Sunday, October 25, 2009

ဆရာနီကိုရဲအတွက် အမှတ်တရ





ကျွန်တော်မရေးဘူး လုံးဝမရေးဘူးလို့ ဆုံးဖြတ်ထားတာ ခုတော့ ။ မနေ့ကပေါ့ ကျွန်တော့် ဘလော့ဂ်မှာ ဆရာမ မနော်ဟရီရဲ့ ပို့စ်အသစ်...“ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်” ဆိုတာကို တွေ့လိုက်တယ် ။ တွေ့တွေ့ချင်း စိတ်လှုပ်ရှားသွားတယ် ။ ဘယ်သူလဲဘယ်သူလဲပေါ့ ။ ဆရာနီကိုရဲ ကွယ်လွန်ခဲ့ပြီ ။ အရမ်းဝမ်းနည်းသွားတယ်။ စိတ်မကောင်းလည်း ဖြစ်သွားတယ် ။ အော်...ကျွန်တော်တို့လေးစားရတဲ့...ဆရာတစ်ယောက်ကြွေလွင့်သွားရ ပြန်ပြီလေ ။ ကောင်းကင်ကိုမော့ကြည့်လိုက်မိတယ် ။ အော်... ကြယ်တွေ ကြယ်တွေ ဘယ်နှစ်စင်းများ ထပ်ကြွေကြအုန်းမှာလဲ..(ဒီမှာတော့ ကြယ်မရှိတာများပါတယ်)။ ကျွန်တော် ကြယ်တွေကို သတိရရင်း “ကြယ်သေ” ဆိုတဲ့ ကဗျာကို ချရေးမိတယ် ။ ကျွန်တော် ကဗျာကို ကောင်းကောင်းမရေးတက်ပါ ။ အတတ်နိုင်ဆုံး ကြိုးစားပြီးရေးမိခြင်းပါ ။ ကဗျာကို အဆုံးသတ်လိုက်ချိန်မှာတော့ P.S မှာ ဆရာ့ကို ရည်ညွှန်းကြောင်း ရေးမလို့ပဲ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး ။ ကျွန်တော် ဆရာနဲ့ပတ်သတ်ပြီး အတိတ်ကို သတိရမိခဲ့လို့ပါ။

ကျွန်တော်တို့ G.T.C ကျောင်းသားဘ၀ကပေါ့ ။ နီကိုရဲကို စသိခဲ့တာ “ စိတ်အိုင်ပက်သူ” ဆိုတဲ့ ၀တ္ထု ၊ အဲဒီဝတ္ထုကို စဖတ်ကတည်းက စွဲသွားခဲ့တာ ။ ကျွန်တော့ဘေးက သူငယ်ချင်း တနေ့ အဲဒီစာအုပ်ကို ၀ယ်လာခဲ့တယ် ။ သူတောင်မဖတ်ရသေးဘူး ။ ငါခဏလေးကြည့်ပါရစေ ဆိုပြီးတောင်းကြည့်မိတယ် ။ ကြည့်ပြီးမှ အရမ်းဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့တယ် ။ နောက်နေ့...သူ့ဆီက စာအုပ်ကိုရဖို့ ကျွန်တော် အမျိုးမျိုး ဖားခဲ့ရတယ် ။ နောက်တနေ့ မနက်အစောကြီး ကျွန်တော်ကျောင်းကို ရောက်နေခဲ့တယ်။ စာအုပ်လုဖို့လေ ။ သူငယ်ချင်းက ကျွန်တော့်ကို ပေးဖတ်တယ်...ဒါပေမယ့် အိမ်ကိုမငှားဘူး ကျောင်းမှာပဲ အပြီးဖတ်ခိုင်းတယ်...။ ကျွန်တော်ပျော်သွားတယ်...။ ဒါတောင်တခြားသူတွေက ကျွန်တော်ပြီးရင်ဖတ်ဖို့ စောင့်နေကြတယ် ။ ကျွန်တော် စဖတ်လိုက်တာ ဘယ်သူ့ကိုမှလဲ သတိမထားမိဘူး ။ အချိန် ဘယ်လောက်တောင်ကုန်လို့ ကုန်မှန်းလည်းမသိဘူး ။ အတန်းပထမအချိန်စတော့ ကျွန်တော် တော်တော်လေးကို ဈာန်ဝင်နေပြီ ။ စာသင်လိုက် စာအုပ်ကိုပြန်ဖတ်လိုက်နဲ့ စာကိုလည်း စိတ်မ၀င်စားတော့ ။ လက်ကလည်း မှတ်ထားတဲ့နေရာလေး ပျောက်မှာစိုးလို့၊ သူများလာလုမှာလည်း စိုးသေးတယ် ။ နောက်တော့ ကျွန်တော်ဘယ်လိုမှ မနေနိုင်တော့ဘူး...။ ကျွန်တော်ထိုင်တဲ့ ခုံတန်းကနောက်ဆုံးဆိုတော့ အခွင့်အရေး ရသွားတယ်။ ခေါင်းကိုငုံပြီး စာအုပ်ကို သည်းကြီးမဲကြီး ဖတ်နေမိတယ် ။ စာသင်သံတွေလည်း ဂရုမစိုက်နိုင်တော့ဘူး ။ ရုတ်တရတ် တတန်းလုံး အသံက အပ်ကျသွားရလောက်အောင်ကို တိတ်သွားတယ် ။ ဘာဖြစ်လဲမသိဘူးပေါ့ ။ ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ် ။ ဒေါသတ၀င်းဝင်းထနေတဲ့ ဆရာမရဲ့မျက်နှာ ကျွန်တော့်ရှေ့မှာ ခါးကိုထောက်လို့ ။ စာအုပ်ကို အမြန်ဖွက်လိုက်မိတယ်.. မမှီတော့ဘူး...။ “နင့်လက်ထဲကစာအုပ်ပေးစမ်း” တဲ့ ကျွန်တော် မပေးချင် ပေးချင်နဲ့ ပေးလိုက်ရတယ်...။ ဘေးကသူငယ်ချင်းက မျက်နှာရှုံမဲ့နေပြီ ။ “နင့်အပြစ်နင်သိလား” “ဟုတ်ကဲ့သိပါတယ်”  “သိရင်အတန်းချိန် ပြီးတဲ့အထိမက်တပ်ရပ်နေ” ကျွန်တော်စိတ်တော်တော်ညစ်သွားတယ် ။ တတန်းလုံးရဲ့ အကြည့်တွေက ကျွန်တော်ဆီရောက်နေတယ် ။ ကျွန်တော် ဂရုစိုက်ပါဘူး ၊ ဂရုစိုက်မိတာက စာအုပ်လေ ဆရာမပြန်မပေးရင် ဒုက္ခ ၊ ကျွန်တော်အရှိန်ကောင်းနေမှဗျာ။ ကျွန်တော့်အကြည့်က ဆရာမဆွဲခြင်းတောင်းထဲက စာအုပ်ဆီပဲ ရောက်ရောက်နေတယ် ။ ဘေးကသူငယ်ချင်းက ကျွန်တော့်ကို ငိုမဲ့မဲ့မျက်နှာနဲ့ ကြည့်နေပြီ ။ အတန်းချိန်ပြီးအောင် မနည်း သီးခံပြီးစောင့်နေရတယ် ။ စိတ်ကမရှည်ချင်တော့ ။ အဲဒီနေ့မှ ဆရာမကလည်း အတန်းချိန် ကျော်အောင်သင်နေတယ် ။ ကျွန်တော့်ကို အရွဲ့တိုက်တာလား မသိဘူး ။ အတန်းချိန် ပြီးသွားပြီ... ကျွန်တော်စိတ်ကိုတင်းလိုက်တယ် ။ ဆရာမနားကပ်သွားတယ် ။ “ဆရာမ ကျွန်တော့်ရဲ့ စာအုပ်လေး ပြန်ယူလို့ရမလား” “ ဘာ.............. မပေးဘူး...အေးလိုချင်ရင် ကျောင်းလွှတ်မှလာယူ” ကျွန်တော် ငိုချင်စိတ် ပေါက်သွားတယ် ။ ဘာမှ မတက်နိုင်တော့ ကျွန်တော့်အမှားကို... ။ သူငယ်ချင်းကို တောင်းပန်ရတယ် ။
“ ငါပြန်ရအောင်ယူပေးပါမယ်ကွာ .. ဘာမှစိတ်မပူနဲ့” လို့လည်းပြောရတယ် ။ အဲဒီနေ့က ကျွန်တော့်အတွက် အဓိပ္ပါယ်မရှိတဲ့နေ့ပေါ့...။ ဖတ်ပြီးသမျှတွေကို ပြန်တွေးမိပြီး ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး ။ ကျောင်းမလွှတ်ခင်ကတည်းက ကျွန်တော် ဆရာများနားနေခန်းကို ရောက်နေပြီ ။ ဆရာမက လှမ်းခေါ်တယ် စာအုပ်ရပြီပေါ့ ။ ဆရာမက အသံကချိုချိုသာသာနဲ့ “သားစာအုပ်ကို မနက်ဖြန်မှယူတော့” ၊ ကျွန်တော် “ ဗျာ ” လို့ ထအော်လိုက်မိတယ် ။ “အေး...မင်းစာအုပ်က ကောင်းလို့ စွဲသွားပြီ ဆရာမဖတ်ချင်လို့ အိမ်ကိုယူသွားမယ် ..မနက်ဖြန်မှပြန်ယူ ..ဒါပဲ” တဲ့ ။ ကျွန်တော့်နားနေခန်းထဲက အလိုမကျချင်းများစွာနဲ့ ထွက်လာမိတယ် ။ သူငယ်ချင်းကတော့ ပြောလိုက်တာ မိုးမွှန်နေတာပဲ ။ ကျွန်တော်အရမ်းကြိုက်မိတဲ့ စာအုပ်ကိုမှ ဘာလို့ အေးအေးဆေးဆေး ဖတ်ခွင့်မရခဲ့တာလဲ ။ မတတ်နိုင်ဘူးလေ နောက်နေ့ပေါ့ ။ ဒီလိုနဲ့ နောက်နေ့မှာ ဆရာမဆီက စာအုပ်ပြန်ရခဲ့တယ် ။ အဲဒီနေ့က ကျွန်တော် အတန်းမတက်တော့ဘူး...၊ ကျောင်းပန်းခြံထဲမှာ တစ်ယောက်တည်း စာအုပ်ဆုံးတဲ့အထိ ဖတ်ဖြစ်လိုက်တယ် ။ ကျွန်တော်အရမ်းကျေနပ်သွားတယ် ။ အရမ်းကောင်းတဲ့ ၀တ္ထု ၊ လူငယ်တွေရဲ့စိတ်ကို စွဲသွားစေခဲ့တယ် ။ အခက်အခဲတွေကြားထဲက ဖတ်ခဲ့ရတာကို မမေ့နိုင်ခဲ့ဘူး ။ အဲဒီကတည်းက ကျွန်တော့်ဘ၀မှာ ဆရာနီကိုရဲ ကအမှတ်တရဖြစ်စေခဲ့တယ် ။ နောက်ပိုင်းအဲဒီစာအုပ်ကို Title အသစ်နဲ့ ရုပ်ရှင်ပြန်ရိုက်တာ သိလိုက်ရတယ် ။ ကြည့်ချင်ပေမယ့် မကြည့်ဖြစ်ခဲ့ဘူး ။
မနေ့ညကဆရာအတွက် ကြယ်နေရာက ခံစားရင်း ကဗျာရေးမိတော့မှ အတိတ်ကို အမှတ်ရစေခဲ့တယ် ။
ဆရာက..
ကလောင်သွားထက်ထက်နဲ့ စာတွေသီကုံးခဲ့တယ် ။
ဘ၀ကို စာအလှတွေနဲ့ ဝေမျှခဲ့တယ် ။
ခုတော့ ... အကြွေစောခဲ့ပြီ ။
ဆရာကောင်းရာမွန်ရာဘ၀သို့ ရောက်ပါစေ လို့အစဉ် ဆန္ဒပြုလျက်...

အိုင်ဒီယာမဂ္ဂဇင်း လ (၁၀၀) ပြည့်မှာ နောက်ဆုံးပါသွားတဲ့ ဆရာ့ဝတ္ထုတိုလေးကို ဖတ်ကြည့်စေချင်၍ ဆရာမ မနော်ဟရီရဲ့ လင့်လေးကို ထည့်ပေးလိုက်ပါတယ်။

ကျွန်တော် . . . . . . . . နှင့် ဘတ်တာဖလိုင်းဆရာမ

(ဆရာနီကိုရဲအတွက် အမှတ်တရအဖြစ် နောက်ပြီး ကျွန်တော့ဘ၀ထဲကို ဆွဲသွင်းပေးခဲ့တဲ့ သူငယ်ချင်း၊ ကျွန်တော့်ကို အမှတ်တရဖြစ်အောင်လုပ်ပေးခဲ့တဲ့ ဆရာမ အားလုံးကို သတိရလျက် ဒီပို့စ်လေးကို ရေးလိုက်ရပါတယ် )
စာပေအနုပညာကို အစဉ်လေးစားလျက်... 










6 comment[s]:

ညရဲ့ကောင်းကင် said...

ကျွန်တော် စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ...
ဒီပို့စ်ရဲ့ ခေါင်းစဉ်က ကျွန်တော်ပြန်ဖတ်ကြည့်တော့ တမျိုးဖြစ်နေတယ်...
ကျွန်တော် စာကောင်းကောင်းမရေးတက်ပါ...
ကျွန်တော် ရေးချင်တာကိုပဲ ခံစားချက်သန့်သန့်နဲ့ တင်ပြတတ်တဲ့ အတွက်
အမှားများပါခဲ့ရင် ခွင့်လွှတ်ကြပါ...
ခေါင်းစဉ်ကို ဆရာနီကိုရဲအတွက် အမှတ်တရလို့ ပြန်ပြောင်းလိုက်ပါတယ်...

တလနွန် said...

GTC ကျောင်းက ဆရာမလည်း ဆိုးလိုက်တာ..သူဖတ်ချင်လို့  တစ်ရက်တောင် ငှားသွားတယ် :)
ဆရာနီကိုရဲ ရဲ့ စာတွေ ကျနော်လည်း နှစ်ခြိုက်တယ်ဗျ....
ဆရာ ကောင်းရာသုဂတိ လားပါစေဗျာ.

~ဏီလင်းညို~ said...

ဆရာနီကိုရဲကို ကျွန်တော်လည်းသိပ်ကြိုက်ခဲ့တာပါ...။ မကြည်ပြာတို့....၊ အချစ်၊ တွယ်ချိတ်ကြီးကြီးတစ်ချောင်းနှင့် မုန့်ဖတ်ထုတ်(ကတ္တီပါလွမ်းချင်းနှင့် အခြားဝတ္ထုတိုများ)ကတည်းကပါ...။
ဝမ်းနည်းမိပါတယ်...။

ဂျပန်ကောင်လေး said...

အင်း.. တကယ်တော်တဲ့ ပညာရှင်တွေ တဖြုတ်ဖြုတ်ကြွေနေပါ့လား...း(

မိုးခါး said...

အင်း
ဆရာနီကိုရဲအတွက် နှမြောမိတယ်
ဆရာမကလည်း သွားစဖတ်တယ်နော်း))
ဆရာ ကောင်းမွန်ရာဘ၀ကို ရောက်မှာပါ

မောင်ဘကြိုင် said...

ဆရာနီကိုရဲကိုနှမြောတယ်
သူ့လိုနောက်တယောက်ရှိလာဖို့
မလွယ်ဖူး