Thursday, November 26, 2009

လမ်းဟောင်းလေး



နှင်းမြူဖြူဖြူ ချမ်းမြမြမှာ
အလင်းအထူတွေ ပိုက်ထွေး
နှစ်ယောက်အတူ ရေးခဲ့ကြတဲ့
လမ်းဟောင်းကလေး နံဘေး
ပန်းတောလေးကလည်း
ရနံ့မပျယ်သေးပါလား ...။

သစ္စာပန်းအပြုံးတွေမှာ
ကတိနှောင်ကြိုးတွေ ရစ်ထွေး
နှစ်ယောက်အတူ သီကြွေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
ခုံတန်းလေးလည်း
နဂိုအတိုင်း မပြောင်းလဲသေးပါလား ... ။

ပျော်ရွှင်မှုအတိတ်တွေမှာ
သံသာလေးတွေနဲ့ နှောင်ထွေး
နှစ်ယောက်အတူ တွေးခဲ့ကြတဲ့
လမ်းဟောင်းလေး ပေါ်ပြေး
ခြေလှမ်းကလေးတွေလည်း
အရိပ်လို ထင်နေဆဲပါလား ... ။

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သက္ကရာဇ်တွေနှောင်း
သက်ရှိတွေ အရောင်ပြောင်းလည်း
မပြောင်းလဲတဲ့ လမ်းဟောင်းလေးရေ ...

နှင်းတွေကြွေပြီး ပန်းတွေဝေ
မြေသင်းရနံ့တွေ ထုံသင်း
ကျေးငှက်တွေ ခုန်ခုန်ဆင်းကြတဲ့
လမ်းဟောင်းလေးရဲ့ ၀န်းကျင်မှာပဲ
မှုန်ဝေနေတဲ့ မျက်လုံးတစုံ
တုန်ရီနေတဲ့ လက်အစုံနဲ့
အငိုရှိုက်သံတွေ အဆုံးမှာ
ကဗျာ တစ်ပုဒ်ကို
ဒဏ်ရာတွေ ချုပ်ဖို့
အစာသွတ်ခွင့်ပြုပါတော့လေ ...။

Monday, November 23, 2009

မျှော်လင့်ရင်းရူး



မျှော်လင့်ချက် ကမ်းနဖူးမှာ
အလွမ်း ရဲ့ခတ်သံကို
စောင့်ရင်းရူးနေရတဲ့...ငါ
လေပြေရိုင်းရဲ့ ပွတ်တိုက်သံက
မဆီမဆိုင်နဲ့ လူကိုယိုင်အောင်
လာလာ ခနဲ့တယ် ...။

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့  ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။

ဘယ်သူသိနိုင်မှာလဲလေ ...။

နတ်မဖွက်တတ်တဲ့ အချစ်ဆိုတာ
အရောင်ကင်းလှတာမို့
အလင်းမရှိတဲ့ နေ့ဆိုတာ
တရံတခါပဲ ရှိတတ်တာမို့
အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
 မျှောင်လင့်ရင်းရူး နေတော့မယ် ...။
~~~~~~~~~~

ပုံကို ဒီ ကနေယူပါ၏။

Friday, November 20, 2009

ဒွိဟ ... မိုး


“ ဒွိဟ ... မိုး ”

မိုးမြူမှုန်တွေက
နှလုံးအိမ်ကို ပက်ကျဲ
အလွမ်းတွေရဲခဲ့လို့လား...
ေ၀၀ါးနေတဲ့ စိတ်အမှောင်တိုက်မှာ
ချောင်ပိတ်လို့ အရိုက်ခံလိုက်ရပြီ ...။

အပြင်မှာ ပြိုမလိုနဲ့
ရင်ထဲမှာရွာနေတဲ့ မိုးတွေ
မစွေပဲနဲ့ သည်းလိုက်ပါတော့လား..
ရင်ခွင်တ၀ိုက် နေရာလပ်မှာ
ဒဏ်ရာတွေ ထပ်မစိုက်ပါရစေနဲ့တော့ ...။

အငိုက်မိလိုက်တဲ့ အရှိုက်နဲ့
တိုက်မိလိုက်တဲ့ တိမ်တိုက်တွေ
မိုးရေတွေကို စုပ်ယူလိုက်ပါတော့လား ...
ထုံကျင်နေတဲ့ ပစ္စုပ္ပန်မှာ
အနာတရနဲ့ ရှတတမဖြစ်ချင်တော့လို့ပါ ...။

တကယ်တော့လည်း
စဲသွားတဲ့ မိုးရေနဲ့
ကြဲသွားမယ့်အလွမ်းတွေတောင်
ဒွိဟစိတ်နောက် တကောက်ကောက်လိုက်လို့
နောက် နေတဲ့ ရင်ခွင်မှာ
ကြောက်နေခဲ့ရတာလေ
ခမ်းခြောက်သွားမယ့် နှလုံးသားကိုပေါ့ ...။

ပုံလေးကို ဒီ ကနေယူပါ၏။

Thursday, November 19, 2009

“နတ်သမီးအတွက် ကဗျာ”

ဒီကဗျာလေးကို အစ်မ အဖြူရောင်နတ်သမီး ရဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ (ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် ရေးစပ်ပေးထားတာပါ။
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာလေးကို လက်ခံပေးပါ။
မွေးနေ့ရှင်အစ်မအတွက် ကျွန်တော့်ဘလော့ဂ်မှာ ဤကဗျာလေးဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
~~~~~~~
“နတ်သမီးအတွက် ကဗျာ”


အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။

ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။

နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့  ... ။

နတ်သမီးပေမယ့် တချက်မငြီးခဲ့ပါဘူး ... ။

လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။

အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။

ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။

သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။

ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။

ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
~~~~~~~~
ခင်မင်လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

Thursday, November 12, 2009

“ကမ္ဘာကြွေမယ့် တစ်နေ့ရောက်ခဲ့ရင်”

အမှန်ကို ၀န်ခံပါသည်။ တခါမှ တက်ဂ်မခံရဖူးပါ။ ပိုဆိုးတာက ဒီခေါင်းစဉ်.. ဒီအကြောင်းကို မေ့ထားတာ  (ကြောက်လို့)။ ကျွန်တော့်ကို တက်ဂ်ဖော်ရတဲ့ ကိုဏီလင်းညို (ဒုက္ခပေးဖော်လည်းရတယ် .. စတာနော်)ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောပါရစေ...။ ကျွန်တော် တက်ဂ်ပို့စ်တခါမှ မရေးဖူးတဲ့အတွက် အမှားများပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြိုပြီးတောင်းပန်ပါရစေ။ တတ်နိုင်သလောက်ကို ကြိုးစားပြီး ... ရေးပေးလိုက်ပါတယ်။
နောက်ပြီး ကျွန်တော်စိတ်ကူးတွေပုံဖော်ခဲ့တဲ့ ဒီဒိုင်ယာရီလေးမှာ ခုလိုမျိုး ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံ ခွင့်ရလို့ အရမ်းကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်။
~~~~~~~~

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်ပေါ့လေ ...

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…

ကျွန်တော် ရှိနေချင်တာက ကျွန်တော်ချစ်တဲ့ မိသားစုနဲ့အတူပါ။ ဆိုးတူကောင်းဖက်နဲ့ အတူတူအခြေချခဲ့ပြီးမှ ကြွေလွင့်ရမယ်ဆိုလည်း အတူတူ ကြွေလွင့်ချင်ပါတယ်။ အတူတူရင်ဆိုင်ချင်ပါတယ်။ ကျွန်တော်တို့ မိသားစုက ဆွေမျိုးကင်းပါတယ်။ လိုရင်လာတတ်ပြီး မလိုရင် စိတ်ကူးထဲတောင်မထည့်တဲ့ ဆွေမျိုးတွေကို လျစ်လျူရှုထားတာ ကြာခဲ့ပါပြီ။ အောက်ခြေကစပြီး ထူထောင်လာခဲ့ရတဲ့ မိသားစု သက်တမ်းမှာ ကိုယ်တိုင်ပါဝင် ခံစားခဲ့ရတဲ့ အတွက် နောက်ဆုံးခရီး ဆိုရင်တောင် ဒီမိသားစုနဲ့ပဲ ကျော်ဖြတ်ချင်ပါတယ်။

(၂) ဘာတွေခံစားနေရလဲ…

ခံစားနေရတာတော့ ပိုပြီးသာယာပျော်ရွှင်မယ့် မိသားစုတစ်စု (ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်အပေါ် အနိုင်ယူလွန်းအားကြီးတဲ့ ကောင်မလေးနဲ့အတူ) မဖန်တီးနိုင်ခင်မှာ ပျက်သုဉ်းရမှာကိုပဲ။ နောက်ပြီး ရည်ရွယ်ချက်တခုနဲ့ ခွဲခါလာခဲ့ပြီးမှ မပြည့်စုံပဲ တန်းလန်းကြီး ထွက်သွားရမှာကို နှမြောနေမိတယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ…

ပြင်ဆင်သင့်တာတွေကတော့ အများကြီးပါ။ ရတနာသုံးပါးကို နှလုံးသွင်းတတ်ဖို့။ ကုသိုလ်ကောင်းမှုကို တတ်နိုင်သလောက် လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတိုတောင်းလှတဲ့ ကျန်ရှိတဲ့ အချိန်လေးမှာ သူတဖက်သားအပေါ်ကို အပြစ်မလုပ်မိဖို့လည်း ပိုအရေးကြီးပါတယ်။ နာကျည်းစရာတွေရှိရင် မေ့လိုက်မယ်။ မုန်းလောက်မယ့် သူတွေရှိခဲ့ရင်လည်း အဆုံးထိတိုင် ခွင့်လွှတ်လိုက်မယ်။ ရိုးသားတဲ့ဘ၀လေးနဲ့ပဲ တတ်နိုင်သလောက် ရှေ့ဆက်မယ်။

(၄) ၀မ်းနည်းမိမှာက…

ဝမ်းနည်းမိမှာကတော့ မိဘကျေးဇူးကို ဆပ်ရမယ့် အချိန်တွေ တိုသွားလို့ပါ။ ယုံကြည်ချက်တခုနဲ့ မဖြစ်ဖြစ်အောင် လျှောက်လာခဲ့ပြီး မိဘရဲ့ အကူအညီကို ခုထိတောင်းခံနေရတဲ့ အတွက် အပြစ်တခုလို ခံစားနေရတဲ့အချိန်မှာ မိဘကို လုပ်ကျွေးပြုစုဖို့ အချိန်တွေနည်းသွားလို့ပါ။ နောက်ပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာပါ ကွယ်ပျောက်သွားခဲ့မယ်ဆိုရင်တော့ အရမ်းဝမ်းနည်းမိမှာပါ (ကမ္ဘာပျက်သုဉ်းရင်တောင် ဗုဒ္ဓဘာသာကို အရှည်တည်တံ့နေစေချင်ပါတယ်) ။

(၅) ကြောက်လန့်မိတာက…

ကြောက်လန့်မိတာက သိပ်မရှိပါဘူး ... သေရမှာ တခုတည်းပါး) ။ သေရင်တော့ အားလုံးထက်အရင် သေသွားချင်ပါတယ်။ ကျွန်တော်က နှလုံးသားနုတယ်။ အော်ပြီးငိုယိုနေကြတဲ့ လူသားတွေအားလုံးကို မမြင်ချင်ပါဘူး။ နှလုံးသားရပ်ပြီး သေသွားမှာတော့ကြောက်တယ်။ အဟီး အဲဒါကြောင့်း) ။

(၆) ဆောင်ထားချင်တာ…

ဆောင်ထားချင်တာက ကျွန်တော်တို့ ယုံကြည်ကိုးစားရတဲ့ ရတနာသုံးပါးပါ။ နောက်ပြီး လောကမှာ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး “ပျက်ချိန်တန်လို့ ပျက်တယ်” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမလေးတခုပါ  (ပြောတာပြောချင်တာ သေချာမပြောတတ်လို့ဗျ) ။

(၇) ဘာတွေရေးမိမလဲ…

ရေးမိမှာကတော့ ကဗျာတွေပါပဲ။ ကဗျာကို အသက်လောက် ချစ်မြတ်နိုးတဲ့အတွက် ကဗျာတွေကိုပဲ ထုဆစ်မိနေအုန်းမှာပါ။ ကျွန်တော့်ကို တခြားအရာနဲ့ ဆွယ်လို့နေနိုင်ပေမယ့် “ကဗျာ” နဲ့ဆွယ်ရင် ကောက်ကောက်ပါအောင်လိုက်မိမှာ သေချာတယ်း) ။

(ဂ) တွေးမိတွေးရာ...

ကျန်ရှိတဲ့ အချိန်လေးကို ကြိုးစားမယ်။ ကောင်းကောင်းစားမယ်။ ကောင်းကောင်းနေမယ်။ မည်သူ့အပေါ်မှ ကာယကံ ၊ ၀ဇီကံ ၊ မနောကံ တို့ဖြင့် မကျူးလွန်မိအောင် နေထိုင်သွားမယ်။ ဘုရားတရားကို အချိန်ပေးပြီး လုပ်သွားမယ်လို့တော့ စဉ်းစားပါတယ်။

(၉) ဂုဏ်ယူချင်တာက…

ယခုဘ၀မှာ လူလာဖြစ်ရတာကို ဂုဏ်ယူချင်ပါတယ်။ ခံစားတတ်တဲ့ နှလုံးသားတစုံလည်း ရရှိခဲ့တယ် (အဲဒါကြောင့် ကဗျာတွေရေးနိုင်ခဲ့ရတာကိုး) ။ ပျော်ရွှင်မှုရသ အ၀၀ကိုလည်း ခံစားခဲ့ရတယ်။ ၀မ်းနည်း ကြေကွဲမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ လူဆိုတဲ့ အတန်းအစားရဲ့ ခံစားရမှု အစုံစုံကို ခံစားခဲ့ရလို့ပါပဲ ။

(၁၀) ရှာကြံဖြေသိမ့်မိတာက…

တော်သေးတာပေါ့ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကိုခံခဲ့ရလို့ (လူပျိုကြီးဖြစ်သွားမှာ တော်တော်ကြောက်နေတာ :P) ။ ကောင်မလေးက လက်ခံရင် ပျော်ရွှင်ရမယ့် မိသားစုလေးကို ဖန်ဆင်းဖို့ အချိန်ကျန်နေသေးလို့ (သိပ်တော့မကျန်တော့ဘူးနော် အဟီးဟီး ငိုချင်လာပြီနော် ) ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း...

ကျူးရင့်ချင်တာကတော့ ကဗျာလေးတပုဒ်နဲ့ပေါ့ (ကဗျာရူးဖြစ်နေလို့ပါ သီးခံကြပါနော်)

ကမ္ဘာ...ကမ္ဘာ...ကမ္ဘာ
သူ့ နှလုံးသားကို အမှီပြု
ငါတို့ပေါက်ဖွားခဲ့တယ် ။


သူ့ သယံဇာတကို တူးယူ
ငါတို့ တည်မြဲယူခဲ့တယ် ။


သူ့ ၀မ်းတွင်းကျွမ်းလောင် 

ပြိုပျက်အောင်လို့
ငါတို့ အပြစ်ဆောင်ခဲ့တယ် ။


သူ့ အရိပ်အောက်မှာနေ
သူ့ အခက်ဘယ်လိုချိုးချိုး
ငါတို့စေရာ သူခံခဲ့တယ် ။


သူကတော့ ခွင့်လွှတ်သီးခံ
စိတ်ရင်းမှန်နဲ့
ငါတို့ကောင်းကြောင်း
သွန်းလောင်းပေးခဲ့တယ် ။


ငါတို့ ကတော့ သူ့ကို
လျစ်လျူရှုလို့ အပြစ်တွေပြုခဲ့တယ် ။


ခုမှ သူ့ကို သတိရကြောင်း
စာတွေလောင်းလည်း
သူအကြောင်းက မကောင်းတော့ဘူး ။


သူငိုနေတယ်
ဝမ်းသာလို့လား ၀မ်းနည်းလို့လား
အဖြေရှာမရတဲ့ ဝေဒနာဘ၀နဲ့
သေချာတာက
သူခေါ်ဆောင်သွားတော့မယ် ။


ငါတို့ မလိုက်ချင်လည်း
လိုက်ပါရတော့မယ် ။


ငါတို့ကို ချစ်ခဲ့တဲ့ သူ့ကို
ငါတို့ ပြန်ချစ်ကြပါစို့ ။


အခုတော့
ငါတို့အားလုံး
ကမ္ဘာကြီးကို တောင်းဆုခြွေကြမယ် ။


“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ကြွေလွင့်မသွားခင် အထိလေ
  ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ငါတို့နဲ့အတူ ရှိပါစေ ”


(ကိုငှက်ရဲ့ သီချင်းကို ဖျက်လိုက်မိတာ အားလုံးကို တောင်းပန်ပါတယ်ဗျာ)
~~~~~~~~~
အားလုံးကို ခင်မင်လေးစားလျက်...
     ညရဲ့ကောင်းကင်




Tuesday, November 10, 2009

“အင်အား”



ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့  ကတိုးတက်
တချို့  ကစိတ်ပျက်ကြတယ် ...

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး...

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။

Sunday, November 8, 2009

☺ ငါ့ရဲ့ လမင်း ☺





ရှင်းသန့်တဲ့ ရင်ခွင်မှာ
အစဉ်ထွန်းလင်းနေတဲ့ လမင်း
ပြည့်ဖြိုးနေလိုက်တာက
လှရက်လိုက်တာ ... ။

မဟူရာညပေမယ့်
မတူတာတခုကတော့
နင်ဖြန့်ကျက်တဲ့ အလင်း
ငါ့ရင်ကိုခင်းထားတာက
လွမ်းမောလိုက်တာ ... ။

အရာရာ တိတ်ဆိတ်နေပေမယ့်
အလိုက်မသိတာက ... ငါ
ရှိုက်မိတဲ့လေထုနဲ့တောင်
ဝင်သက်ထွက်သက် မမျှသလိုနဲ့
သန်းခေါင်ယံညဉ့်အဆင်းမှာ
အသူရာတွေစစ်ခင်းသလို
အမူအရာတွေပစ်သွင်းရင်း
အငိုက်မိတဲ့ နှလုံးသားနဲ့
ငါ ... မောက်မားမိခဲ့တာပေါ့ ... ။

ဒါပေမယ့်လည်း
ရင်ထဲကလမင်းမို့
အပြစ်ကင်းတဲ့ မြှားတစင်းကို
နင့် ရင်တွင်းသို့
ချစ်ခြင်းစေတမန်နဲ့
ဖြစ်ခြင်းတွေ အစီရင်ခံလိုက်မယ်
နင့်ရဲ့  ...
နှလုံးသားကို
ငါ့ဆီ ...
တဖန် ပို့လွှတ်လှည့်ပါ ... ။

Friday, November 6, 2009

သခင်


တွယ်ငင်ရစ်သည့်
နှောင်ကြိုးမျှင်ဖြင့်
ပတ်ကာထားသည့်
သံယောဇဉ်မျိုး
ရင်၌ပျိုးသည်
သခင်သိပါလေစ ။

လွန်ခိုင်မြဲသည့်
စကားထွေနှင့်
ချိုမြိန်လှသည့်
အချစ်နွံမျိုး
ရင်၌ကျွံသည်
သခင်သိပါလေစ ။

သခင်စိတ်ဖောက်
ကောက်မှာစိုးလို့
စိုးကြောက်ရင်ထဲ
မ၀ံ့ရဲပဲ
ဆိတ်ဆိတ်ငြိမ်သက်
သခင့်တွက်ဆို
နေ့ရက်မတွက်
ပေးဆပ်ရက်သည်
သခင်သိပါလေစ ။

သခင့်ရိပ်နှင့်
ကျွန်ုပ်စိတ်ဒွန်တွဲ
လွန်ဆွဲမိတောင်
တရက်သော်မှ
မျက်တော်မရှ
အပါးတော်မြဲ
နေရဲချင်သည်
သခင်သိပါလေစ ။

သခင်မုန်းလို့
ရှုံးသွားရင်လည်း
လုံးမပါးပဲ
နှလုံးသားကို
အပြုံးများနဲ့
ပေးဆပ်ရဲသည်
လိုရာပြုဖို့
ထုဆစ်ပါတော့
အို ... သခင်ရယ် ... ။

Tuesday, November 3, 2009

ကြောက်တတ်လာတယ်


မင်းပြောခဲ့တဲ့ စကား
တလုံးတပါးမှတောင်
အမုန်းမပွားခဲ့ဖူးပါ...
မင်းစေလိုရာစေ
နေလိုရာနေခဲ့တယ်... ။

ကြာပဒုမ္မာလို
ရေတကာလယ်မှာ
တင့်တယ်ချင်ပေမယ့် ...
ဒီကောင့် ...
နှလုံးသားရင်မှာတော့
ပြေလည်အောင်
သောင်ထွန်းခဲ့ရတယ် .... ။

ပန်းပွင့်ကြွေတိုင်းလည်း
မကောက်ခဲ့ဖူးပါ ... ။
လေပြေစေတိုင်းလည်း
မရောက်ခဲ့ဖူးပါ ... ။

ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ... ။

ဆုံးရှုံးမှာစိုးလို့
နာစရာရှိတောင်
ရင်ခွင်တွင်းနက်မှာပဲ
ပျိုပျက်ခဲ့တယ် ... ။

ဒါနဲ့တောင် ...
ဟန်ဆောင်စကားတွေနဲ့
ဒီကောင့်နှလုံးသားကို
မိုင်ကုန်မောင်းခဲ့ရက်တယ် ... ။

ဒီလိုနဲ့လေ ...
နှလုံးသားကရလာတဲ့
အဆိုးရွားဆုံးရလဒ်ကတော့
ဒီကောင်လေ ...
ကြောက် ... ကြောက်တတ်လာတယ် ... ။

Sunday, November 1, 2009

မဆုံးမယ့် အတွေးများ


နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝ
ဘယ်ကာလရွေ့ပြီမသိ
ပန်းမန်တွေကတော့
သူ့ဖာသာ အလှဆင်တတ်သားပဲ...
ဝင်ခါနီးနေမင်းတောင်
တောက်ပမှုတွေနဲ့
နှုတ်ဆက်လုလုပါလား...

ပုံမှန်လှုပ်ရှားမှုနဲ့
ရှင်သန်လူသားထုတွေကတော့
ကမ္ဘာမြေလှပမှုကို
အသေအချာ သတိမပြုမိတာ ကြာလှပေါ့...

တခါတခါ
အလှအပသဘာဝကို
အကျအနခံစားချင်လို့ပေါ့...
စိမ်းလန်းမှု တောအုပ်ထဲက
တိတ်ဆိတ်တဲ့ ညနေတွေမှာ
တယောက်တည်းကြိတ်လို့
အသက်ရှုသံကို ကာရန်လုပ်
သံစဉ်တပုဒ်တော့
ဟန်လုပ်ချင်ခဲ့တာလေ...

တကယ်တော့လည်း
ဆုတ်ဖြဲခဲ့တဲ့ ပြက္ခဒိန်တွေရဲ့အောက်မှာ
ပိုင်ဆိုင်မှုနဲ့ထပ်တူ
လွတ်လပ်မှုတွေကျဆုံးခဲ့ရတယ်လေ...

ဒီလိုနဲ့ပဲ...
အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...

ဒဏ္ဍာရီ ဆန်လှတဲ့
ကြယ်စင်မောင်နှံကိုလည်း
ဖွေရှာမတွေးမိတာ တခါမကပြီ ...

ရင်မှာတွေးမိတဲ့
မဟာအတွေးတွေကိုလည်း
အသေအချာမရေးမိတာ
ဘယ်အချိန်ဘယ်ကာလဆီ ။

သြော်... ဒီနေ့ညဉ့်က ဘာလို့ဒီလောက်နက်ရတာလဲ.... ။

(မမိုးခါးဧ။် မဆုံးမယ့် အတွေးစုကို ကဗျာအဖြစ် ဖြစ်တည်သည်။)
ပုံ ။ ။ ခွင့်ပြုချက်ဖြင့်သာ ကျွန်တော့်ဧ။် ဘလော့ဂ်၌ တင်ပါဧ။်။

Saturday, October 31, 2009

တကယ်ဆို စိုရုံလေးပါ

မရည်ရွယ်ခဲ့ပါဘူး
စိုရုံလေးပက်ဖြန်းစေချင်ခဲ့တာပါ
ဒါပေမယ့် ...
ရင်ထဲမှာ ၀ုန်းဒိုင်းကြဲတော့
အပြင်မှာ မိုးသည်းမိတာပေါ့ ... ။

မရည်ရွယ်ခဲ့ပါဘူး
မင်းတို့ရင်ကိုအေးချမ်းဖို့
အကြိမ်ကြိမ်ဖြစ်တည်ပြီးမှ
ဖွင့်ချမိတာပါ
အညှိုးကြီးတယ်ဆိုပြီးတော့
လူဆိုးကြီးလို့ မထင်လိုက်ကြပါနဲ့ .... ။

တခါတခါ
ငါမလာခဲ့ရင် တောင့်တကြပြီး
ငါရွာတော့မှ မဖျောင်းဖျကြတာလဲ ... ။

ငါ့ကို ...
အပြစ်တွေတင်ပြီးတော့
ရက်စွဲတွေကို ဒဏ်မခတ်လိုက်ပါနဲ့ ... ။
ချစ်တယ်ထင်ပြီးတော့လည်း
သွန်းနိုင်မှုကို အတင်းမပြုပါနဲ့ ... ။

ထောင်သောင်းမကတဲ့ ငွေ့ရည်တွေ
စုဆောင်းလို့မှ ဖြစ်လာတဲ့ ဘဝ
ငါရွာချင်ရင် ရွာမယ်
ငါသာချင်ရင် သာမယ်
ဒါငါ့ရဲ့ ဖြစ်တည်မှု ... ။

တခါတလေ
ငွေ့ရည်လေးတွေ ဖြစ်တည်ဖို့ အတွက်
ငါတကိုယ်ကောင်းဆန်ရလိမ့်မယ် ... ။

ဒါပေမယ့်
စိုရုံလေးပက်ဖြန်းစေချင်ခဲ့တာပါ ... ။



Wednesday, October 28, 2009

စိတ်ကူးလေးတခု

ကောင်းကင်က ငှက်တွေက မြေပြင်မှာ ပျော်မြူးချင်ကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူနဘေးမှာ နေချင်လို့ဖြစ်မယ် ...

ပန်းလေးတွေက လှလှပပဖူးပွင့်ကြတယ် ...နောက်ပြီး အခူးခံကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ..
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကေသာမှာ ပန်စေချင်လို့ဖြစ်မယ် ...

လေပြေလေညှင်းလေးက ငြင်ငြင်သာသာတိုက်ခတ်ကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရင်ကို အေးမြစေချင်လို့ဖြစ်မယ် ...

စမ်းချောင်းလေးက သာယာစွာ စီးဆင်းတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူကို အသံသာလေးတွေနဲ့ သာယာစေချင်လို့ဖြစ်မယ် ...

ကြယ်လေးတွေက တခါတခါကြွေကြပေးကြတယ် ...
သူတို့လည်း ကျွန်တော်နဲ့တူလို့ ...
ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူ ဆုတောင်းလေးတွေပြည့်စေချင်လို့ဖြစ်မယ် ...

သူတို့လည်း ကျွန်တော်နဲ့ တူ ... လို့ ... တူ ... လို့ ။

ချစ်သူတွေငိုကြတယ် ... အဲဒါ ချစ်လို့ ။
ချစ်သူတွေရီကြတယ်... အဲဒါချစ်လို့ ။
ချစ်သူတွေပျော်ကြတယ် ... အဲဒါချစ်လို့ ။
အနမ်းလေးတွေ ပေးကြတယ် ... အဲဒါချစ်လို့ ။
လက်လေးတွေ တယုတယတွဲကြတယ် ... အဲဒါချစ်လို့ ။
သစ္စာကတိတွေ စောင့်ထိန်းကြတယ် ... အဲဒါချစ်လို့ ။
ပန်းခင်းလမ်းတွေကို အတူတူလျှောက်ကြတယ် ... အဲဒါချစ်လို့ ။
ဆူးခင်းလမ်းတွေကို ရဲဝံ့စွာဖြတ်ကျော်ကြတယ် ... အဲဒါချစ်လို့ ။
တစ်ယောက်ကိုတစ်ယောက် နားလည်ပေးကြတယ် ... အဲဒါချစ်လို့ ။
တစ်ယောက်စိတ်ဆိုးရင် တစ်ယောက်ချော့ကြတယ် ... အဲဒါချစ်လို့ ။
တစ်ယောက်ငိုရင် တစ်ယောက်ရင်နာရတယ်.....အဲဒါချစ်လို့ ။.
အဲဒီလောက်တောင် ချစ်ကြတယ့် ချစ်သူတွေ ပေါင်းဆုံကြပါတယ် ။
သူတို့လို ကျွန်တော်လည်း ပေါင်းဆုံစေချင်ပါတယ် ။

ကမ္ဘာကြီးကို နှစ်ယောက်တည်းနဲ့ပတ်လို့
ပျော်ရွှင်မှုတွေလွှမ်းခြုံပေးမယ့် အိမ်လေးရဲ့  ရင်ခွင်မှာ
တစ်ယောက်ရဲ့ ရင်ခုန်သံကို  တစ်ယောက်က ရှုစားလို့
ချိုမြိန်တဲ့ ညနေခင်းတွေကို အတူကျော်ဖြတ်လို့
အလွမ်းမပြေတဲ့ အလွမ်းတွေကို ပြန်ပြောင်းပြောလို့
လသာတဲ့ညတွေမှာ တီးတိုးကပ်လို့
ကောင်းကင်ကကြယ်တွေကို ရည်တွက်လို့ ...လို့ ... လို့......

သြော် ... စိတ်ကူးအိပ်မက်တွေ ဘယ်တော့များမှ ပြည့်ရမှာလဲ...
မနက်ဖြန်တိုင်းကို မျှော်လင့်ရတာ တခါတခါတော့
စိတ်ကူးပင်လယ်မှာ လှေငယ်လေးမျောပါနေသလိုပါပဲ...
တချိန်ချိန်တော့ ပင်လယ်အောက်ပဲ ငုပ်လျှိုးသွားမှာလား
မျောပါနေရင်းနဲ့ပဲ ပင်လယ်ကြီးငြိမ်သက်သွားမှာလား

တချိန်ချိန်တော့ ... တချိန်ချိန်တော့ ... တချိန်ချိန်တော့ ... တချိန်ချိန်တော့ ...

Sunday, October 25, 2009

ဆရာနီကိုရဲအတွက် အမှတ်တရ





ကျွန်တော်မရေးဘူး လုံးဝမရေးဘူးလို့ ဆုံးဖြတ်ထားတာ ခုတော့ ။ မနေ့ကပေါ့ ကျွန်တော့် ဘလော့ဂ်မှာ ဆရာမ မနော်ဟရီရဲ့ ပို့စ်အသစ်...“ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်” ဆိုတာကို တွေ့လိုက်တယ် ။ တွေ့တွေ့ချင်း စိတ်လှုပ်ရှားသွားတယ် ။ ဘယ်သူလဲဘယ်သူလဲပေါ့ ။ ဆရာနီကိုရဲ ကွယ်လွန်ခဲ့ပြီ ။ အရမ်းဝမ်းနည်းသွားတယ်။ စိတ်မကောင်းလည်း ဖြစ်သွားတယ် ။ အော်...ကျွန်တော်တို့လေးစားရတဲ့...ဆရာတစ်ယောက်ကြွေလွင့်သွားရ ပြန်ပြီလေ ။ ကောင်းကင်ကိုမော့ကြည့်လိုက်မိတယ် ။ အော်... ကြယ်တွေ ကြယ်တွေ ဘယ်နှစ်စင်းများ ထပ်ကြွေကြအုန်းမှာလဲ..(ဒီမှာတော့ ကြယ်မရှိတာများပါတယ်)။ ကျွန်တော် ကြယ်တွေကို သတိရရင်း “ကြယ်သေ” ဆိုတဲ့ ကဗျာကို ချရေးမိတယ် ။ ကျွန်တော် ကဗျာကို ကောင်းကောင်းမရေးတက်ပါ ။ အတတ်နိုင်ဆုံး ကြိုးစားပြီးရေးမိခြင်းပါ ။ ကဗျာကို အဆုံးသတ်လိုက်ချိန်မှာတော့ P.S မှာ ဆရာ့ကို ရည်ညွှန်းကြောင်း ရေးမလို့ပဲ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး ။ ကျွန်တော် ဆရာနဲ့ပတ်သတ်ပြီး အတိတ်ကို သတိရမိခဲ့လို့ပါ။

ကျွန်တော်တို့ G.T.C ကျောင်းသားဘ၀ကပေါ့ ။ နီကိုရဲကို စသိခဲ့တာ “ စိတ်အိုင်ပက်သူ” ဆိုတဲ့ ၀တ္ထု ၊ အဲဒီဝတ္ထုကို စဖတ်ကတည်းက စွဲသွားခဲ့တာ ။ ကျွန်တော့ဘေးက သူငယ်ချင်း တနေ့ အဲဒီစာအုပ်ကို ၀ယ်လာခဲ့တယ် ။ သူတောင်မဖတ်ရသေးဘူး ။ ငါခဏလေးကြည့်ပါရစေ ဆိုပြီးတောင်းကြည့်မိတယ် ။ ကြည့်ပြီးမှ အရမ်းဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့တယ် ။ နောက်နေ့...သူ့ဆီက စာအုပ်ကိုရဖို့ ကျွန်တော် အမျိုးမျိုး ဖားခဲ့ရတယ် ။ နောက်တနေ့ မနက်အစောကြီး ကျွန်တော်ကျောင်းကို ရောက်နေခဲ့တယ်။ စာအုပ်လုဖို့လေ ။ သူငယ်ချင်းက ကျွန်တော့်ကို ပေးဖတ်တယ်...ဒါပေမယ့် အိမ်ကိုမငှားဘူး ကျောင်းမှာပဲ အပြီးဖတ်ခိုင်းတယ်...။ ကျွန်တော်ပျော်သွားတယ်...။ ဒါတောင်တခြားသူတွေက ကျွန်တော်ပြီးရင်ဖတ်ဖို့ စောင့်နေကြတယ် ။ ကျွန်တော် စဖတ်လိုက်တာ ဘယ်သူ့ကိုမှလဲ သတိမထားမိဘူး ။ အချိန် ဘယ်လောက်တောင်ကုန်လို့ ကုန်မှန်းလည်းမသိဘူး ။ အတန်းပထမအချိန်စတော့ ကျွန်တော် တော်တော်လေးကို ဈာန်ဝင်နေပြီ ။ စာသင်လိုက် စာအုပ်ကိုပြန်ဖတ်လိုက်နဲ့ စာကိုလည်း စိတ်မ၀င်စားတော့ ။ လက်ကလည်း မှတ်ထားတဲ့နေရာလေး ပျောက်မှာစိုးလို့၊ သူများလာလုမှာလည်း စိုးသေးတယ် ။ နောက်တော့ ကျွန်တော်ဘယ်လိုမှ မနေနိုင်တော့ဘူး...။ ကျွန်တော်ထိုင်တဲ့ ခုံတန်းကနောက်ဆုံးဆိုတော့ အခွင့်အရေး ရသွားတယ်။ ခေါင်းကိုငုံပြီး စာအုပ်ကို သည်းကြီးမဲကြီး ဖတ်နေမိတယ် ။ စာသင်သံတွေလည်း ဂရုမစိုက်နိုင်တော့ဘူး ။ ရုတ်တရတ် တတန်းလုံး အသံက အပ်ကျသွားရလောက်အောင်ကို တိတ်သွားတယ် ။ ဘာဖြစ်လဲမသိဘူးပေါ့ ။ ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ် ။ ဒေါသတ၀င်းဝင်းထနေတဲ့ ဆရာမရဲ့မျက်နှာ ကျွန်တော့်ရှေ့မှာ ခါးကိုထောက်လို့ ။ စာအုပ်ကို အမြန်ဖွက်လိုက်မိတယ်.. မမှီတော့ဘူး...။ “နင့်လက်ထဲကစာအုပ်ပေးစမ်း” တဲ့ ကျွန်တော် မပေးချင် ပေးချင်နဲ့ ပေးလိုက်ရတယ်...။ ဘေးကသူငယ်ချင်းက မျက်နှာရှုံမဲ့နေပြီ ။ “နင့်အပြစ်နင်သိလား” “ဟုတ်ကဲ့သိပါတယ်”  “သိရင်အတန်းချိန် ပြီးတဲ့အထိမက်တပ်ရပ်နေ” ကျွန်တော်စိတ်တော်တော်ညစ်သွားတယ် ။ တတန်းလုံးရဲ့ အကြည့်တွေက ကျွန်တော်ဆီရောက်နေတယ် ။ ကျွန်တော် ဂရုစိုက်ပါဘူး ၊ ဂရုစိုက်မိတာက စာအုပ်လေ ဆရာမပြန်မပေးရင် ဒုက္ခ ၊ ကျွန်တော်အရှိန်ကောင်းနေမှဗျာ။ ကျွန်တော့်အကြည့်က ဆရာမဆွဲခြင်းတောင်းထဲက စာအုပ်ဆီပဲ ရောက်ရောက်နေတယ် ။ ဘေးကသူငယ်ချင်းက ကျွန်တော့်ကို ငိုမဲ့မဲ့မျက်နှာနဲ့ ကြည့်နေပြီ ။ အတန်းချိန်ပြီးအောင် မနည်း သီးခံပြီးစောင့်နေရတယ် ။ စိတ်ကမရှည်ချင်တော့ ။ အဲဒီနေ့မှ ဆရာမကလည်း အတန်းချိန် ကျော်အောင်သင်နေတယ် ။ ကျွန်တော့်ကို အရွဲ့တိုက်တာလား မသိဘူး ။ အတန်းချိန် ပြီးသွားပြီ... ကျွန်တော်စိတ်ကိုတင်းလိုက်တယ် ။ ဆရာမနားကပ်သွားတယ် ။ “ဆရာမ ကျွန်တော့်ရဲ့ စာအုပ်လေး ပြန်ယူလို့ရမလား” “ ဘာ.............. မပေးဘူး...အေးလိုချင်ရင် ကျောင်းလွှတ်မှလာယူ” ကျွန်တော် ငိုချင်စိတ် ပေါက်သွားတယ် ။ ဘာမှ မတက်နိုင်တော့ ကျွန်တော့်အမှားကို... ။ သူငယ်ချင်းကို တောင်းပန်ရတယ် ။
“ ငါပြန်ရအောင်ယူပေးပါမယ်ကွာ .. ဘာမှစိတ်မပူနဲ့” လို့လည်းပြောရတယ် ။ အဲဒီနေ့က ကျွန်တော့်အတွက် အဓိပ္ပါယ်မရှိတဲ့နေ့ပေါ့...။ ဖတ်ပြီးသမျှတွေကို ပြန်တွေးမိပြီး ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး ။ ကျောင်းမလွှတ်ခင်ကတည်းက ကျွန်တော် ဆရာများနားနေခန်းကို ရောက်နေပြီ ။ ဆရာမက လှမ်းခေါ်တယ် စာအုပ်ရပြီပေါ့ ။ ဆရာမက အသံကချိုချိုသာသာနဲ့ “သားစာအုပ်ကို မနက်ဖြန်မှယူတော့” ၊ ကျွန်တော် “ ဗျာ ” လို့ ထအော်လိုက်မိတယ် ။ “အေး...မင်းစာအုပ်က ကောင်းလို့ စွဲသွားပြီ ဆရာမဖတ်ချင်လို့ အိမ်ကိုယူသွားမယ် ..မနက်ဖြန်မှပြန်ယူ ..ဒါပဲ” တဲ့ ။ ကျွန်တော့်နားနေခန်းထဲက အလိုမကျချင်းများစွာနဲ့ ထွက်လာမိတယ် ။ သူငယ်ချင်းကတော့ ပြောလိုက်တာ မိုးမွှန်နေတာပဲ ။ ကျွန်တော်အရမ်းကြိုက်မိတဲ့ စာအုပ်ကိုမှ ဘာလို့ အေးအေးဆေးဆေး ဖတ်ခွင့်မရခဲ့တာလဲ ။ မတတ်နိုင်ဘူးလေ နောက်နေ့ပေါ့ ။ ဒီလိုနဲ့ နောက်နေ့မှာ ဆရာမဆီက စာအုပ်ပြန်ရခဲ့တယ် ။ အဲဒီနေ့က ကျွန်တော် အတန်းမတက်တော့ဘူး...၊ ကျောင်းပန်းခြံထဲမှာ တစ်ယောက်တည်း စာအုပ်ဆုံးတဲ့အထိ ဖတ်ဖြစ်လိုက်တယ် ။ ကျွန်တော်အရမ်းကျေနပ်သွားတယ် ။ အရမ်းကောင်းတဲ့ ၀တ္ထု ၊ လူငယ်တွေရဲ့စိတ်ကို စွဲသွားစေခဲ့တယ် ။ အခက်အခဲတွေကြားထဲက ဖတ်ခဲ့ရတာကို မမေ့နိုင်ခဲ့ဘူး ။ အဲဒီကတည်းက ကျွန်တော့်ဘ၀မှာ ဆရာနီကိုရဲ ကအမှတ်တရဖြစ်စေခဲ့တယ် ။ နောက်ပိုင်းအဲဒီစာအုပ်ကို Title အသစ်နဲ့ ရုပ်ရှင်ပြန်ရိုက်တာ သိလိုက်ရတယ် ။ ကြည့်ချင်ပေမယ့် မကြည့်ဖြစ်ခဲ့ဘူး ။
မနေ့ညကဆရာအတွက် ကြယ်နေရာက ခံစားရင်း ကဗျာရေးမိတော့မှ အတိတ်ကို အမှတ်ရစေခဲ့တယ် ။
ဆရာက..
ကလောင်သွားထက်ထက်နဲ့ စာတွေသီကုံးခဲ့တယ် ။
ဘ၀ကို စာအလှတွေနဲ့ ဝေမျှခဲ့တယ် ။
ခုတော့ ... အကြွေစောခဲ့ပြီ ။
ဆရာကောင်းရာမွန်ရာဘ၀သို့ ရောက်ပါစေ လို့အစဉ် ဆန္ဒပြုလျက်...

အိုင်ဒီယာမဂ္ဂဇင်း လ (၁၀၀) ပြည့်မှာ နောက်ဆုံးပါသွားတဲ့ ဆရာ့ဝတ္ထုတိုလေးကို ဖတ်ကြည့်စေချင်၍ ဆရာမ မနော်ဟရီရဲ့ လင့်လေးကို ထည့်ပေးလိုက်ပါတယ်။

ကျွန်တော် . . . . . . . . နှင့် ဘတ်တာဖလိုင်းဆရာမ

(ဆရာနီကိုရဲအတွက် အမှတ်တရအဖြစ် နောက်ပြီး ကျွန်တော့ဘ၀ထဲကို ဆွဲသွင်းပေးခဲ့တဲ့ သူငယ်ချင်း၊ ကျွန်တော့်ကို အမှတ်တရဖြစ်အောင်လုပ်ပေးခဲ့တဲ့ ဆရာမ အားလုံးကို သတိရလျက် ဒီပို့စ်လေးကို ရေးလိုက်ရပါတယ် )
စာပေအနုပညာကို အစဉ်လေးစားလျက်... 










Saturday, October 24, 2009

ကြယ်သေ ***




နက္ခတ်စုံစီ   အရီရီနှင့်
ရှစ်ခွင်ပတ်လုံး   မိုးသားလုံးတို့
မခို့တစိတ်   ပြုံးရိပ်သန်းရောင်
လရောင်ကွေးကွေး   သူ့နဘေး၌
ဝပ်ဆင်းခယ   ယှဉ်တွဲကြတဲ့
သန်းခေါင်ယံည   စစ်ခင်းပွဲမှာ ...

ကြယ်ဓူဝံက   အထီးတည်းနှင့်
တည်ရှိမှုကို   ကိုယ်စားပြုဧ။် ။

ကြယ်စင်ညီနောင်    ခုနစ်ကောင်က
သန်းခေါင်လှနှင့်   ဖင်ထောင်ကလို့
အရောင်မယွင်း   စုစည်းခြင်းဖြင့်
ကကြိုးရင်းကို   တမျိုးခင်းဧ။် ။

ကြယ်စင်အလှ   အိုရီယွမ်က  
ချစ်သင်္ကေတ   သစ္စာလှကို
သဘာဝနှင့်   ယှဉ်တွဲပြဧ။် ။

ကြယ်စင်အားလုံး   အစုရုံးနှင့်
သူတို့စွမ်းစ   ပင်ကိုလှကို
မရမက   ထုတ်ပြကြဧ။် ။

အဝေးတနေ   ကြယ်စင်သေက
ကပြရမယ့်   စစ်ခင်းပွဲမှာ
သူ့ထက်စွမ်းကား   သာလွန်ချည်းမို့
တခြမ်းပဲ့တဲ့   သူ့သက်တမ်းကို
ဘယ်လိုစခန်း   သွားရအံ့ဟု
ကြွေရပင်လျှင်   မြတ်လှချေဧ။်
လူတို့တောင်းဆု   ပြည့်နိုင်မှုကြောင့်
အားမှမတန်   မာန်ကိုအလျော့
ကမ္ဘာမြေတွင်း   သွတ်သွင်းလိုက်မယ်
နောက်ဆုံးအလှ   ငါ့ဘ၀ကို
ကြယ်စင်အားလုံး   ခံစားရင်းဖြင့်   သံဝေဂယူကြလော့ ။ ...

(Orion = မောင်ရင်ဆိုင်းထမ်းကြယ်)
(ဘာရယ်မဟုတ်ပါဘူး ကောင်းကင်ကိုကြည့်ရင်းနဲ့ ကြယ်တစင်းကြွေကျတာကို သတိရမိလို့ပါ)

Friday, October 23, 2009

သတိရပါ

သံစဉ်ပျက်နေတဲ့ ဂစ်တာတလက်
ကာရန်ညှိမယ့် ကြိုးတွေနဲ့
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့ ။

အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားအောင် ရန်ထောင်နေကြတယ် ။

ဘ၀ဆိုတာ မလှပတာလူတိုင်းသိတယ်
ရတာမရတာတော့ အပထား
လက်တကမ်းက ပန်းအလှကို
တမ်းတချင်ကြတာပဲ ။

ဘာကြောင့်လဲ
နားရည်ဝမယ့် စာသားအလှတွေနဲ့
ပါးစပ်ဖျားက သေမလောက်ပြောလဲ
ကြွေမသွားလောက်ပါလား ။

စဉ်းစားကြည့်ပါ
ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ
မရေရာပေမယ့် သေချာတာက
ဒဏ်ရာဆူးနက် တချက်ထိရင်
ဘယ်လောက်ခံရခက်မလဲ ။

သွားချင်ရင်သွားပါ
မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘဝ
ပျိုးခဲ့တဲ့ပန်း လန်းခဲ့ရတယ်ဆို
ပန်းပျိုးလက်တဖက်နဲ့တောင်
အသက်ဆက်နိုင်ပါသေးတယ် ။

ဒါပေမယ့်
သစ္စာတွေအပ်
မေတ္တာတွေ အထပ်ထပ်ခင်းခဲ့တဲ့
ပန်းပျိုးရက် ဘ၀တစ်သက်ကို
အမုန်းမိုးစက်တွေနဲ့တော့
ရင်ဝတဖက်တချက်ကို
သေရခက်အောင် မစူးစိုက်ခဲ့ပါနဲ့
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာပျိုရယ် ။

Wednesday, October 21, 2009

သွေးလှူဒါန်းမိသည့်အခါဝယ်


လောကတွင် ကိုယ်ခန္ဓာမှ တခုခုကို ထုတ်ယူလှူဒါန်းခြင်းသည် မွန်မြန်သောအလှူဟု ဆိုကြပါသည်။ ထိုအထဲတွင်မှ သွေးလှူဒါန်းခြင်းကား မိမိဧ။်သွေးဖြင့် မည်သူမည်ဝါမှန်းမသိသော လူအသက်ပေါင်းများစွာကို အသက်ဆက်စေနိုင်သည့် အတွက် သွေးလှူဒါန်းခြင်းသည်ကားလည်း မွန်မြတ်လှသောအလှူဖြစ်ပါသည်။
ဒီနေ့ ကျွန်တော်လှူဒါန်းခဲ့သော အလှူကိုသာဓုခေါ်စေနိုင်ရန်နှင့် စင်ကာပူတွင် ရောက်နေကြသော မောင်နှမတို့အား သွေးလှူဒါန်းခြင်းအမှုကို ပြုနိုင်ရန် ယခုပို့စ်လေးကို နှိုးဆော်ရေးသားလိုက်ရပါသည်။

တကယ်ဆိုရင် ကျွန်တော်စင်ကာပူရောက်ပြီး သွေးလှူတာ ယခုအကြိမ်နှင့်ဆို ၂ ကြိမ်ရှိခဲ့ပါပြီ။ အရင်ရက် တွေကတည်းက နောက်တစ်ကြိမ်သွေးလှူလို့ရနေပါပြီ။ သူငယ်ချင်းတွေမအား၍တကြောင်း၊ သူတို့အားတဲ့ စနေ၊ တနင်္ဂနွေက ကျွန်တော်မအား၍ တကြောင်း မသွားဖြစ်ခဲ့ခြင်းပါ။ ဒီနေ့တော့  ရောက်အောင်သွားမယ်ဆိုပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့လိုက်တယ်။ ကျွန်တော် HSA (Health Sciences Authority) ရှိရာ Outram Park MRT ကိုရောက်တော့ နေ့လယ်ဖြစ်နေပြီ။ တစ်ယောက်တည်းလမ်းလျှောက်လာရင်း Blood Bank ထဲကို ၀င်လိုက်တာနဲ့ ကျောင်းသားကျောင်းသူလေးတစ်ဖွဲ့ ကိုတွေ့လိုက်ရတယ်။ သူတို့အားလုံးပျော်နေကြတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ သူတို့ပထမ အကြိမ်လှူဒါန်းခြင်းဆိုတာ လက်မောင်းက First Time ဆိုတဲ့ စတစ်ကာလေးတွေကနေ သိလိုက်ရတယ်။ ရင်ထဲမှ သာဓုခေါ်လိုက်မိပါတယ်။ ပထမဆုံး ကောင်တာမှာ ဖောင်ယူပြီး သူတို့မေးထားတဲ့မေးခွန်းလေးတွေကိုဖြေရတယ်။ နောက်ပြီးစစ်ဆေးတဲ့ဆရာဝန်က မြန်မာဖြစ်နေတော့ ပိုပြီးအဆင်ပြေသွားတယ်။ မသိနားမလည်တဲ့ မေးခွန်းတွေကို မေးခွင့်ရလိုက်တယ်။
စစ်ဆေးပြီးတဲ့ အခါမှာ နောက်ကောင်တာတခုမှာ သွေးစစ်ရတယ်။ နောက်ဆုံး သွေးလှူဒါန်းမယ့် အခန်းထဲကို ကျွန်တော်ဝင်လာခဲ့တယ်။ ပစ္စည်းတွေက အားလုံးတခါသုံးတွေပါပဲ။ လက်အိတ်ကအစ တခါသုံးရာဘာလက်အိတ်တွေနဲ့ သန့်ရှင်းမှုတော့ တော်တော်ရှိပါတယ်။ ထူးထူးဆန်းဆန်းအံ့သြစရာ ကြုံရသေးတယ်ဗျ။ ကျွန်တော့်ကို သွေးထုတ်ပြီး ၄ မိနစ်ပဲရှိသေးတယ် တစ်ပုလင်းပြည့်သွားတယ်။ ထုတ်ပေးတဲ့နပ်စ်ကအံ့သြနေတယ်။ ခင်ဗျားသွေးအား တော်တော်ကောင်းတာပဲလို့တောင် ပြောသွားသေးတယ်။ သွေးလှူဒါန်းပြီးတဲ့ နောက်မှာတော့ ဆေးရုံကနေ မိုင်လိုတခွက်နဲ့ မုန့်တခု၊ ပဲဟင်းချို တခွက်ကို တိုက်ပါတယ်။ သွေးအားအမြန့်ပြန်ပြည့်စေမယ့် ဆေးတွေလည်းပေးလိုက်ပါတယ်။ နောက်ဆုံး ကျွန်တော်ဆေးရုံကနေ ပြန်လာတော့ ဆေးရုံဝင်ပေါက်ဝကို ပြန်လှည့်ကြည့်ရင်း အတွေးဝင်လာခဲ့တယ်။
အဲဒါတွေကတော့
(၁) သွေးလှူဒါန်းခြင်းကား မွန်မြတ်သောအလှူဖြစ်ခြင်း။
(၂) မိမိကသွေးကိုထုတ်လိုက်သည့်အတွက် သွေးအသစ်ကိုပြန်ရပြီး Blood Circulation ကိုပိုကောင်းစေခြင်း။
(၃) သွေးလှူဒါန်းရမည့် အတွက် ကျန်းမာရေးကို ပိုဂရုစိုက်မိခြင်း။
(၄) မိမိဧ။်သန့်သောသွေးကိုသာ လှူဒါန်းချင်သည့်အတွက် အပျော်အပါးလိုက်စားဖို့ရန်ပင် ၀န်လေးလာခြင်း။
(၅) မိမိဧ။်ကျန်းမာရေးနှင့် မိမိဧ။်ဘ၀ကို ယုံကြည်စိတ်ချမှုရှိလာခြင်း။
စသည့် အခြားခြားသော ကောင်းကျိုးတွေကို ရရှိနိုင်ပါလားလို့။
ထို့ကြောင့် စင်ကာပူတွင်ရောက်နေကြသော မောင်နှမများအား သွေးလှူဒါန်းချင်ပါက လှူဒါန်းနိုင်စေရန် ဒီပို့စ်လေးဖြင့် နှိုးဆော်လိုက်ရပါသည်။

သွေးလှူဒါန်းရမယ့် လိမ်စာက

Bloodbank@HSA
Blood Services Group
Health Sciences Authority
11 Outram Road,near by Outram Park MRT
Singapore 169078
Tel: 6213 0626 / 6223 5640 Fax: 6222 0085

လှူဒါန်းနိုင်တဲ့ အချိန်တွေကတော့
အင်္ဂါ - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ဗုဒ္ဓဟူး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ကြာသာပတေး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
သောကြာ - မနက် ၉ နာရီမှ ည ၈ နာရီထိ
စနေ - မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ
တနင်္ဂနွေ - မနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ



(အားလုံးပဲ ကုသိုလ်ဖြစ်ရာဖြစ်ကြောင်း လက်ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်းပါရစေ)


ဝမ်းနည်းမှုတမ်းချင်း

နေညိုချိန် အပြန်လမ်းမှာ
အလွမ်းတွေကို ထွေးပွေ့ပြီး
ပြန်ရလိမ့်မယ်လို့ မထင်ခဲ့တော့
အိပ်တန်းပြန်ငှက်တွေရဲ့
လှောင်ပြောင်မှုကို ခံခဲ့ရတယ်...

ဝမ်းနည်းစွာ နာကျင်နေတဲ့
ရင်ဘတ်ထဲက မျက်ရည်တစက်
ကတ္တရာလမ်းထက် အကျဝယ်
ခြေလှမ်းတွေနဲ့ နင်းချေမှုအောက်မှာ
ပျောက်ခဲ့ရပေမယ့်
အိုင်သွန်းခဲ့တဲ့ မျက်ရည်စက်တွေ
ရင်ထဲမှာ ပြည့်လျှံလို့နေတာ
ဘယ်သူခံစား သိနိုင်မှာလဲ...

မင်းနဲ့တို့နဲ့ ကွာခြားမှုများစွာကို
ဖြည့်ဆည်းနားလည်ပေးဖို့
ဆုံးဖြတ်ထားခဲ့ပေမယ့်
တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ
ကြွေနွမ်းသွားတဲ့ ပွင့်ဖတ်တွေလို
နှလုံးသားဟာ အသက်ငင်ဖို့တောင်
အချိန်မမှီခဲ့ပါဘူး...

တကယ်တော့
မင်းကိုချုပ်ချယ်ခဲ့တာ
မဟုတ်ရပါဘူး
မင်းဘက်ကကြည့်ရင်
ပိတ်ပင်မှုလို့ ထင်နိုင်ပေမယ့်
ငါ့ဘက်ကကြည့်ရင်
ယုယဂရုစိုက်မှုလို့
ထင်ယောင်မိခဲ့လို့
သဘာဝတရားက
အပြစ်ပေးလိုက်တာလား...

နောက်ဆိုရင်
မင်းစိတ်အနှောင့်အယှက်ဖြစ်မယ့်
စကားမျိုးကို မပြောရဲတော့ပါဘူး
ရင်ထဲမှာပဲ ကြိတ်မှိတ်လို့
နှလုံးသားတွေ ပေါက်ကွဲလွင့်ထွက်ပါစေ
ပူလောင်ကြေကွဲပါစေ
ထာဝရခံယူဖို့ အသင့်ပါပဲ...

အခုတော့ကွာ
ဝမ်းနည်းကြေကွဲနေတဲ့
မျက်ရည်တွေကို
ကဗျာစာသားဖြင့်သုတ်လို့
နာကျင်စွာ ရေးထွင်းခဲ့တဲ့
ညတစ်ညတော့
တရေးနိုးပေါင်းများစွာဖြင့်
မိုးလင်းခဲ့ပြီလေ...


(ကဗျာအသစ်တွေထပ်မရေးနိုင်သေးတာနဲ့ လွန်ခဲ့တဲ့ ကာလတွေက မတင်လိုက်ရတဲ့ ကဗျာလေးကိုပဲ တင်မိလိုက်တယ်)

Wednesday, October 14, 2009

လှရက်လွန်းလို့

ပန်းဆီရောင်နှုတ်ခမ်းဖျားက
ထွက်ကျလာတဲ့စကား
ရူးသွားလောက်အောင်ပင်
ချိုသာလွန်းပါဧ။်၊
ကြည်ပြာရောင်မျက်ဝန်းများက
ဖွင့်အလာတဲ့အကြည့်
ပြောမပြတတ်အောင်ပင်
ရင်ဖိုလွန်းပါဧ။်၊
မင်ရဲ့အကြည့်တချက်နဲ့
ဆံနွယ်တချက်အသပ်မှာ
ရင်ကိုတဖျက်ဖျက်ခတ်စေတော့
မာန်တင်းထားတဲ့လေးကြိုးတောင်
ညွှတ်ဆင်းရရှာပြီပေါ့လေ...

Sunday, October 4, 2009

ပျံသန်းဖို့အတွေး

လေထုရှိုက်သံအကြားက
အလွမ်းချင်းခတ်သံကို
နှလုံးသားနဲ့ အပ်နိုင်ဖို့
အသေအချာပြင်ပြီးကာမှ...
အခြေမခိုင်ခဲ့တဲ့ဘဝ
အနေယိုင်ခဲ့ရတာကြောင့်
ချစ်သူ့ဆီပျံသန်းဖို့
ဖွင့်ထားခဲ့တဲ့အတောင်
ခရီးမစခင်မှာတင်
အရာရာပျက်သုန်းခဲ့ရပြီ...

ဒီလိုနဲ့...
ကမ္ဘာမြေတစ်ဘက်ခြားက
မဟာသက်ထားချစ်သူကို
စာလွှာပေစကားတွေနဲ့ပဲ
ဘယ်အခါဘယ်ကာလထိ
ကျေနပ်နှစ်သိပ့်နေရတော့မှာလဲ...

တွေ့ချင်လှပါပြီ။
မြင်ချင်လှပါပြီ။
လွမ်းနေရပါပြီ။

တကြိမ်တခါမက
မျှော်လင့်ခဲ့တဲ့ အပြန်လမ်းမှာ
ရော်လွင့်ခဲ့ရတဲ့ ကံကြမ္မာကြောင့်
ပျံသန်းဖို့ခရီးစဉ်
စိတ်ကူးယဉ်မနက်ဖြန်များစွာကို
အလွမ်းတွေတပွေ့တပိုက်
စိက်ကူးတွေအထပ်ထပ်နဲ့
အားမာန်ပြည့်စွာ ပျံသန်းနိုင်မယ့်
နေ့တရက်ကို သိမ်းပိုက်ရပါစေတော့...

Saturday, October 3, 2009

ဖြစ်ချင်ခဲ့သော သီတင်းကျွတ်လပြည့်နေ့





ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ပေါ့။ အားလုံးပျော်နေကြမှာပါပဲ။ ချစ်သူနဲ့ အဝေးမှာရောက်နေတဲ့ ကျွန်တော်ကတော့ မပျော်နိုင်ခဲ့ပါဘူး။ သူ့ကိုပဲလွမ်းဆွတ်နေမိတယ်။ ဒီလိုအချိန်မှာ ချစ်သူနဲ့အတူတူ မီးပန်းတွေလွှတ်ပြီး အတူတူရှိနေချင်လိုက်တာ။ ကျွန်တော်တွေးနေမိတာက နောင်သီတင်းကျွတ် လပြည့်နေ့ကိုရောက်တိုင်း စီစဉ်ထားတာလေးတခုရှိတယ်။ အဲဒါက ပထမ ရွှေတိဂုံဘုရားမှာ ဆုတောင်းကြမယ်။ နောက်ပြီး ရုပ်ရှင်အတူတူ သွားကြည့်ကြမယ်။ အတူတူ နေ့လည်စာစားကြမယ်။ တနေရာရာမှာထိုင်ပြီး ချစ်လို့မ၀တဲ့အကြောင်း တွေပြောကြမယ်။ မိုးချုပ်ထိတိုင်နေပြီး မီးပန်းတွေလွှတ်ကြမယ်။ ဖုယောင်းတိုင်တွေ ထွန်းကြမယ်ပေါ့လေ။ စိတ်ကူးထဲမှာတော့ အရမ်းကိုပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့နေ့ရက်လေးပါပဲ။
ဒါတွေကို ချစ်သူကိုပြောပြဖို့ ကျွန်တော် Online မှာစောင့်နေခဲ့မိတယ်။ တွေ့တဲ့အချိန်မှာတော့ ကျွန်တော်ပြောပြဖို့ကိုတောင် စွန့်အသွားခဲ့ရတယ်။ သူက သေဆုံးသွားခဲ့ရတဲ့ သူ့အရင်ချစ်သူကောင်လေးကို သတိရနေတယ်တဲ့။ ဒီလိုအချိန်တွေမှာ သူတို့အတွက် အမှတ်ရစရာတွေရှိခဲ့မှာပဲလေ။ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရင်ထဲမသိစိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုကော ဘယ်သူသိနိုင်မှာလဲ။ အတန်တန်ထိန်းထားပေမယ့် မျက်ဝန်းမှာ မျက်ရည်တွေ စိုစွတ်ခဲ့ရတယ်။ဘာကြောင့်မှန်းတော့မသိဘူး။ ရင်ထဲမှာလည်း စိတ်မကောင်း ဖြစ်သွားခဲ့ရတယ်။ သူဒီလိုခံစားနေရတာ ကျွန်တော်မမြင်ချင်ဘူး။ သူ့အတွက် ပိုပြီးပြီးပြည့်စုံတဲ့ ဘ၀တခုကို ကျွန်တော်ဖန်တီးပေးချင်တာပါ။ အများကြီးလည်း ရည်ရွယ်ထားပါတယ်။ ဝေးနေရတဲ့ အချိန်မှာတော့ ကျွန်တော်ဘာလုပ်ပေးနိုင်မှာလဲ။ စကားတွေနဲ့ အားပေးလည်း ကျွန်တော်မှ သူနံဘေးမှာ မရှိနိုင်သေးတာလေ။ ဘာပဲဖြစ်ဖြစ်ခုအချိန်မှာ မပြောခဲ့ရသေးပေမယ့် နောင်နှစ်တိုင်းနှစ်တိုင်း ကျွန်တော်ရဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ချင်ပါတယ်။ ဖြစ်နိုင်ခဲ့ရင် အချိန်တိုင်းသူ့နဘေးမှ နေပေးချင်တယ်။ ခုအချိန်မှာတော့ လွမ်းနေရတယ်၊ စိုးရိမ်နေရတယ် ဆိုတာသူကောသိပါလေစ။ ကျွန်တော့်မှာလည်း အတိတ်ဆိုတာရှိခဲ့ဘူးပါတယ်။ လူဆိုတာ အတိတ်ကို မေ့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပစ္စုန်ပ္ပန်မှာတော့ အတိတ်ကအရာတွေကို မလွှမ်းမိုးစေချင်ပါဘူး။ အတိတ်ကြောင့်သာ ပစ္စုန်ပ္ပန်မှာ ကောင်းကောင်းမဖန်တီးနိုင်ခဲ့ရင် အနာဂတ်မှာ ကောင်းလာဖို့ဆိုတာ ရာခိုင်နှုန်းနဲပါတယ်။ ခုလိုသီတင်းကျွတ်လပြည့်နေ့မှာ ချစ်သူတိုင်း ချစ်သူတိုင်း ပျော်ရွှင်စွာနဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ ကိုယ့်ဘေးမှာရှိတဲ့ ချစ်သူကိုတန်ဖိုးထားကြပါ။ ကြင်နာကြပါ။ နားလည်ကြပါစေလို့။
ကျွန်တော်ကတော့ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို စောင့်စားမျှော်လင့်ရင်း၊ ချစ်သူနဲ့ဆုံဆည်းရမယ့်ရက်ကို လက်ချိုးရေတွက် နေမိပါတော့တယ်။