Friday, May 8, 2009

အလွမ်းရင့်ရင့် ...

လတ်ဆတ်အေးမြတဲ့ လေတစုက ကန်ရေပြင်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့အတွက် ပိုလို့တောင်အေးမြစေခဲ့ပါတယ်။
ကြည့်လိုက်စမ်းပါ... နေရာတိုင်းမှာ ချစ်သူစုံတွဲတွေနဲ့လေ...
တစ်ယောက်တည်း... ကျွန်တော်တစ်ယောက်တည်း အဖော်မဲ့စွာ ထိုင်နေရင်း ကန်ရေပြင်ကို ကြည့်နေမိတယ်။
လှိုင်းကြပ်ခွပ်လေးများက လေအဝှေ့မှာ ဖြန့်ကျက်သွားပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားကြတယ်။

သြော်.. အချစ်ဆိုတာ ဒီလိုပါပဲလားကွာ...
ကျွန်တော့ရဲ့ ဘ၀မှာ သူတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးချစ်ခဲ့မိတာပါ။
ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ....
သူက အခုလောက်ဆိုရင် တခြားတစ်ယောက်ယောက်နဲ့ ရှိရင်ရှိနေမှာပါ။
ကျွန်တော့ကိုလည်းမေ့နေလောက်ပြီပေါ့....
ဟုတ်ပါတယ်လေ... ကျွန်တော်ကသာ သူ့ကိုမေ့မရနိုင်တာပါ။
မေ့မရတိုင်းလည်း ဒီနေရာကို လာလာနေမိတယ်။
ရင့်ကျက်မှု ဆိုတဲ့အတားအဆီးသာ မရှိခဲ့ရင် လူငယ်လေးတစ်ယောက်လို အောဟစ်ငိုကြွေးလိုက်ချင်ပါတယ်။
ကျွန်တော်ကံပဲ ဆိုးခဲ့တာလား???
သူဘာလို့ ကျွန်တော့ကိုမချစ်တော့တာလဲဆိုတာ ဝေခွဲလို့မရနိုင်ခဲ့ပါဘူး။
ယခုအချိန်ထိတိုင်အောင်ပါပဲ.... ရင်ထဲမှာ သေမလောက်ခံစားရပါတယ်။
ဒီနေရာကို ရောက်တိုင်းလဲ ဒီလောက်တောင်ပိုပိုပြီး ခံစားနေရတာ ဘာလို့လာလာမိနေပါလိမ့်။
ကိုယ့်ကိုကိုယ် မေးခွန်းများစွာ ထုတ်လည်းပဲ အဖြေကို ရှာမတွေ့နိုင်ခဲ့ပါဘူး။
တခုတော့ရှိတယ်... သူနဲ့အတူ ရှိခဲ့ဘူးတဲ့ ဒီနေရာ .. တချိန်က ပျော်ရွှင်မှုတွေ ဖုံးလွှမ်းခဲ့တဲ့ ဒီနေရာကို
ရောက်လာတိုင်း မသိစိတ်က သူ့ကိုပိုပြီးခင်တွယ်နေမိခဲ့တယ်ဆိုတာ ကျွန်တော် ၀န်ခံပါတယ်။
ကျွန်တော်အတိတ်ကို ပြန်တွေးမိတယ်...
ကျွန်တော့် ရင်ခွင်ထဲမှာမှီပြီး သူကျွန်တော်ကို အရမ်းချစ်ပါတယ်လို့ ပြောခဲ့တုန်းက အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။
ကျွန်တော် သူ့ကို အများကြီးတန်ဖိုးထားပြီး ဂရုစိုက်ခဲ့ပါတယ်။
သူ့ဘာလို့ ကျွန်တော်ကို စွန့်ခွာသွားရတာလဲ???
သူ့ကို သစ္စာမရှိဘူးလို့ မစွပ်စွဲချင်ပါဘူး။
သူ့ဘက်က ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
ကျွန်တော် သူ့ကိုဆုံးမစကားဆိုတိုင်း သူကြေနပ်စွာ ခံယူခဲ့တယ်လေ...
ဒါပေမယ့် သူ့ရင်ထဲမှာတော့ သူ့ကိုထိန်းချုပ်တယ်လို့ ထင်ချင်ထင်သွားခဲ့မှာပါ။
သူ့ကျွန်တော့်ကို နဲနဲလောက်တောင် နားလည်မပေးနိုင်ခဲ့ဘူလား???
ကျွန်တော် ရင်ထဲမှာ အရမ်းပဲနာကျင်ခံစားရပါတယ်။
ကျွန်တော်ကို သူတကယ်ချစ်ခဲ့တယ်လို့ ထင်နေမိတုန်းပါ။

စွန့်ပစ်ခြင်းခံခဲ့ရတဲ့ လူတစ်ယောက်ရဲ့ဘ၀ကို ခံစားဖူးသူမှသာ နားလည်ပေးနိုင်မှာလား။
ကျွန်တော့်လိုပဲ အသည်းကွဲခဲ့တဲ့သူတွေဘယ်လောက်တောင်များနေပြီလဲ။
တချို့က မရနိုင်တဲ့ အရာကိုတမ်းတရင်း ရူးသွပ်သွားကြပြီလား???
တချို့ကရော ဘ၀ကို အရှုံးပေးဖို့ စဉ်းစားနေကြပြီလား???
တချို့ကရော အရက်ပုလင်းတွေအောက်မှာ ဒူးထောက်ခဲ့ရပြီလား???
တချို့ကရော ဆန့်ကျင်ဘက်နာကျည်းမှုတွေနဲ့အတူ အောင်မြင်အောင် ကြိုးစားနေကြပြီလား???
ကျွန်တော်ကရော ဘယ်လိုမျိုး ဖြစ်လာမှာလဲ???
ကျွန်တော်လည်း အခုတော့ အရူးတစ်ယောက်လိုပါပဲဗျာ...

ကန်ရေပြင်ကို မမြင်ရတော့ဘူး။
အမှောင်ထုက ကြီးစိုးလာခဲ့ပြီ။
ကျွန်တော်လည်း အရိုးကွဲအောင် နာကျင်နေရပြီ။
သြော်... ကျွန်တော် အိမ်ကို ပြန်ရတော့မှာပါလား....
ကျွန်တော် အခုလိုမျိုး ခံစားနေရတယ်ဆိုတာ သူသိနိုင်မှာ မဟုတ်ပါဘူး...
သူ ခုဆို ပျော်ရွှင်မှုတွေနဲ့ပဲ အတူရှိနေမလား....
သူ အမြဲ ပျော်ရွှင်နိုင်ပါစေ...
ကျွန်တော်ကတော့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့တာ ကြာပါပြီ...

ကျွန်တော့်ရဲ့ အိမ်ပြန်ခြေလှမ်းတွေက နှေးကွေးလို့နေပါတယ်...
ဒီနေရာကို နောက်ထပ်ရောက်ချင် ရောက်လာအုံးမှာပါ။

မလှောင်ကြပါနဲ့ သူနဲ့အတူ ထိုင်ခဲ့ဖူးတဲ့ ခုံတန်းလေးတွေ၊ ဆိုင်တန်လေးတွေ ကျွန်တော့်ကို မလှောင်ကြပါနဲ့ဗျာ...
ကျွန်တော့်ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ... သုတ်ဖို့ကိုလည်းမကြိုးစားတော့ပါဘူး....

သြော်..... နောက်ထပ် အိပ်လို့မရတဲ့ ညတစ်ညကို ရင်ဆိုင်ရအုံးမှာပါလား.......။

1 comment[s]:

Unknown said...

ညီမနဲ့တကယ့်ကိုတိုက်ဆိုင်လို့
အရမ်းကိုကြိုက်ပါတယ်
ဒါပေမယ့် အကောင်းလာဖို့
အဆိုးသွားတယ်လို့ပဲ မှတ်ပါလို့
ပြောပါရဟေအစ်ကို