Wednesday, March 23, 2011

“ကြက်ခြေခတ် ၀င်းရိုးစွန်းနဲ့ နေတစ်ခေတ် လတစ်ခေတ် ကောင်းကင်”

ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ
မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့
လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင်
မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ
သေရမှာ မကြောက်မှတော့
မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး
ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း
နေနိုင်တဲ့သူပဲလေ . . . ။ ( ညလင်းအိမ် )

နေတစ်ခေတ် လတစ်ခေတ်နဲ့
သက္ကရာဇ်ကတောင်
ဆယ်စုနှစ်အဟောင်းတွေ ချွေချလိုက်ပြီ
ဆောင်းပျိုငယ်က နွေကျဲကျဲ သုတ်ချသွားတာတောင်
ကျွန်တော့်အိပ်မက်တွေ အခုထိ ချိုနေတုန်းပါပဲ
ဆေးခါး ကြိုက်နေမှတော့
သကာလိုက်လည်း မမှီတော့ဘူး
အချစ်ရူးဆိုတာ ထန်းလျှက်ကျွေးလည်း
ခါးနေမယ့်သူပဲလေ . . . ။ ( လင်းခေတ်ဒီနို )

ကျွန်တော်ဆိုတဲ့ ကျွန်တော်
အဲဒီ အလွမ်းတစ်သုတ်နဲ့ပဲ
ဒဏ်ရာတွေ မိုးစုန်းစုန်းချုပ်ရင်း
ဆောင်းတစ်ညကို နောက်ပြန်လျှောက်ကြည့်တယ်
တကယ်တော့ အချစ်ဆိုတာ
နူးညံ့ကြွရွနေတဲ့ ကချေသည်တစ်ပါး
သစ္စာဆိုတာ သူ့အတွက်
ဖန်ဆင်းမှုကို အရောင်တင်ထားတဲ့ အရပ်သုံးစကား
မျှော်လင့်ခြင်းဆိုတာ ကြွေကျသွားတဲ့
ကြယ်ပျက်တစ်လုံးလိုပဲ . . .
သတိရပေးပါ ဒီဇင်ဘာရယ်
အချမ်းပို ဆောင်းညတွေမှာ
ကြက်ခြေမခတ်နိုင်တဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတဲ့အခါ
ဆုတောင်းသံ သဲ့သဲ့လေးတော့ မင်းကြားနိုင်ပါစေကွာ . . . . ။ ( ညလင်းအိမ် )

ကျွန်တော်ဆိုတဲ့ ကျွန်တော်
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
အလွမ်းခြေရာ ပြန်ကြည့်ရင်း
အဲဒီညနေကို ခြေကျင်လျှောက်ကြည့်တယ်
တကယ်တော့ နာကျင်မှုဆိုတာ
သေငယ်ဇောနဲ့ မျှောနေတဲ့ ကြယ်တစ်လုံး
သံယောဇဉ်ဆိုတာ သူ့အတွက်
အခွံနွာထားတဲ့ ပဒိုင်းသီးဖတ်စာ
တမ်းတခြင်းဆိုတာ မျက်ရည်ကျနေတဲ့
ကောင်းကင်တခြမ်းလိုပဲ . . .
နှုတ်ဆက်ပါတယ် ဒီဇင်ဘာရယ်
ညနေခင်းလေးမှာ
နီညိုရောင် တောင်ပံတွေ ဖြန့်ခင်းလာတဲ့အခါ
နာကျင်ခြင်းမဲ့စွာ မင်းပျော်နိုင်ပါစေကွာ . . . . ။ ( လင်းခေတ်ဒီနို )

စံပယ်ရုံ ရနံ့တွေက
သင်းကနဲ လှိုက်ကနဲ
ငါ့ အာရုံတွေ အလင်းပျောက်တယ် ဒီဇင်ဘာ . . .
ဒီလို နံနက်ခင်းတိုင်းမှာ စကားသံတချို့
ဒိုင်ယာရီထဲ ကျပျောက်ခဲ့တာပါပဲ
ခပ်တိတ်တိတ် ရှိုက်မိတဲ့ ဝေဒနာ တစ်ဝက်လောက်ကို
ကဗျာတွေထဲ ရောသောက်လိုက်တယ်
သွေးကြောထဲက တင်းမာလာတဲ့
မာန တချို့ကို စိတ်ဖြာကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့ မျက်ရည်တွေ
မင်းအတွက် ကျလို့ မလောက်သေးပါလားကွယ် . . . . ။ ( ညလင်းအိမ်)

စွယ်တော်ရွက် ကြွေသံလေးတွေက
ဖောက်ကနဲ ဖောက်ကနဲ
ငါ့ရင်ဘတ်တွေ နာကျင်တယ် ဒီဇင်ဘာ . . .
ဒီနှစ် ဖေဖော်ဝါရီလဆန်းတုန်းကလည်း
သစ္စာတွေ အလွမ်းရောင် ပြောင်းခဲ့တာပဲ
ခပ်ရှိုက်ရှိုက် နမ်းမိတဲ့ အလွမ်းတစ်ဝက်လောက်ကို
ကဗျာတွေထဲ ငှဲ့ချလိုက်တယ်
ရင်ဘတ်ဟောင်းထဲက ဖြာထွက်လာတဲ့
သတိရခြင်းတွေကို ကောက်ယူကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့သစ္စာတွေ
မင်းအတွက် ဖြူစင်နေတုန်းပါပဲကွယ် . . . . ( လင်းခေတ်ဒီနို )

ဒီဇင်ဘာ . . .
နှစ်လွှာတစ်ရွက်ပါလို့ ပြောခဲ့တဲ့
စွယ်တော်ရွက်လေးတောင်
ကျကွဲသွားပြီပဲ
ကိုယ်တို့ နှစ်ယောက်လည်း
နှုတ်မဆက်ပဲ ကျောခိုင်းကြတာပေါ့
ဒါပေမယ့် ကောင်မလေးရယ် . . .
နွေဦးပေါက်လို့ မြူမှုန်တွေ ပျောက်သွားခဲ့ရင်
သစ္စာပန်းအထပ်ထပ်နဲ့
မေတ္တာလမ်းဆက်ခဲ့တဲ့
ဆောင်းကြွင်း တစ်နေရာက
ဟောင်းနွမ်းပေတေနေတဲ့ သူတစ်ယောက်
စံပယ်ဖြူပွင့်တွေနဲ့ အတူ
နာမည်သုံးလုံးကို သီကုံးနေလိမ့်မယ်ဆိုတာတော့
ရာဇ၀င်ထဲက ဒီဇင်ဘာက ပြောပြနေဦးမှာပါ . . . . ။ ( ညလင်းအိမ် )

ဒီဇင်ဘာရောက်ရင်
ငိုကြွေးနေတဲ့ ကြယ်တွေအောက်မှာ
ငါ့ ရင်ခုန်သံတွေ ယိုင်နဲ့တယ်
အိမ်မက်တွေ အညတရ ဆန်ခဲ့တယ်
စံပယ်ဖြူလို ရိုးသားပြခဲ့ဖူးတဲ့
ကဝေပျိုမငယ်လေးရယ် . . .
ဒီနေ့ မိုးမရွာပေမဲ့
ဥပေက္ခာတွေ နင့်နင့်သည်းသည်း ပြိုကျခဲ့တယ်
ကျေနပ်ခဲ့ပါတယ် . . .
နှင်းစက်လေးတွေ တစက်စက် ကြွေအကျမှာ
ငါ့သစ္စာပန်းခင်းဟာလည်း
အလွမ်းပင်လယ် ဖြစ်ခဲ့ဖူးပြီးပဲ
သွားပါတော့
ဒီဇင်ဘာရယ်. . .
ဘာမှမကျန်တော့တဲ့
ရနံ့မဲ့ သစ္စာဟောင်းတွေကို
ခိုးဝှက် ရှိုက်နမ်းရင်း
ငါဟာ ရင်ခွင် ကောင်းကင်မဲ့နေဦးမယ့်သူပါ . . . . ။ ( လင်းခေတ်ဒီနို )


@@@@@ ---- @@@@@

ကျွန်တော် ညလင်းအိမ် နဲ့ လင်းခေတ်ဒီနို (ဗညား) တို့ ကဗျာ အတူတူ မစပ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။ မနေ့တနေ့က ကျွန်တော်တို့ ညီအကို နှစ်ယောက် အလုပ်အားနေတဲ့ အချိန် ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ နှစ်ယောက် အတူတူ ကဗျာရေးဖြစ်ခဲ့ကြပါတယ် ။ နှစ်ယောက်စလုံးက အလွမ်းကဗျာသမားပီပီ အလွမ်းကဗျာကိုပဲ ရေးဖြစ်ခဲ့ကြပါတယ်။ ခေါင်းစဉ်နဲ့ တည်းဖြတ်ကတော့ ဗညားပါ။

3 comment[s]:

မြတ်မွန် said...

ကိုညတို့ ရေးတဲ့ကဗျာ မိုက်တယ်..
စကားလုံးတိုင်း လှပတယ်နော်..။

သူတို့အတွက် နာကျင်စရာကောင်းတဲ့ ဒီဇင်ဘာရေ..ငါရှိနေသရွေ့ မင်းအထီးမကျန်စေရဘူး..။
ဒီဇင်ဘာကိုချစ်သူ
ခင်မင်လျှက်
မွန်

အဖြူရောင်နတ်သမီး said...

ကဗျာဆရာ(၂)ယောက်ပေါင်းမှတော့ ...
အလွမ်းကဗျာကောင်း တစ်ပုဒ်ဖြစ်လာပြန်တာပေါ့...။

Cameron said...

Fantastic ... Wonderful... Awesome....