သူ ...“သူ” ဆိုတာ “သူ” ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ “သူ” ဖြစ်စေချင်ခဲ့တယ်။ မဆန်းပါဘူး လက်ထဲက ရေတွက်ခွင့်မရတဲ့ မျှော်လင့်ချက်ကို တမ်းတမက်မော လူတိုင်းမျောမိကြမှာပါ။ အေးစက်ဝင်းမြနေတဲ့ စကားစိုစိုတွေကို ကျွန်တော်မပြောတတ်ပါဘူး။ ချစ်တယ်..ချစ်ပါတယ် အဲဒီစကားဟာ ကျွန်တော့်ရင်ဘတ်က ကြားရုံလောက်သာ ပြောနေမိတယ်။ မလှောင်ကြပါနဲ့လို့ ပြောပါရစေ။ “လမ်းဘေးက သူတောင်းစားလည်း နတ်သမီးအိပ်မက် မက်ခွင့်ရှိတယ်တဲ့” ဆရာတာရာမင်းဝေက ပြောဖုးတယ်။ ဟုတ်တယ် မက်ခွင့်ရှိတယ်၊ စိုးမိုးပိုင်ခွင့်လည်း ရှိပါတယ်။
အချစ်ရဲ့ ဒသနဗေဒကို တချို့က ဒီလိုဖွင့်ဆိုကြတယ်။ အချစ်သည် လူတစ်ယောက်ကို ရူးသွပ် သွားစေနိုင်သည်တဲ့၊ အချစ်ခံရလို့ ရူးသွပ်နိုင်တယ်။ အချစ်မခံရလို့ ရူးသွပ်နိုင်တယ်။ မချစ်ရလို့လည်း ရူးသွပ်နိုင်တယ်တဲ့။ အဟား ... ဟား ... အဲလိုမရီပါဘူး။ ရီဖို့လည်း စိတ်မကူးဘူး။ ပြုံးတော့ ပြုံးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘာမှမဟုတ်ပဲ ရူးသွပ်နေလို့လေ။ တကယ်ဆို ကျွန်တော်လည်း ဖွင့်ဆိုပြချင်တယ်။သူ့ကို ဘယ်လောက် ချစ်လဲဆိုတာ ...
လေပြေတွေ သုတ်မြူးဆော့မြူလာတိုင်း လွင့်စင်ဖိတ်ကျလာတဲ့ ဆံနွယ်သင်းနံ့လေးကို ချစ်တယ်။
ပါးပြင်က ကြွလှနေတဲ့ သနပ်ခါးပါးပါးတွေကို ချစ်တယ်။
ဝိုင်းစက်ကြွယ်မြနေတဲ့ ရွှန်းရွှန်းစို မျက်လုံးလေးတွေကို ချစ်တယ်။
ကော့ညွှတ်တိမ်းယိမ်းနေတဲ့ မည်းနက်နက် မျက်ခုံးလေးကို ချစ်တယ်။
ဖြောင့်စင်းသွယ်တန်းနေတဲ့ နှာတံလှလှလေးကို ချစ်တယ်။
ပြုံးလို်က်တိုင်း (မပြုံးလည်းပဲ) ပေါ်လာတဲ့ ဖြူစင်တဲ့ သွားတန်းလေးကို ချစ်တယ်။
လေးကိုင်းလို ညွှတ်ကျနေတဲ့ နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်။
မူယာကြော့ရှင်းနေတဲ့ လည်တိုင်လှလှကိုလည်း ချစ်တယ်။
သူ့ဆီက ထွက်လာတဲ့ ကိုယ်သင်းနံ့လေးကိုတောင် ချစ်တယ်ဗျာ။
(ဆက်ဖော်ပြလို့ မဖြစ်တော့ဘူးထင်တယ်) ဒီမှာပဲ ချစ်တာကို ရပ်တယ်ဗျာ။
တကယ်တော့ အချစ်ဆိုတာ မြတ်နိုးခြင်းတမျိုးတဲ့ (ကျွန်တော်ပြောတဲ့ စကားပါ)။ အဲလိုပဲ သူ့ကို ကျွန်တော်အရမ်း မြတ်နိုးတယ်။ သူကြောင့်ပဲ ညဉ့်နက်သန်းခေါင်တိုင် ကျွန်တော့ ကောင်းကင်မှာ လကွယ်နေခဲ့တယ်။ တခါတခါဆို များပြားလှတဲ့ ကြယ်တွေကို ရေတွက်နေခဲ့မိတယ်။ ပြီးတော့ အတွေးတွေ ပွားမိတယ်။
ပထမဆုံးတွေးမိတာက အိုရီယွမ် (မောင်ရင်ဆိုင်းထမ်းကြယ်) ပေါ့။ သူတို့ ချစ်သူနှစ်ယောက်က သနားဖို့ ကောင်းလိုက်တာ။ သေကွဲခွဲရတာတောင် ရာဇ၀င်မှာ ၀ါးဆစ်သုံးဆစ်နဲ့ အခြားခံရတယ်။ ဒါဆိုရင် သိပ်ချစ်ကြပြီး မပေါင်းရတဲ့သူတွေ၊ ပေါင်းကြရပြီး သိပ်မချစ်ကြတဲ့သူတွေ၊ ပေါင်းလည်း မပေါင်းသင်းရ ချစ်လည်း မချစ်ကြတဲ့သူတွေ ...ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မသိဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ ကျွန်တော့ကို လာမမေးကြနဲ့။
နောက် ခုနစ်စဉ်ကြယ် ...။ အားလုံးက ချီးကျူးကြပါတယ်။ အရမ်းကို အတွဲညီတဲ့ အဖွဲ့တဲ့။ သူတို့ရဲ့လှပတဲ့ အကက သန်းခေါင်ကျော်လာရင် ပိုပိုပြီး တောက်ပြောင်လာတယ်တဲ့။ ဒါဆို သန်းခေါင်မကျော်ခင်က သူတို့ဘာလုပ်နေလဲ။ အက တိုက်နေရင် တိုက်နေမှာပေါ့။ ဒါမှမဟုတ် သူတို့ ထွန်းလင်းအောင် ပွတ်တိုက်ဆေးကြောနေမှာပေါ့။ တကယ်တော့ မဟုတ်ဘူး။ သူတို့ကို မျှော်လင့်နေတဲ့လူတွေကို တိတ်တဆိတ်လေး ကြည့်နေကြတာ။ လူတွေကတော့ အဖက်တောင်မလုပ်ကြပါဘူး။ ထွက်ပေါ်လာခါမှပဲ ချီးကျူးကြ၊ မြှောက်ပင့်ကြနဲ့။ အဟားးးး ဘာလို့ လျို့ဝှက်ချက်တွေကို ကျွန်တော်ဖော်နေမိလဲ။ မသိတော့ဘူး။ ဆက်တွေးမယ်။
ဓူဝံကြယ်တဲ့ .. သူကို့တော့ လမ်းပြကြယ်လို့ ခေါ်ကြတယ်။ မြောက်အရပ်မှာ ထီးထီးကြီး တည်ရှိနေတယ်။ လမ်းပျောက်နေသူတွေအတွက် တည်တည်တံတံနဲ့ လမ်းညွှန်ပေးနေတယ်။ ဒါတောင် သူ့ဘေးမှ ဘယ်သူမှ မရှိကြဘူး။ သူ့မှာ အစွမ်းအစတွေတော့ ရှိတယ်။ သူကတော့ အထီးကျန်မှုနဲ့သာ ရပ်တည်နေရတယ်။
ကျွန်တော့်ရဲ့ ကြယ်ကကော ဘယ်အချိန်မှာ ထွန်းလင်းတောက်ပလာမှာလဲ။ ဘာတွေကို စွမ်းဆောင်နိုင်မှာလဲ။ ဘယ်လို လမ်းပြပေးနိုင်မှာလဲ။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ တော်ပြီ အိပ်မက်တွေ ဒီနေရာမှာ ရပ်မယ်။
ဒါနဲ့ “သူ့” အကြောင်း ဆက်ပါရစေအုန်း။ တကယ်တော့ ကျွန်တော့်ဘ၀မှာ အားလုံးဟာ တံခါးမခေါက်ပဲ ပိုင်စိုးပိုင်နင်း ၀င်လာတယ်။ ပြီးတော့ နှုတ်မဆက်ပဲ ထွက်သွားကြတယ်။ တချို့ဆို ပြောင်တောင်သွားကြသေးတယ်။ ဒီလိုပဲ ကျွန်တော့် နှလုံးသားကို အလှူအိမ် လောက်တောင် ၀တ်ကျေတန်းကျေ သဘောမထားကြဘူးလေ။ သူကကော ဘယ်လိုမျိုးလဲ။ ကျွန်တော်ကြောက်တယ် ကြောက်တယ်ဗျာ။
အဲဒီတော့ ဒီအတိုင်းလေး မြတ်နိုးနေပါရစေ။ ဒီအတိုင်းလေးပဲ ရီသံလေး ကြားနေပါရစေ။ ဒီအတိုင်းလေးပါပဲ ကြားသိမြင်တွေ့ခွင့် ရနေပါရစေ။ ဆန္ဒတစုံတရာကို သော့ခတ်သိမ်းအလွမ်းတွေနဲ့ပဲ ယိမ်းနေပါရစေတော့။ ရပါတယ်လေ သံယောစဉ်ဆိုတဲ့ နွယ်တွေမှ ရစ်ပတ်နှောင်ချည်တတ်တဲ့ ဒီရင်ဟာ အမှတ်မှမရှိတော့တာ။
“တကယ်တော့ လူကြီးဆန်ရတာ သိပ်ကို ပင်ပန်းပါတယ်။”
@@@@@@
လေးစားစွာဖြင့်
ညလင်းအိမ်
18 comment[s]:
အေးပေါ့လေ .. လူကြီး ဆန်ရတော့ ဆန်အိတ်ထမ်းရတာ ပင်ပန်းမှာပေါ့ :-)
ကော့ညွှတ်တိမ်းယိမ်းနေတဲ့ မည်းနက်နက် မျက်ခုံးလေးကို ချစ်တယ်။
ဖြောင့်စင်းသွယ်တန်းနေတဲ့ နှာတံလှလှလေးကို ချစ်တယ်။
ချစ်တတ်လိုက်တာ မနာလိုစရာကောင်းလောက်အောင်ပဲ ။
“တကယ်တော့ လူကြီးဆန်ရတာ သိပ်ကို ပင်ပန်းပါတယ်။”
ဒါဆိုလည်း ever 21 ပေါ့ တစ်ကျပ်ဖိုးမှမလျှော့နဲ့ အသက်သာကြိးတယ် မပျက်ဟီးသေးဘူးဆိုတဲ့ စကား ဘယ်ကလာလဲ ဒီလိုပဲပေါ့ အချစ်အတွက်ဆိုရင် အမြဲတမ်း နုပျိုလိုက်ပါ ရဲဘော် ဆက်လျှောက်ပါ အနောက်မှာ မြှောက်ပေးမယ့်သူရှိတယ် ။
ဒါပေါ့။
လူကြီးဆန်ရတာ ပင်ပန်းတယ်။
ကိုယ့်ဖာသာကိုယ်ပဲ လွတ်လွတ်လပ်လပ် ရိုင်းရိုင်းစိုင်းစိုင်းပဲ နေတယ်။ ပေါ့ပေါ့ပါးပါးပေါ့။
အမြဲတမ်းအချစ်တွေနဲ့
လူကြီးဆန်စွာချစ်နိုင်ပါစေကိုညရေ..
(မီးမီးကတော့အချစ်လား...
သူဖျားနေတယ်.. )
ဒါဟာ အချစ်လားကွယ် ဌဲ ဌဲး)
လူကြီးဆန်ရတာ ပင်းပန်းလိုက်တာဗျာ တကယ်ပါ ဒါ့ထက် ဆန်ဘယ်နှစ်ပြည်လောက်ရလိုက်လဲ ကိုတူးး))))
ဘာပြောရမှန်းတော့မသိတော့ပါဖူး ညရေးးးး
ဘာဖြစ်ဖြစ်ပေါ့လေ ဘဝမှာသာယာဆိုပြေလာပါစေလို့ တောင်းဆုပြုပါတယ် နှစ်ယောက်သားတကယ်ချစ်ရဲ့နဲ့ဝေးနေကြတယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားသင့်ပါတယ်။
ဒီစာတွေကို ကောင်မလေးတွေ့ လားမသိပေမဲ့ သူသိအောင်လည်း ကြိုးစားပါအုံးမောင်လေးရေးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး
ကိုယ့်ဘာသာကိုယ်လူကြီးဆန်လို့ ပင်ပန်းတယ်ထင်ရင်..
ကလေးဆန်ဆန် ပုဆိုးကွင်းသိုင်းပြီးဂေါ်လီလိမ့်နေပေါ့...
ကိုကင်းကောင်ရယ်...:P
(ဆက်ဖော်ပြလို့ မဖြစ်တော့ဘူးထင်တယ်) ဒီမှာပဲ ချစ်တာကို ရပ်တယ်ဗျာ။
အဲဒီဂွင်းစဂွင်းပိတ်ကို ပိုသိချင်တာ:P
အရေးအသားလေး ညက်တယ်ဗျို့
အမလေး....ရေးထားလိုက်တာများ တကယ့်ကိုအချစ်ဆရာကြီးပါလား.... :)
ခံစားမှု ပုံဖော်စကားလုံးတွေကို ဖတ်သွားပါတယ်..။ အဆင်ပြေပျော်ရွှင်နိုင်ပါစေ ညလင်းရေ...။
လူကြီးတစ်ယောက် ဖြစ်လာတော့
လူကြီး မဆန်လို့မှ မရတာ..
ကြယ်တွေ
လတွေ
ကောင်းကင်တွေ
မြေပြင်တွေ
ပင်လယ်တွေ
သမုဒ္ဒရာတွေ ...... infinity ... :D
အယ် အချစ်ဆရာကြီးတဲ့နော်း)
သေချာတယ် ကျွန်တော်လဲပြောခဲ့တယ်
အချစ်ဆရာကြီးပဲဗျး)
လူကြီးဆန်ခြင်းဟာ ရင့်ကျက်ခြင်းတမျိုးဖြစ်ပါတယ်
ရင့်ကျက်မှလဲ ဘ၀မှာ ခက်ခဲတာတွေ ဖြတ်ကျော်နိုင်မှာပေါ့ .. မွန်ပြောသလိုပဲ..
လူကြီးတစ်ယောက် ဖြစ်လာတော့
လူကြီး မဆန်လို့မှ မရတာ.. နော့
စာလေးအရမ်းကြိုက်ပါတယ်။ ဟုတ်တယ် လူကြီးဖြစ်ရတာ သိပ်ပင်ပန်းတယ်။ လူကြီးဆန်ရတာက အဆိုးဆုံးပဲ။
ဒါပေမယ့် လူကြီးအဖြစ် စိတ်ထားကြီးမြင့်ဖို့ ကြိုးစားရတာ ကံကောင်းတယ်လို့ စိတ်ထားပါတယ်။ ဒီအခွင့်အရေးပေးခဲ့သူအားလုံးလည်း ကျေးဇူးတင်ပါတယ်။ ကြယ်က အစ :)
လှလှပပ စာသားလေးတွေ ကို ဖတ်သွားတယ်နော်
ခင်တဲ့
ရွှေစင်ဦး
NICE NICE I like it :)
ဟုတ်တယ်နော်
လူကြီးဆန်ရ တာ အရမ်းကို ပင်ပန်းတယ်
Post a Comment