Sunday, March 17, 2013

ဝေး


ပျိုးခဲ့တာပါပဲကွယ်
ပန်းမှ မပွင့်လန်းတော့တာ
ဥယျာဉ်ဆိုတာလည်း ရူးချင်စရာပါပဲ
တစိမ့်စိမ့်ကြည့်နေရင်းက
ဝေးဝေးသွားတယ် ...။

အသံသာ  ကြားတယ်
ရုပ်မမြင်ရဘူး ...
စာသာ များတယ်
စကား မပြောဖြစ်ဘူး ...
တွေ့ဆုံခွင့်ဆိုတာ
ဝေးနေခွင့်မှ မဟုတ်တာ
ဒီလိုနဲ့ ...
ကျွန်တော်တို့ ဝေးခဲ့ကြပြီ ...။

မိုးတိမ်တွေ တောင်
အရောင်ပြောင်းတတ်တယ်တဲ့
ကျွန်တော့ တောအုပ်လေးမှာတော့
သစ်ပင်လေး အမြဲစိမ်းလန်းနေပါစေ ...။

ညလင်းအိမ် (၁၇.၃.၂၀၁၃)

Friday, March 1, 2013

ပြီးဆုံးသွားသော


မျက်လွှာ နှစ်ခု အပွင့်မှာ အိပ်ယာဝင်
မျက်လွှာ နှစ်ခု အပွင့်မှာပဲ အိပ်ယာထ
နံနက်ခင်းတိုင်းက ခြောက်သွေ့မှုနဲ့ ဖွင့်
ဒီလိုနဲ့ ကျွန်တော်ဟာ နေ့ နဲ့ နေ့ မှားသွားတယ် ...။

တရိပ်ရိပ် မူးဝေလာတဲ့ အာရုံမှာ
သတိရမိတာက သူ့မျက်နှာ
ကိုယ့်နဖူးကို ပြန်စမ်းတော့
တစ်ရာ့ တစ်ဆယ့်နှစ် ဒီဂရီက
ရိုးသားစွာ လက်မထောင်တယ် ...။

ကိုက်ခဲနေတဲ့ ထုံကျင်မှုကို ဂရုမစိုက်ပါဘူး
ကြည့်နေကြ အယ်လ်ဘမ်လေးမှာ
စကားတွေပြောဖြစ်တယ်
သတိရတယ် ... ချစ်သူ ...။

စိတ်တွေက လွတ်လပ်စွာ ဖောက်ထွက်ကြ
ခန္ဓာကိုယ်ရဲ့ အတိမ်အနက်မှာ ပျော်ဝင်ကြ
ဒီလိုနဲ့ ချစ်သူကို တစိမ့်စိမ့် ထိုင်ကြည့်မိတယ် ...။

နှာခေါင်းဝက သွေးညှီနံ့ သဲ့သဲ့ရတယ်
ဆည်းလည်းသံ သဲ့သဲ့လည်း ကြားတယ်
ခေါ်သံတွေလည်း ပဲ့တင်ထပ်လို့ ...
....................................................
 အိပ်မက်တွေ ဖရိုဖရဲနဲ့
ကျွန်တော် အခု အပြင်းဖျားနေတယ် ...။


(ညလင်းအိမ်)