Saturday, October 24, 2009

ကြယ်သေ ***




နက္ခတ်စုံစီ   အရီရီနှင့်
ရှစ်ခွင်ပတ်လုံး   မိုးသားလုံးတို့
မခို့တစိတ်   ပြုံးရိပ်သန်းရောင်
လရောင်ကွေးကွေး   သူ့နဘေး၌
ဝပ်ဆင်းခယ   ယှဉ်တွဲကြတဲ့
သန်းခေါင်ယံည   စစ်ခင်းပွဲမှာ ...

ကြယ်ဓူဝံက   အထီးတည်းနှင့်
တည်ရှိမှုကို   ကိုယ်စားပြုဧ။် ။

ကြယ်စင်ညီနောင်    ခုနစ်ကောင်က
သန်းခေါင်လှနှင့်   ဖင်ထောင်ကလို့
အရောင်မယွင်း   စုစည်းခြင်းဖြင့်
ကကြိုးရင်းကို   တမျိုးခင်းဧ။် ။

ကြယ်စင်အလှ   အိုရီယွမ်က  
ချစ်သင်္ကေတ   သစ္စာလှကို
သဘာဝနှင့်   ယှဉ်တွဲပြဧ။် ။

ကြယ်စင်အားလုံး   အစုရုံးနှင့်
သူတို့စွမ်းစ   ပင်ကိုလှကို
မရမက   ထုတ်ပြကြဧ။် ။

အဝေးတနေ   ကြယ်စင်သေက
ကပြရမယ့်   စစ်ခင်းပွဲမှာ
သူ့ထက်စွမ်းကား   သာလွန်ချည်းမို့
တခြမ်းပဲ့တဲ့   သူ့သက်တမ်းကို
ဘယ်လိုစခန်း   သွားရအံ့ဟု
ကြွေရပင်လျှင်   မြတ်လှချေဧ။်
လူတို့တောင်းဆု   ပြည့်နိုင်မှုကြောင့်
အားမှမတန်   မာန်ကိုအလျော့
ကမ္ဘာမြေတွင်း   သွတ်သွင်းလိုက်မယ်
နောက်ဆုံးအလှ   ငါ့ဘ၀ကို
ကြယ်စင်အားလုံး   ခံစားရင်းဖြင့်   သံဝေဂယူကြလော့ ။ ...

(Orion = မောင်ရင်ဆိုင်းထမ်းကြယ်)
(ဘာရယ်မဟုတ်ပါဘူး ကောင်းကင်ကိုကြည့်ရင်းနဲ့ ကြယ်တစင်းကြွေကျတာကို သတိရမိလို့ပါ)

6 comment[s]:

မေသူ said...

အင်း နီကိုရဲကိုခံစားပြီးဖတ်သွားတယ် ကိုကောင်းကင်...

ဂျပန်ကောင်လေး said...

အစ်ကိုရေးတာလား.. နီကိုရဲရေးတာလား.. ဘယ်သူရေးရေး.. ၃ ခါလောက်ပြန်ဖတ်ရတယ်.. သိပ်နားမလည်ဘူးဗျ.. ကျွန်တော်ဥာဏ်မမီဘူးဖြစ်နေတယ်...

ညရဲ့ကောင်းကင် said...
This comment has been removed by the author.
ညရဲ့ကောင်းကင် said...

ကယ်သေကဗျာက တကယ်တော့ ကြွေလုဆဲဆဲ ကြယ်တစ်လုံးအကြောင်းပါ ။
ကျွန်တော်လည်း ခံစားရတာကို ရေးခြင်းပါ ။
တတ်နိုင်သလောက်တော့ စကားပြေပြန်ပေးပါ့မယ် ။

နက္ခတ်တွေစုံညီနေတဲ့ ညတညမှာ မိုးသားကောင်းကင်တွေက အရပ်ရှစ်မျက်နှာကို မူန်မူန်မှိုင်းမှိုင်းနဲ့
အုပ်ဆိုင်းထားပါတယ် ။ လရောင်ကွေးကွေးလေး ဖြစ်နေတဲ့ သန်းခေါင်ယံညမှာ ကြယ်တွေက
အရောင်တောက်ပမှုခြင်း ယှဉ်ပြိုင်ကြပါသည်။
ဓူဝံကြယ်က တစ်လုံးတည်းထီးထီးနှင့် သူ့အလှကိုပြသည် ။
ခုနစ်စင်ကြယ်ကလည်း သူတို့ဧ။် ကကြိုးဟန်ကို အသေအချာကပြကြသည် ။
မောင်ရင်ဆိုင်းထမ်းကြယ်က သစ္စာရှိမှုနှင့် အချစ်ကို ကိုယ်စားပြုပြီး ထွန်းလင်းကြသည် ။
တခြားကြယ်များကလည်း သူတို့တည်ရှိရာကနေ တတ်စွမ်းတမျှ ထွန်းလင်းကြသည် ။
အဲဒီအချိန်ခိုက်ဝယ် တခြမ်းပဲ့နေသောကြယ် (ကြယ်သေ) က ကြွေကျတော့မယ် ။
သူလည်း ကောင်းကင်မှာထွန်းလင်းချင်သေးတယ် ။ ဒါပေမယ့် သူ့ကိုရှင်သန်ခွင့်မပေးတော့ဘူး ။
နောက်ဆုံးတော့ ကမ္ဘာမြေထဲကို ပဲ့ကြရရှာတယ် ။ ကြယ်ကြွေကြချိန်မှာ ဆုတောင်းရင် ပြည့်တယ်လို့
အယူရှိကြပါတယ် ။ ထို့ကြောင့် နောက်ဆုံးအချိန်ထိတောင် အစွမ်းကုန်ကြိုးစားသွားပါတယ်လို့
ပြောချင်တာပါ ။ ဆရာနီကိုရဲ သည်လည်း သူနောက်ဆုံးအချိန်ထိ စာတွေကို ရေးသွားချင်မှာပါပဲ ။
ဒါပေမယ့် ကြွေလွင့်သွားခဲ့ရတယ်လေ ။ သံဝေဂယူစရာ အနေနဲ့ ကြည့်ရင်လည်း တည်မြဲမှုဆိုတာ အချိန်အတိုင်းအတာ တခုထိပါပဲလို့ ဆိုလိုချင်တာပါ ။

အဲဒီလောက်ပဲ ကျေနပ်ပါတော့ ဂျပန်ကောင်လေးရေ ...
သေချာမရှင်းပြနိုင်လို့ ပို့စ်အနေနဲ့ မတင်တော့တာပါ ။
ခင်မင်လျက်..

မိုးခါး said...

မောင်ရင်ဆိုင်းထမ်းကြယ်က အထက်တန်းတုန်းက စာသင်ပြီးချိန်ကတည်းက စိတ်ထဲမှာ ရှိနေတဲ့ ကြယ်လေးပါ
ဒီနှစ် ကြယ်တွေ တော်တော် ကြွေတယ် ..

စံလင်းထွန်း said...

ကဗျာတွေအားလုံးနီးပါး ကျွန်တော့်အကြိုက်ဖြစ်ခဲ့တယ်။