်ပေါ့
ဒီလို ဆိုင်းဘုတ်မှာတောင် လာဘ်စားလို့
ရိုးသားတဲ့အရာတွေက ရှား ... ရှားလာတော့လည်း
ကနေ့ ရက်စွဲနဲ့ တိုင်ချိတ်ဆွဲလိုက်မယ် ...

“အခွင့်ရှိရှိ မရှိရှိ မ၀င်ရ” ...။
~~~~ @@@@ ~~~~

Sunday, March 28, 2010

“ရုတ်တရတ်”



သာယာကြေညက်နေတဲ့
နူးညံ့တဲ့ နံနက်
သူလာရာ လမ်းထက်မှာ
ယိမ်းနွဲ့ကာပြိုကျ
ရင်ခုန်သံလှလှတို့
န၀င်ချိုမျှ တသသနှင့်
ကဆုန်ထလိုက်ရပါဘိ ...။

ရှည်လျှတဲ့ ဆံနွယ်
တကယ်ကို လှတော့
ရင်ခွင်ပျို ဒီလူမှာ
သံစဉ်အိုတေးသွားကို
ကြိုးညှိကာဆို
မခို့တရို့ စိတ်မျိုးနဲ့
အတွေးတမူ ပိုလိုက်ရပါဘိ ...။

ကတ္တီပါ ခြေလှမ်း
ဟန်မူပိုအစွမ်းနဲ့
တအားကိုဖန်စား
သူ့အလှအားလည်း
မနောစိတ်မှတ်
အသရေ ဖျက်မိလိုက်ပါဘိ ...။

ချိုမြမြအပြုံး
ကြည်ရွှင်မျက်ဝန်းကြောင့်
တဆင့်ထက်တက်
ပိုတွေးလိုက်တာက
ရင်ခွင်ဦးပိုင်ရှင်
အကျွန်ကျွန်တော်မျိုး
ပိုင်ဆိုင် စိုးမိုးရပါလိုဧ။် ...။

နီးလာတဲ့ အကွာအဝေး
လှမ်းလာတဲ့ ဦးတည်ချက်
ရုတ်တရတ် မင်တက်လိုက်မိတယ်
ကျွန်တော် ... လေ ...
အသက်ရှုသံတွေရပ်
မင်းအလှတစ်မနက်ကို
ဘရိတ်ဖတ်လို စားသုံး
ဘီလူးလို အပြုံးမျိုးနဲ့
အသုံးတော်ခံလိုက်မိပါဘိ ...။

ဒီလိုနဲ့ ၀င်အတိုက်မှာ
ရင်ခုန်သံ ရထား
ကျည်ဆန်တပွင့်အလား
အား .... ခနဲ ...
ပြေးထွက်သွားတယ် ...
..................................

လှလိုက်ပါဘိ
ကျောခိုင်းသွားတဲ့ သူ့အလှ
ဘာနဲ့မှ နှိုင်းမရလို့
ဘ၀င်တမြမြနဲ့
နှလုံးသားကို ပြန်ကြည့်လိုက်မိတယ် ...
..............
...............................................
ဟင် .... ကျွန်တော့်နှလုံးသားမှာ ခြေရာကြီး ထင်ကျန်လို့ ...း)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေယူပါဧ။် ...

Monday, March 22, 2010

"အသိတရား"

အသိတရားတဲ့ အင်ကြင်းက ကျွန်တော့်ကို တက်ဂ်တယ်။ ပထမ အံ့သြသွားတယ်။ ကျွန်တော်က ကဗျာရေးမယ်ဆို ဘာဖြစ်ဖြစ်ပါ စဉ်းစားပြီး ရေးနိုင်သေးတယ်။ ခုဟာက ရသ စာပေလိုမျိုးဆိုတော့ ဘာတွေရေးရမှန်း မသိဘူး။ ငြင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်။ ကျွန်တော်ထက် ၃ လကျော်သာကြီးတာ။ စိတ်ကတော့ ကျွန်တော်ထက် အဆ ၃၀ လောက်ပိုကြီးသလား မှတ်ရတယ်။ သူကိုလည်း ကြောက်ရတယ်။ ဘာလုပ်ရမည်နည်း တွေးရင်း တွေးရင်း အသိတရားဆိုတာ ဘာလဲဆိုတာ ပုံဖော်ကြည့်မိတယ်။

အသိတရားဆိုတာ ကိုယ်ပိုင်ဗီဇအရ ပင်ကိုစိတ်ကိုက သိနေရမယ့်အရာ တခုပါ။ မင်း ဒါလုပ်ကွာ၊ ဒါလုပ်သင့်တယ် လို့ပြောနေစရာ မလိုဘူး။ မပြောပဲနဲ့ သိနေရမယ့် အရာ၊ တွေးတောမှု၊ လုပ်ဆောင်မှု တွေပါပဲ။ လူတစ်ယောက်ရဲ့ အသိတရားဟာ ငယ်စဉ်ကတည်းက ပါလာတတ်ပါတယ်။ သို့ပေမယ့် လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းတလျှောက် ကောင်းသော ဆိုးသော ပတ်ဝန်းကျင်တွေကြောင့် တခါတခါ ပျောက်နေတတ်ကြပါတယ်။

ဥပမာ ဆိုကြပါစို့ ... ငယ်စဉ်ကလေး ဘ၀ထဲက တချို့ဆို သိကြတယ်။ ငါဒီအချိန် စာကျက်ရမယ်။ ဒီအချိန်ဆိုဆော့ရမယ်။ အဲလိုမျိုးပေါ့။ အဲဒီလို သိနေတာက မသိစိတ်ထဲကပေမယ့် အဲဒါကိုက ကောင်းမွန်တဲ့ ဗီဇလေးပါလာတာ။ အရွယ်ရောက်တဲ့အခါ အသိတရားဆိုတာ စာအုပ်စာပေတွေ၊ လူကြီးသူမ ပြောဆိုဆုံးမကြတဲ့ စကားတွေမှ သိရှိလာကြပါတယ်။ ငါ ဒါလုပ်ရင်ဖြင့် မကောင်းဘူး။ ဒါ လုပ်ခဲ့ရင်တော့ ဘယ်သူတွေ ထိခိုက်နိုင်တယ်။ ဘယ်သူတွေ ဒုက္ခရောက်စေနိုင်မလဲဆိုတဲ့ အတွေးတွေမှတဆင့် ကောင်းမွန်တဲ့ အသိတရားတွေ ရလာနိုင်ပါတယ်။

လူဆိုသည်ကလည်း အတ္တ၊ မာန၊ ဒေါသနဲ့ မကင်းနိုင်သော ပုထုဇဉ်တွေပဲလေ။ ဘယ်လောက်ပဲ ကိုယ်က စိတ်ကောင်းလို့ အသိတရားနဲ့ ထိန်းလည်း ကိုယ့်ကို ထိခိုက်လာတာမျိုး ကိုယ့်မာနကို ထိခိုက်နိုင်တာမျိုးဆို မည်သူမှ မခံနိုင်ကြဘူးလေ။ လူတိုင်းလူတိုင်းသာ အသိတရားရှိရင် လောကကြီးဟာ ပိုင်ဆိုင်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ မရှိလာနိုင်တော့ပါဘူး။ ကျွန်တော်ဒီလိုပြောလို့ ဒါဟာ ဝေဖန်နေတာလို့ မဆိုလိုကြပါနဲ့။ စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ပေးကြပါ။

လူတိုင်း သက်ဆိုင်ရာ အရာကို ပိုင်ဆိုင်လိုကြရပါမယ်။ သင့်လျှော်လျောက်ပတ်တဲ့ ယှဉ်ပြိုင်မှုရှိရပါမယ်။ သို့ပေမယ့် မိမိအတွက်ကြောင့် သူ့တစ်ပါး စိတ်ဆင်းရဲနေရမယ်။ သူ့တစ်ပါး ဒုက္ခရောက်သွားမယ်ဆိုရင် ဒါဟာ လုပ်သင့်သလား မလုပ်သင့်သလားဆိုတာ တွေးခေါ်ဆုံးဖြတ်တတ်ရပါမယ်။ မတတ်သာလို့ လုပ်လိုက်ရတယ်။ စိတ်ထဲက တကယ်မပါပါဘူး။ စိတ်မကောင်းပါဘူးဆိုလို့ ပြောလိုက်ရုံဆို သင်ပျော်နိုင်မလား။ သင်ပျော်နိုင်မယ်ဆို လုပ်လိုက်ပါ။ ကျွန်တော်အပေါ်က ပြောခဲ့သလိုပဲ သင်ဟာ ရယူမှ ဖြစ်မယ်ဆို ရယူလိုက်ပါ။ လုပ်သင့်လို့ လုပ်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒါဟာ သင့်အတွက် ရပိုင်ခွင့်ပါ။ သို့ပေမယ့် သူ့တစ်ပါးဟာ သင်ကြောင့် ဘ၀ သို့မဟုတ် ပိုင်ဆိုင်ရာ တခုခု ဆုံးရှုံးသွားမယ်ဆိုတာ သင်သာ သိခဲ့ရင် သင်နောင်တ မရနိုင်ဘူးတဲ့လား။ ရတဲ့သူက ရနိုင်ပေမယ့်၊ မရတဲ့သူက မရနိုင်ပါဘူး (ဟုတ်တယ်ဟုတ်)။ အသိတရားဆိုတာထက် တချို့နေရာတွေမှာ သနားညှာတာမှု ဆိုတာ ထားစေချင်တာပါ။ ဘာပဲလုပ်လုပ် သင့်အတွက် မတွေးပဲ တခြားသူနေရာက တွေးကြည့်ပါ။ မိမိသာဆို ဘယ်လိုခံစားရမယ်၊ ဘယ်လို ဒုက္ခရောက်နိုင်မလဲလို့ တွေးပေးကြည့်လိုက်ပါ။ မည်သူမှ မိမိဒုက္ခ ရောက်မယ့် အလုပ်မျိုးကိုတော့ မလုပ်နိုင်ကြပါဘူးလို့ ကျွန်တော်ထင်ပါတယ်။

တကယ်တော့ ဤလောကကြီးသည် တရားမျှတနေပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ကောင်းတာလုပ်က ကောင်းတာရဧ။် မကောင်းတာလုပ်က မကောင်းတာကိုပဲရဧ။် ဆိုတာတွေဟာ အလွန် မှန်ကန်လွန်းလှပါတယ်။ ကျွန်တော်တို့ မသိနိုင်ကြလို့ပါ။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ ကမ္ဘာကျော် အိုင်းစတိုင်းရဲ့ သီအိုရီဟာလည်း အလွန်မှန်ကန်ပါတယ်။  ချက်ချင်း မတန်ပြန်လို့သာ ကျွန်တော်တို့ မသိနိုင်သေးတာပါ။ 

ကျွန်တော်သိတတ်စဉ် အရွယ်တုန်းက ရလိုက်တဲ့ အသိတရားလေးတခုကို ပြောပြချင်ပါတယ်။ ၀န်ကြီးဌာနတခုမှ ရာထူးကြီးကြီး လူတစ်ယောက်ဟာ အရမ်းကို လာဘ်စားပါတယ်။ သူကြောင့် ဒုက္ခရောက် သွားတဲ့သူတွေ လက်ချိုးမရေနိုင်ပါဘူး။ အရာရာ ပိုက်ဆံ၊ ကန်တော့ခံပစ္စည်း တခုခုဆို ဘာလုပ်ပေးရမလဲ လုပ်ပေးတယ်။ သူ့နေရာကလည်း မကျော်ဖြတ်ရင် မရမဖြစ်တဲ့နေရာပေါ့ဗျာ။ တကယ့် အရေးပါတဲ့ နေရာပေါ့။ သူအရမ်းကို ချမ်းသာတာပေါ့။ သူ့သားတွေ သမီးတွေဆို ပိုက်ဆံကို ရေလိုသုံး၊ ဖြုန်း၊ ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်နေကြတယ်။ သူတို့တွေ ဘာမှ မဖြစ်ကြဘူးလေ။ အားလုံးက ကံကောင်းနေကြလို့ပေါ့။ နောက်တော့ ထိုအရာရှိကြီး အမျိုးသမီး နှလုံးရောဂါ ပြင်းထန်လာရော။ အဲဒီမှာ နိုင်ငံခြားသွားကုတယ်၊ ပိုက်ဆံဘယ်လောက်ကုန်မလဲ အကောင်းဆုံးအရာတွေနဲ့ အကောင်းဆုံးတွေကို သုံးပြီး ကုသပါတယ်။ သို့ပေမယ့် သူမရောဂါက ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ နှစ်တွေ ရှည်ကြာလာတယ်။ နောက်ဆုံး သူတို့အတွက် အလိုအပ်ဆုံးက ငွေဖြစ်လာတယ်။ ငွေလိုတော့ မကောင်းတာ ပိုလုပ်တယ်။ ငွေကို ဘယ်လိုရမလဲ အကုန်လုပ်တယ်။ နောက်ဆုံးတော့ အလွန်အကျွံဖြစ်ပြီး ရာထူးပြုတ်တယ်။ နာမည်ဆိုးနဲ့ ပြုတ်တော့ သူအတွက် ဘယ်သူမှ မကူညီိနိုင်ခဲ့ပါဘူး။ သူ ပြုခဲ့တဲ့ အမှုက ဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆို နှစ် ၃၀ ကျော်လောက် စံမြန်းခဲ့ရတဲ့ဘ၀ဟာ လုံးဝကို သုံးစားလို့ မရအောင် ဖြစ်သွားတယ်။ သူ့အမျိုးသမီး ကွယ်လွန်သွားပြီး လက်မဲ့ဘ၀ဖြစ်သွားချိန်မှာ သားအကြီးဆုံးက အရက်သမားအဖြစ် အသိအိမ်တွေကို တောင်းစားရတဲ့ဘ၀ ဖြစ်သွားတယ်။ သမီးကလည်း ဟင်းသီးဟင်းရွက် ရောင်းစားရတဲ့ ဘ၀အဖြစ် ရောက်သွားတယ်။ သားအငယ် တစ်ယောက်ကလည်း ရူးကြောင်ကြောင်ဖြစ်ပြီး ဘယ်လိုမှ ထိန်းမရလို့ ရပ်ကွက်ထဲမှာ ပစ်ထားလိုက်ရတဲ့ အဖြစ်လေ။ ကျွန်တော် ထင်ပါတယ် ဒါဟာ ရှေးဘ၀က ၀ဋ်ကြွေးဆိုတာထက် ယခုဘ၀က ပြုခဲ့တဲ့ မကောင်းမှု၊ အသိတရားမဲ့စွာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်မှု ကင်းစွာပြုမှုခဲ့တဲ့ မကောင်းမှုတွေကြောင့်ပဲလေ။

ကျွန်တော် အဲဒီအဖြစ်အပျက်လေးကို ကြည့်ပြီး အရမ်းကို သံဝေဂ ရမိတယ်။ လူ့ဘ၀ဟာ တိုတိုလေးပါ။ ဘာကြောင့်များ ယခုလို ပြုမူကြပါလိမ့်။ သူ့တစ်ပါးအတွက် မိမိဖက်က ဖြည့်စဉ်းစားပေးပြီး အသိတရားလေးတွေနဲ့ ပြုမူခဲ့ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဟာ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်လေးပါ။ အဲဒီအချိန်ကတည်းက ကျွန်တော်ဘက်ထက် တပါးသူဘက်ကို စဉ်းစားပေးကြည့်မိတယ်။ အဲလိုစဉ်းစားလို့ ဒါကျွန်တော့်အတွက် မကောင်းဘူး။ အကျိုးမရှိဘူးဆိုရင်တောင် အဲဒီအတွက် ကျွန်တော်ပဲ ခံယူလိုက်တယ်။ ဘာလို့လဲလို့တော့ ကျွန်တော်မသိဘူး။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ လမ်းတလျှောက် ချောမွေ့ဖြောင့်တန်းဆိုတာ မရှိခဲ့ပေမယ့် ကျွန်တော်ရသင့်သလောက် ပိုင်ဆိုင်သင့်သလောက် ရခဲ့ပါသေးတယ်။ 

ဆရာတော်တစ်ပါးက ဟောကြားတော်မူခဲ့ဖူးပါတယ်။ အသင်ဟာ ဒီဘ၀မှာ အရင်ဘ၀က ၀ဋ်ကြွေးတွေကို ဆပ်နေရတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ တကယ်တော့ ဒါဟာ ကျေးဇူးဆပ်နေရတာပါ။ အသင်အရင်ဘ၀က သူ့တစ်ပါးကျေးဇူးတွေ၊ အကူအညီတွေ ယူကောင်းယူခဲ့လိမ့်မယ်။ သူ့တစ်ပါး ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကိုလည်း အတင်းအဓမ္မသော် လည်းကောင်း သွယ်ဝိုက်သော နည်းဖြင့် လည်းကောင်း လိုချင်ဖူး ရယူဖူးခဲ့မယ်။ အဲဒီအတွက် ဒီဘ၀မှာ ကျေးဇူးကြွေးတွေ ဆပ်နေရတယ်လို့ပဲ မှတ်ပါတဲ့။ မှန်ပါတယ် ဒါဟာ တကယ်မှန်ကန်သော နည်းလမ်းပါပဲလို့ ကျွန်တော်ယုံကြည်ခဲ့တာ ကြာပါပြီ။

ကျွန်တော်ပြောတာတွေ တခြားအကြောင်း ရောက်ကုန်ပြီလား မသိဘူး။ တကယ်တော့ အသိတရားကို ပြောချင်တာပါ။ လူတွေဟာ အသိတရား မရှိပဲ လုပ်ချင်တာ လုပ်ခဲ့သမျှ နောက်ဆုံးတခုခုတော့ ပြန်ခံရတာပဲ။  ကျွန်တော်သည်လည်း ခြောက်ပစ်ကင်း မဟုတ်ပါဘူး။ ၀န်ခံပါဧ။်။ ဒါပေမယ့် ကျွန်တော့် တွေးမိတဲ့ အသိတရားလေး အကြောင်းကို နဲနဲလေး ဝေမျှခြင်တဲ့စိတ် ဖြစ်ပေါ်လာလို့ပါ။ နောက်ဆုံးပြောရရင်ဖြင့် သင်ဘာလုပ်လုပ် တခြားသူအတွက် အရင်တွေးပေးလိုက်ပါ။ ဦးစားပေးလိုက်ကြပါ။ ဤသို့ဆိုရင်ဖြင့် သင်ဟာ စိတ်ကောင်းလေး ၀င်လာပြီး စိတ်နှလုံးအေးချမ်းလာပါလိမ့်မယ်။

ကျွန်တော် အကျိုးရှိစာပေတွေကို မရေးတတ်ပါ။ ဤပို့စ်လေးကို ရေးရခြင်းမှာ ကျွန်တော်ဧ။် စိတ်၌ ဖြစ်ပေါ်လာသော အကြောင်း အရာများကို ပြောပြချင်လို့ တင်လိုက်ရခြင်းပါ။ မည်သူ့ကိုမှ မထိခိုက်စေချင်သလို မည့်သူကိုမှ ရည်ရွယ်လိုခြင်းမရှိပါ။ အမှားတစုံတရာများ ရှိခဲ့ပါက ခွင့်လွှတ်ပါလို့ ကြိုတင်တောင်း ပန်ပါရစေ။
~~~~ @@@@ ~~~~
စာကြွင်း။ ။ အသိတရားနဲ့ ပတ်သတ်လို့ ပြောဖို့ကျန်ခဲ့လို့။ ယနေ့ဆို ကျွန်တော်ဧ။် အိမ်ရှင်သည် အင်တာနက်အခွန် ထပ်မဆောင်သဖြင့် အင်တာနက်ပြက်တောက်နေတာ သုံးရက်ရှိပါပြီ။ အင်တာနက်ကိုသာ အားကိုးနေရတဲ့ ကျွန်တော့်အဖို့ အလွန်ပင် စိတ်ဆင်းရဲဖို့ကောင်းပါသည်။ ယခုလည်း ဒီပို့စ်ကို ကြံဖန်ပြီး တင်လိုက်ရတာပါ။ တကယ်ဆို အိမ်ရှင်သာ အော်သူတို့တွေ ခုဆို မေးသုံးဖို့ အင်တာနက်တော့ လိုမှာပဲ၊ ငါလည်း ထိုက်သင့်သလောက်ပိုက်ဆံကို ယူထားတာပဲ၊ ငါ ချက်ချင်းဆောင်ပေးလိုက်ပါမယ် ဆိုတဲ့ အတွေးလေးသာ ရှိခဲ့ရင်... ။ ခုတော့ ကျွန်တော်ရေးခဲ့သလိုပဲ ဒါလည်း အဆင်မပြေသေးလို့ ဖြစ်မှာပါ၊ အင်တာနက်အိမ်မှာ မရတော့လည်း ရတဲ့နေရာကပဲ သုံးလိုက်ပါတော့မယ်လို့ စိတ်ကို ချိုးနှိပ်ရင်း .... ချိုးနှိပ်ရင်း ။။။း)))

Wednesday, March 17, 2010

“မိုးငွေ့ ... ဆိုတာ ...”


ရာသီဖွဲ့ မိုးငွေ့တွေ
ဤကမ္ဘာကို ပတ်ဖြန်း
အရာရာလန်းစေဖို့
မွေးဖွားစေခဲ့တယ်ဆို လွန်မှာလား ...။

မိုးရည်ငွေ့တွေ ဖြစ်တည်မှ
မိုးဖြစ်လာရသလို ...။
မြစ် ပင်လယ်တွေ ပေါင်းဆုံမှ
သမုဒ္ဒရာ ဖြစ်လာရသလို ...။
စကားလုံးတွေနဲ့ ရေးသီမှ
ကဗျာ စာတွေ ဖြစ်လာရသလို ...။
အလှအပ တ၀ကြီးနဲ့
မိုးငွေ့ဘ၀ ဖြစ်လာရသည် ...။

မိုးငွေ့ဆိုတာ
တခဏချက်ချင်းပျောက်သွားမယ့်
မိုးရည်ငွေ့ မဟုတ်ဘူး ...။
မာန် အပြည့်နဲ့ ဟန်တင့်တတ်တဲ့ သဏ္ဍာန်
တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်သူ ...။
စာပေကို မြတ်နိုး ကလောင်တစ်လုံးနဲ့
စီခြယ်ကုံးတတ်သူ ...။
စိတ်ကူးယဉ်ပေမယ့်
စိတ်မရူးတတ်ချင်သူ ...။
ကော်ဖီခါးခါးအကြိုက်နဲ့
ဖက်ရှင်တအားမိုက်သူပေါ့ ...။

ဒီလိုနဲ့ မိုင်တိုင်သုံးငါး ကျော်လွန်သွားခဲ့တာ
သုံးလ တစ်ဆယ့် ခုနစ်
မွေးနေ့ ရက်တစ်နှစ်ကို ရောက်ခဲ့ပြန်ပြီ ...။
ခရစ် တစ်နှစ်ဟောင်းတိုင်း
ကိန်းဂဏန်းအသစ်ပြောင်းတတ်ပေမယ့်
မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ ...။

သူလျှောက်တဲ့လမ်း
ခရောင်းလမ်း ဖြစ်ချင် ဖြစ်ခဲ့မယ် ...။
သူဖောက်တဲ့လမ်း
တဇောက်ကန်းဖြစ်ချင် ဖြစ်ခဲ့မယ် ...။
ရှေ့ဆက်ဖို့ အတွက်ဆို
နောက်ပြန်လှည့်မကြည့်တတ်တာ သူ့ဘဝ
သူ သာဓကနဲ့သူ ...။
ဘယ်သူမှ မကူလည်း
စိတ်ကိုမာန်တင်း တွန်းလှန်ပစ်တတ်သူ ...။
သူ့ ရှေ့ဆက်မယ့် ရက်တွေအတွက်
အောင်မြင်မှုက လက်တကမ်းမှာ
မျှော်လင့်ချက် ရောင်ခြည်တွေက တစ်သက်လုံးစာ
သူ့ အတွက် ဖန်ဆင်းစေတော့မှာလေ...
ဒါကြောင့် ... မိုးငွေ့ ဆိုတာ ...။

~~~  @@@@ ~~~~

ဒီနေ့ မတ်လ(၁၇) ရက်နေ့မှာ ကျရောက်သော အစ်မမိုးငွေ့ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ကဗျာလေးပါ။ အစ်မမိုးငွေ့တစ်ယောက် ယခုမွေးနေ့မှသည် နောင်လာမယ့် နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ ပြည့်စုံရပြီး  သာယာသော ဘ၀ခရီးလမ်းကို ထာဝရ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ။

Monday, March 15, 2010

“မတ်လ ၁၅ ရက်နေ့”


@@@@@@@@
ကြည်လင်တဲ့ ကောင်းကင် ထောင့်တနေရာမှာ
အမှတ်မထင် ဖြတ်ခနဲ ရင်ထဲ လှုပ်ခတ်သွားတယ်
အမှတ်တမဲ့ပေမယ့် နင်မမြင်တဲ့ မျက်လုံးတစုံအောက်
နှလုံးသားရောက်ရှိသွားခဲ့တယ် ...

အဲဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... နေမင်းကို တိမ်တွေဖုံးလို့ အရိပ်ကျသွားစဉ် ထီးပြာပြာလေး အောက်မှာ သူ ... ကျွန်တော့် နှလုံးသားကို ဖမ်းစားသွားခဲ့တယ်။ ညှို့ချက်မပြင်းပေမယ့် ကြည်လင်တဲ့ မျက်ဝန်း၊ ပိရိနေတဲ့ နှုတ်ခမ်းနှစ်မွှာက ကျွန်တော့် ပျိုးဥယျာဉ်မှာ မျိုးစေ့တွေ ချခဲ့မိတယ်ဆိုတာ ...။

ရင်မှာတွယ်ငြိ နှောင်တွယ်မိမှတော့
ချစ်နေမိပြီဆိုတာ
တိတ်တခိုးစွဲလန်း တမ်းတနေရင်းနဲ့
နှလုံးသား ရင်ဖွင့်သံကို
ကိုယ်ဖာသာ ပြောနေခဲ့ရတယ် ...

ချစ်မိသွားတဲ့အခါ ပိုင်ဆိုင်ချင်တာ သဘာဝလေ ... ဒါပေမယ့် တခဏချက်ချင်း ပြောမထွက်ခဲ့ပါဘူး ... တကယ်ချစ်နေမိတာ ဟုတ်ရဲ့လားလို့ ကျွန်တော့်ကို ကျွန်တော် မေးခွန်းတွေ ထုတ်ခဲ့မိတယ်လေ ... သူ ... စိတ်ဆိုးမှာလည်း ကြောက်မိခဲ့တယ် ... ချစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ သူ့ အတွက် အဲဒီအချိန်က အားပေးမှု ဆိုတာဟာ လိုအပ်နေခဲ့မှာပါ ... သူ့ အတွက် အရိပ်တွေအဖြစ် ကျွန်တော်နေပေးခဲ့မိတယ် ... အမိုးတခုတည်း အောက်မှာပေမယ့် အစွန်းတဖက်မှာ ကျွန်တော်လေ ဖြူစင်တဲ့ စိတ်နဲ့ ကူညီဖေးမရင်း အချစ်တွေသာ တိုးလာခဲ့ရတယ်ဆိုတာ ...။

မိုးရေ ရွာပါတော့
ထီးတစ်ချောင်းတည်းအောက်မှာ
နှလုံးသား တံခါးဖောက်ချင်လို့ပါ
မိုးသိပ်ချစ်တဲ့ ချစ်သူ
မိုးတွေသည်းလာရင် ချစ်သူတွေ သိပ်ချစ်ကြလို့တဲ့ လေ ...

ချစ်ခဲ့ကြပါတယ် ... ဒါပေမယ့် နိုင်ငံတွေ ကွာခြားသွားတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား။ တစ်ယောက်ရဲ့ နဘေးမှာ တစ်ယောက်မရှိပေမယ့် ရင်ထဲမှာ ထပ်တူကြနေမယ်ဆိုတာ ကတိသစ္စာက ဓားစာခံအဖြစ် ကြားကနေပေးခဲ့တယ်လေ။ ဘာပဲပြောပြောပါ ချစ်မိပြီ ဆိုတော့လည်း တစ်ယောက် နဲ့ တစ်ယောက် စိုးရိမ်စိတ်တွေ သတိရစိတ်တွေနဲ့ မျက်စိအောက်က ပျောက်နေပေမယ့် အသံအောက်မှာ အပျောက်မခံ နိုင်ခဲ့ပါဘူး။ အဲလိုနဲ့ နေ့ရက်တွေတိုင်းဟာ ကျွန်တော့်အတွက် ပျော်ရွှင်စရာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ ...။

နံနက်ခင်းတိုင်း လွမ်းတတ်ခဲ့ပါတယ်
နှစ်ယောက်အတူ ကြိုက်တဲ့
ကော်ဖီခါးခါးဟာ တမြေဆီမှာ
ပျော်ဝင်မှုတွေ တူညီခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်တို့ ဆက်သွယ်မှုပေါ့ ...

ကော်ဖီ ကြိုက်တာချင်းလည်း တူတယ် ... မိုးကို နှစ်သက်တာချင်းတယ်တူတယ် ... တစ်ယောက်ပြောမယ့် စကားတွေ၊ တစ်ယောက်ဖြစ်နေတဲ့ ခံစားမှုတွေကို တစ်ယောက်က ကြိုသိနေခဲ့တယ်ဆို အဖြစ်သည်းလွန်းရာ ကျပေမယ့် ... တကယ့်အဖြစ်မှန်ဖြစ်ခဲ့ပါတယ် ... မိုးတွေ သည်းလာရင် ပိုလွမ်းတတ်တာ ... သတိရ တတ်တာဟာ ... ကျွန်တော်အတွက် ကဗျာစာမျက်နှာမှာ စကားလုံးတွေသာ တိုးခဲ့ရတယ် ... အဲလိုနဲ့ အချိန်တွေဟာ ... တဖြည်းဖြည်း ... တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရတယ် ဆိုတာ ...။

နံနက်မိုးသောက် အလင်းရောက်တိုင်း
မှန်းမျှော်တမ်းတ လွမ်းနာကျရတယ်
ညနေခင်း နေအဆင်းဆိုလည်း
လမင်းကို ကြိုလင့်ရင်း
ကောင်းကင်တမိုးအောက်မှာ
ချစ်သူ မျက်နှာကို ပုံဖော်မိခဲ့တယ် ...

ဒါတွေဟာ မပိုခဲ့ပါဘူး ... ချစ်လို့တောင် မလောက်ဝခဲ့ပါဘူး ... အချိန်တိုင်း သတိရနေတဲ့ စိတ်၊ အချိန်တိုင်း သူ့ အတွက် စိတ်ပူနေတဲ့စိတ်၊ အဆိုးဆုံးကတော့ ကျွန်တော့်ကို စွန့်ပစ်သွားမှာ ကြောက်တဲ့စိတ်တွေနဲ့ တိတ်တခိုးလေး ဆုတောင်းနေမိခဲ့တယ် ... အနေဝေးတဲ့အခါ အချစ်အေးသွားတယ်ဆိုတဲ့ စကားကို ဆန့်ကျင်ဖို့ ကိုယ့်နှုတ်ခမ်းကိုကိုက် အားတင်းလိုက်တယ် ... စစ်မှန်တဲ့ အချစ်အတွက် စစ်မှန်တဲ့ တုန့်ပြန့်မှု ရလိမ့်မယ်လို့ မျှော်လင့်ရင်း မျှော်လင့်ရင်း ...။

ဝေးသွားခဲ့ပြီလေ
နေမင်းနဲ့ စစ်ခင်းရတယ်ဆိုတာ ပူလောင်သလို
စွန့်ပစ်ခြင်း အရာဝတ္ထုအဖြစ် ခံရတာ
စိတ်နှလုံးတွေကြေမွ ဘယ်လောက်တောင် 
အနာတရဖြစ်သွားခဲ့မလဲ ...

မထင်မှတ်လိုက်မိဘူး ... ဝေးကွာခြင်းဆိုတဲ့ အချိန်ကာလတခုကြားမှာ သူ ကျွန်တော့်အပေါ်ရှိခဲ့တဲ့ အချစ်တွေ လျော့ပါးကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကံကြမ္မာဟာ အမည်ဆိုးနဲ့ ကြော်ကြားချင်တာလား ... ချစ်လို့တောင် မ၀သေးခင်မှာ ရက်ရက်စက်စက် ခွဲရက်ခဲ့တယ်။ ဒီလိုနဲ့ ၀မ်းနည်းစွာ မျက်ရည်မြစ်တွေ အခါခါသွန်းရင်း ကျွန်တော့် ဥယျာဉ်လေး ရေနစ်သွားရရှာပြီဆိုတာ ...။

မကြေကွဲချင်ပါဘူး
ရင်ခွင်လွဲခဲ့ရတဲ့ အဖြစ်တွေက
တနေ့မှ မေ့မရလို့
ပြက္ခဒိန် ရက်စွဲတွေမှာ

နောက်ဆုံးတော့လည်း
ရင်ကွဲခဲ့ရပြီ ...

လွမ်းလိုက်တာ ... ဒဏ်ရာတွေ ဒီလောက်ရတာတောင် အလွမ်းမပျက်ခဲ့မိဘူး ... ပြန်လာနိုး မျှော်ကိုးရင်း လက်ချိုးရေတွက်ရင်းနဲ့ မတ်လ ၁၅ ရက်နေ့ကို ရောက်ခဲ့လေပြီ။ နှစ်ပတ်လည်တိုင်းမှာ အချစ်မှတ်တိုင် အသစ်တောင် မစိုက်နိုင်ခဲ့ဘူး ... နှလုံးသားမြေပုံမှာပဲ နာကျင်ခြင်း မှတ်တိုင်အသစ် စိုက်ခဲ့ရတယ်။ ဘယ်ရာသီ အလီလီပြောင်းတောင် ဟောင်နွမ်းမသွားတဲ့ အချစ်တွေအတွက် ပြောင်းလဲသွားတဲ့ သက္ကရာဇ်တွေသာ ကြားနေ၀ါဒအဖြစ် ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့လေ။ အသက်ရှင်ခွင့် ရှိတိုင်း ချစ်နေခွင့်ရှိတယ်ဆို ထာဝရ ချစ်နေမယ့် ရူးနေတဲ့ လူသား ကျွန်တော်ဟာ နောင် နှစ်ပတ်လည်နေ့တိုင်း သတိရနေပါလိမ့်မယ်။ လူသားတိုင်းလည်း မဖြစ်ချင်တာ မဖြစ်ရတဲ့ ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ မပြစ်မတင်ချင်တော့ပါဘူး။ ဒါပေမယ့် သူ့ ကိုတော့ ချစ်နေလိမ့်အုန်းမယ်ဆိုတာ ...။

ဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... ညစ်ပတ်နံစော်နေတဲ့ အခန်းကျဉ်းထဲမှာ အလွမ်းတွေကိုပေါင်းသင် ဒဏ်ရာတွေကို နွှင်နေတဲ့ ကျွန်တော် အမှတ်မထင်ပါပဲ ရင်ထဲက ကျင်တက်သွားတယ် ... အော် အမှတ်တမဲ့ပါပဲ သူ မရှိတဲ့ တနေရာမှာ သူ မသိတဲ့ ဒဏ်ရာတွေနဲ့ အတူ ကျွန်တော့် နှလုံးသားလေး သေဆုံးသွားပြီ ... နောက်ဆုံးမှာတော့ ဘာမှမရှိခြင်းတွေနဲ့ အတူ အရူးတစ်ယောက်လို ရှေ့ဆက်ရမယ့် ခရစ်နှစ်တွေထဲမှာ ကျွန်တော်လေ တစ်ယောက်တည်း .. တစ်ယောက်တည်း ... တစ်ယောက်တည်းပါပဲ ...
 ~~~~ @@@@ ~~~~