Saturday, February 27, 2010

“သွေးနဲ့ရောသွားတဲ့ မျက်ရည်”



သွားပြီ ... သွားပြီ ...
ဘ၀က မလှပုံများ
အရှုံးနဲ့ စတိုက်တဲ့ တိုက်ပွဲ အဆုံးမှာတောင်
နှလုံးသား ဒဏ်ရာတွေ အထပ်ထပ်ဖုံးလို့ပေါ့ ...

ပြည့်ပြီးသားအိုးကိုမှ
ထပ်ဖြည့်နေရတဲ့ အခါ
ငါ့ ... စေတနာတွေလည်း
လျှံထွက် ဖိတ်စင် ပျောက်ဆုံးလို့
အရာရာ ပျက်သုန်းပြန်တယ်ဆိုတာ
မသိလိုက်မိပါလား ...

ဒီဇာတ်လမ်းမှာ ... ငါ
မင်းသား မဟုတ်ခဲ့သလို
လူကြမ်းလည်း မဖြစ်ခဲ့ပါဘူး ...
ပွဲကြည့်ပရိသတ် သာသာ
ဘေးလူနေရာက နေပေမယ့်
မျှော်လင့်ချက်လေးကို
အရောင်တင်မိတာ မှားသွားခဲ့ပြန်ပေါ့ ...

တကယ်ဆို ခွေးနေရာ ခွေး
လူနေရာ လူ ဆိုပေမယ့်
ခွေးမှာလည်း သစ္စာရှိမှုတွေ
ထောင်ရာပုံလို့လေ ...
ဒါပေမယ့် ကိုယ့်နေရာကိုယ်
မနေတတ်တော့ သည်းခြေတွေ ထပ်ပျက်ရတာ
ကြိတ်ပြီးတော့သာ ခံလိုက်ပေတော့ ...

မငိုဘူး ... လုံးဝမငိုဘူး ...
ဒါပေမယ့် သွေးမျက်ရည် ကျတယ်
စိတ်တွေ အဆိပ် တက်တယ်
နှလုံးသားတွေ နုံးချည့်နာကျင်တယ် ...
ရပါတယ် ...
သူတစ်ပါးပျက်စီးအောင် မဆုတောင်းတတ်တဲ့ ... ငါ
ငါ့ ကိုယ် ငါ ပဲ ဖျက်ဆီးခံလိုက်တော့မယ် ...

“နင့်” ရင်ထဲမှာ “ငါ” မရှိပေမယ့်
“ငါ့” ရင်ထဲမှာ “နင်” ရှိနေမယ်ဆိုတာ
ဘယ်အရာတွေနဲ့ နှိုင်းယှဉ်ပြရမလဲ ...
အသားလိုလို့ အရိုး တောင်းမိတဲ့ ဘဝ
အရိုးတောင် ဒဏ်ရာ ချုပ်ရိုးတွေနဲ့
မစားရက်လို့ သိမ်းထားလိုက်ရပြီပေါ့လေ ...

နောက်ဆုံးတော့လည်း
ဗလာစက္ကူမှာ နာကျင်နေတဲ့ ကညစ်နဲ့
သွေးမင်တွေကိုသုံး
ဆန္ဒ ပန်းကုံးတွေ သီကုံးလို့
သုညရဲ့ အောက်ခြေနားမှာ တွဲလိုခို
ညဆိုးတွေကို ကျော်ဖြတ်
ကမ္ဘာအဆက်ဆက်တိုင်
ဒဏ်ရာ မနက်ဖြန်တွေကို
ခံစား စံစား နေများ သွားရရင်
နောက်ဆုံးတော့ ... နောက်ဆုံးတော့ ... နောက်ဆုံးတော့ ....
သွေးနဲ့ရောသွားတဲ့ မျက်ရည်ဆိုတာ ...။
 ~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။

Wednesday, February 24, 2010

“ခွင့်ပြုပါ”


ဆန္ဒ... ဘ၀နဲ့ လက်တွေ့မကျလို့
တကယ်မရတဲ့ အရာတွေ ဘယ်မျှရှိနေမလဲ ...
နှလုံးသားဟာ အပြစ်မရှိပဲ
အရှုံးတရားမှာ လုံးပါးပါးနေခဲ့ပြီ ...။

လမ်းတွေလည်း လျှောက်ရင်းနဲ့ပျောက်
အကြမ်း(ယမကာ)တွေလည်း သောက်ရင်းနဲ့စောင့်လို့
အခါခါမှောက်ခဲ့ရတဲ့ ညနေခင်းတွေ
နာကျင်ခြင်း အပိုင်းအစတွေ
အယူခံခွင့် မရှိတဲ့ စွဲချက်တွေနဲ့
အလွမ်းအချုပ်ထောင်မှာ
အမြဲချုပ်နှောင်ခံနေရတယ် ...။

စီရင်ချက်ချမယ့် တရားသူကြီးက
နင်ဖြစ်နေလေတော့
တရားခုံရုံးမှာ တအားကိုရုန်းရမှာ ... ငါသိတယ် ...
အချစ်နဲ့ လဘ်ထိုးလည်း အပြစ်အတွက် ထပ်ဆိုးမှာဆိုတော့
တိတ်တိတ်ကလေးနေ ယတြာတွေချေနေတော့မယ် ...။

အချိန်ကသက်သေဆို ဘယ်မှာလဲ ငါ့အတွက် ရှေ့နေ
ဒီလိုနဲ့ ရက်တွေ ရတက်ဝေစေတော့
တောင်းဆိုမိလိုက်တဲ့ ဆင်ခြေဆင်လက်တွေ
ဒုန်း ... ဆိုတဲ့ အသံနဲ့ ၀ုန်း ... ဆိုတဲ့ ဟန်ကြောင့်
ကိုယ်ခေါင်းကိုယ်လျှို မသိသလိုပဲ နေလိုက်ရတယ် ...။

ဒီလိုနဲ့ ...
ပျော့ခွေနေတဲ့ နှလုံးသားတွေ လျော့ပြေစေဖို့ဆို
ပီယဆေးတွေကိုဖော် မှန်မှန်သာသောက်သုံး
အကြံအဖန် လျှောက်ထုံးတွေနဲ့
နောက်ဆုံးနိဂုံးကို မျှော်လင့်နေလေရဲ့ ...။

မည်သို့ပင်ဆိုစေကာမူ ... ဤသို့လေ သစ္စာကြောင့်
တရားတဂွင်လုံးမှ ကွင်းလုံးကျွတ်မလွတ်ရင်တောင်
အချစ်တရားရုံးမှာ အပြစ်အများဆုံးနဲ့
ရိုးမြေကျ ဒဏ်ခတ်ခွင့်ပြုပါတော့ ...။
  ~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။

Tuesday, February 23, 2010

“လိုရာကိုစေ”



ကြွေလွင့်ခဲ့ပါပြီ ...
ရင်နင့်စရာ ပန်းပျိုငယ်ခမျာ
လေစီမံရာကြောင့်
သွေဖယ်(ဖီ)ရာ လမ်းတစ်လျှောက်မှာ
ရင်နှစ်မွှာပေါက်ခဲ့ရတယ်ဆို ...
လေဟာနယ် တမိုးအောက်မှာ
လမ်းပျောက်မနေပါနဲ့
လှမ်းကောက်မယ့်သူက
အလွမ်းပျောက်သူ ဆိုတော့
ထာဝရစောင့်ရှောက်မယ့် အယူရှိတာ
ပန်းပျိုငယ်သိပါလေစ ...
လိုချင်ရင်နေ မလိုချင် စေဖို့
နှလုံးသားတံခါးပေါက်လည်း
ဒိုးယိုပေါက်ပဲ ဆိုတာ
အရူးအမူး ဒီလူထူးသာ အသိဆုံးမို့
ရင်ခွင်တွေ ပျက်သုန်းပါစေ
ပန်းပျိုငယ်အတွက်ဆို
အလွမ်းအိုရုံ ရင်ခွင်နက်နက်မှာ
အချစ်ပရိဘောကတွေနဲ့
အလှဆင်ပေးနေမှာ .............♥♥♥
 ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

Thursday, February 18, 2010

“အနှိုင်းမဲ့”



နှလုံးသား အနှိုင်းမဲ့ဆိုတာ
နွေအကြိုဖူးတဲ့ နွေဦးလို
ဆောင်းအကြိုမြူးတဲ့ ဆောင်းဦးလို
ရင်ခွင်ဖူးဖူးမှာ အချစ်ရူးခဲ့လေခြင်းလား ...
နှောင်တွယ်စရာတွေနဲ့ ရှောင်ဖယ်မရနိုင်ခဲ့သော
ဒီ ... အမျှင်လေးတခုက
ဖျောက်ဖျက်ဖို့ခက် တွယ်နှောင်ယှက်နေတယ် ...

ရင်မှာအနှိုင်းမဲ့လို့ အကြင်နာ တံတိုင်းတဖက်မှာ
တိတ်တိတ်လေးငို အရိပ်ခိုနေရပေမယ့်
မမေ့ရက်နိုင် တသက်တိုင်မယ်ဆိုတာ ...
ဝမ်းတွင်းဝပ်ဆင်း သိုသိပ်ရင်းနဲ့
ဆန္ဒပြင်းပြင်းလည်း သော့ခတ်သိမ်းလို့ ...
ဆယ်ကာမရတဲ့ သိက္ခာတခြမ်းနဲ့
မာနနှုတ်ခမ်းပေါ်မှာလည်း
ပေးဆပ်ရခြင်းကိုက အသည်းတွေတဖြုတ်ဖြုတ်ကြွေ
အိပ်မက်တစ္ဆေတွေနဲ့ အိပ်ပျက်ညတွေပြည့်ကျပ်နေ ...
...............................
......................................

ဟိုး ... တချိန် ...
နံနက်မိုးသောက်မှာ စိုးကြောက်နေခဲ့တာက
အပြေးကောက်ရမယ့်စံပယ်တွေ
လွင့်ပျောက်သွားမှာကိုလေ ...
ချစ်သူကေသာဦးမှာ စံပယ်ဖူးလေးတွေ
ပန်ဆင်ပေးဖို့ဆို
အိပ်မက်ကို အရည်ဖျော် စက်တော်မခေါ်ခဲ့တဲ့ညတွေ
လက်ချိုးမရေတွက်နိုင်အောင်ပါပဲ ...

ဟိုး ... တချိန် ...
အပြာရောင်ဆန်ဆန် အရောင်ကိုမှ
မဟာဆန်ပါတယ်ဆိုတဲ့ ချစ်သူ
ပြာတာတာကောင်းကင်ကိုတောင် ၀တ်ဆင်ပေးချင်ခဲ့တာ ...
ခုတော့ စိတ်ကူးလေ ရူးပြီမို့လား
လေပြေဦးလို စေလိုရာစေ ...
ဒဏ်ရာပန်းတွေ ဝေလိုရာဝေ ...
...............................
.....................................

မေ့ချင်ပါပေမယ့် မမေ့ရက် ...
မုန်းချင်ပါပေမယ့် အချစ်မပျက်လို့ ...
ရင်ဘတ်တွေစူး သည်းခြေရူးရတာလည်း အခါခါ ...
မကြာမကြာ နာနာလာတတ်တဲ့
နှလုံးသား တစ်စုံကို ကြာလာတော့ သနားလာတယ် ...
မရေမရာနဲ့ အဖြေမပါတဲ့ ပုစ္ဆာတစ်ပုဒ်ကိုလည်း
အသေအချာတွက်နေရသလိုနဲ့
ရှည်ကြာလာတဲ့ ခရစ်နှစ်တွေကို မုန်း... မုန်းလာတယ် ...

ဒီလိုနဲ့ ....
ဘ၀တကွေ့မှာ ခဏတွေ့ရပေမယ့်
တစ်မျက်နှာ တစ်ကမ္ဘာ ချစ်မှာ အနှစ်တစ်ရာမို့
ပစ်ခွာကာပြေးလည်း မေတ္တာမပြယ်သေးသရွေ့
တဆတ်ဆတ်နာလာတဲ့ ရင်ဘတ်ထဲမှာ
နှိုင်းစရာ အနှိုင်းမဲ့လို
အစွဲအလန်းကြီးနဲ့ ရူးလို့နေရတော့မှာ ...
ကမ္ဘာတွေပျက်သည့်တိုင်အောင် ................
  ~~~~~ @@@@ ~~~~

ပုံလေးကို ဒီကနေ ယူပါသည်။

Monday, February 15, 2010

“ခံစားမှု (၂)”

ေ၀၀ါးနေတဲ့ သံယောဇဉ် အမျှင်တန်းတွေ ဒဏ်ရာနှုတ်ခမ်းလေးပေါ် ဆက်လှမ်းလာခဲ့တော့ နာကျင်စရာ ဆိုတာလည်း ဖြေသာတတ်နေပါပြီလေ ...

တခါက နင့်အတွက် နှလုံးသား ဖူးဖူးလေးတွေ ခုအချိန်ဆိုလည်း ပွင့်ဖူးနိုင်သေးတော့ အနေအထိုင် မတတ်ဘူးလို့ မပြောပါနဲ့ ... အခြေမယိုင်တတ်တဲ့ စိတ်ကြောင့်သာ နင့်ရဲ့ အရိပ် နင့်ရဲ့ နိမိတ်ဖြစ်ချင်မိခဲ့တာပါ ...

ညရဲ့ကောင်းကင်ဆိုတာ ဘ၀သခင် နင့်အတွက် မှောင်နေတဲ့ညတွေမှာ တိတ်တဆိတ်နဲ့ စောင့်ရှောက်ပေးမယ့်  ကောင်းကင်တစ်ပါးအဖြစ်ပါ ...

နင်ကလမင်းဆို ငါ့ရင်ခွင်မှာ ခိုနားစေချင်လို့ ... ဒီလိုစိတ်တွေက နင့်မသိလည်း ငါရှိနေမယ်ဆိုတဲ့ သဘောပါ ...

ကောင်းကင်က လွတ်ကျသွားတဲ့ အရာတိုင်းကို နင်ကောက်ယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပါ ... အဲဒီအပိုင်းအစတွေမှာ စေတနာတွေ မေတ္တာတွေ ရယူပိုင်ဆိုင်လိုမှု မရှိခြင်းတွေ ပါဝင်နေပါလိမ့်မယ် ...

လျစ်လျူမရှုတတ်တဲ့ ငါ့စိတ်ကြောင့်သာ နင့်ရဲ့ခြေရာတိုင်းမှာ ငါလိုက်နင်းနေခဲ့မိတယ် ... နင်ပျော်မယ်ထင်လို့ ကမ္ဘာတစ်ဖက် ထွက်ပြေးသွားရင်တောင် ငါလေ ခြေရာတွေထပ်နင်းပြီး နင့်ဘေးမှာ ရှိနေချင်တယ် ... 

သာယာလှပတဲ့ ညလေးတစ်ညရဲ့ အိမ်ပြန်ချိန်လေးမှာ ချစ်စနိုးလေးနဲ့ အမည်ပေးခဲ့တဲ့ ညရဲ့ကောင်းကင် ဆိုတဲ့ နာမည်ဟာ အခုတော့ ငါ့ကလောင်အဖြစ်နဲ့ အသည်းကွဲကဗျာတွေကို ထုဆစ်နေခဲ့မိတယ် ...

တိမ်ပြာပြာတွေ ကင်းစင်နေမယ့် နေ့တွေမှာ နင်ပျော်ခဲ့တယ်ဆို ညအိပ်စက်တဲ့ အခါ အမှောင်ထူထူထဲထဲ ကိုဝတ်ဆင်ထားတဲ့ ငါက ပီတိဖြစ်နေမယ်ဆိုတာ ငါကိုယ်တိုင်က လွဲရင် ဘယ်သူမှ မသိနိုင်တော့ပါဘူးလေ ...

ဒါပေမယ့် အဲဒီပီတိကို ငါလိုချင်တယ် ... အဲလိုပဲ နင့်ကိုလည်း ဖြူစင်တဲ့ လမင်းလေး ... သန့်စင်တဲ့ ထွန်းလင်းမှုလေးတွေ ရှိစေချင်တယ် ...

ညခါးခါးတွေကို သောက်သုံးနေရလည်း နင့်ကိုလမ်းပြပေးနိုင်မယ့် ကောင်းကင်အောက်မှာ အရာရာကို ရဲဝင့်စေချင်တယ် ...

ဒါဟာ ငါ့မျှော်လင့်ချက်ပါဆို ငါစိတ်ကူးယဉ်တာ ဖြစ်ချင်ဖြစ်နေမှာပေါ့ ... အဲဒီစိတ်ကူးတွေကလည်း နင့်အတွက်ဆိုတာ တချိန်ချိန် သိမြင်နိုင်ပါစေ...

လမင်းကို မွေးဖွားခဲ့တဲ့ ငါ .. လမင်းက ငါ့ကိုဝေးသွားစေခဲ့တယ် ... လမင်းလေးရေ နင့်လမ်းကို နင်ဖောက် ရောက်သလောက်လျှောက်ပါ ... ဂရုစိုက်ပြီး လျှောက်ပါ ... နင်လဲကျတဲ့ အခါ ထူမပေးဖို့ ငါရှိနေမှာပါ ...
နင်အားငယ်တဲ့အခါ အားပေးဖို့လည်း ငါရှိနေမှာပါ ... လှည့်စားမှုတွေ များတဲ့ ဒီသံသရာ လောကကြီးမှာ နင်လေ ကိုယ့်ကိုကိုယ် ထိန်းကြောင်း ပဲ့ထိန်းကောင်းပါစေ ...

ငါက နင့်အတွက် ထာဝရကောင်းကင် ... ညရဲ့ကောင်းကင်အဖြစ် ရှိနေတော့မှာပါ ...

Sunday, February 14, 2010

“ဒီလိုနေ့ .. ”


ရာသီလှလှတွေထဲ
ဝေဒနာ စာမပီသ
ဒီလိုနေ့ကမှ
မျက်ရည်မိုးတွေ ကြွေရတယ် ...

အထီးကျန်ကဗျာကိုမှ
ရေးမရတဲ့ အခါ
နှလုံးသား တွန်းထိုးသံက
ဆာလောင်ငတ်မွတ်တဲ့
သားကောင်အလား
တောင့်တနေလိုက်တာ ...

တချက်တချက်ဆို
ရင်ထဲလှိုက်တက်လာတာ
ကြားလိုက်ရတဲ့ စကားတွေ
တွေ့လိုက်ရတဲ့ ဆုတောင်းသံတွေ
ပျော်နေကြတဲ့ သူတွေကြောင့်
ငိုနေရတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် ...

အစတခုကိုမှ ဆွဲထုတ်
နှောင်းကြိုးတွေ ရှုပ်လို့
မေတ္တာအိမ်ထဲမှာ ပုန်းခို
မျက်ဝန်းစိုစိုမှာမှ
တွဲလဲခိုခဲ့လိုက်တာ
တချိန်မှာတော့
ဒီလိုနေ့မှာ
နှလုံးသားလေး
ပြန်ရှင်သန်ကောင်းပါရဲ့နော် ...

  ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

Saturday, February 13, 2010

“ချစ်သူရေ”



ချစ်သူရေ ...
အလွမ်းမိုးတွေစွေ ရင်တွေပြိုခဲ့လေသမျှ
မှုန်ပြာမှိုင်းရီခဲ့ရတဲ့ နေ့တွေ
မာတိကာ အသစ်နဲ့ ပြဌာန်းချက်မှာ
ချစ်သမျှအကြောင်းတွေကို ထပ်လောင်းသစ်လိုက်ပြီ ...

မျှော်တော်ယောင်ဘ၀ရဲ့ ရာသီတွေထဲမှာ
ငေါင်တောင်တောင်နေခဲ့ရသမျှ
ချစ်သူနဲ့တွေ့တော့ ကိုယ့်ဥယျာဉ်ကမ္ဘာလေးထဲ
အနမ်းတွေနဲ့ဝေ အပြုံးပန်းတွေပွင့်လန်းလို့
သာယာလာလိုက်တာက
ကြည်နူးဖို့ကောင်းလိုက်တာ ....

နှလုံးသားနဲ့ ရေးခဲ့တဲ့ ကိုယ်တို့ ဇာတ်လမ်းမှာ
ခမ်းကြမ်းကြမ်းမဟုတ်ပေမယ့်
ဝေးခဲ့စဉ်ခဏတော့ ဒဏ်ရာရခဲ့ရတယ်
နေညိုညိုချိန်မှာ ထိုင်မငိုရုံပါပဲ
ချစ်သူု့ကို တွေ့မြင်ချင်တဲ့ ဆန္ဒက
တစ်ခါမကခဲ့ပါဘူး ...

ခုတော့..
ချစ်သူရဲ့ ကိုယ်ငွေ့ပါးပါးလေးနဲ့
နူးညံ့တဲ့ ပိုးသားဆံနွယ်လေးကို
ထာဝရ မွှေးရှိုက် အသက်ဆက်ရတော့
အလှဝေတဲ့ ကမ္ဘာမြေလည်း
ပိုတောင်လှလာသလိုပဲ ...

ချစ်သူရေ ...
ကိုယ်ကမ်းလင့်တဲ့ လက်ကို ခိုင်ခိုင်တွဲ
သံယောဇဉ်တွေ တွယ်ရစ်
အချစ်စစ်တွေနဲ့ နေ့ရက်သစ်တွေထဲ
မခွဲမခါ ကျောခြင်းကပ်လို့
နှစ်ယောက်အတူ ရှေ့ဆက်ကြမယ်နော်...

အတားအဆီးလည်း မကြားတကြားမညီးဘူး
ဆူးခင်းလမ်းလည်း ကူးသန်းလိုက်မယ်
အခက်အခဲဟူသမျှ လက်တွဲထူကြမယ်
မောင်တထမ်း မယ်တရွက်နဲ့
တသက်မခွဲမခွာ ချစ်ကြမယ်နော် ....

နောင်လာမယ့်နေတွေမှာလည်း
နွေးထွေးတဲ့ အငွေ့အသက်တွေ
ရင်ဘတ်တွေထဲက မထွက်သွားရအောင်
တိုးတိုးလေး ထပ်ပြောပါရစေ...
ချစ်သူရေ ...
တစ်သက်တာ တစ်ဘ၀မှာ
တစ်မျက်နှာ ထာဝရ ချစ်ခဲ့လေသမျှ
ဆယ်သက်ဆယ်ကမ္ဘာမက လက်တွဲသွားပါရစေ ......
    ~~~ @@@ ~~~

ကဗျာလေးလည်း ဖတ်ပြီးသွားရော ညရဲ့ကောင်းကင်တစ်ယောက် ဒဏ်ရာတွေပဲ သက်သာသွားပြီလား၊ ပျော်စရာ အချစ်သစ်တွေများရလို့ ပျော်နေပြီလားလို့ မထင်လိုက်ပါနဲ့ဗျာ။ ကျွန်တော်ဒီလောက် ကံမကောင်းပါဘူး။ အချစ်ဆိုတာ ဖြစ်ပေါ်လာကတည်းက ကျွန်တော့နှလုံးသားမှာ ကျွန်းခံနေခဲ့ရတာပါ။ အဆိုးဆုံးက ဖောဖော်ဝါရီလ ၁၄ ရက်နေ့ပေါ့။ သူများတွေပြောကြတော့ “ချစ်သူများနေ့”။  ကျွန်တော်အတွက်တော့ “အချစ်မခံရသူများနေ့” ဖြစ်နေမလားပါပဲ။ အားလုံးက အဲဒီနေ့ကို ချစ်သူလေးတွေနဲ့ အချိန်ကုန်ဆုံးကြမယ်ပေါ့။ ကျွန်တော်ကရော... မွန်းကြပ်နံစော်နေတဲ့ အခန်းကျဉ်းလေးရဲ့ စာပွဲခုံလေးတစ်လုံးပေါ်မှာ အထီးကျန်ဆန်နေတဲ့ ၀ီစကီတစ်ပုလင်းကို အဖော်ပြုဖို့ ဖန်ခွက်လေး တစ်ခွက်နဲ့အတူ ကုန်ဆုံးမိမယ်လို့ ထင်ပါတယ်။ တဖြည်းဖြည်းချင်း ကျဆင်းလာကြမယ့် ယမာကာတွေကတော့ ကျွန်တော့်ကိုလှောင်ပြောင်ပြီး မှတ်ပြီလား ချစ်ချင်အုန်း .. သတိရချင်အုန်း... အသည်းကွဲခံချင်အုန်း လို့ပြောနေမလားပါပဲဗျာ။ လက်ဆောင် ချောကလက်လက်ဆောင်လား။ ဘယ်ကရမှာလဲဗျာ။ ကိုယ့်ဖာသာဝယ်စားရင်တောင် ဆိုင်တွေက ချစ်သူမရှိတစ်ကောင်ကြွက်တွေကို မရောင်းဖူးလို့ အော်ထုတ်မှာဗျ။ ဘယ်တတ်နိုင်မလဲနော်။

ခံစားနေရတာတွေ ပြောနေရတာနဲ့ လိုရင်းအကြောင်းတောင် ပျောက်သွားတယ်ဗျာ။ တကယ်တော့ ချစ်သူများနေ့ အတွက် ချစ်သူတွေကို ရည်ညွှန်းတဲ့ ကဗျာကို လုံးဝမရေးချင်ပါဘူး။ အဲဒါကိုမှ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံကို ပြန်သွားရတဲ့ သူငယ်ချင်းက သူ့ချစ်သူနဲ့ ဆုံဆည်းရပြီး ပျော်နေတဲ့အတွက် အလိုက်ကန်းဆိုးမသိစွာနဲ့ပဲ ကဗျာလေးတစ်ပုဒ်ရေးပေးဖို့ အတင်းအကျပ် ဓားပြလာတိုက်ခဲ့တဲ့ အတွက် ရေးလိုက်ရခြင်းပါဗျာ။ ကဲ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့ အကြောင်းကို တွေးပြီးရေးရတာ တော်တော်ကို ဒုက္ခရောက်ပါတယ်ဗျာ။ ကဗျာလည်း ရေးပြီးရော ရင်ထဲမှာ တလိမ့်လိမ့်နဲ့ဗျာ ခံစားလိုက်ရတာ ခုစာရေးနေတဲ့ အချိန်ထိပါပဲ။

ကဲပါလေ ဘာပဲဖြစ်ဖြစ်ပေါ့  ချစ်သူရှိတဲ့ သူတွေအတွက်တော့ ချစ်သူများနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်ကြီးမှာ ချစ်သူလေးရဲ့နဘေးမှာ အချိန်ပေးပြီးနေပေးလိုက်ကြပါဗျာ။ ချောကလက်တွေလည်း ပို့ကြပေါ့နော်။ အားလုံးအားလုံးသော ချစ်သူတွေ ထိုနေ့ထိုရက်မှာ ပျော်ရွှင်ပါစေလို့ အထီးကျန်အမှောင်ထဲက ညရဲ့ကောင်းကင်က ဆုတောင်းပေးလိုက်ပါတယ်။

ပုံလေးကို ဒီကနေ ယူပါသည်။

Wednesday, February 10, 2010

“ရင်ဘတ်ပွင့်ထွတ်နေသူ တစ်ယောက်ရဲ့ နေ၀င်နေထွတ်ရာသီ”

ဖြူစင်တဲ့ နှလုံးသားက
မုသာဝါဒ လှိုင်းတွေကို မတွန်းလှန်နိုင်တော့
ကမ်းပါးပြိုမှ ရင်ဘတ် လှိုက်စားခံရမှန်း သိလိုက်ရတယ်
လိမ်ညာမှုကောင်းကင်အောက်မှာ အရိပ်ခိုမိခဲ့တဲ့ ... ငါ
မနေတတ်တဲ့ မနက်တွေအတွက်
တချို့  တ၀က်တော့ ပေးဆပ်လိုက်ရပြီ .. . . . . . . . .     ( ညရဲ့ကောင်းကင် )

ရှိန်းခနဲ . . . . . . . .
နာကျင်မှုတွေ  ရင်ဘတ်ရှေ့က ဖြတ်ပြေးသွားတယ်
တဆတ်ဆတ် ခုန်လာတဲ့ အသားတွေ
မာနကို ခေါင်းပုတ်နိုး
အချစ်ဆိုတာ ရေရောက်သောက်တတ်တဲ့
နမ်မီးဆစ် နတ်သမီးရဲ့မာယာနဲ့
ငါ့ရင်ဘတ်ကို မင်း အခါးရောင် ဆိုးခဲ့တယ် . . . . . . . .    ( ဗညားရှိန် )

ထားခဲ့စမ်းပါ . . . .
သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး
ငါမာနနဲ့ နေရောင်အောက်မှာ
အခေါက်ခေါက်တောက်လောင်လာတာ
နေဆယ်စင်းထွက်စေအုန်း
ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး  . . . . . . . . . . . .  ( ညရဲ့ကောင်းကင် )

ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့
တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ
ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်
အောင်မြင်စွာနဲ့ပဲ ဆုတ်ခွါမယ် . . .
သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ . . . . . . . . . . . . . . ( ဗညားရှိန် )

ငါ့... ဘ၀ရဲ့ နေ၀င်နေထွက်တွေမှာ
ရင်ခွင်တွေ ထပ်မပျက်ရအောင်
အသည်းနှလုံးကို စကာတင်လို့
ရာသီတွေ ရပ်တန့်ပစ်မယ်
မာယာတံခါးဝမှာလည်း
ကာဘာတွေ အထပ်ထပ်ဝတ်လို့ပေါ့  . . . . . . . . . . . . . ( ညရဲ့ကောင်းကင် )

အသည်းမရှိတော့တဲ့ ညရဲ့ကောင်းကင်    
အလွမ်းသေသွားတဲ့ နတ်ဆိုးပုရပိုဒ်
ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေနဲ့
နှင်းခေတ်မှာ ကြွေသွားတဲ့ အနာဂတ်တွေအောက်မှာ
ငါ့တို့နေ့ရက်တွေ မပီမသ ရိတ်သိမ်းခံလိုက်ရတယ် . . . . . . ( ဗညားရှိန် )

Monday, February 8, 2010

“အထီးကျန် ဟီးရိုး”


လွမ်းမိပါသည် ... တရံတခါဆီက
အဖန်တရာမက အိပ်မက်တွေ
ကြံရာမရခဲ့မှုတွေ အတွက်
စတေးလိုက်ရတဲ့ နှလုံးသားက
အထင်ကရ မရှိတဲ့ တိမ်တွေလို
မျောချင်ရာမျော လွင့်ချင်ရာလွင့်ပေါ့ ...။

မွန်းကျပ်မိပါသည် ... ရင်တွင်းတနေရာဆီက
မဖြေရှင်းကာ ရှောင်နေရတဲ့
ဝေဒနာ အပူဒဏ်ရာတွေ
နေလောင်မှာ ကြောက်ကြောက်လာတော့လည်း
တခါတခါ ရေလောင်း
အမာရွတ်ဟောင်းတွေမှာ အနာဖက် အသစ်လောင်းလို့ပေါ့ ...။

အထီးကျန်မိပါသည် ... နေရာတကာတွေမှာ
ပျော်စရာ အမြင်တွေကြောင့်
လိုချင်ကာ တောင့်တမိတယ်
ကြင်ဖော်တောင် ပစ်သွားတဲ့ ဘ၀မို့လည်း
မလှမပနေ့ရက်တွေကတော့
မရှုမလှ ကျဆုံးရပေါ့ ...။

တကယ်ဆို
အညတရ နှလုံးသားကမှ
ဘာမှ မရခဲ့တာလေ ...။
အထီးကျန်ခြင်းမှာတောင်
ကျွန်တော်ဟာ ဟီးရိုးအဖြစ်နဲ့
ရင်နှစ်မွှာ အခါခါကွဲလို့
လက်မထောင်နေရတော့မှာလား ...။

ပြန်မလာနိုင်မှန်းသိပေမယ့်
ဒဏ်ရာရ နှလုံးသားကမှ
အပြီးအပိုင် အစားမထိုးနိုင်တော့
အထီးကျန်ဟီးရိုးဆိုလည်း
ကိုယ့်နန်းကိုယ့်မြို့  ရိုးမှာ
အလွမ်းစည်းရိုးတွေ ကာရံ
အနု အလှ အကြမ်း အရမ်း တွေနဲ့ပေါ့ ...။
   ~~~ @@@ ~~~
(ခုရက်ပိုင်း စက်သုံးလို့မရပါသဖြင့် မည်သူ့ဆီမှ မရောက်နိုင်တာ ခွင့်လွှတ်ကြပါခင်ဗျာ ...)
ပုံလေးကို ဒီကနေ ယူပါသည်။