Monday, March 22, 2010

"အသိတရား"

အသိတရားတဲ့ အင်ကြင်းက ကျွန်တော့်ကို တက်ဂ်တယ်။ ပထမ အံ့သြသွားတယ်။ ကျွန်တော်က ကဗျာရေးမယ်ဆို ဘာဖြစ်ဖြစ်ပါ စဉ်းစားပြီး ရေးနိုင်သေးတယ်။ ခုဟာက ရသ စာပေလိုမျိုးဆိုတော့ ဘာတွေရေးရမှန်း မသိဘူး။ ငြင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်။ ကျွန်တော်ထက် ၃ လကျော်သာကြီးတာ။ စိတ်ကတော့ ကျွန်တော်ထက် အဆ ၃၀ လောက်ပိုကြီးသလား မှတ်ရတယ်။ သူကိုလည်း ကြောက်ရတယ်။ ဘာလုပ်ရမည်နည်း တွေးရင်း တွေးရင်း အသိတရားဆိုတာ ဘာလဲဆိုတာ ပုံဖော်ကြည့်မိတယ်။

အသိတရားဆိုတာ ကိုယ်ပိုင်ဗီဇအရ ပင်ကိုစိတ်ကိုက သိနေရမယ့်အရာ တခုပါ။ မင်း ဒါလုပ်ကွာ၊ ဒါလုပ်သင့်တယ် လို့ပြောနေစရာ မလိုဘူး။ မပြောပဲနဲ့ သိနေရမယ့် အရာ၊ တွေးတောမှု၊ လုပ်ဆောင်မှု တွေပါပဲ။ လူတစ်ယောက်ရဲ့ အသိတရားဟာ ငယ်စဉ်ကတည်းက ပါလာတတ်ပါတယ်။ သို့ပေမယ့် လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းတလျှောက် ကောင်းသော ဆိုးသော ပတ်ဝန်းကျင်တွေကြောင့် တခါတခါ ပျောက်နေတတ်ကြပါတယ်။

ဥပမာ ဆိုကြပါစို့ ... ငယ်စဉ်ကလေး ဘ၀ထဲက တချို့ဆို သိကြတယ်။ ငါဒီအချိန် စာကျက်ရမယ်။ ဒီအချိန်ဆိုဆော့ရမယ်။ အဲလိုမျိုးပေါ့။ အဲဒီလို သိနေတာက မသိစိတ်ထဲကပေမယ့် အဲဒါကိုက ကောင်းမွန်တဲ့ ဗီဇလေးပါလာတာ။ အရွယ်ရောက်တဲ့အခါ အသိတရားဆိုတာ စာအုပ်စာပေတွေ၊ လူကြီးသူမ ပြောဆိုဆုံးမကြတဲ့ စကားတွေမှ သိရှိလာကြပါတယ်။ ငါ ဒါလုပ်ရင်ဖြင့် မကောင်းဘူး။ ဒါ လုပ်ခဲ့ရင်တော့ ဘယ်သူတွေ ထိခိုက်နိုင်တယ်။ ဘယ်သူတွေ ဒုက္ခရောက်စေနိုင်မလဲဆိုတဲ့ အတွေးတွေမှတဆင့် ကောင်းမွန်တဲ့ အသိတရားတွေ ရလာနိုင်ပါတယ်။

လူဆိုသည်ကလည်း အတ္တ၊ မာန၊ ဒေါသနဲ့ မကင်းနိုင်သော ပုထုဇဉ်တွေပဲလေ။ ဘယ်လောက်ပဲ ကိုယ်က စိတ်ကောင်းလို့ အသိတရားနဲ့ ထိန်းလည်း ကိုယ့်ကို ထိခိုက်လာတာမျိုး ကိုယ့်မာနကို ထိခိုက်နိုင်တာမျိုးဆို မည်သူမှ မခံနိုင်ကြဘူးလေ။ လူတိုင်းလူတိုင်းသာ အသိတရားရှိရင် လောကကြီးဟာ ပိုင်ဆိုင်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ မရှိလာနိုင်တော့ပါဘူး။ ကျွန်တော်ဒီလိုပြောလို့ ဒါဟာ ဝေဖန်နေတာလို့ မဆိုလိုကြပါနဲ့။ စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ပေးကြပါ။

လူတိုင်း သက်ဆိုင်ရာ အရာကို ပိုင်ဆိုင်လိုကြရပါမယ်။ သင့်လျှော်လျောက်ပတ်တဲ့ ယှဉ်ပြိုင်မှုရှိရပါမယ်။ သို့ပေမယ့် မိမိအတွက်ကြောင့် သူ့တစ်ပါး စိတ်ဆင်းရဲနေရမယ်။ သူ့တစ်ပါး ဒုက္ခရောက်သွားမယ်ဆိုရင် ဒါဟာ လုပ်သင့်သလား မလုပ်သင့်သလားဆိုတာ တွေးခေါ်ဆုံးဖြတ်တတ်ရပါမယ်။ မတတ်သာလို့ လုပ်လိုက်ရတယ်။ စိတ်ထဲက တကယ်မပါပါဘူး။ စိတ်မကောင်းပါဘူးဆိုလို့ ပြောလိုက်ရုံဆို သင်ပျော်နိုင်မလား။ သင်ပျော်နိုင်မယ်ဆို လုပ်လိုက်ပါ။ ကျွန်တော်အပေါ်က ပြောခဲ့သလိုပဲ သင်ဟာ ရယူမှ ဖြစ်မယ်ဆို ရယူလိုက်ပါ။ လုပ်သင့်လို့ လုပ်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒါဟာ သင့်အတွက် ရပိုင်ခွင့်ပါ။ သို့ပေမယ့် သူ့တစ်ပါးဟာ သင်ကြောင့် ဘ၀ သို့မဟုတ် ပိုင်ဆိုင်ရာ တခုခု ဆုံးရှုံးသွားမယ်ဆိုတာ သင်သာ သိခဲ့ရင် သင်နောင်တ မရနိုင်ဘူးတဲ့လား။ ရတဲ့သူက ရနိုင်ပေမယ့်၊ မရတဲ့သူက မရနိုင်ပါဘူး (ဟုတ်တယ်ဟုတ်)။ အသိတရားဆိုတာထက် တချို့နေရာတွေမှာ သနားညှာတာမှု ဆိုတာ ထားစေချင်တာပါ။ ဘာပဲလုပ်လုပ် သင့်အတွက် မတွေးပဲ တခြားသူနေရာက တွေးကြည့်ပါ။ မိမိသာဆို ဘယ်လိုခံစားရမယ်၊ ဘယ်လို ဒုက္ခရောက်နိုင်မလဲလို့ တွေးပေးကြည့်လိုက်ပါ။ မည်သူမှ မိမိဒုက္ခ ရောက်မယ့် အလုပ်မျိုးကိုတော့ မလုပ်နိုင်ကြပါဘူးလို့ ကျွန်တော်ထင်ပါတယ်။

တကယ်တော့ ဤလောကကြီးသည် တရားမျှတနေပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ကောင်းတာလုပ်က ကောင်းတာရဧ။် မကောင်းတာလုပ်က မကောင်းတာကိုပဲရဧ။် ဆိုတာတွေဟာ အလွန် မှန်ကန်လွန်းလှပါတယ်။ ကျွန်တော်တို့ မသိနိုင်ကြလို့ပါ။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ ကမ္ဘာကျော် အိုင်းစတိုင်းရဲ့ သီအိုရီဟာလည်း အလွန်မှန်ကန်ပါတယ်။  ချက်ချင်း မတန်ပြန်လို့သာ ကျွန်တော်တို့ မသိနိုင်သေးတာပါ။ 

ကျွန်တော်သိတတ်စဉ် အရွယ်တုန်းက ရလိုက်တဲ့ အသိတရားလေးတခုကို ပြောပြချင်ပါတယ်။ ၀န်ကြီးဌာနတခုမှ ရာထူးကြီးကြီး လူတစ်ယောက်ဟာ အရမ်းကို လာဘ်စားပါတယ်။ သူကြောင့် ဒုက္ခရောက် သွားတဲ့သူတွေ လက်ချိုးမရေနိုင်ပါဘူး။ အရာရာ ပိုက်ဆံ၊ ကန်တော့ခံပစ္စည်း တခုခုဆို ဘာလုပ်ပေးရမလဲ လုပ်ပေးတယ်။ သူ့နေရာကလည်း မကျော်ဖြတ်ရင် မရမဖြစ်တဲ့နေရာပေါ့ဗျာ။ တကယ့် အရေးပါတဲ့ နေရာပေါ့။ သူအရမ်းကို ချမ်းသာတာပေါ့။ သူ့သားတွေ သမီးတွေဆို ပိုက်ဆံကို ရေလိုသုံး၊ ဖြုန်း၊ ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်နေကြတယ်။ သူတို့တွေ ဘာမှ မဖြစ်ကြဘူးလေ။ အားလုံးက ကံကောင်းနေကြလို့ပေါ့။ နောက်တော့ ထိုအရာရှိကြီး အမျိုးသမီး နှလုံးရောဂါ ပြင်းထန်လာရော။ အဲဒီမှာ နိုင်ငံခြားသွားကုတယ်၊ ပိုက်ဆံဘယ်လောက်ကုန်မလဲ အကောင်းဆုံးအရာတွေနဲ့ အကောင်းဆုံးတွေကို သုံးပြီး ကုသပါတယ်။ သို့ပေမယ့် သူမရောဂါက ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ နှစ်တွေ ရှည်ကြာလာတယ်။ နောက်ဆုံး သူတို့အတွက် အလိုအပ်ဆုံးက ငွေဖြစ်လာတယ်။ ငွေလိုတော့ မကောင်းတာ ပိုလုပ်တယ်။ ငွေကို ဘယ်လိုရမလဲ အကုန်လုပ်တယ်။ နောက်ဆုံးတော့ အလွန်အကျွံဖြစ်ပြီး ရာထူးပြုတ်တယ်။ နာမည်ဆိုးနဲ့ ပြုတ်တော့ သူအတွက် ဘယ်သူမှ မကူညီိနိုင်ခဲ့ပါဘူး။ သူ ပြုခဲ့တဲ့ အမှုက ဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆို နှစ် ၃၀ ကျော်လောက် စံမြန်းခဲ့ရတဲ့ဘ၀ဟာ လုံးဝကို သုံးစားလို့ မရအောင် ဖြစ်သွားတယ်။ သူ့အမျိုးသမီး ကွယ်လွန်သွားပြီး လက်မဲ့ဘ၀ဖြစ်သွားချိန်မှာ သားအကြီးဆုံးက အရက်သမားအဖြစ် အသိအိမ်တွေကို တောင်းစားရတဲ့ဘ၀ ဖြစ်သွားတယ်။ သမီးကလည်း ဟင်းသီးဟင်းရွက် ရောင်းစားရတဲ့ ဘ၀အဖြစ် ရောက်သွားတယ်။ သားအငယ် တစ်ယောက်ကလည်း ရူးကြောင်ကြောင်ဖြစ်ပြီး ဘယ်လိုမှ ထိန်းမရလို့ ရပ်ကွက်ထဲမှာ ပစ်ထားလိုက်ရတဲ့ အဖြစ်လေ။ ကျွန်တော် ထင်ပါတယ် ဒါဟာ ရှေးဘ၀က ၀ဋ်ကြွေးဆိုတာထက် ယခုဘ၀က ပြုခဲ့တဲ့ မကောင်းမှု၊ အသိတရားမဲ့စွာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်မှု ကင်းစွာပြုမှုခဲ့တဲ့ မကောင်းမှုတွေကြောင့်ပဲလေ။

ကျွန်တော် အဲဒီအဖြစ်အပျက်လေးကို ကြည့်ပြီး အရမ်းကို သံဝေဂ ရမိတယ်။ လူ့ဘ၀ဟာ တိုတိုလေးပါ။ ဘာကြောင့်များ ယခုလို ပြုမူကြပါလိမ့်။ သူ့တစ်ပါးအတွက် မိမိဖက်က ဖြည့်စဉ်းစားပေးပြီး အသိတရားလေးတွေနဲ့ ပြုမူခဲ့ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဟာ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်လေးပါ။ အဲဒီအချိန်ကတည်းက ကျွန်တော်ဘက်ထက် တပါးသူဘက်ကို စဉ်းစားပေးကြည့်မိတယ်။ အဲလိုစဉ်းစားလို့ ဒါကျွန်တော့်အတွက် မကောင်းဘူး။ အကျိုးမရှိဘူးဆိုရင်တောင် အဲဒီအတွက် ကျွန်တော်ပဲ ခံယူလိုက်တယ်။ ဘာလို့လဲလို့တော့ ကျွန်တော်မသိဘူး။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ လမ်းတလျှောက် ချောမွေ့ဖြောင့်တန်းဆိုတာ မရှိခဲ့ပေမယ့် ကျွန်တော်ရသင့်သလောက် ပိုင်ဆိုင်သင့်သလောက် ရခဲ့ပါသေးတယ်။ 

ဆရာတော်တစ်ပါးက ဟောကြားတော်မူခဲ့ဖူးပါတယ်။ အသင်ဟာ ဒီဘ၀မှာ အရင်ဘ၀က ၀ဋ်ကြွေးတွေကို ဆပ်နေရတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ တကယ်တော့ ဒါဟာ ကျေးဇူးဆပ်နေရတာပါ။ အသင်အရင်ဘ၀က သူ့တစ်ပါးကျေးဇူးတွေ၊ အကူအညီတွေ ယူကောင်းယူခဲ့လိမ့်မယ်။ သူ့တစ်ပါး ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကိုလည်း အတင်းအဓမ္မသော် လည်းကောင်း သွယ်ဝိုက်သော နည်းဖြင့် လည်းကောင်း လိုချင်ဖူး ရယူဖူးခဲ့မယ်။ အဲဒီအတွက် ဒီဘ၀မှာ ကျေးဇူးကြွေးတွေ ဆပ်နေရတယ်လို့ပဲ မှတ်ပါတဲ့။ မှန်ပါတယ် ဒါဟာ တကယ်မှန်ကန်သော နည်းလမ်းပါပဲလို့ ကျွန်တော်ယုံကြည်ခဲ့တာ ကြာပါပြီ။

ကျွန်တော်ပြောတာတွေ တခြားအကြောင်း ရောက်ကုန်ပြီလား မသိဘူး။ တကယ်တော့ အသိတရားကို ပြောချင်တာပါ။ လူတွေဟာ အသိတရား မရှိပဲ လုပ်ချင်တာ လုပ်ခဲ့သမျှ နောက်ဆုံးတခုခုတော့ ပြန်ခံရတာပဲ။  ကျွန်တော်သည်လည်း ခြောက်ပစ်ကင်း မဟုတ်ပါဘူး။ ၀န်ခံပါဧ။်။ ဒါပေမယ့် ကျွန်တော့် တွေးမိတဲ့ အသိတရားလေး အကြောင်းကို နဲနဲလေး ဝေမျှခြင်တဲ့စိတ် ဖြစ်ပေါ်လာလို့ပါ။ နောက်ဆုံးပြောရရင်ဖြင့် သင်ဘာလုပ်လုပ် တခြားသူအတွက် အရင်တွေးပေးလိုက်ပါ။ ဦးစားပေးလိုက်ကြပါ။ ဤသို့ဆိုရင်ဖြင့် သင်ဟာ စိတ်ကောင်းလေး ၀င်လာပြီး စိတ်နှလုံးအေးချမ်းလာပါလိမ့်မယ်။

ကျွန်တော် အကျိုးရှိစာပေတွေကို မရေးတတ်ပါ။ ဤပို့စ်လေးကို ရေးရခြင်းမှာ ကျွန်တော်ဧ။် စိတ်၌ ဖြစ်ပေါ်လာသော အကြောင်း အရာများကို ပြောပြချင်လို့ တင်လိုက်ရခြင်းပါ။ မည်သူ့ကိုမှ မထိခိုက်စေချင်သလို မည့်သူကိုမှ ရည်ရွယ်လိုခြင်းမရှိပါ။ အမှားတစုံတရာများ ရှိခဲ့ပါက ခွင့်လွှတ်ပါလို့ ကြိုတင်တောင်း ပန်ပါရစေ။
~~~~ @@@@ ~~~~
စာကြွင်း။ ။ အသိတရားနဲ့ ပတ်သတ်လို့ ပြောဖို့ကျန်ခဲ့လို့။ ယနေ့ဆို ကျွန်တော်ဧ။် အိမ်ရှင်သည် အင်တာနက်အခွန် ထပ်မဆောင်သဖြင့် အင်တာနက်ပြက်တောက်နေတာ သုံးရက်ရှိပါပြီ။ အင်တာနက်ကိုသာ အားကိုးနေရတဲ့ ကျွန်တော့်အဖို့ အလွန်ပင် စိတ်ဆင်းရဲဖို့ကောင်းပါသည်။ ယခုလည်း ဒီပို့စ်ကို ကြံဖန်ပြီး တင်လိုက်ရတာပါ။ တကယ်ဆို အိမ်ရှင်သာ အော်သူတို့တွေ ခုဆို မေးသုံးဖို့ အင်တာနက်တော့ လိုမှာပဲ၊ ငါလည်း ထိုက်သင့်သလောက်ပိုက်ဆံကို ယူထားတာပဲ၊ ငါ ချက်ချင်းဆောင်ပေးလိုက်ပါမယ် ဆိုတဲ့ အတွေးလေးသာ ရှိခဲ့ရင်... ။ ခုတော့ ကျွန်တော်ရေးခဲ့သလိုပဲ ဒါလည်း အဆင်မပြေသေးလို့ ဖြစ်မှာပါ၊ အင်တာနက်အိမ်မှာ မရတော့လည်း ရတဲ့နေရာကပဲ သုံးလိုက်ပါတော့မယ်လို့ စိတ်ကို ချိုးနှိပ်ရင်း .... ချိုးနှိပ်ရင်း ။။။း)))

19 comment[s]:

ဒဏ္ဍာရီ said...

အော်...... ဖြစ်ရမယ် ငါ့မောင်လေး...... ကွန်ပျူတာ သုံးရတာ အဆင်မပြေလို့ ကွန်ပျူတာ အသစ်ဝယ်ပြီး အိမ်ပြောင်းခါမှ အိမ်ရှင်က အင်တာနက်ကြေး မဆောင်လို့ ဖြတ်ခံတယ်။ ဖြစ်ရမယ် လောကကြီး... ဘာမှကို ပြည့်စုံတယ်လို့ မရှိပါလားနော်။ အသိတရားနဲ့ အလိုက်တသိလေးများ မရှိကြပါလား။
မောင်လေးရေ....... အစစ မရာရာ အဆင်ပြေ ချောမွေ့ပါစေနော်။

ခင်မင်လေးစားလျှက်

သဒ္ဓါလှိုင်း said...

မောင်လေးရေ..
အသိတရားဆိုတာ အလိုလိုသိနေရင် အကောင်းဆုံးပေါ့နော်။ ဖတ်လို့ကောင်းပါတယ်။အားလုံး
အသိတရားရှိတဲ့သူတွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း။။
ကျန်းမာပျော်ရွှင်ပါစေ။

ခင်တဲ့
သဒ္ဓါ

ဆောင်းနှင်းရွက် said...

ဖတ်လို့ ကောင်းတယ် ...
ရေးထားတာ ကောင်းတယ် ဗျို့ ...

အသိတရားဆိုတာ ကိုယ်ပိုင်ဗီဇ လို့ ဆိုပေမယ့်
လူတစ်ယောက်မှာ
အသိတရား ရှိလာဖို့ ဆိုတာ
လုပ်ယူလို့ ရလိုသလို
လုပ်ယူလို့ လည်း မရဘူးး..

တစ်ခါတစ်လေ
ကိစ္စ တစ်ခုလေးကြောင့်
အသိတရား ရသွားတဲ့ သူတွေလည်း အများကြီးပါ..
ဟုတ်တယ် ဟုတ် ..
(ဆောင်းနှင်း ရဲ့ အမြင်)..!

အသိတရားထက် တစ်ချို့နေရာမှာ
သနားညှာတာမှု့ ထားဖို့ ကောင်းတယ် ဆိုတာလည်း
ဟုတ်တာပဲ ...

သနားညှာတာမှု့ ဆိုတာထက်
အသိတရားနဲ့ ကိုယ်ချင်းစာစိတ် လေး တစ်ခုပေါ့ ..
ထိုနေရာမှာ မိမိသာဆိုတဲ့ အတွေးလေးတစ်ခု ကို
တစ်ခါတစ်လေမှာ
တစ်ချို့တွေ တွေးမိဖို့ ကောင်းတယ် .. >>>

ဆောင်းနှင်းရွက် said...

haha .... :)

ကိုယ့် comment ကိုယ် ပြန်ကြည့်လိုက်တာ
တော်တော် တောင် ရှည်သွားတယ် ..
ရေးကောင်း ကောင်းနဲ့ ရေးလိုက်တာ ..
ဆရာမကြီးးး လေသံ ဒီဇိုင်း နဲ့ ... hehe ..:P

kaungkinpyar said...

သေသေချာချာကို ဖတ်သွားပါတယ်...

လူတိုင်း ရှိသင့်တဲ့ အသိတရားပါပဲ...ဒီလို ရေးတော့လဲ ဖတ်လို့ ကောင်းဧ။်၊ ဗဟုသုတ လဲ ရသွားတယ်...ဖြစ်တတ်တဲ့ သဘာဝ တွေ ပေါ့..

Crystal said...

ဒို့နိုင်ငံအတွက် ဒို့လူမျိုးတွေအတွက် ယခုအချိန်က အသိတရားများစွာလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ် မောင်လေးရေ။ ဘာပဲဖြစ်ဖြစ် လူတိုင်းကိုယ်စီ အသိတရားတွေ ရှိကြဖို့ မောင်လေးနှင့်အတူ ဆုတောင်းမိပါရဲ့။

အနှိုင်းမဲ့ said...

မရေးတတ်ပေလို့သာပဲ..ကောင်းကင်ရေ..။
ရေးထားတာလေးကောင်းပါတယ်..
နှိုင်းတို့ဆို အသိတရားကိုမရှိဘူးဆိုပြီး
အပြောခံခဲ့ရလို့ အခုဆို အသိတရားလေး
ရင်ဝယ်ပိုက်လို့ သတိနဲ့နေနေရတယ်..ဟဟ
ဒီပို့ဒ်လေးကို စိတ်ဝင်တစားနဲ့ကို ဖတ်သွားပါတယ်။

မိုးငွေ့...... said...

ကိုတူးရေ...အသိတရားအကြောင်းပြောမှ အမ စီဘောက်ကို စက္ကူစုတ်တစ်ခုအမှတ်နဲ့ ဘယ်က အသိတရားမရှိသူတစ်ယောက် လာပြီးလက်ဆော့သွားတယ်မသိပါဘူး...လမ်းကြုံရင် ၀င်ကြည့်လိုက်ပေါ့...။ ဗညားညီမလေးကတော့ စီဘောက်ထဲဝင်ပြီး ဘယ်လိုဘမ်းလိုက်ပါဆိုတာတော့ သင်ပေးလိုက်တယ်..အမလုပ်ကြည့်လိုက်ဦးမယ်...။

အဖြူရောင်နတ်သမီး said...

အသိတရား ...ဆိုလို့..ပြေးလာဖတ်တာ..ကိုတူးရေ..
သဒ္ဓါ့ဆီမှာလည်း ဖတ်ခဲ့ပြီးပြီ...
ဟုတ်တယ်...

ူတိုင်းလူတိုင်း...အသိတရားရှိကြရင်တော့ အကောငလ်းဆုံးပေါ့...
ခက်တာက...
အသိတရား မရှိလို့ မသိတာထက် “အသိတရားရှိလျှက်နဲ့ အသိတရားမရှိနေကြတာက ကုရာနတ္တိ ဆေးမရှိ”...ဖြစ်နေတာ..းးး((((

အင်ကြင်းသန့် said...

ကိုတူးရေ...တကယ်တော့ ကိုတူးကို တက်ဂ်ပြီးခါမှ အားနာသွားတယ်...ကိုတူးမှာ ကိုယ့်အကြောင်းတွေနဲ့ကိုယ်ရှုပ်နေရတဲ့ကြားထဲလေ...ဒါပေမယ့် ရေးဖြစ်သွားတော့လည်း ကိုတူးရေးထားတာ တကယ်ကောင်းပါတယ်...

အခုလိုရေးပေးတာကို ကျေးဇူးအရမ်းတင်ပါတယ်...

ကျေးဇူးတင်လို့ ကိုတူးဖြစ်ချင်နေတဲ့ဆန္ဒတွေ အားလုံးအမြန်ဆုံးအကောင်အထည်ပေါ်ပြည့်ဝနိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်...

ခင်မင်စွာဖြင့်
အင်ကြင်း

Anonymous said...

မောင်တူး...မောင်တူး...မင်းကြိမ်လုံးကောင်းကောင်းသာရှာထားပေါ့ကွာ...
ငါ့ကိုများ...ဟင်းဟင်း (အံတကြိတ်ကြိတ်ဖြင့် ကြုံးဝါးသွားသည်)

တီလေး

မွန် said...

မရေးတက်ဘူးပြောပြီး..
ရေးထားတာ ကောင်းပါ၏..။
ကိုညရေ..အသိ တရားရှိနေရဲ့ လိုက်မလုပ်နိုင်ကြတာ ခက်တယ်နော်..
ခင်မင်စွာဖြင့်..

မြစ်ကျိုးအင်း said...

ဒီက အသိတရားလေးလည်း ဖတ်ကောင်းတာပါပဲ။ ဒီရက်ပိုင်း အသိတရားတွေ စုံစုံလင်လင် ဖတ်ရလို့ ကိုယ့်ကိုကိုယ်တောင် ပြန်ဆင်ခြင်နေမိတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မရေးတတ်ပေလို့သာဘဲ..
ဖတ်လိုက်ရတာ တစ်မေ့တစ်မော
ဒါပေမဲ့ အကြောင်းအရာလေးနဲ့ ရေးထားပုံလေးက ကောင်းတော့
စိတ်ဝင်စားစရာ ကောင်းပါတယ်..
မောင်လေးရဲ့ပိုစ့်ထဲမှာ အသိတရားရစရာ
သံဝေဂ ယူစရာတွေနဲ့မို့ ဖတ်ရတာ အကျိုးများပါတယ်..
စာရေးကောင်းတယ် များများရေးသိလား
အားပေးတယ်

noblemoe said...

ဒီပိုစ့်လေးကို ကြိုက်တယ် အရမ်းကောင်းပါတယ် အရေးသားတက်မဟုတ် စာဖတ်ပြီး ခံယူချက်တွေ ကောင်းတာကိုလေးစားမိပါတယ် မှတ်သားသွားတာတစ်ခုက လက်ရှိချိန်ထိ ကိုယ်တစ်ခုခု ဖြစ်ရင် အရင်ဘဝက ၀ဋ်ကြွေးတွေလို့ သတ်မှတ်မိတယ် ခုတစ်ခုပိုသိခွင့် ရလိုက်တာ က ကျေးဇူးဆပ်တာ တဲ့ ဒီတွက်ကျေးဇူးပါ ၀ဋ်ကြွေးတွေလို့ သတ်မှတ်မိရင် နည်းနည်းစိတ်ထဲ မကောင်းဖူးလေး ကျေးဇူးလို့ သတ်မှတ်လိုက်တော့  ခံစားချက်ဆိုတာ လျှော့ သွားသလိုပဲ
ကျေးဇူးအထုးထင်ပါတယ် ဒီပိုစ့်လေး မျှပေးတဲ့မောင်လေးလည်း အင်တာနက်ကို အိမ်ရှင်က အမြန်ပြင်ပေးနိုင်ပါစေနော်
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေနော်
မိုး

မောင်ဘကြိုင် said...

အရင်ဆုံးဖတ်ဖြစ်ပေမယ့် ရွာက ကွန်အခြေ အနေအရ မမန့်လိုက်ရပါဖူးဗျာ
တခုတွေးမိတယ် ရွာသူကြီးကို အသိတရားပို့စ်
တဂ်ရင်ကောင်းမလားလို့လေ
ခင်ဗျားလည်း အိမ်ရှင်ကိုတဂ်လိုက်ပါလားး)

~ဏီလင်းညို~ said...

ကိုတူးရေ......
သက်ငယ်ဇဂါး.......သက်ကြီးကြားသွားဘာဂျောင်းးးးးးး
ခင်မင်တဲ့
ဏီလင်းညို

စံလင်းထွန်း said...

အဆင်ပြေပါစေဗျာ ..။

စာတွေလာဖတ်သွားပါတယ်။

ခင်မင်တဲ့
စံလင်းထွန်း

ဂျပန်ကောင်လေး said...

သနားပါတယ်..ငါ့အစ်ကို... အသိတရား.. အင်း.. အသိတရား... မရှိတာထက်.. အသိတာက ခက်တယ်တဲ့... ကဲ... အသိတရားရှိအောင်လည်း မကျိုးစားဘူးဆိုရင် သံသရာတလျှောက်လုံး မှောက်ကုန်လိမ့်မယ်..... ကောင်းတယ်ဗျာ.. ဒီစာလေး.