Friday, November 27, 2009

“နံနက်ခင်း ရဲ့ ဆောင်းသင်းရနံ့”




ငါ ... နိုးထတဲ့ ဒီနံနက်ခင်းမှာ
ဝရန်တာနံဘေး ခြေစုံငေးရင်း
အကြည့်တွေကို ဆန့်ထုတ် လိုက်တဲ့အခါ
တိုက်ခတ်လာတဲ့ လေဖြူးဖြူးလေးက
ဆောင်းအငွေ့အသက်တွေ ခြုံလွှမ်းလို့
ငါ့ ... ရင်ကို ရနံ့လေးတွေနဲ့ ၀င်တိုက်သွားတယ် ...။


သင်းပျံ့တဲ့ ဆောင်းသင်းရနံ့ကို
နှလုံးသားဖွင့်လို့ ရှုရှိုက်မိတော့
ခံစားလိုက်ရတဲ့ စိတ်ကူးအဆုံးမှာ
နင့် ... ပုံရိပ်တွေက လေညှင်းလေးနဲ့ မခြား
ငါ့ ... ရင်ကို နွေးထွေးစေလိုက်တာ ...။


“နွေး” ရယ် ... လို့ ...
တိုးတိတ်စွာ ငြီးမိတော့
ရင်ထဲမှာ ကြည်နူးလိုက်ရတာ ...
တကယ်တော့ ...
ငါ ... အမြတ်နိုးဆုံး နှလုံးသားမှာ
ထင်ဟပ်နေတဲ့ ပုံရိပ်မို့လား
နွေးထွေးတဲ့ ဒီနံနက်က
ငါ့ ... အတွက်တော့
တန်ခိုးရှင် ဖန်ဆင်းတဲ့
ပြီးပြည့်စုံတဲ့ နိုး ထ ခြင်း ပေါ့ ...။


ပိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။


ဒီလိုနဲ့ ...
အမြဲတမ်း လင်းတဲ့ နံနက်ခင်း
အမြဲတမ်း သင်းတဲ့ ဆောင်းလေးညှင်းနဲ့ အတူ
ငါ့ ... ရဲ့ ... အပြင်ဘ၀ထဲက
ရင်ခွင်ထံပါးသို့ တံခါးခေါက်လို့
အပြီးရောက်လာခဲ့ပါလား ...
နှလုံးသား အပိုင်စားပေးဖို့ဆို
ဆောင်းလေသင်းနံ့ ရနံ့မရှိလည်း
“နွေး” ဆိုတဲ့ တိုးရှိုက်သံက
ငါ့ ... နံနက်ခင်းတိုင်းကို လင်းလက်စေမှာ ...။
             ~~~~~~ 
မနေ့ညကပေါ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်က အက်စ်ဆေးလေးတခုကို သူ့ကောင်မလေးအတွက် ခံစားပြီးရေးထားတယ်တဲ့။ အဲဒါလေးကို “ကဗျာ” လေးတစ်ပုဒ်နဲ့ သီကုံးပေးပါလားဆိုလို့ သူ့အတွက် ရေးပေးပြီးတော့မှ ကြိုက်လွန်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။

Thursday, November 26, 2009

လမ်းဟောင်းလေး



နှင်းမြူဖြူဖြူ ချမ်းမြမြမှာ
အလင်းအထူတွေ ပိုက်ထွေး
နှစ်ယောက်အတူ ရေးခဲ့ကြတဲ့
လမ်းဟောင်းကလေး နံဘေး
ပန်းတောလေးကလည်း
ရနံ့မပျယ်သေးပါလား ...။

သစ္စာပန်းအပြုံးတွေမှာ
ကတိနှောင်ကြိုးတွေ ရစ်ထွေး
နှစ်ယောက်အတူ သီကြွေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
ခုံတန်းလေးလည်း
နဂိုအတိုင်း မပြောင်းလဲသေးပါလား ... ။

ပျော်ရွှင်မှုအတိတ်တွေမှာ
သံသာလေးတွေနဲ့ နှောင်ထွေး
နှစ်ယောက်အတူ တွေးခဲ့ကြတဲ့
လမ်းဟောင်းလေး ပေါ်ပြေး
ခြေလှမ်းကလေးတွေလည်း
အရိပ်လို ထင်နေဆဲပါလား ... ။

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သက္ကရာဇ်တွေနှောင်း
သက်ရှိတွေ အရောင်ပြောင်းလည်း
မပြောင်းလဲတဲ့ လမ်းဟောင်းလေးရေ ...

နှင်းတွေကြွေပြီး ပန်းတွေဝေ
မြေသင်းရနံ့တွေ ထုံသင်း
ကျေးငှက်တွေ ခုန်ခုန်ဆင်းကြတဲ့
လမ်းဟောင်းလေးရဲ့ ၀န်းကျင်မှာပဲ
မှုန်ဝေနေတဲ့ မျက်လုံးတစုံ
တုန်ရီနေတဲ့ လက်အစုံနဲ့
အငိုရှိုက်သံတွေ အဆုံးမှာ
ကဗျာ တစ်ပုဒ်ကို
ဒဏ်ရာတွေ ချုပ်ဖို့
အစာသွတ်ခွင့်ပြုပါတော့လေ ...။

Monday, November 23, 2009

မျှော်လင့်ရင်းရူး



မျှော်လင့်ချက် ကမ်းနဖူးမှာ
အလွမ်း ရဲ့ခတ်သံကို
စောင့်ရင်းရူးနေရတဲ့...ငါ
လေပြေရိုင်းရဲ့ ပွတ်တိုက်သံက
မဆီမဆိုင်နဲ့ လူကိုယိုင်အောင်
လာလာ ခနဲ့တယ် ...။

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့  ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။

ဘယ်သူသိနိုင်မှာလဲလေ ...။

နတ်မဖွက်တတ်တဲ့ အချစ်ဆိုတာ
အရောင်ကင်းလှတာမို့
အလင်းမရှိတဲ့ နေ့ဆိုတာ
တရံတခါပဲ ရှိတတ်တာမို့
အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
 မျှောင်လင့်ရင်းရူး နေတော့မယ် ...။
~~~~~~~~~~

ပုံကို ဒီ ကနေယူပါ၏။

Friday, November 20, 2009

ဒွိဟ ... မိုး


“ ဒွိဟ ... မိုး ”

မိုးမြူမှုန်တွေက
နှလုံးအိမ်ကို ပက်ကျဲ
အလွမ်းတွေရဲခဲ့လို့လား...
ေ၀၀ါးနေတဲ့ စိတ်အမှောင်တိုက်မှာ
ချောင်ပိတ်လို့ အရိုက်ခံလိုက်ရပြီ ...။

အပြင်မှာ ပြိုမလိုနဲ့
ရင်ထဲမှာရွာနေတဲ့ မိုးတွေ
မစွေပဲနဲ့ သည်းလိုက်ပါတော့လား..
ရင်ခွင်တ၀ိုက် နေရာလပ်မှာ
ဒဏ်ရာတွေ ထပ်မစိုက်ပါရစေနဲ့တော့ ...။

အငိုက်မိလိုက်တဲ့ အရှိုက်နဲ့
တိုက်မိလိုက်တဲ့ တိမ်တိုက်တွေ
မိုးရေတွေကို စုပ်ယူလိုက်ပါတော့လား ...
ထုံကျင်နေတဲ့ ပစ္စုပ္ပန်မှာ
အနာတရနဲ့ ရှတတမဖြစ်ချင်တော့လို့ပါ ...။

တကယ်တော့လည်း
စဲသွားတဲ့ မိုးရေနဲ့
ကြဲသွားမယ့်အလွမ်းတွေတောင်
ဒွိဟစိတ်နောက် တကောက်ကောက်လိုက်လို့
နောက် နေတဲ့ ရင်ခွင်မှာ
ကြောက်နေခဲ့ရတာလေ
ခမ်းခြောက်သွားမယ့် နှလုံးသားကိုပေါ့ ...။

ပုံလေးကို ဒီ ကနေယူပါ၏။

Thursday, November 19, 2009

“နတ်သမီးအတွက် ကဗျာ”

ဒီကဗျာလေးကို အစ်မ အဖြူရောင်နတ်သမီး ရဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ (ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် ရေးစပ်ပေးထားတာပါ။
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာလေးကို လက်ခံပေးပါ။
မွေးနေ့ရှင်အစ်မအတွက် ကျွန်တော့်ဘလော့ဂ်မှာ ဤကဗျာလေးဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
~~~~~~~
“နတ်သမီးအတွက် ကဗျာ”


အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။

ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။

နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့  ... ။

နတ်သမီးပေမယ့် တချက်မငြီးခဲ့ပါဘူး ... ။

လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။

အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။

ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။

သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။

ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။

ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
~~~~~~~~
ခင်မင်လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

Thursday, November 12, 2009

“ကမ္ဘာကြွေမယ့် တစ်နေ့ရောက်ခဲ့ရင်”

အမှန်ကို ၀န်ခံပါသည်။ တခါမှ တက်ဂ်မခံရဖူးပါ။ ပိုဆိုးတာက ဒီခေါင်းစဉ်.. ဒီအကြောင်းကို မေ့ထားတာ  (ကြောက်လို့)။ ကျွန်တော့်ကို တက်ဂ်ဖော်ရတဲ့ ကိုဏီလင်းညို (ဒုက္ခပေးဖော်လည်းရတယ် .. စတာနော်)ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောပါရစေ...။ ကျွန်တော် တက်ဂ်ပို့စ်တခါမှ မရေးဖူးတဲ့အတွက် အမှားများပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြိုပြီးတောင်းပန်ပါရစေ။ တတ်နိုင်သလောက်ကို ကြိုးစားပြီး ... ရေးပေးလိုက်ပါတယ်။
နောက်ပြီး ကျွန်တော်စိတ်ကူးတွေပုံဖော်ခဲ့တဲ့ ဒီဒိုင်ယာရီလေးမှာ ခုလိုမျိုး ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံ ခွင့်ရလို့ အရမ်းကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်။
~~~~~~~~

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်ပေါ့လေ ...

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…

ကျွန်တော် ရှိနေချင်တာက ကျွန်တော်ချစ်တဲ့ မိသားစုနဲ့အတူပါ။ ဆိုးတူကောင်းဖက်နဲ့ အတူတူအခြေချခဲ့ပြီးမှ ကြွေလွင့်ရမယ်ဆိုလည်း အတူတူ ကြွေလွင့်ချင်ပါတယ်။ အတူတူရင်ဆိုင်ချင်ပါတယ်။ ကျွန်တော်တို့ မိသားစုက ဆွေမျိုးကင်းပါတယ်။ လိုရင်လာတတ်ပြီး မလိုရင် စိတ်ကူးထဲတောင်မထည့်တဲ့ ဆွေမျိုးတွေကို လျစ်လျူရှုထားတာ ကြာခဲ့ပါပြီ။ အောက်ခြေကစပြီး ထူထောင်လာခဲ့ရတဲ့ မိသားစု သက်တမ်းမှာ ကိုယ်တိုင်ပါဝင် ခံစားခဲ့ရတဲ့ အတွက် နောက်ဆုံးခရီး ဆိုရင်တောင် ဒီမိသားစုနဲ့ပဲ ကျော်ဖြတ်ချင်ပါတယ်။

(၂) ဘာတွေခံစားနေရလဲ…

ခံစားနေရတာတော့ ပိုပြီးသာယာပျော်ရွှင်မယ့် မိသားစုတစ်စု (ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်အပေါ် အနိုင်ယူလွန်းအားကြီးတဲ့ ကောင်မလေးနဲ့အတူ) မဖန်တီးနိုင်ခင်မှာ ပျက်သုဉ်းရမှာကိုပဲ။ နောက်ပြီး ရည်ရွယ်ချက်တခုနဲ့ ခွဲခါလာခဲ့ပြီးမှ မပြည့်စုံပဲ တန်းလန်းကြီး ထွက်သွားရမှာကို နှမြောနေမိတယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ…

ပြင်ဆင်သင့်တာတွေကတော့ အများကြီးပါ။ ရတနာသုံးပါးကို နှလုံးသွင်းတတ်ဖို့။ ကုသိုလ်ကောင်းမှုကို တတ်နိုင်သလောက် လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတိုတောင်းလှတဲ့ ကျန်ရှိတဲ့ အချိန်လေးမှာ သူတဖက်သားအပေါ်ကို အပြစ်မလုပ်မိဖို့လည်း ပိုအရေးကြီးပါတယ်။ နာကျည်းစရာတွေရှိရင် မေ့လိုက်မယ်။ မုန်းလောက်မယ့် သူတွေရှိခဲ့ရင်လည်း အဆုံးထိတိုင် ခွင့်လွှတ်လိုက်မယ်။ ရိုးသားတဲ့ဘ၀လေးနဲ့ပဲ တတ်နိုင်သလောက် ရှေ့ဆက်မယ်။

(၄) ၀မ်းနည်းမိမှာက…

ဝမ်းနည်းမိမှာကတော့ မိဘကျေးဇူးကို ဆပ်ရမယ့် အချိန်တွေ တိုသွားလို့ပါ။ ယုံကြည်ချက်တခုနဲ့ မဖြစ်ဖြစ်အောင် လျှောက်လာခဲ့ပြီး မိဘရဲ့ အကူအညီကို ခုထိတောင်းခံနေရတဲ့ အတွက် အပြစ်တခုလို ခံစားနေရတဲ့အချိန်မှာ မိဘကို လုပ်ကျွေးပြုစုဖို့ အချိန်တွေနည်းသွားလို့ပါ။ နောက်ပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာပါ ကွယ်ပျောက်သွားခဲ့မယ်ဆိုရင်တော့ အရမ်းဝမ်းနည်းမိမှာပါ (ကမ္ဘာပျက်သုဉ်းရင်တောင် ဗုဒ္ဓဘာသာကို အရှည်တည်တံ့နေစေချင်ပါတယ်) ။

(၅) ကြောက်လန့်မိတာက…

ကြောက်လန့်မိတာက သိပ်မရှိပါဘူး ... သေရမှာ တခုတည်းပါး) ။ သေရင်တော့ အားလုံးထက်အရင် သေသွားချင်ပါတယ်။ ကျွန်တော်က နှလုံးသားနုတယ်။ အော်ပြီးငိုယိုနေကြတဲ့ လူသားတွေအားလုံးကို မမြင်ချင်ပါဘူး။ နှလုံးသားရပ်ပြီး သေသွားမှာတော့ကြောက်တယ်။ အဟီး အဲဒါကြောင့်း) ။

(၆) ဆောင်ထားချင်တာ…

ဆောင်ထားချင်တာက ကျွန်တော်တို့ ယုံကြည်ကိုးစားရတဲ့ ရတနာသုံးပါးပါ။ နောက်ပြီး လောကမှာ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး “ပျက်ချိန်တန်လို့ ပျက်တယ်” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမလေးတခုပါ  (ပြောတာပြောချင်တာ သေချာမပြောတတ်လို့ဗျ) ။

(၇) ဘာတွေရေးမိမလဲ…

ရေးမိမှာကတော့ ကဗျာတွေပါပဲ။ ကဗျာကို အသက်လောက် ချစ်မြတ်နိုးတဲ့အတွက် ကဗျာတွေကိုပဲ ထုဆစ်မိနေအုန်းမှာပါ။ ကျွန်တော့်ကို တခြားအရာနဲ့ ဆွယ်လို့နေနိုင်ပေမယ့် “ကဗျာ” နဲ့ဆွယ်ရင် ကောက်ကောက်ပါအောင်လိုက်မိမှာ သေချာတယ်း) ။

(ဂ) တွေးမိတွေးရာ...

ကျန်ရှိတဲ့ အချိန်လေးကို ကြိုးစားမယ်။ ကောင်းကောင်းစားမယ်။ ကောင်းကောင်းနေမယ်။ မည်သူ့အပေါ်မှ ကာယကံ ၊ ၀ဇီကံ ၊ မနောကံ တို့ဖြင့် မကျူးလွန်မိအောင် နေထိုင်သွားမယ်။ ဘုရားတရားကို အချိန်ပေးပြီး လုပ်သွားမယ်လို့တော့ စဉ်းစားပါတယ်။

(၉) ဂုဏ်ယူချင်တာက…

ယခုဘ၀မှာ လူလာဖြစ်ရတာကို ဂုဏ်ယူချင်ပါတယ်။ ခံစားတတ်တဲ့ နှလုံးသားတစုံလည်း ရရှိခဲ့တယ် (အဲဒါကြောင့် ကဗျာတွေရေးနိုင်ခဲ့ရတာကိုး) ။ ပျော်ရွှင်မှုရသ အ၀၀ကိုလည်း ခံစားခဲ့ရတယ်။ ၀မ်းနည်း ကြေကွဲမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ လူဆိုတဲ့ အတန်းအစားရဲ့ ခံစားရမှု အစုံစုံကို ခံစားခဲ့ရလို့ပါပဲ ။

(၁၀) ရှာကြံဖြေသိမ့်မိတာက…

တော်သေးတာပေါ့ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကိုခံခဲ့ရလို့ (လူပျိုကြီးဖြစ်သွားမှာ တော်တော်ကြောက်နေတာ :P) ။ ကောင်မလေးက လက်ခံရင် ပျော်ရွှင်ရမယ့် မိသားစုလေးကို ဖန်ဆင်းဖို့ အချိန်ကျန်နေသေးလို့ (သိပ်တော့မကျန်တော့ဘူးနော် အဟီးဟီး ငိုချင်လာပြီနော် ) ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း...

ကျူးရင့်ချင်တာကတော့ ကဗျာလေးတပုဒ်နဲ့ပေါ့ (ကဗျာရူးဖြစ်နေလို့ပါ သီးခံကြပါနော်)

ကမ္ဘာ...ကမ္ဘာ...ကမ္ဘာ
သူ့ နှလုံးသားကို အမှီပြု
ငါတို့ပေါက်ဖွားခဲ့တယ် ။


သူ့ သယံဇာတကို တူးယူ
ငါတို့ တည်မြဲယူခဲ့တယ် ။


သူ့ ၀မ်းတွင်းကျွမ်းလောင် 

ပြိုပျက်အောင်လို့
ငါတို့ အပြစ်ဆောင်ခဲ့တယ် ။


သူ့ အရိပ်အောက်မှာနေ
သူ့ အခက်ဘယ်လိုချိုးချိုး
ငါတို့စေရာ သူခံခဲ့တယ် ။


သူကတော့ ခွင့်လွှတ်သီးခံ
စိတ်ရင်းမှန်နဲ့
ငါတို့ကောင်းကြောင်း
သွန်းလောင်းပေးခဲ့တယ် ။


ငါတို့ ကတော့ သူ့ကို
လျစ်လျူရှုလို့ အပြစ်တွေပြုခဲ့တယ် ။


ခုမှ သူ့ကို သတိရကြောင်း
စာတွေလောင်းလည်း
သူအကြောင်းက မကောင်းတော့ဘူး ။


သူငိုနေတယ်
ဝမ်းသာလို့လား ၀မ်းနည်းလို့လား
အဖြေရှာမရတဲ့ ဝေဒနာဘ၀နဲ့
သေချာတာက
သူခေါ်ဆောင်သွားတော့မယ် ။


ငါတို့ မလိုက်ချင်လည်း
လိုက်ပါရတော့မယ် ။


ငါတို့ကို ချစ်ခဲ့တဲ့ သူ့ကို
ငါတို့ ပြန်ချစ်ကြပါစို့ ။


အခုတော့
ငါတို့အားလုံး
ကမ္ဘာကြီးကို တောင်းဆုခြွေကြမယ် ။


“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ကြွေလွင့်မသွားခင် အထိလေ
  ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ငါတို့နဲ့အတူ ရှိပါစေ ”


(ကိုငှက်ရဲ့ သီချင်းကို ဖျက်လိုက်မိတာ အားလုံးကို တောင်းပန်ပါတယ်ဗျာ)
~~~~~~~~~
အားလုံးကို ခင်မင်လေးစားလျက်...
     ညရဲ့ကောင်းကင်




Tuesday, November 10, 2009

“အင်အား”



ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့  ကတိုးတက်
တချို့  ကစိတ်ပျက်ကြတယ် ...

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး...

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။

Sunday, November 8, 2009

☺ ငါ့ရဲ့ လမင်း ☺





ရှင်းသန့်တဲ့ ရင်ခွင်မှာ
အစဉ်ထွန်းလင်းနေတဲ့ လမင်း
ပြည့်ဖြိုးနေလိုက်တာက
လှရက်လိုက်တာ ... ။

မဟူရာညပေမယ့်
မတူတာတခုကတော့
နင်ဖြန့်ကျက်တဲ့ အလင်း
ငါ့ရင်ကိုခင်းထားတာက
လွမ်းမောလိုက်တာ ... ။

အရာရာ တိတ်ဆိတ်နေပေမယ့်
အလိုက်မသိတာက ... ငါ
ရှိုက်မိတဲ့လေထုနဲ့တောင်
ဝင်သက်ထွက်သက် မမျှသလိုနဲ့
သန်းခေါင်ယံညဉ့်အဆင်းမှာ
အသူရာတွေစစ်ခင်းသလို
အမူအရာတွေပစ်သွင်းရင်း
အငိုက်မိတဲ့ နှလုံးသားနဲ့
ငါ ... မောက်မားမိခဲ့တာပေါ့ ... ။

ဒါပေမယ့်လည်း
ရင်ထဲကလမင်းမို့
အပြစ်ကင်းတဲ့ မြှားတစင်းကို
နင့် ရင်တွင်းသို့
ချစ်ခြင်းစေတမန်နဲ့
ဖြစ်ခြင်းတွေ အစီရင်ခံလိုက်မယ်
နင့်ရဲ့  ...
နှလုံးသားကို
ငါ့ဆီ ...
တဖန် ပို့လွှတ်လှည့်ပါ ... ။

Friday, November 6, 2009

သခင်


တွယ်ငင်ရစ်သည့်
နှောင်ကြိုးမျှင်ဖြင့်
ပတ်ကာထားသည့်
သံယောဇဉ်မျိုး
ရင်၌ပျိုးသည်
သခင်သိပါလေစ ။

လွန်ခိုင်မြဲသည့်
စကားထွေနှင့်
ချိုမြိန်လှသည့်
အချစ်နွံမျိုး
ရင်၌ကျွံသည်
သခင်သိပါလေစ ။

သခင်စိတ်ဖောက်
ကောက်မှာစိုးလို့
စိုးကြောက်ရင်ထဲ
မ၀ံ့ရဲပဲ
ဆိတ်ဆိတ်ငြိမ်သက်
သခင့်တွက်ဆို
နေ့ရက်မတွက်
ပေးဆပ်ရက်သည်
သခင်သိပါလေစ ။

သခင့်ရိပ်နှင့်
ကျွန်ုပ်စိတ်ဒွန်တွဲ
လွန်ဆွဲမိတောင်
တရက်သော်မှ
မျက်တော်မရှ
အပါးတော်မြဲ
နေရဲချင်သည်
သခင်သိပါလေစ ။

သခင်မုန်းလို့
ရှုံးသွားရင်လည်း
လုံးမပါးပဲ
နှလုံးသားကို
အပြုံးများနဲ့
ပေးဆပ်ရဲသည်
လိုရာပြုဖို့
ထုဆစ်ပါတော့
အို ... သခင်ရယ် ... ။

Tuesday, November 3, 2009

ကြောက်တတ်လာတယ်


မင်းပြောခဲ့တဲ့ စကား
တလုံးတပါးမှတောင်
အမုန်းမပွားခဲ့ဖူးပါ...
မင်းစေလိုရာစေ
နေလိုရာနေခဲ့တယ်... ။

ကြာပဒုမ္မာလို
ရေတကာလယ်မှာ
တင့်တယ်ချင်ပေမယ့် ...
ဒီကောင့် ...
နှလုံးသားရင်မှာတော့
ပြေလည်အောင်
သောင်ထွန်းခဲ့ရတယ် .... ။

ပန်းပွင့်ကြွေတိုင်းလည်း
မကောက်ခဲ့ဖူးပါ ... ။
လေပြေစေတိုင်းလည်း
မရောက်ခဲ့ဖူးပါ ... ။

ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ... ။

ဆုံးရှုံးမှာစိုးလို့
နာစရာရှိတောင်
ရင်ခွင်တွင်းနက်မှာပဲ
ပျိုပျက်ခဲ့တယ် ... ။

ဒါနဲ့တောင် ...
ဟန်ဆောင်စကားတွေနဲ့
ဒီကောင့်နှလုံးသားကို
မိုင်ကုန်မောင်းခဲ့ရက်တယ် ... ။

ဒီလိုနဲ့လေ ...
နှလုံးသားကရလာတဲ့
အဆိုးရွားဆုံးရလဒ်ကတော့
ဒီကောင်လေ ...
ကြောက် ... ကြောက်တတ်လာတယ် ... ။

Sunday, November 1, 2009

မဆုံးမယ့် အတွေးများ


နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝ
ဘယ်ကာလရွေ့ပြီမသိ
ပန်းမန်တွေကတော့
သူ့ဖာသာ အလှဆင်တတ်သားပဲ...
ဝင်ခါနီးနေမင်းတောင်
တောက်ပမှုတွေနဲ့
နှုတ်ဆက်လုလုပါလား...

ပုံမှန်လှုပ်ရှားမှုနဲ့
ရှင်သန်လူသားထုတွေကတော့
ကမ္ဘာမြေလှပမှုကို
အသေအချာ သတိမပြုမိတာ ကြာလှပေါ့...

တခါတခါ
အလှအပသဘာဝကို
အကျအနခံစားချင်လို့ပေါ့...
စိမ်းလန်းမှု တောအုပ်ထဲက
တိတ်ဆိတ်တဲ့ ညနေတွေမှာ
တယောက်တည်းကြိတ်လို့
အသက်ရှုသံကို ကာရန်လုပ်
သံစဉ်တပုဒ်တော့
ဟန်လုပ်ချင်ခဲ့တာလေ...

တကယ်တော့လည်း
ဆုတ်ဖြဲခဲ့တဲ့ ပြက္ခဒိန်တွေရဲ့အောက်မှာ
ပိုင်ဆိုင်မှုနဲ့ထပ်တူ
လွတ်လပ်မှုတွေကျဆုံးခဲ့ရတယ်လေ...

ဒီလိုနဲ့ပဲ...
အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...

ဒဏ္ဍာရီ ဆန်လှတဲ့
ကြယ်စင်မောင်နှံကိုလည်း
ဖွေရှာမတွေးမိတာ တခါမကပြီ ...

ရင်မှာတွေးမိတဲ့
မဟာအတွေးတွေကိုလည်း
အသေအချာမရေးမိတာ
ဘယ်အချိန်ဘယ်ကာလဆီ ။

သြော်... ဒီနေ့ညဉ့်က ဘာလို့ဒီလောက်နက်ရတာလဲ.... ။

(မမိုးခါးဧ။် မဆုံးမယ့် အတွေးစုကို ကဗျာအဖြစ် ဖြစ်တည်သည်။)
ပုံ ။ ။ ခွင့်ပြုချက်ဖြင့်သာ ကျွန်တော့်ဧ။် ဘလော့ဂ်၌ တင်ပါဧ။်။