Sunday, March 28, 2010

“ရုတ်တရတ်”



သာယာကြေညက်နေတဲ့
နူးညံ့တဲ့ နံနက်
သူလာရာ လမ်းထက်မှာ
ယိမ်းနွဲ့ကာပြိုကျ
ရင်ခုန်သံလှလှတို့
န၀င်ချိုမျှ တသသနှင့်
ကဆုန်ထလိုက်ရပါဘိ ...။

ရှည်လျှတဲ့ ဆံနွယ်
တကယ်ကို လှတော့
ရင်ခွင်ပျို ဒီလူမှာ
သံစဉ်အိုတေးသွားကို
ကြိုးညှိကာဆို
မခို့တရို့ စိတ်မျိုးနဲ့
အတွေးတမူ ပိုလိုက်ရပါဘိ ...။

ကတ္တီပါ ခြေလှမ်း
ဟန်မူပိုအစွမ်းနဲ့
တအားကိုဖန်စား
သူ့အလှအားလည်း
မနောစိတ်မှတ်
အသရေ ဖျက်မိလိုက်ပါဘိ ...။

ချိုမြမြအပြုံး
ကြည်ရွှင်မျက်ဝန်းကြောင့်
တဆင့်ထက်တက်
ပိုတွေးလိုက်တာက
ရင်ခွင်ဦးပိုင်ရှင်
အကျွန်ကျွန်တော်မျိုး
ပိုင်ဆိုင် စိုးမိုးရပါလိုဧ။် ...။

နီးလာတဲ့ အကွာအဝေး
လှမ်းလာတဲ့ ဦးတည်ချက်
ရုတ်တရတ် မင်တက်လိုက်မိတယ်
ကျွန်တော် ... လေ ...
အသက်ရှုသံတွေရပ်
မင်းအလှတစ်မနက်ကို
ဘရိတ်ဖတ်လို စားသုံး
ဘီလူးလို အပြုံးမျိုးနဲ့
အသုံးတော်ခံလိုက်မိပါဘိ ...။

ဒီလိုနဲ့ ၀င်အတိုက်မှာ
ရင်ခုန်သံ ရထား
ကျည်ဆန်တပွင့်အလား
အား .... ခနဲ ...
ပြေးထွက်သွားတယ် ...
..................................

လှလိုက်ပါဘိ
ကျောခိုင်းသွားတဲ့ သူ့အလှ
ဘာနဲ့မှ နှိုင်းမရလို့
ဘ၀င်တမြမြနဲ့
နှလုံးသားကို ပြန်ကြည့်လိုက်မိတယ် ...
..............
...............................................
ဟင် .... ကျွန်တော့်နှလုံးသားမှာ ခြေရာကြီး ထင်ကျန်လို့ ...း)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေယူပါဧ။် ...

Monday, March 22, 2010

"အသိတရား"

အသိတရားတဲ့ အင်ကြင်းက ကျွန်တော့်ကို တက်ဂ်တယ်။ ပထမ အံ့သြသွားတယ်။ ကျွန်တော်က ကဗျာရေးမယ်ဆို ဘာဖြစ်ဖြစ်ပါ စဉ်းစားပြီး ရေးနိုင်သေးတယ်။ ခုဟာက ရသ စာပေလိုမျိုးဆိုတော့ ဘာတွေရေးရမှန်း မသိဘူး။ ငြင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်။ ကျွန်တော်ထက် ၃ လကျော်သာကြီးတာ။ စိတ်ကတော့ ကျွန်တော်ထက် အဆ ၃၀ လောက်ပိုကြီးသလား မှတ်ရတယ်။ သူကိုလည်း ကြောက်ရတယ်။ ဘာလုပ်ရမည်နည်း တွေးရင်း တွေးရင်း အသိတရားဆိုတာ ဘာလဲဆိုတာ ပုံဖော်ကြည့်မိတယ်။

အသိတရားဆိုတာ ကိုယ်ပိုင်ဗီဇအရ ပင်ကိုစိတ်ကိုက သိနေရမယ့်အရာ တခုပါ။ မင်း ဒါလုပ်ကွာ၊ ဒါလုပ်သင့်တယ် လို့ပြောနေစရာ မလိုဘူး။ မပြောပဲနဲ့ သိနေရမယ့် အရာ၊ တွေးတောမှု၊ လုပ်ဆောင်မှု တွေပါပဲ။ လူတစ်ယောက်ရဲ့ အသိတရားဟာ ငယ်စဉ်ကတည်းက ပါလာတတ်ပါတယ်။ သို့ပေမယ့် လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းတလျှောက် ကောင်းသော ဆိုးသော ပတ်ဝန်းကျင်တွေကြောင့် တခါတခါ ပျောက်နေတတ်ကြပါတယ်။

ဥပမာ ဆိုကြပါစို့ ... ငယ်စဉ်ကလေး ဘ၀ထဲက တချို့ဆို သိကြတယ်။ ငါဒီအချိန် စာကျက်ရမယ်။ ဒီအချိန်ဆိုဆော့ရမယ်။ အဲလိုမျိုးပေါ့။ အဲဒီလို သိနေတာက မသိစိတ်ထဲကပေမယ့် အဲဒါကိုက ကောင်းမွန်တဲ့ ဗီဇလေးပါလာတာ။ အရွယ်ရောက်တဲ့အခါ အသိတရားဆိုတာ စာအုပ်စာပေတွေ၊ လူကြီးသူမ ပြောဆိုဆုံးမကြတဲ့ စကားတွေမှ သိရှိလာကြပါတယ်။ ငါ ဒါလုပ်ရင်ဖြင့် မကောင်းဘူး။ ဒါ လုပ်ခဲ့ရင်တော့ ဘယ်သူတွေ ထိခိုက်နိုင်တယ်။ ဘယ်သူတွေ ဒုက္ခရောက်စေနိုင်မလဲဆိုတဲ့ အတွေးတွေမှတဆင့် ကောင်းမွန်တဲ့ အသိတရားတွေ ရလာနိုင်ပါတယ်။

လူဆိုသည်ကလည်း အတ္တ၊ မာန၊ ဒေါသနဲ့ မကင်းနိုင်သော ပုထုဇဉ်တွေပဲလေ။ ဘယ်လောက်ပဲ ကိုယ်က စိတ်ကောင်းလို့ အသိတရားနဲ့ ထိန်းလည်း ကိုယ့်ကို ထိခိုက်လာတာမျိုး ကိုယ့်မာနကို ထိခိုက်နိုင်တာမျိုးဆို မည်သူမှ မခံနိုင်ကြဘူးလေ။ လူတိုင်းလူတိုင်းသာ အသိတရားရှိရင် လောကကြီးဟာ ပိုင်ဆိုင်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ မရှိလာနိုင်တော့ပါဘူး။ ကျွန်တော်ဒီလိုပြောလို့ ဒါဟာ ဝေဖန်နေတာလို့ မဆိုလိုကြပါနဲ့။ စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ပေးကြပါ။

လူတိုင်း သက်ဆိုင်ရာ အရာကို ပိုင်ဆိုင်လိုကြရပါမယ်။ သင့်လျှော်လျောက်ပတ်တဲ့ ယှဉ်ပြိုင်မှုရှိရပါမယ်။ သို့ပေမယ့် မိမိအတွက်ကြောင့် သူ့တစ်ပါး စိတ်ဆင်းရဲနေရမယ်။ သူ့တစ်ပါး ဒုက္ခရောက်သွားမယ်ဆိုရင် ဒါဟာ လုပ်သင့်သလား မလုပ်သင့်သလားဆိုတာ တွေးခေါ်ဆုံးဖြတ်တတ်ရပါမယ်။ မတတ်သာလို့ လုပ်လိုက်ရတယ်။ စိတ်ထဲက တကယ်မပါပါဘူး။ စိတ်မကောင်းပါဘူးဆိုလို့ ပြောလိုက်ရုံဆို သင်ပျော်နိုင်မလား။ သင်ပျော်နိုင်မယ်ဆို လုပ်လိုက်ပါ။ ကျွန်တော်အပေါ်က ပြောခဲ့သလိုပဲ သင်ဟာ ရယူမှ ဖြစ်မယ်ဆို ရယူလိုက်ပါ။ လုပ်သင့်လို့ လုပ်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒါဟာ သင့်အတွက် ရပိုင်ခွင့်ပါ။ သို့ပေမယ့် သူ့တစ်ပါးဟာ သင်ကြောင့် ဘ၀ သို့မဟုတ် ပိုင်ဆိုင်ရာ တခုခု ဆုံးရှုံးသွားမယ်ဆိုတာ သင်သာ သိခဲ့ရင် သင်နောင်တ မရနိုင်ဘူးတဲ့လား။ ရတဲ့သူက ရနိုင်ပေမယ့်၊ မရတဲ့သူက မရနိုင်ပါဘူး (ဟုတ်တယ်ဟုတ်)။ အသိတရားဆိုတာထက် တချို့နေရာတွေမှာ သနားညှာတာမှု ဆိုတာ ထားစေချင်တာပါ။ ဘာပဲလုပ်လုပ် သင့်အတွက် မတွေးပဲ တခြားသူနေရာက တွေးကြည့်ပါ။ မိမိသာဆို ဘယ်လိုခံစားရမယ်၊ ဘယ်လို ဒုက္ခရောက်နိုင်မလဲလို့ တွေးပေးကြည့်လိုက်ပါ။ မည်သူမှ မိမိဒုက္ခ ရောက်မယ့် အလုပ်မျိုးကိုတော့ မလုပ်နိုင်ကြပါဘူးလို့ ကျွန်တော်ထင်ပါတယ်။

တကယ်တော့ ဤလောကကြီးသည် တရားမျှတနေပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ကောင်းတာလုပ်က ကောင်းတာရဧ။် မကောင်းတာလုပ်က မကောင်းတာကိုပဲရဧ။် ဆိုတာတွေဟာ အလွန် မှန်ကန်လွန်းလှပါတယ်။ ကျွန်တော်တို့ မသိနိုင်ကြလို့ပါ။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ ကမ္ဘာကျော် အိုင်းစတိုင်းရဲ့ သီအိုရီဟာလည်း အလွန်မှန်ကန်ပါတယ်။  ချက်ချင်း မတန်ပြန်လို့သာ ကျွန်တော်တို့ မသိနိုင်သေးတာပါ။ 

ကျွန်တော်သိတတ်စဉ် အရွယ်တုန်းက ရလိုက်တဲ့ အသိတရားလေးတခုကို ပြောပြချင်ပါတယ်။ ၀န်ကြီးဌာနတခုမှ ရာထူးကြီးကြီး လူတစ်ယောက်ဟာ အရမ်းကို လာဘ်စားပါတယ်။ သူကြောင့် ဒုက္ခရောက် သွားတဲ့သူတွေ လက်ချိုးမရေနိုင်ပါဘူး။ အရာရာ ပိုက်ဆံ၊ ကန်တော့ခံပစ္စည်း တခုခုဆို ဘာလုပ်ပေးရမလဲ လုပ်ပေးတယ်။ သူ့နေရာကလည်း မကျော်ဖြတ်ရင် မရမဖြစ်တဲ့နေရာပေါ့ဗျာ။ တကယ့် အရေးပါတဲ့ နေရာပေါ့။ သူအရမ်းကို ချမ်းသာတာပေါ့။ သူ့သားတွေ သမီးတွေဆို ပိုက်ဆံကို ရေလိုသုံး၊ ဖြုန်း၊ ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်နေကြတယ်။ သူတို့တွေ ဘာမှ မဖြစ်ကြဘူးလေ။ အားလုံးက ကံကောင်းနေကြလို့ပေါ့။ နောက်တော့ ထိုအရာရှိကြီး အမျိုးသမီး နှလုံးရောဂါ ပြင်းထန်လာရော။ အဲဒီမှာ နိုင်ငံခြားသွားကုတယ်၊ ပိုက်ဆံဘယ်လောက်ကုန်မလဲ အကောင်းဆုံးအရာတွေနဲ့ အကောင်းဆုံးတွေကို သုံးပြီး ကုသပါတယ်။ သို့ပေမယ့် သူမရောဂါက ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ နှစ်တွေ ရှည်ကြာလာတယ်။ နောက်ဆုံး သူတို့အတွက် အလိုအပ်ဆုံးက ငွေဖြစ်လာတယ်။ ငွေလိုတော့ မကောင်းတာ ပိုလုပ်တယ်။ ငွေကို ဘယ်လိုရမလဲ အကုန်လုပ်တယ်။ နောက်ဆုံးတော့ အလွန်အကျွံဖြစ်ပြီး ရာထူးပြုတ်တယ်။ နာမည်ဆိုးနဲ့ ပြုတ်တော့ သူအတွက် ဘယ်သူမှ မကူညီိနိုင်ခဲ့ပါဘူး။ သူ ပြုခဲ့တဲ့ အမှုက ဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆို နှစ် ၃၀ ကျော်လောက် စံမြန်းခဲ့ရတဲ့ဘ၀ဟာ လုံးဝကို သုံးစားလို့ မရအောင် ဖြစ်သွားတယ်။ သူ့အမျိုးသမီး ကွယ်လွန်သွားပြီး လက်မဲ့ဘ၀ဖြစ်သွားချိန်မှာ သားအကြီးဆုံးက အရက်သမားအဖြစ် အသိအိမ်တွေကို တောင်းစားရတဲ့ဘ၀ ဖြစ်သွားတယ်။ သမီးကလည်း ဟင်းသီးဟင်းရွက် ရောင်းစားရတဲ့ ဘ၀အဖြစ် ရောက်သွားတယ်။ သားအငယ် တစ်ယောက်ကလည်း ရူးကြောင်ကြောင်ဖြစ်ပြီး ဘယ်လိုမှ ထိန်းမရလို့ ရပ်ကွက်ထဲမှာ ပစ်ထားလိုက်ရတဲ့ အဖြစ်လေ။ ကျွန်တော် ထင်ပါတယ် ဒါဟာ ရှေးဘ၀က ၀ဋ်ကြွေးဆိုတာထက် ယခုဘ၀က ပြုခဲ့တဲ့ မကောင်းမှု၊ အသိတရားမဲ့စွာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်မှု ကင်းစွာပြုမှုခဲ့တဲ့ မကောင်းမှုတွေကြောင့်ပဲလေ။

ကျွန်တော် အဲဒီအဖြစ်အပျက်လေးကို ကြည့်ပြီး အရမ်းကို သံဝေဂ ရမိတယ်။ လူ့ဘ၀ဟာ တိုတိုလေးပါ။ ဘာကြောင့်များ ယခုလို ပြုမူကြပါလိမ့်။ သူ့တစ်ပါးအတွက် မိမိဖက်က ဖြည့်စဉ်းစားပေးပြီး အသိတရားလေးတွေနဲ့ ပြုမူခဲ့ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဟာ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်လေးပါ။ အဲဒီအချိန်ကတည်းက ကျွန်တော်ဘက်ထက် တပါးသူဘက်ကို စဉ်းစားပေးကြည့်မိတယ်။ အဲလိုစဉ်းစားလို့ ဒါကျွန်တော့်အတွက် မကောင်းဘူး။ အကျိုးမရှိဘူးဆိုရင်တောင် အဲဒီအတွက် ကျွန်တော်ပဲ ခံယူလိုက်တယ်။ ဘာလို့လဲလို့တော့ ကျွန်တော်မသိဘူး။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ လမ်းတလျှောက် ချောမွေ့ဖြောင့်တန်းဆိုတာ မရှိခဲ့ပေမယ့် ကျွန်တော်ရသင့်သလောက် ပိုင်ဆိုင်သင့်သလောက် ရခဲ့ပါသေးတယ်။ 

ဆရာတော်တစ်ပါးက ဟောကြားတော်မူခဲ့ဖူးပါတယ်။ အသင်ဟာ ဒီဘ၀မှာ အရင်ဘ၀က ၀ဋ်ကြွေးတွေကို ဆပ်နေရတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ တကယ်တော့ ဒါဟာ ကျေးဇူးဆပ်နေရတာပါ။ အသင်အရင်ဘ၀က သူ့တစ်ပါးကျေးဇူးတွေ၊ အကူအညီတွေ ယူကောင်းယူခဲ့လိမ့်မယ်။ သူ့တစ်ပါး ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကိုလည်း အတင်းအဓမ္မသော် လည်းကောင်း သွယ်ဝိုက်သော နည်းဖြင့် လည်းကောင်း လိုချင်ဖူး ရယူဖူးခဲ့မယ်။ အဲဒီအတွက် ဒီဘ၀မှာ ကျေးဇူးကြွေးတွေ ဆပ်နေရတယ်လို့ပဲ မှတ်ပါတဲ့။ မှန်ပါတယ် ဒါဟာ တကယ်မှန်ကန်သော နည်းလမ်းပါပဲလို့ ကျွန်တော်ယုံကြည်ခဲ့တာ ကြာပါပြီ။

ကျွန်တော်ပြောတာတွေ တခြားအကြောင်း ရောက်ကုန်ပြီလား မသိဘူး။ တကယ်တော့ အသိတရားကို ပြောချင်တာပါ။ လူတွေဟာ အသိတရား မရှိပဲ လုပ်ချင်တာ လုပ်ခဲ့သမျှ နောက်ဆုံးတခုခုတော့ ပြန်ခံရတာပဲ။  ကျွန်တော်သည်လည်း ခြောက်ပစ်ကင်း မဟုတ်ပါဘူး။ ၀န်ခံပါဧ။်။ ဒါပေမယ့် ကျွန်တော့် တွေးမိတဲ့ အသိတရားလေး အကြောင်းကို နဲနဲလေး ဝေမျှခြင်တဲ့စိတ် ဖြစ်ပေါ်လာလို့ပါ။ နောက်ဆုံးပြောရရင်ဖြင့် သင်ဘာလုပ်လုပ် တခြားသူအတွက် အရင်တွေးပေးလိုက်ပါ။ ဦးစားပေးလိုက်ကြပါ။ ဤသို့ဆိုရင်ဖြင့် သင်ဟာ စိတ်ကောင်းလေး ၀င်လာပြီး စိတ်နှလုံးအေးချမ်းလာပါလိမ့်မယ်။

ကျွန်တော် အကျိုးရှိစာပေတွေကို မရေးတတ်ပါ။ ဤပို့စ်လေးကို ရေးရခြင်းမှာ ကျွန်တော်ဧ။် စိတ်၌ ဖြစ်ပေါ်လာသော အကြောင်း အရာများကို ပြောပြချင်လို့ တင်လိုက်ရခြင်းပါ။ မည်သူ့ကိုမှ မထိခိုက်စေချင်သလို မည့်သူကိုမှ ရည်ရွယ်လိုခြင်းမရှိပါ။ အမှားတစုံတရာများ ရှိခဲ့ပါက ခွင့်လွှတ်ပါလို့ ကြိုတင်တောင်း ပန်ပါရစေ။
~~~~ @@@@ ~~~~
စာကြွင်း။ ။ အသိတရားနဲ့ ပတ်သတ်လို့ ပြောဖို့ကျန်ခဲ့လို့။ ယနေ့ဆို ကျွန်တော်ဧ။် အိမ်ရှင်သည် အင်တာနက်အခွန် ထပ်မဆောင်သဖြင့် အင်တာနက်ပြက်တောက်နေတာ သုံးရက်ရှိပါပြီ။ အင်တာနက်ကိုသာ အားကိုးနေရတဲ့ ကျွန်တော့်အဖို့ အလွန်ပင် စိတ်ဆင်းရဲဖို့ကောင်းပါသည်။ ယခုလည်း ဒီပို့စ်ကို ကြံဖန်ပြီး တင်လိုက်ရတာပါ။ တကယ်ဆို အိမ်ရှင်သာ အော်သူတို့တွေ ခုဆို မေးသုံးဖို့ အင်တာနက်တော့ လိုမှာပဲ၊ ငါလည်း ထိုက်သင့်သလောက်ပိုက်ဆံကို ယူထားတာပဲ၊ ငါ ချက်ချင်းဆောင်ပေးလိုက်ပါမယ် ဆိုတဲ့ အတွေးလေးသာ ရှိခဲ့ရင်... ။ ခုတော့ ကျွန်တော်ရေးခဲ့သလိုပဲ ဒါလည်း အဆင်မပြေသေးလို့ ဖြစ်မှာပါ၊ အင်တာနက်အိမ်မှာ မရတော့လည်း ရတဲ့နေရာကပဲ သုံးလိုက်ပါတော့မယ်လို့ စိတ်ကို ချိုးနှိပ်ရင်း .... ချိုးနှိပ်ရင်း ။။။း)))

Wednesday, March 17, 2010

“မိုးငွေ့ ... ဆိုတာ ...”


ရာသီဖွဲ့ မိုးငွေ့တွေ
ဤကမ္ဘာကို ပတ်ဖြန်း
အရာရာလန်းစေဖို့
မွေးဖွားစေခဲ့တယ်ဆို လွန်မှာလား ...။

မိုးရည်ငွေ့တွေ ဖြစ်တည်မှ
မိုးဖြစ်လာရသလို ...။
မြစ် ပင်လယ်တွေ ပေါင်းဆုံမှ
သမုဒ္ဒရာ ဖြစ်လာရသလို ...။
စကားလုံးတွေနဲ့ ရေးသီမှ
ကဗျာ စာတွေ ဖြစ်လာရသလို ...။
အလှအပ တ၀ကြီးနဲ့
မိုးငွေ့ဘ၀ ဖြစ်လာရသည် ...။

မိုးငွေ့ဆိုတာ
တခဏချက်ချင်းပျောက်သွားမယ့်
မိုးရည်ငွေ့ မဟုတ်ဘူး ...။
မာန် အပြည့်နဲ့ ဟန်တင့်တတ်တဲ့ သဏ္ဍာန်
တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်သူ ...။
စာပေကို မြတ်နိုး ကလောင်တစ်လုံးနဲ့
စီခြယ်ကုံးတတ်သူ ...။
စိတ်ကူးယဉ်ပေမယ့်
စိတ်မရူးတတ်ချင်သူ ...။
ကော်ဖီခါးခါးအကြိုက်နဲ့
ဖက်ရှင်တအားမိုက်သူပေါ့ ...။

ဒီလိုနဲ့ မိုင်တိုင်သုံးငါး ကျော်လွန်သွားခဲ့တာ
သုံးလ တစ်ဆယ့် ခုနစ်
မွေးနေ့ ရက်တစ်နှစ်ကို ရောက်ခဲ့ပြန်ပြီ ...။
ခရစ် တစ်နှစ်ဟောင်းတိုင်း
ကိန်းဂဏန်းအသစ်ပြောင်းတတ်ပေမယ့်
မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ ...။

သူလျှောက်တဲ့လမ်း
ခရောင်းလမ်း ဖြစ်ချင် ဖြစ်ခဲ့မယ် ...။
သူဖောက်တဲ့လမ်း
တဇောက်ကန်းဖြစ်ချင် ဖြစ်ခဲ့မယ် ...။
ရှေ့ဆက်ဖို့ အတွက်ဆို
နောက်ပြန်လှည့်မကြည့်တတ်တာ သူ့ဘဝ
သူ သာဓကနဲ့သူ ...။
ဘယ်သူမှ မကူလည်း
စိတ်ကိုမာန်တင်း တွန်းလှန်ပစ်တတ်သူ ...။
သူ့ ရှေ့ဆက်မယ့် ရက်တွေအတွက်
အောင်မြင်မှုက လက်တကမ်းမှာ
မျှော်လင့်ချက် ရောင်ခြည်တွေက တစ်သက်လုံးစာ
သူ့ အတွက် ဖန်ဆင်းစေတော့မှာလေ...
ဒါကြောင့် ... မိုးငွေ့ ဆိုတာ ...။

~~~  @@@@ ~~~~

ဒီနေ့ မတ်လ(၁၇) ရက်နေ့မှာ ကျရောက်သော အစ်မမိုးငွေ့ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ကဗျာလေးပါ။ အစ်မမိုးငွေ့တစ်ယောက် ယခုမွေးနေ့မှသည် နောင်လာမယ့် နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ ပြည့်စုံရပြီး  သာယာသော ဘ၀ခရီးလမ်းကို ထာဝရ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ။

Monday, March 15, 2010

“မတ်လ ၁၅ ရက်နေ့”


@@@@@@@@
ကြည်လင်တဲ့ ကောင်းကင် ထောင့်တနေရာမှာ
အမှတ်မထင် ဖြတ်ခနဲ ရင်ထဲ လှုပ်ခတ်သွားတယ်
အမှတ်တမဲ့ပေမယ့် နင်မမြင်တဲ့ မျက်လုံးတစုံအောက်
နှလုံးသားရောက်ရှိသွားခဲ့တယ် ...

အဲဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... နေမင်းကို တိမ်တွေဖုံးလို့ အရိပ်ကျသွားစဉ် ထီးပြာပြာလေး အောက်မှာ သူ ... ကျွန်တော့် နှလုံးသားကို ဖမ်းစားသွားခဲ့တယ်။ ညှို့ချက်မပြင်းပေမယ့် ကြည်လင်တဲ့ မျက်ဝန်း၊ ပိရိနေတဲ့ နှုတ်ခမ်းနှစ်မွှာက ကျွန်တော့် ပျိုးဥယျာဉ်မှာ မျိုးစေ့တွေ ချခဲ့မိတယ်ဆိုတာ ...။

ရင်မှာတွယ်ငြိ နှောင်တွယ်မိမှတော့
ချစ်နေမိပြီဆိုတာ
တိတ်တခိုးစွဲလန်း တမ်းတနေရင်းနဲ့
နှလုံးသား ရင်ဖွင့်သံကို
ကိုယ်ဖာသာ ပြောနေခဲ့ရတယ် ...

ချစ်မိသွားတဲ့အခါ ပိုင်ဆိုင်ချင်တာ သဘာဝလေ ... ဒါပေမယ့် တခဏချက်ချင်း ပြောမထွက်ခဲ့ပါဘူး ... တကယ်ချစ်နေမိတာ ဟုတ်ရဲ့လားလို့ ကျွန်တော့်ကို ကျွန်တော် မေးခွန်းတွေ ထုတ်ခဲ့မိတယ်လေ ... သူ ... စိတ်ဆိုးမှာလည်း ကြောက်မိခဲ့တယ် ... ချစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ သူ့ အတွက် အဲဒီအချိန်က အားပေးမှု ဆိုတာဟာ လိုအပ်နေခဲ့မှာပါ ... သူ့ အတွက် အရိပ်တွေအဖြစ် ကျွန်တော်နေပေးခဲ့မိတယ် ... အမိုးတခုတည်း အောက်မှာပေမယ့် အစွန်းတဖက်မှာ ကျွန်တော်လေ ဖြူစင်တဲ့ စိတ်နဲ့ ကူညီဖေးမရင်း အချစ်တွေသာ တိုးလာခဲ့ရတယ်ဆိုတာ ...။

မိုးရေ ရွာပါတော့
ထီးတစ်ချောင်းတည်းအောက်မှာ
နှလုံးသား တံခါးဖောက်ချင်လို့ပါ
မိုးသိပ်ချစ်တဲ့ ချစ်သူ
မိုးတွေသည်းလာရင် ချစ်သူတွေ သိပ်ချစ်ကြလို့တဲ့ လေ ...

ချစ်ခဲ့ကြပါတယ် ... ဒါပေမယ့် နိုင်ငံတွေ ကွာခြားသွားတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား။ တစ်ယောက်ရဲ့ နဘေးမှာ တစ်ယောက်မရှိပေမယ့် ရင်ထဲမှာ ထပ်တူကြနေမယ်ဆိုတာ ကတိသစ္စာက ဓားစာခံအဖြစ် ကြားကနေပေးခဲ့တယ်လေ။ ဘာပဲပြောပြောပါ ချစ်မိပြီ ဆိုတော့လည်း တစ်ယောက် နဲ့ တစ်ယောက် စိုးရိမ်စိတ်တွေ သတိရစိတ်တွေနဲ့ မျက်စိအောက်က ပျောက်နေပေမယ့် အသံအောက်မှာ အပျောက်မခံ နိုင်ခဲ့ပါဘူး။ အဲလိုနဲ့ နေ့ရက်တွေတိုင်းဟာ ကျွန်တော့်အတွက် ပျော်ရွှင်စရာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ ...။

နံနက်ခင်းတိုင်း လွမ်းတတ်ခဲ့ပါတယ်
နှစ်ယောက်အတူ ကြိုက်တဲ့
ကော်ဖီခါးခါးဟာ တမြေဆီမှာ
ပျော်ဝင်မှုတွေ တူညီခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်တို့ ဆက်သွယ်မှုပေါ့ ...

ကော်ဖီ ကြိုက်တာချင်းလည်း တူတယ် ... မိုးကို နှစ်သက်တာချင်းတယ်တူတယ် ... တစ်ယောက်ပြောမယ့် စကားတွေ၊ တစ်ယောက်ဖြစ်နေတဲ့ ခံစားမှုတွေကို တစ်ယောက်က ကြိုသိနေခဲ့တယ်ဆို အဖြစ်သည်းလွန်းရာ ကျပေမယ့် ... တကယ့်အဖြစ်မှန်ဖြစ်ခဲ့ပါတယ် ... မိုးတွေ သည်းလာရင် ပိုလွမ်းတတ်တာ ... သတိရ တတ်တာဟာ ... ကျွန်တော်အတွက် ကဗျာစာမျက်နှာမှာ စကားလုံးတွေသာ တိုးခဲ့ရတယ် ... အဲလိုနဲ့ အချိန်တွေဟာ ... တဖြည်းဖြည်း ... တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရတယ် ဆိုတာ ...။

နံနက်မိုးသောက် အလင်းရောက်တိုင်း
မှန်းမျှော်တမ်းတ လွမ်းနာကျရတယ်
ညနေခင်း နေအဆင်းဆိုလည်း
လမင်းကို ကြိုလင့်ရင်း
ကောင်းကင်တမိုးအောက်မှာ
ချစ်သူ မျက်နှာကို ပုံဖော်မိခဲ့တယ် ...

ဒါတွေဟာ မပိုခဲ့ပါဘူး ... ချစ်လို့တောင် မလောက်ဝခဲ့ပါဘူး ... အချိန်တိုင်း သတိရနေတဲ့ စိတ်၊ အချိန်တိုင်း သူ့ အတွက် စိတ်ပူနေတဲ့စိတ်၊ အဆိုးဆုံးကတော့ ကျွန်တော့်ကို စွန့်ပစ်သွားမှာ ကြောက်တဲ့စိတ်တွေနဲ့ တိတ်တခိုးလေး ဆုတောင်းနေမိခဲ့တယ် ... အနေဝေးတဲ့အခါ အချစ်အေးသွားတယ်ဆိုတဲ့ စကားကို ဆန့်ကျင်ဖို့ ကိုယ့်နှုတ်ခမ်းကိုကိုက် အားတင်းလိုက်တယ် ... စစ်မှန်တဲ့ အချစ်အတွက် စစ်မှန်တဲ့ တုန့်ပြန့်မှု ရလိမ့်မယ်လို့ မျှော်လင့်ရင်း မျှော်လင့်ရင်း ...။

ဝေးသွားခဲ့ပြီလေ
နေမင်းနဲ့ စစ်ခင်းရတယ်ဆိုတာ ပူလောင်သလို
စွန့်ပစ်ခြင်း အရာဝတ္ထုအဖြစ် ခံရတာ
စိတ်နှလုံးတွေကြေမွ ဘယ်လောက်တောင် 
အနာတရဖြစ်သွားခဲ့မလဲ ...

မထင်မှတ်လိုက်မိဘူး ... ဝေးကွာခြင်းဆိုတဲ့ အချိန်ကာလတခုကြားမှာ သူ ကျွန်တော့်အပေါ်ရှိခဲ့တဲ့ အချစ်တွေ လျော့ပါးကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကံကြမ္မာဟာ အမည်ဆိုးနဲ့ ကြော်ကြားချင်တာလား ... ချစ်လို့တောင် မ၀သေးခင်မှာ ရက်ရက်စက်စက် ခွဲရက်ခဲ့တယ်။ ဒီလိုနဲ့ ၀မ်းနည်းစွာ မျက်ရည်မြစ်တွေ အခါခါသွန်းရင်း ကျွန်တော့် ဥယျာဉ်လေး ရေနစ်သွားရရှာပြီဆိုတာ ...။

မကြေကွဲချင်ပါဘူး
ရင်ခွင်လွဲခဲ့ရတဲ့ အဖြစ်တွေက
တနေ့မှ မေ့မရလို့
ပြက္ခဒိန် ရက်စွဲတွေမှာ

နောက်ဆုံးတော့လည်း
ရင်ကွဲခဲ့ရပြီ ...

လွမ်းလိုက်တာ ... ဒဏ်ရာတွေ ဒီလောက်ရတာတောင် အလွမ်းမပျက်ခဲ့မိဘူး ... ပြန်လာနိုး မျှော်ကိုးရင်း လက်ချိုးရေတွက်ရင်းနဲ့ မတ်လ ၁၅ ရက်နေ့ကို ရောက်ခဲ့လေပြီ။ နှစ်ပတ်လည်တိုင်းမှာ အချစ်မှတ်တိုင် အသစ်တောင် မစိုက်နိုင်ခဲ့ဘူး ... နှလုံးသားမြေပုံမှာပဲ နာကျင်ခြင်း မှတ်တိုင်အသစ် စိုက်ခဲ့ရတယ်။ ဘယ်ရာသီ အလီလီပြောင်းတောင် ဟောင်နွမ်းမသွားတဲ့ အချစ်တွေအတွက် ပြောင်းလဲသွားတဲ့ သက္ကရာဇ်တွေသာ ကြားနေ၀ါဒအဖြစ် ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့လေ။ အသက်ရှင်ခွင့် ရှိတိုင်း ချစ်နေခွင့်ရှိတယ်ဆို ထာဝရ ချစ်နေမယ့် ရူးနေတဲ့ လူသား ကျွန်တော်ဟာ နောင် နှစ်ပတ်လည်နေ့တိုင်း သတိရနေပါလိမ့်မယ်။ လူသားတိုင်းလည်း မဖြစ်ချင်တာ မဖြစ်ရတဲ့ ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ မပြစ်မတင်ချင်တော့ပါဘူး။ ဒါပေမယ့် သူ့ ကိုတော့ ချစ်နေလိမ့်အုန်းမယ်ဆိုတာ ...။

ဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... ညစ်ပတ်နံစော်နေတဲ့ အခန်းကျဉ်းထဲမှာ အလွမ်းတွေကိုပေါင်းသင် ဒဏ်ရာတွေကို နွှင်နေတဲ့ ကျွန်တော် အမှတ်မထင်ပါပဲ ရင်ထဲက ကျင်တက်သွားတယ် ... အော် အမှတ်တမဲ့ပါပဲ သူ မရှိတဲ့ တနေရာမှာ သူ မသိတဲ့ ဒဏ်ရာတွေနဲ့ အတူ ကျွန်တော့် နှလုံးသားလေး သေဆုံးသွားပြီ ... နောက်ဆုံးမှာတော့ ဘာမှမရှိခြင်းတွေနဲ့ အတူ အရူးတစ်ယောက်လို ရှေ့ဆက်ရမယ့် ခရစ်နှစ်တွေထဲမှာ ကျွန်တော်လေ တစ်ယောက်တည်း .. တစ်ယောက်တည်း ... တစ်ယောက်တည်းပါပဲ ...
 ~~~~ @@@@ ~~~~

Monday, March 8, 2010

“အရှုံး”



ကြေမွခဲ့ပါပြီ
နာကျင်လွန်းလှတဲ့ နှလုံးသား
အရှုံးသမားရဲ့ နေ့ရက်တွေထဲမှာ
တခြမ်းပဲ့ အက်မွလို့ ...

အရှုံးအတွက် ငိုကြွေးသံက
တယောသံထက် ဆွေးပူအက်ရှ
သံစဉ်တောင်မလှပတော့
ဒီဘ၀အတွက် ရလဒ်အဆုံးမှာ
နောင်တမြူခိုးတွေ ဖုံးလို့
စိတ္တညတွေနဲ့ အတူ
အရှုံးတသိုက်နဲ့
လွတ်မြောက်ရာလမ်းတွေဆီသို့ ...

အိပ်မက်ခြင်းတူတာတောင်
မက်ခဲ့တဲ့ အိပ်မက်က
အရှုံး ပါဝါ အရှုံးမို့
အရှုံးသမားအတွက် အရှုံးများရက်တွေကို
နာကျင်စွာခံယူ
ဒဏ်ရာအပူတွေနဲ့
ဝေစေဝေ ... ကြွေစေကြွေ ... သေစေသေ ...

ဇာတ်လမ်းအစက အရှုံး
ဇာတ်လမ်းအဆုံးလည်း အရှုံး
နှလုံးသားတွေလည်း အခါခါ ဆုံးလို့
နောက်ဆုံးအရှုံးကိုမှ ရှုံးခဲ့ရပြီမို့
အရှုံးကိုထွေးပိုက် ရှုံးမယ့်ရက်တွေမှာ
စိတ်ကိုက အရာရာမှာ ရှုံးနေခဲ့ရပြီလေ ...။
   ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။