Wednesday, January 27, 2010

“နှင်းဝေလဲ့သီ ဆောင်းညယံဆီက”














ခရမ်းပြာရောင် ကြယ်စင်ကြွေကျ
လေဟာပြင်မှာတင် ခတဲ့
ရှတတ ရင်ခွင်တညရဲ့
ဒိုင်ယာရီ ပတ်ပျိုးမှာ
ညနှင်းဖြူ ရဲ့ ချမ်းအေးမှုကြောင့်
ရင်တွင်းအပူကို မီးထတောက်ခဲ့ရတယ် ...

လောကပါလ တရားတွေ
အိပ်စက်ချိန်ပေမယ့်
ငါ့ရင်မြို့ရိုးမှာတော့
အိပ်မက်တွေက
နှင်းတဖြောက်ဖြောက်နဲ့
ချောင်းရိုးပေါက်မလောက်ပါပဲ ...

မှုံ ပြာ မှိုင်း ရီ နေတဲ့ မျက်ဝန်းအစုံနဲ့
တုန် ခါ လှိုင်း စီ နေတဲ့ နှုတ်ခမ်းတံခါးဝမှ
မဖွတဖွ နမ်းရှိုက်မိလိုက်တဲ့ ကုမုဒြာ
လရောင်မဆမ်းပေမယ့်
သစ္စာတခြမ်းနဲ့တင်
ပွင့်လိုက်ပါတော့လားကွာ ...

ခုတော့ ...
ကျိုး ပဲ့ ကြေ မွ ပျက်ယွင်းလာတဲ့
မနောအာရုံ တိမ်မိုက်တွေက
အသူရာကမ်းပါးက တော်ဝင်ပန်းလို
မွှေး ဖြူ သန့် ရှင်း ပေမယ့်
ခူး ယူ ဖန် ဆင်း မယ့်သူကမရှိတော့
မဟူရာ ဆောင်းညတွေမှာ
နှင်းအိုငိုသံ တရားဓမ္မတွေနဲ့ပေါ့ ...

တကယ်ဆို
သက်မဲ့ညရဲ့ ၀ိဥာဉ်တစုံက
ဆဌမအာရုံကို အံတုလို့
ဆောင်းလွင်ပြင်မှာ ကြွေကြရတဲ့
ဒဏ္ဍာရီ ပုံပြင် တပုဒ်ထက်တောင်
ခေါက်ရိုးကျိုးခဲ့လေပြီလား ...

ဘာပဲပြောပြော
သန်းခေါင်ယံညရဲ့
ငှက်ဆိုးထိုးသံက
ငိုရှိုက်သံ ခါးခါး ထက်တော့
သံစဉ် ချိုပါသေးတယ် ...

ဒီလိုနဲ့ပဲ
ချမ်းအေးမြမြ ဆောင်းညတွေမှာ
အဖော်မဲ့သူ သင်းကွဲတစ်ကောင်အတွက်
ညှင်းတိုးပါးလျှတဲ့ ဆုတောင်းသံက
ဆောင်းနှင်းကမ္ဗလ္လာမြေမှာ
အခါခါကြွင်းနေခဲ့ရတယ် ...

ဒီလို မသာယာလှတဲ့
ဆောင်းညလေပွေ တခင်းမှာ
မပွင့်တပွင့် နှလုံးသားကမှ
ချစ်ဖူးသူ နတ်သမီးပျိုကို
ဗျတ္တလို ပန်းဆက်ချင်နေတော့
ကဗျာပန်းခင်းထဲမှာပဲ
ဇာတ်လမ်းတွေ အခါခါ ထပ်လို့ပေါ့ ...

  ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

Sunday, January 24, 2010

“မော်ကွန်းဝင်မယ့်သူ”




နှလုံးသားနှစ်ခုကြား
မဆုံနိုင်တဲ့ အမှတ်နှစ်ခုက
မျဉ်းပြိုင်သီအိုရီတွေနဲ့
ဘ၀တွေကို ခြားစေခဲ့ပြီလား ...။

ပြန်မလာနိုင်တဲ့ လမ်းတွေမှာ
ဖန်တရာမက အိပ်မက်တွေနဲ့
ကြံရာမရ စောင့်မျှော်နေလည်း
အိုမင်းရင့်ရော်ခြင်းတွေသာ
တစစတိုးလို့ ရိုးသွားခဲ့မယ်
ဆိုးရွားတဲ့ ကံကြမ္မာက
  ဟားတိုက်နေမလားပဲ ...။

တကယ်ဆို
ချစ်ခဲ့တာမှားတာလား
မှားပြီးချစ်ခဲ့တာလား
ဝေခွဲမရမှုက ကြေကွဲမှုတစတစကို
အစအန လာလာကောက်တယ် ...။

ဖျောက်ဖျက်မရမှတော့
နှလုံးသားစာမျက်နှာမှာ
အမှတ်စဉ်ရက်တွေနဲ့
သက်သေထွက်ပြီး သိမ်းထားရုံပဲပေါ့ ...။

အထီးကျန်ခြင်း အပျိုက
တံဆိပ်ခေါင်းမပါ စာအိတ်ဗလာနဲ့
နှလုံးသားမှာ နားလာတော့လည်း
သူ့ကိုပဲချစ် သူု့ကိုပဲ မြတ်နိုးရုံပေါ့ ...။

ရောင်နီလာရင် အလင်းရောက်မယ်တဲ့
ကျွန်တော်ကတော့
မှောင်ရီလာလေ လမ်းပျောက်နေခဲ့ရတယ် ...။

ယစ်မူးရီဝေစေတဲ့ ယမကာတွေတောင်
စိတ်ကူးအထွေထွေကို ရင်မခုန်ခဲ့လို့
နေလွန်ချိန်တွေမှာ ရေချိန်လွန်ခဲ့ပြီးပြီ ...။

ဒီတော့ ...
ဆက်လျှောက်ရမယ်ဆိုလည်း
မင်းမရောက်တဲ့ လမ်းမှာတော့ ဆက်ဆက်စောင့်နေဦးမှာပါ ...။

ညှင်းသွဲ့သွဲ့ လေအဝှေ့မှာ
ကြွေလွင့်ခဲ့တဲ့ မျက်ရည်တွေအတွက်
စောင့်ခဲ့တဲ့ ရက်တွေက 
ကမ္ဗည်းမော်ကွန်းမှာတော့  ကျောက်စာ အဖြစ်နဲ့ပေါ့ ...။
~~~ @@@ ~~~

(စာမေးပွဲရှိပါသည်.. စာကျက်မရလို့ ကဗျာ ထိုင်ရေးလိုက်တာ အဆွေးကဗျာပဲ ဖြစ်သွားတယ်.. အဟီး ...
ခွင့်လွှတ်ကြပါ ခင်ဗျာ...)
ပုံကို ဒီကနေ ယူပါသည် ခင်ဗျာ...

Friday, January 22, 2010

ကျောက်ဖြစ်ရုပ်ကြွင်း

ချိုမြမြ အလွမ်းသံစဉ်
တီးခတ်တတ် သူပေမယ့်
ရှတတ ရင်ခွင်တဖက်မှာတော့
ဒဏ်ရာချက်တွေက အထပ်ထပ်
မပြတ်လပ်အောင် ရက်ဆက်နေပါလား ...။

ဒီလိုနဲ့ပဲ
လေနေတဲ့ စိတ်တွေနဲ့
အခြေအနေ မဲ့မှုတွေကြောင့်
ပြက္ခဒိန်တွေကို ရိုက်ချိုး
အတိတ်ကို တစ်ရက်တိုးတောင်
တသက်မရိုးနိုင်တဲ့
အလွမ်း ကားချပ်က
မှုန်ဝါးဝါးနဲ့ တိုးပွားလာတယ်လေ ...။

တကယ်ဆို ကျွန်တော်ဟာ
ဘာမှ မရခဲ့တဲ့သူ

ပစ်ခါခါပြောရင်ဖြင့်
နေမြင့်လေ အရူးရင့်မယ်သူ
ရေအတင့်မှာ အခြေ၀င့်ချင်ခဲ့သူ

လိုတာကိုမရ
မလိုတာကို တမိတော့
ဘ၀မှာ ရှတတနဲ့
အစအနကောက်မရတဲ့
ကျောက်ခေတ်ကလူမို့
ကျန်ရှိတဲ့ ချစ်ခြင်းက
ကျောက်ဖြစ်ရုပ်ကြွင်းဆိုလည်း
ပျောက်ပျက်မယွင်းအောင် 
နှလုံးသားပြတိုက်အတွင်းမှာ
တည်ကြွင်းစေတော့မယ် ...။
~~~ @@@ ~~~

Wednesday, January 20, 2010

နှုတ်ဆက်စာတော့ မဟုတ်သေးပါဘူး...

 မပြောချင်ပါဘူး.. ဒါပေမယ့် ပြောပြမှ ဖြစ်မယ်ထင်လို့ပါ။ ကျွန်တော် ညရဲ့ကောင်းကင် ဖြစ်ပေါ်လာခြင်းက ကျွန်တော်၏ ခံစားမှု အပေါ် ထွက်ပေါက်ရှာခြင်းသာ ဖြစ်ပါသည်။ သို့ပေမယ့် ကျွန်တော်ရေးသားခဲ့တဲ့ စာ၊ ကဗျာ တိုင်းကို ပေါ့ပေါ့တန်တန် မရေးခဲ့ပါဘူး။ နှလုံးသားနဲ့ အရင်းတည်ပြီး စာပေအနုပညာကို ချစ်မြတ်နိုးတဲ့ ၀ါသနာတခုနဲ့သာ ကျွန်တော် တတ်နိုင်သလောက် အကောင်အထည်ဖော်ခဲ့တာပါ။ ကျွန်တော် စရေးခဲ့တုန်းက  ကဗျာတွေကို တစုတစည်းထဲ ဖြစ်ချင်တဲ့ ဆန္ဒတခုတည်းနဲ့သာ ရေးသားခဲ့တာပါ။ တကယ်ဆို အရမ်းအထီးကျန်ဆန်တဲ့ ကျွန်တော့်ဘ၀ကို ဘလော့ဂ်ဂါ ညီအစ်ကို၊ မောင်နှမတွေရဲ့ အားပေးမှုနဲ့ ကဗျာတွေ စာတွေ ဆက်ရေးဖြစ်ခဲ့တာပါ။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

  တခုတော့ သက်ဆိုင်သူတွေကို ပြောပြချင်ပါတယ်။ ဘယ်သူပဲပဲ ဖြစ်ဖြစ် ကိုယ့်ခံစားမှု စိတ်ရင်းစေတနာ အမှန်တွေနဲ့ ဖွင့်ဟထားတဲ့ စာတွေ ကဗျာတွေကို ကူးယူ၊ ဖြတ်တောက်၊ ခေါင်းစဉ်ပြောင်း၊ ပုံစံပြောင်းပြီး တယောက်ယောက်က အသုံးပြုဖော်ပြခဲ့မယ်ဆို စိတ်ကောင်းမှာ မဟုတ်ကြပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အတွေးခြင်း အမြင်ခြင်း မတူကြပါဘူး။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်အရေးဆိုတာ ရှိပါတယ်။ ကိုယ်ပိုင်ခံယူချက်ဆိုတာ ရှိကြပါတယ်။ ဘာလို့ သူ့တစ်ပါးရဲ့ စိတ်နဲ့ ရှင်သန်ချင်ကြတာလဲ။ တော်တော်စိတ်ပျက်မိပါတယ်။

  တကယ်ကူးယူ ဖော်ပြချင်တယ်ဆိုရင် ခွင့်တောင်းသင့်ပါတယ်။ ခွင့်တောင်းဖို့ အခက်အခဲ ရှိရင် ပို့စ်ရဲ့ အောက်မှာ မူရင်းရေးသူနဲ့ လင့်ကို ဖော်ပြပေးသင့်ပါတယ်။ ဒါဟာ စာပေ စည်းကမ်းအနေနဲ့ ရှိသင့်ပါတယ်။ အပြည့်အ၀ မဖော်ပြနိုင်လို့ ပိုင်းဖြတ်ခဲ့မယ်ဆိုရင်လည်း ဖြတ်ထားရတဲ့ အကြောင်းရင်းကို ရှင်းပြသင့်ပါတယ်။

ကျွန်တော် မရိုင်းတက်ပါဘူး။ ဆဲလည်း မဆဲတတ်ပါဘူး။ ရန်လည်း မရှာတတ်ပါဘူး။ ဒါကြောင့် ဘာမှ ဆက်မပြောလိုတော့ပါ။ ကျွန်တော် စာဆက်ရေးဖို့လည်း မသေချာတော့ပါဘူး။ ဘလော့ဂ်ကို ပိတ်ဖြစ်ချင်လည်း ပိတ်မိမလားမသိပါဘူး။ ဒါကြောင့် ထပ်မံကူးယူချင်သေးတယ်ဆိုရင် လာရောက်ကူးယူနိုင်ပါတယ်။

ဒီလို ကိစ္စတွေက ဘလော့ဂ်ဂါ လောကမှာ ရှိတတ်တာပဲ အဆန်းမဟုတ်ပါဘူးလို့ ဆိုရင် ကျွန်တော် စာရေးတဲ့ သက်တမ်းနုသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မရင့်ကျက်သေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် စာဆက်မရေးဖြစ်လို့ ဘလော့ဂ်ကို ပိတ်ခဲ့မယ်ဆိုလည်း ဘယ်သူအတွက်ကြောင့်မှ မဟုတ်ပါဘူး။ ကျွန်တော့် စိတ်ခံစားချက် သက်သက်ပါပဲလို့ ပြောပါရစေ။

ယနေ့အချိန်ထိ ကျွန်တော့်ကို အားပေး၊ နှစ်သိမ့်၊ ဂရုစိုက်ပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကို အားနာမိပါတယ်။ အားလုံးရဲ့ စေတနာနဲ့ မေတ္တာကို ကျွန်တော့်တသက်မေ့နိုင်မှာ မဟုတ်ပါဘူး။ ဘာမှန်းရေရေရာရာ မဆုံးဖြတ်ရသေးတဲ့ အတွက် မည့်သူ့ကိုမှ နှုတ်မဆတ်ခဲ့သေးပါဘူး။

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ မိမိတို့ ချစ်မြတ်နိုးသော စာပေအနုပညာကို ဆထက်တပိုး ထမ်းရွက်နိုင်ကြပါစေ။

Saturday, January 16, 2010

“နာကျင်မှုတို့ဖြင့် အိပ်မက်မြစ်ဖျားခံရာ နှလုံးသားရပ်ဝန်း”






  မှိုင်းညို့ညို့ ကောင်းကင်ရဲ့ အနောက်ဘက် ယွန်းယွန်းမှာ ထိုးထွက်ကာနေတဲ့ မိုးသားတိမ်စိုင်တွေက ညကို အမှောင်တိုက်ထဲသို့ ရိုက်သွင်းလိုက်၏။ ကောင်းကင်၏ ထောင့်အစွန်းတဖက်မှ မိုးစက်လေးတွေကလည်း တဖွဲဖွဲနဲ့ တဖြည်းဖြည်းခြင်း ကျဆင်းလာကြ၏။ ဒီလိုနဲ့ပဲ ကောင်းကင်ရဲ့ စိန်ခေါ်မှုကို မိုးမင်းက လက်ခံလိုက်သည့် အလား ၀ုန်းကနဲ ကျဲချပစ်လိုက်တဲ့ အခိုက်မှာ သစ်ရွက်လေးတွေက လေကြမ်းကြမ်းရဲ့ ရက်စက်မှုကြောင့် ခင်မင်တွယ်တာခဲ့ရသည့် မိခင်သစ်ပင်မှ မကြွေချင်ကြွေချင်နှင့် မြေခရရှာ၏။ မလုံတလုံ သစ်ပင်တစ်ပင်၏ အောက်မှာတော့ မိုးစက်တွေကို ထီးတချောင်းနှင့် တင်းခံရင်း ခိုက်ခိုက်တုန်နေရှာတဲ့ လူတစ်ယောက်.. ဟိုး... အဝေးခပ်လှမ်းလှမ်းကို ဂဏှာမငြိမ်တဲ့ မျက်လုံးတစ်စုံနဲ့ လမ်းမျှော်ကြည့်နေလေရဲ့။

  “တောက်... တော်တော်ဆိုးရွားတဲ့မိုး” ... ကောင်းကင်ကို မကျေမနပ်နဲ့ ကြည့်ပြီး  ပြောမိလိုက်ပေမယ့် ကျွန်တော့် ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေ တဖြည်းဖြည်း တိုးလို့သာလာခဲ့ပါသည်။ “မြတ်နိုး ဒီအချိန်ဆို အလုပ်ကဆင်းသင့်နေပြီ... ဘာလို့နောက်ကျနေတာလဲကွာ ကို ဒီမှာစောင့်နေမယ်လို့ ပြောထားရဲ့သားနဲ့” .... စိတ်ပူစွာနဲ့ စိတ်ထဲက တိုးတိုးလေး ကျွန်တော် ရေရွတ်မိလိုက်၏။ မြတ်နိုးက တော်တော်ခက်တဲ့ ကောင်မလေး .. အလုပ်ရှိသေးရင်လည်း နောက်နေ့မှလုပ်ပေါ့ ... ကျွန်တော် ပြောထားပြီးသား အရမ်း မိုးချုပ်အောင် မနေနဲ့လို့။ ကျွန်တော်သူ့ကို အခုလိုပြောတိုင်း သူက “ဟုတ်ကဲ့ပါ..ကိုရယ်” လို့ အသည်းယားချင်စရာ ကောင်းလောက်အောင် ရယ်ပီးပြောတတ်သူ။ အဲဒီပုံစံလေးတွေကြောင့်လည်း ကျွန်တော်သူ့ကို အသက်လောက် ချစ်နေရတာလေ။

  မြတ်နိုးက ကွန်ပြူတာ ထရိန်နင်းစင်တာ တစ်ခုမှ ပရိုဂရမ်မင်းသင်တဲ့ ဆရာမလေး တစ်ယောက်။ ကျောင်းပြီးလို့ သူသိပ်နှစ်သက်တဲ့ ဆရာမအလုပ်ကို စေတနာတခုတည်းနဲ့ ပျော်ပျော်ရွှင်ရွှင် ၀င်လုပ်နေတဲ့သူလေ။ ထူထဲပြီးနက်နေတဲ့ မျက်ခုံးလှလှလေးအောက်မှာ ကြည်လင်တဲ့ မျက်ဝန်းလေးတစုံကို ပိုင်ဆိုင်တဲ့သူ။ ဖြောင့်စင်းပြီး သွယ်တန်းနေတဲ့ နှာတံလေးကလည်း နှုတ်ခမ်းဖူးဖူးလေးနဲ့ လိုက်ဖက် ည်ီလွန်းအောင်ကို လှပနေတဲ့သူလေးပါ။ သူရယ်လိုက်တိုင်း ကျွန်တော့်နှလုံးသားတွေ တဒိတ်ဒိတ်နဲ့ အခုန်မြန်စေလိုက်တာဗျာ။ နေ့စဉ်နေ့တိုင်း သနပ်ခါးပါးပါးလေးကိုပဲ အမြဲစွဲမြဲစွာ လိမ်းကျံတက်သူ။ ကျွန်တော်အတွက်တော့ ပြောရက်စရာမရှိအောင်ကို လှရက်လွန်းသူ ကျွန်တော့်ဘ၀ရဲ့ ဖန်တီးရှင် နတ်သမီးလေး တစ်ပါးပေါ့...။

  အဝေးဆီက လှုပ်လဲ့လဲ့ အရာတခုကြောင့် အတွေးစတချို့ကို ကျွန်တော် ဖြတ်လိုက်ရ၏။  ဟော... မိုးစက်မှုန်ဝါးဝါးအောက်မှာ ကျွန်တော့်ဆီကို တရွေ့ရွေ့ လှမ်းလာနေတဲ့ အရိပ်ပါးပါးလေး တခုပါလား။ မိုးရွာနေတယ်ဆိုတာကို ကျွန်တော်မေ့သွားမိပြီး မိုးစက်တွေမဆိုအောင် ကာကွယ်ပေးထားခဲ့တဲ့  သစ်ပင်ကြီးကို ကျေးဇူးတောင် မတင်လိုက်မိဘူး အပြေးတပိုင်း ပြေးထွက်လိုက်မိ၏။ မြတ်နိုးရဲ့ မျက်နှာက အလိုမကျဟန်ဖြင့် လှမ်းအော်လိုက်သည်...  
  “ကို မိုးတွေရွာနေတယ်လေ မသိဘူးလား” ဟုတ်ပါရဲ့ ကျွန်တော် မေ့သွားတာလေ။ ထီးကိုလက်က ကိုင်ထားပြီး မဆောင်းလိုက်မိဘူး။ ကျွန်တော်သူ့ကို ရယ်ပြလိုက်မိသည်။

 “ဆော်ရီး မြတ်နိုးကိုမြင်တာနဲ့ အရာအားလုံးကို မေ့သွားမိလို့ပါနော်။” 
 “ဟွန်း.. ကို့ကို ပြောလိုက်ရင်ဒီလိုပဲ... လာလေ... သစ်ပင်အောက်မှာ ခဏမိုးခိုရအောင် မိုးဒီလို သည်းနေတာကို ဆက်သွားရင် ရွှဲကုန်လိမ့်မယ်” ...
သူ့ပါးစပ် ကလည်းပြောတယ် .. ကျွန်တော့် လက်ကိုလည်း ဆွဲခေါ်ပြီး ခုနကရပ်ခဲ့တဲ့ သစ်ပင်အောက်ကို ၀င်ရပ်လိုက်ကြ၏။။ ကျွန်တော်ခေါင်းက ရေတွေကို တယုတယနဲ့ သုတ်ခါပေးပြီး ဖြေးဖြေးချင်း ပြောလိုက်တဲ့ သူ့ရဲ့ စကားလေးတွေကြောင့် ကျွန်တော်ရင်ထဲမှာ အေးချမ်းပြီး ကြည်နူးသွားမိ၏။

  “ကို...မြတ်နိုးကို တော်တော်ချစ်တာပဲနော်.. မိုးတွေ ဒီလောက်ရွာနေတာ မလာတော့ဘူးတောင် ထင်နေတာ... ဒါပေမယ့် ကို့စိတ်ကိုသိတယ်လေ... ကိုကပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တက်တဲ့သူ .. တခါတလေ အရမ်းတယူသန်တဲ့သူ .. ဟုတ်တယ်မလား”
ပြောနေတာကိုက အသည်းယားစရာလေး ...  ကျွန်တော် ဘာမှမပြောပဲ မြတ်နိုးကို စိုက်ကြည့်လိုက်ပြီး ဆတ်ခနဲဆို သိုင်းဖက်လိုက်သည်။

   “မြတ်နိုး အတူတူနေချင်ပြီကွာ ကိုလေ မြတ်နိုးကို ဒီလို လွှတ်မထားချင်တော့ဘူး.. သိပ်လည်းစိတ်ပူတယ်.. ဒီလိုနေ့မျိုးဆို ကိုမလာနိုင်ရင် မြတ်နိုး တယောက်တည်း ပြန်ရမှာလေ... စိတ်ပူတယ်ကွာ အတူတူ နေကြရအောင်နော်”

  “မြတ်နိုးလည်း ကိုနဲ့ အတူတူ နေချင်တာပေါ့.. ဒါပေမယ့် မြတ်နိုးတို့က ရည်ရွယ်ချက်တွေ မပြည့်စုံသေးဘူးလေ... နောက်ပြီး အဖေ့ကို ပြောရမှာလည်း ကြောက်တယ်...”

  “မြတ်နိုး .. ကို .. ပြောတာ သေသေချာချာ နားထောင်ပေးနော် ... ကို  .. ခုနိုင်ငံခြားက ပြန်လာတာ မြတ်နိုးနဲ့ လက်ထပ်ဖို့လေ .. ကို  စုထားတာလေးတွေလည်း အတော်အသင့်တော့ ရှိနေပြီလေ .. ကိုတို့ ရည်ရွယ်ထားတဲ့ ကျွန်ပြူတာနဲ့ အီလက်ထရွန်းနစ် သင်တန်းကျောင်း သေးသေးလေးဖွင့်ပြီး တဖြည်းဖြည်းနဲ့ တိုးချဲ့ သွားကြမယ်နော် ... မြတ်နိုးလည်း ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ဆက်လုပ်လို့ ရတယ်လေ  ... ကိုတို့  သင့်လျော်တဲ့ အခြေအနေလေးတစ်ခုတော့ ဖန်တီးနိုင်မှာပါ။  ကိုတို့ အတူတူကြိုးစားရင်း ပျော်၇ွှင်တဲ့ မိသားစုဘ၀လေးကို ထူထောင်ကြမယ်လေ ... နော် ... မြတ်နိုး ...  လက်ထပ်ကြရအောင်နော်”
ကျွန်တော် ကလေးလေး တယောက်လို သူ့ကို အတင်းပူဆာနေမိတော့သည်။ သူ့ကိုမှ ကျွန်တော် ထပ်မခွဲနိုင်တော့တာလေ။

  ဟင်းးးး ... သက်ပြင်းတချက်ကို သူခိုးချလိုက်တယ်ဆိုတာ ကျွန်တော် သိလိုက်ပါသည်။ ဒါပေမယ့် သူ ဆုံးဖြတ်လိုက်တဲ့ မျက်နှာနဲ့ ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ...   
  “ဟုတ် မြတ်နိုးတို့ ထက်ထပ်ဖို့ကို အိမ်ကိုပြောကြည့်ပါမယ်.. အိမ်က ကို့ကို လက်ခံတယ်ဆို လက်ထပ်ကြမယ်နော်” ။

  ကျွန်တော် အရမ်းပျော်သွားတယ် ... ဟေးးးးးးးးးးးးးးးးးးးး ... လို့ဝမ်းသာအားရ အော်ဟစ် ပစ်လိုက်တယ်။ ကျွန်တော်သူ့ကို ပိုတင်းကျပ်အောင် ဖက်လိုက်မိပြီး သနပ်ခါးရနံ့လေးတွေ ထင်ကျန်နေဆဲ ရှိနေသေးတဲ့ ပါးပြင် အေးအေးလေးပေါ်ကို အနမ်းလေးတွေ ဝေဆာပစ်လိုက်တာပေါ့။  သူကတော့ ရှက်ရွံစွာနဲ့ ခေါင်းကလေးငုံပြီး ကျွန်တော့် ရင်ခွင်ထဲကို ခေါင်းလေယှက်ဝင်လိုက်၏။ သစ်ပင်ကြီးကတော့ အလိုက်သိစွာနဲ့ မသိချင်ယောင် ဆောင်ပေးသလိုနဲ့ ခိုးခိုးကြည့်ပြီး အားကျနေတယ်ထင်ပါ့။ မိုးမင်းကြီးကလည်း သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကို ကြည့်ပြီး မိုးစက်တပ်သားတွေကို ပြန်လည်ခေါ်ယူပေးသွား၏။ ညရနံ့တို့ဖြင့် ထုံသင်းမွှေးပျံ့နေသော အခါသမယမှာ ကြည်နူး ပျော်ရွှင်နေကြသည့် ချစ်သူနှစ်ယောက် ခိုင်မြဲတဲ့ လက်တွေကို ဆုပ်ကိုင်ပြီး သူတို့ မျှော်လင့်ထားတဲ့ သာယာတဲ့ ဘ၀လေးကို ထူထောင်ဖို့ ယုံကြည်ချက်တွေ အပြည့်နဲ့ ရဲရဲလှမ်းထွက်သွားကြ၏။ ကြည်လင်ဝင်းပတဲ့ လမင်းကြီးက မိုးရေတွေ စွတ်စိုနေတဲ့ လမ်းလေးပေါ် အလင်းရောင်တွေ ဖြန့်ကျက်ပေးရင်းနဲ့ ညရဲ့အလှကို ပိုပြီးတင့်တယ်စေခဲ့ပြန်၏။
~~~ @@@ ~~~

   တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်ကြီးပင်အိုတို့ အုပ်အုပ်ဆိုင်းဆိုင်းဖြင့်  အေးချမ်းတဲ့ နေရာလေးတနေရာ ... ဒီနေရာလေးက တရားဓမ္မတို့ဖြင့် မွေ့ပျော်နေသော သူတော်ကောင်း ရဟန်းတို့နှင့် ယောဂီအပေါင်း  တရားကျင့်ကြံရာ တရားရိပ်သာလေးတခုပါ။ အေးချမ်းတည်ငြိမ်စွာ ဆွမ်းဘုန်းပေးနေကြတဲ့ ရဟန်းတော်တို့ကို ကျွန်တော်ကြည့်နေရင်း ပီတိဖြစ်စွာဖြင့် မြတ်နိုး လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။ သူကလည်း ကျွန်တော့်ကို ကြည်လင်ရွှင်ပျနေတဲ့ အပြုံးလေးနဲ့ ပြုံးပြနေတယ်လေ။ ဒီနေ့က ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေး အခမ်းအနားလေးပေါ့။ သူနဲ့ ကျွန်တော် စိတ်ချင်း တူကြတယ်လေ။ ပကာသနတွေ ဂုဏ်တွေမမက်ဘူး။  မင်္ဂလာဆောင် အခမ်းအနားကို တရားရိပ်သာလေး တခုမှာ နေ့ဆွမ်းကျွေးဖို့ မြတ်နိုးပဲ အကြံပေးခဲ့တာလေ။ စကြားစက ကျွန်တော် တော်တော် အံအားသင့်သွားခဲ့သည်။ မိန်းကလေးတိုင်း မင်္ဂလာဆောင်ဧည့်ခံပွဲကို အရမ်းတန်ဖိုးထားကြသည်။ လှလှပပ ၀တ်စုံတို့ဖြင့် လူတကာထက် ထူးခြားအောင် ချယ်သပြီး လူကြားထဲ တွဲလျှောက်ကာ ဓာတ်ပုံရိုက်ကြ၏။ မရိုးမအီနိုင်သော အခမ်းအနား အစီအစဉ်တွေဖြင့် တင်ဆက် မှတ်တမ်းတင်ကြနဲ့ ခေါင်မူးလောက်အောင် ပြုလုပ်နေကြတဲ့ ယခုခေတ်အချိန်မှာ မြတ်နိုးကတော့ ...

 “ဘာလုပ်မှာလဲ ကိုရယ် ... လက်ထပ်တာက မြတ်နိုးတို့ နှစ်ယောက်လေ ... တယောက်နဲ့တယောက် နားလည်မှုနဲ့ တည်ထောင်ကြတဲ့ ဘ၀တခုမှာ ကုသိုလ်ကောင်းမှုလေးပြုပြီး စတင်ရတာ ဘယ်လောက်တောင် ပီတိဖြစ်ဖို့ကောင်းမလဲ။ ရုံးတက်လက်မှတ်ထိုးပြီး တရားရိပ်သာတခုခုမှာ ရဟန်းတော်တို့ကို နေ့ဆွမ်းကပ်ပြီး ဧည့်သည်နဲနဲကို ဧည့်ခံလိုက်ရင်ပဲ မြတ်နိုးတို့ အတွက် လုံလောက်နေပါပြီ” .. တဲ့လေ။

  သူ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားအခွန်းတိုင်းက ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ အခုလို ယဉ်ကျေးသိတတ်ပြီး စိတ်နှလုံးသားနူးညံ့သိမ်မွေ့တဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်လိုက်ရတာ ကျွန်တော့်အတွက် သိပ်ကို ကံကောင်းနေပါပြီဗျာ ... ။ အဲဒီအချိန်မှာ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်ပီတိ ဖြစ်မှုက ဘာနဲ့မှကို တိုင်းတာလို့ မရပါဘူး။

    နေ့လည် တရားပွဲမှာ ဆရာတော်ဘုရားက တရားရေအေး အမြိုက်တိုက်ကျွေးအပြီး ယနေ့ လှူဒါန်းကြသော ဒါယိကာနှင့် ဒါယိကာမတို့ ဇနီးမောင်နှံ သေတပန်သက်ဆုံး ပေါင်းသင်းရပါစေ။ ဗုဒ္ဓသာသနာတော်မြတ်ကို အစဉ်စောင့်ရှောက်နိုင်ပြီး ယဉ်ကျေးလိမ္မာတဲ့ ခင်ပွန်းကောင်း ဇနီးကောင်း ဖြစ်ကြပါစေသတည်း ဟုဆုပေးသံက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀င်မှာ အေးမြစေပါသည်။ ဧည့်ပရိသတ်တို့၏ သာဓု ... သာဓု... သာဓု... ခေါ်သံအဆုံးမှာ ကျွန်တော်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားပါ၏။ သာယာအေးချမ်းနေတဲ့ နေ့ရက်လေး တစ်ရက်မှာ ရယူခဲ့ရတဲ့ ပီတိအဟုန်၊ ကြည်နူးပျော်ရွှင်မှု၊ စိတ်နှလုံးအေးချမ်းမှုက သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံအတွက်တော့ ဘ၀မှတ်တိုင်အစရဲ့ တာထွက်ကောင်းလေး  ဖြစ်ခဲ့လေ၏။
~~~ @@@ ~~~

   တခုသော နံနက်ခင်းရဲ့ လေဖြူးဖြူးလေးက ဝှေ့ကာဝှေ့ကာဖြင့် ဘယ်ညာယိမ်းထိုးကာ ပန်းဝတ်မှုန်တို့ကို သယ်ဆောင်လျက် သဘာဝပန်းချီကားကို  ဆေးချက်ဖြည့်ပေးလိုက်၏။ သာယာကြည်လင်နေသော ကောင်းကင်ပြာပြာအောက်မှာ စုစုဝေးဝေးရှိနေကြသော လူတစ်အုပ်က တစုံတခုကို မျှော်လင့်နေကြ၏။   ဖြောင်း.. ဖြောင်း.. ဖြောင်း...
လက်ခုပ်သံ အုပ်အုပ်တို့နှင့်အတူ လှပစွာ ချိတ်ဆွဲထားသော ရောင်စုံ မိုးပျံဖူးဖောင်းလေးများက လေးညို့မှ ပစ်လွှတ်လိုက်တဲ့ မြှားအသွင် ကောင်းကင်သို့ တရှိန်ထိုး တက်သွားကြ၏။ ဒီနေ့မှာ ကျွန်တော်နဲ့ မြတ်နိုးတို့ရဲ့ ကိုယ်ပိုင် စီးပွားရေးလေး တခုဖြစ်လာမယ့် သင်တန်းကျောင်းလေး တခုကို  စတင်ဖွင့်လှစ်လိုက်ပါပြီ။ မြတ်နိုး အင်မတန်မှ စိတ်အားထက်သန်တဲ့ စာသင်ရခြင်း ၀ါသနာကို ကျွန်တော် ဖြည့်ဆီးပေးနိုင်တဲ့ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ တဖြည်းဖြည်းခြင်း တည်ထောင်သွားမယ်ဆိုပေမယ့် ကျွန်တော်တို့ သေချာတိုင်ပင်ပြီးမှ လုပ်ဖြစ်ခဲ့တာပါ။ ဒီနေ့ မြတ်နိုး အရမ်းပျော်ရွှင်နေတယ် ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်လည်း သူနဲ့ ထပ်တူထပ်မျှ ပျော်ရွှင်ရပါသည်။ သူအဖြစ်ချင်ဆုံးအရာ ကျွန်တော့်အတွက်လည်း လိုက်လျောညီထွေ ဖြစ်စေမယ့် လုပ်ငန်းလေး ဖြစ်သည့်အတွက် ကြိုးစားပြီး ရှေ့ဆက်မယ်လို့ ဆုံးဖြတ်ထားကြပါသည်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လေးတွေ တခုခြင်းစီ ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်လာသည့်အတွက် ရင်ထဲတွင်တော့  ကြည်နူးမဆုံးနိုင်ပါ။
~~~ @@@ ~~~

  ရုံးခန်းလေးထဲမှာ ကျွန်တော် တယောက်တည်း ပရိုဂရမ်တစ်ပုဒ်ကို ရေးနေရာမှ နာရီကို ငုံကြည့်လိုက်မိသည်။ နေ့လည် ၁၂ နာရီတောင် ထိုးတော့မှာပါလား။ ကြည့်စမ်းပါဦး အလုပ်ထဲ စိတ်ဝင်စားနေတာ ထမင်းစားဖို့တောင် မေ့လျော့လို့ နေပါလား။ ... မြတ်နိုးတော့ ဆာနေတော့မှာပဲ။ ရုံးခန်းလေးထဲမှ လှမ်းထွက်လိုက်ပြီး စာသင်ခန်းရှိရာ တံခါးပေါက်မှာ ကျွန်တော် ရပ်လိုက်မိ၏။ ကြည်လင်သောအသံဖြင့် စိတ်ပါဝင်စားစွာ ရှင်းပြနေသော အတန်းရှေ့မှ ဇနီးချောလေးကို စေ့စေ့ကြည့်လိုက်မိ၏။ မတိုမရှည် ဆံကေသာလေးကို စုစည်းထားပြီး သနပ်ခါးရေကျဲလေးဖြင့် လှချင်တိုင်းကို လှနေပါလား။ မြတ်နိုးက စာသင်နေပြီဆိုရင် ပတ်ဝန်းကျင်ကို လုံးဝမေ့လို့ စာကိုပဲ အာရုံစိုက် သင်တတ်တာလေ။ ကျွန်တော် ကြည့်နေတယ်ဆိုတာ သူမသိသေးဘူး။ ကျောင်းသားအချို့၏ မျက်နှာအမူအရာ ပြောင်းလဲမှုကြောင့်သာ သတိထားမိသွား၏။ လက်ကနာရီကို သူကြည့်လိုက်သည် နောက်ပြီး ခေါင်းလေးငုံပြီး ရီလိုက်၏။ ကျွန်တော်သိပါသည်... သူအတန်းချိန်ပြီးတာကို မေ့နေပြီး စာဆက်သင်နေမိလို့လေ။ 

  “အတန်းချိန်ပြည့်နေပြီ ဆိုတာကို မြတ်နိုးမေ့နေတာ ကြည့်စမ်း..  ကိုဗိုက်ဆာနေပြီလား ခဏနော် မြတ်နိုးတို့ စားဖို့ကို ပြင်ဆင်လိုက်အုန်းမယ်။”
 ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။ သူ ပြင်ဆင်နေတာကို အသံမထွက်ပဲ ဆက်ပြီးမတ်တပ်ရပ် ကြည့်နေမိသည်။ တကယ်တော့ အရမ်းကို လိမ္မာရေးခြားရှိတဲ့ ဇနီးလေး။ နေ့စဉ်နေ့တိုင်း မနက်အစောကြီး ထပြီး နေ့လည်ထမင်းချိုင့်အတွက် ပြင်ဆင်ရသည်။ စာသင်ဖို့အတွက်လည်း ပြင်ဆင်ရသေးသည်။ အချိန်ဆိုတာ သူ့အတွက် အပိုအလိုမရှိ။ တခါတခါ ညညဉ့်နက်အောင် ကျွန်တော် အလုပ်လုပ်နေတဲ့အခါ ကျွန်တော့် ဘေးနားမှာ စောင့်ပေးရင်း အိပ်ပျော်သွားတတ်၏။ အဲဒီအချိန်ဆို ကျွန်တော် သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ပိုတိုးလို့ ချစ်မိလာရသည်။ မြတ်နိုးအတွက် ဆိုရင် ကျွန်တော်ဘာပဲ လုပ်ပေးရလုပ်ပေးရ သူ့ဆန္ဒကို ဖြည့်ဆီးပေးချင်မိသည်။ သူကသိလို့လားမသိဘူး .. ဘာမှကို မတောင်းဆိုဖူးဘူး...။ ကျွန်တော်က “မြတ်နိုးလိုချင်တာ ဖြစ်ချင်တာရှိရင် ကို့ကိုပြောနော်... အားမနာနဲ့” ...  လို့ပြောတော့  ...
“ကို ဒီလောက် မြတ်နိုးအပေါ်ကို ဖြည့်ဆီးပေးနေတာပဲ ... ဘာမှကို မလိုပါဘူးရှင်တဲ့... ကိုအနားမှာ အမြဲရှိရင် ကျေနပ်ပါပြီ” တဲ့။ ကြည့်စမ်းပါဦးဗျာ ... ဘယ်လောက်တောင် သိတတ်တဲ့ သူကလေးလည်း။ ရင်ထဲမှာ ပြုံးလိုက်မိ၏။

  “ကို ဘယ်ကောင်မလေးကို သတိရပြီး ပြုံးနေတာလည်း ... မတ်တပ်ရပ်ပြီး အိပ်ပျော်နေတာလား” မြတ်နိုး အသံကြားတော့မှ ကျွန်တော် အတွေး လွန်သွားတယ်ဆိုတာ သိလိုက်ရသည်။
  “မဟုတ်ပါဘူး မြတ်နိုးရယ် ... မြတ်နိုး အကြောင်း တွေးနေတာပါနော်.. မြတ်နိုး ကို့အပေါ် ဘယ်လိုဂရုစိုက်တာ .. ဘယ်လို့ကြင်နာတာ... ဘယ်လိုချစ်တာဆိုတာ ...........”
  “ဟိုးထား ဆရာ... ထမင်းလာစား အချိန် တော်တော်လွန်နေပြီ...”...
  “ဟုတ်ကဲ့ပါ ဆရာမလေး” ...

  “အဟင်းဟင်း” ...  မြတ်နိုးရဲ့ ရယ်သံလေးကြောင့် ကျွန်တော် ပါလိုက်ပြီး ရယ်လိုက်မိ၏။ ချစ်စိတ်တွေ ပြည့်လျှံနေတဲ့ ရယ်သံလေးတွေက ကျွန်တော်တို့ ဘ၀အတွက် အေးချမ်းသာယာပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုပြီးခိုင်မြဲစေခဲ့ပါ၏။
~~~ @@@ ~~~

  ကြယ်ရောင်တွေ တလက်လက်နဲ့ လခြမ်း ကွေးကွေးလေးက ကောင်းကင်ရဲ့ အလှကို အပိုင်စီးထားလေ၏။ ချို့တဲ့တဲ့ လရောင်ပေမယ့် ကမ္ဘာမြေအတွက်တော့ ကောင်းမွန်စွာ အလင်းပေးနိုင်တဲ့ မီးအိမ်ရှင် လခြမ်းကလေးပေါ့။ ကွင်းပြင်ကျယ်ကျယ်ကို ဖြတ်တိုက်ခတ်လာတဲ့ ညလေညှင်း အေးအေးလေးက သစ်ပင်ပန်းမာန်တို့ စိမ်းစိုနေတဲ့ ပေ ၄၀ ပေ ၆၀ ခြံဝင်းလေးကို လှုပ်ရှားအသက်ဝင်ခဲ့၏။ မြို့သစ်တခုရဲ့ လတ်ဆတ် သန့်ရှင်းမှုတွေနဲ့ ပြည့်နေတဲ့နေရာ၊  အကောင်းကြီး မဟုတ်ပေမယ့် ကျွန်တော်တို့ ခြံဝင်းလေးကိုတော့  ကျေနပ်မိပါသည်။ မိဘတွေဆီကနေ မင်္ဂလာလက်ဖွဲ့ အဖြစ်ရခဲ့တဲ့ ဒီခြံဝင်းလေးက ကျွန်တော်တို့ နှစ်ယောက်အတွက် သာလွန်ကောင်းမွန်လှပါ၏။ ယခင်ကတည်းက စိုက်ပျိုးထားခဲ့သော သစ်ပင်စိမ်းစိမ်းလေးတွေ ကြောင့်လည်း ပူလောင်တဲ့ ညတွေမှာတောင် အေးချမ်းမှုကို ရရှိစေပါ၏။ ခပ်ပြေပြေလေး တိုက်ခတ်နေတဲ့ လေညှင်းလေးကို အရသာခံကာ အိမ်ရဲ့ ပြတင်းတံခါးပေါက်မှာ ကျွန်တော်ရပ်နေမိ၏။ နွေးထွေးတဲ့ လက်ကလေးနှစ်ဖက်က ကျွန်တော်နောက်မှ သိုင်းဖက်လာ၍ ရုတ်တရတ်လန့်သွားမိသည်။ ....

  “ကို အေးတယ်လေ ဘာတွေတွေးနေတာလဲ ... မြတ်နိုးအကြောင်းတွေးနေတယ်လို့ မပြောနဲ့နော်” ...

  “မြတ်နိုး ကလည်း ကို တွေးနေတာက ကိုတို့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကိုပါ။ ဘယ်အချိန် ပြန်တွေးတွေး ကိုလေ သိပ်ပြီး ကျေနပ်မိတယ်... သိပ်ချစ်စရာကောင်းပြီး ကို့အပေါ် သိတတ်လွန်းတဲ့ မြတ်နိုးလို ဇနီးကောင်းလေးရခဲ့တာ ကို့ဘ၀အတွက် အကောင်းဆုံး ဆုလဒ်တခုပါပဲ... ကိုတို့တွေ တယောက်နဲ့ တယောက် အချစ်တွေတိုးပြီး ကိုတို့နှစ်ဖက်မိဘတွေနဲ့ ကိုတို့ဘ၀တွေအတွက် အကောင်းဆုံး ရှေ့ဆက်ကြမယ်နော် ... နောက်ပြီး သားသားမီးမီးလေးတွေနဲ့ သေတပန်သက်ဆုံး ရိုးမြေကျ ပေါင်းသင်း သွားကြမယ်နော်...”
  “ကိုနော် တော်ပြီ  ... ဆက်မပြောနဲ့ ရှက်တယ်... သွား”...
ချစ်စဖွယ် စကားလေးနဲ့ ကျွန်တော်ရင်ဘတ်ကို ထုပြီးထွက်ပြေးသွားတဲ့ မြတ်နိုးနောက်ကို အမှီလိုက်ရင်း သိုင်းဖက်ဖို့အလှမ်းမှာ ...

  “၀ုန်း...”
  ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ကျွန်တော့်ခေါင်းတွေ ချာလပတ်လည် ရမ်းထွက်သွားသည်။ မျက်လုံးကိုလည်း တခါတည်း စုံမှိတ်ပစ်လိုက်ရ၏။ အမူးပြေသလိုရှိမှ မျက်လုံးကို တဖြည်းဖြည်းခြင်း ဖွင့်ကြည့်လိုက်မိတဲ့အခါမှာ ... “ဟင်.. မြတ်နိုးဘယ်ရောက်သွားပြီလဲ” ကျွန်တော့်ပါးစပ်မှ ရေရွှတ်ရင်း အမြန်ထလိုက်မိသည်။ ခါးအထက်မှ နာကျင်မှုဝေဒနာက ဆစ်ခနဲကျင်နေအောင် ကိုက်တက်လာ၏။ ခုမှပတ်ဝန်းကျင်ကို သတိထားမိလိုက်ပါသည်။ စိမ်းစိုနေတဲ့ ခြံဝန်းလေးထဲက သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးထဲမှာမဟုတ်... ရှုပ်ပွစွာပျံ့ကျဲနေသော အ၀တ်တချို့နှင့် ချဉ်စုတ်စုတ်အနံ့တို့ဖြင့် ပြည့်ကျပ်နေသော အခန်းကျဉ်းလေးထဲမှာ...  
  “ဟင်... ကျွန်တော်အိပ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျသွားတာကို ... ဒါဆို..ဒါဆို ခုနကအရာတွေက တကယ်မဟုတ်ဘူးပေါ့ .. အိပ်မက်တခုပေါ့...” ရင်ထဲမှ နာကျင်စွာနဲ့ ဆောင့်တက်လာတဲ့ ခံစားမှုကို မနည်းမြိုသိပ်လိုက်ရ၏။

  ဟုတ်ပါတယ်လေ မြတ်နိုး ကျွန်တော့်ကို ထားခဲ့တာ အတော်ကြာခဲ့ပြီလေ။ ကျွန်တော့် စွဲလမ်းမှုကြောင့်သာ မမေ့နိုင်ပဲ အိပ်မက် မက်နေခဲ့တာပါလား။ ခုတော့လည်း အိပ်မက်ထဲမှာ ပျော်ရွှင်ခဲ့ရသလောက် တကယ်လက်တွေ့မှာ အဆမတန် နာကျင်ကြေကွဲရပြီပေါ့။ စိတ်ကူးနဲ့ လက်တွေ့ဟာ လုံးဝကို မတူဘူးဆိုတာ ကျွန်တော်လက်ခံမိလိုက်၏။ ဒါပေမယ့်လည်း မြတ်နိုးကြောင့် အိပ်မက်လေးထဲမှာ ပျော်ရွှင် ခဲ့ရတာတွေအတွက်  ကျေးဇူး တင်မိပါဧ။်။ တကယ်တော့ ခုချိန်ထိ ကျွန်တော်ဘာမှ မပိုင်ဆိုင်သေးပါ။ သင်တန်းကျောင်းဖွင့်ရန် ပိုက်ဆံစုဖို့ နေနေသာသာ ထမင်းတနပ်မှန်ဖို့တောင် မနည်းလုပ်နေရတဲ့ဘ၀။ မိုးလင်းကနေ မိုးချုပ်ထိ မကျေနပ်မှုတွေကို ရင်ထဲမှာ ကြိတ်မှိတ်ရင်း သီးခံပြီးရှင်သန်နေရတဲ့ဘ၀။ မြတ်နိုးပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကိုလည်း မနည်းကုစားပြီးနေရတဲ့ အချိန်ပါလား။

  ကျွန်တော် ပြတင်းတံခါးပေါက်ကို ဖွင့်ပြီး အပြင်ကိုမျှော်ကြည့်လိုက်မိသည်။ မနက် မလင်းတလင်းပေမယ့် ကျေးငှက်လေးတွေက သူ့တို့ စာဝတ်နေရေးအတွက် အစာရှာ ထွက်နေကြပြီလေ။ နေမင်းကြီးကလည်း လောကကမ္ဘာမြေကို အလင်းရောင်နဲ့ စွမ်းအားတွေပေးဖို့ တာဆူနေပြီ။  ဤအချိန်တွင် လေပြေလေးတချက်က ရုတ်တရတ် ဝှေ့တိုက်လာသေး၏။ ဒီလိုမျိုး လေပြေလား... ကျွန်တော်ဘ၀ထဲကို ဝှေ့ဝင်တိုက်ခတ်ပြီး သာယာကြည်နူးမှုကို ခံစားခိုင်းစေခဲ့ရပြီးမှ ပျောက်ကွယ်သွားတာ ဒီလေပြေလား။ တွေးလိုက်တိုင်း နာကျင်နေရတဲ့ နှလုံးသားကို သော့ပိတ်ပြီး ဒဏ်ခတ်ရပါတော့မည်။ အများသူငှာနည်းတူ သူ့တစ်ပါးအတွက် မဟုတ်တောင် ကိုယ့်ဘ၀ စားဝတ်နေရေးအတွက် ကျွန်တော် ကျရာတာဝန်ကို ထမ်းဆောင်ရဦးမယ်လေ။ သာယာလှပပြီး ကျေးငှက်သံသာတို့ဖြင့် စိတ်ချမ်းမြေ့ကြည်နူးစရာ ကောင်းသော နံနက်ခင်းအလှကို ဆက်လက် မခံစားနိုင်တော့သဖြင့် ကျောခိုင်း လှည့်အထွက်မှာ ကျွန်တော့်ရင်ထဲက စကားတခွန်းကို ရေရွတ်မိလိုက်လေ၏။
“ မြတ်နိုးက ကို့ကို မချစ်တော့ပေမယ့် ကိုကတော့ မြတ်နိုးကို ထာဝရ ချစ်သွားပါ့မယ်....”

ပြီးပါပြီ။
~~~~~~~~~~~~~~~~ @@@@@@@ ~~~~~~~~~~~~~~~~~~~

အစ်ကို ကိုဏီလင်းညိုရေ ကျွန်တော် ရေးပေးလိုက်ပါပြီ။ မရေးတက်ရေးတက်နဲ့ ရေးလိုက်ရတဲ့ အတွက် အမှားပါသွားခဲ့ရင် ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်ပါရစေ။ နောင်ငါးနှစ်အကြာမှာ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေဆိုပေမယ့် တကယ်တော့ ဘာမှဖြစ်မလာတော့မယ် စိတ်ကူးတွေပါ။ အိပ်မက်ဆိုတာ မက်ပြီး ပျောက်ကွယ်သွားတတ်ပေမယ့် စွဲလမ်းမှုကြောင့် မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားလိမ့်မယ် မထင်မိပါဘူး။ ပျောက်ကွယ်သွားခဲ့မယ် ဆိုရင်တောင် နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာမှာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ နောက်ဆုံးတော့လည်း အစီအစဉ်ကျနစွာ မက်ခဲ့ရတဲ့ စိတ်ကူးကို အိပ်မက်အဖြစ်ပဲ အသက်သွင်းလိုက်ပါပြီလေ။

လောကတွင် ချစ်သောသူတိုင်း ပေါင်းဆုံကြပါစေ...။

ပုံလေးကို ဒီကနေ ယူပါ၏.

Monday, January 11, 2010

“အမူး”

နေညိုလေရင့်
လေပျိုသင့်လို့
ချိန်တော်ကျတိုင်း
ထန်းတောပိုင်းကို
အပြေးနှင်လို့
ချဉ်ခြင်းဖြေလည်း
အမူးတစ်ယောက်
စိတ်ဖြေလင်္ကာ
မပြေသာ၏ ...။

အိမ်ပြန်ခရီး
တောလမ်းနီးတွင်
ထန်းရည်ကမူး
တဏှာ...ရူးလို့
ဆဲတွန်မြည်တောက်
ပုဆိုးပျောက်ကာ
သိုင်းကွက် ရေရင်း
ခြေတော်နင်းမူ
အချစ်တခု
ရင်ထုသော်၌
မပျောက်လောက်အောင်
တွယ်ဖက်လောက်၏ ...။

အမူးတစ်ယောက်
စကားပျောက်တောင်
အသက်လောက်ပင်
ချစ်ရသူကို
သစ္စာ မဖောက်
ထန်းရည်သောက်၍
ကဇော်ဖောက်ကာ
မျှော်စောင့်နေမယ်
အံဖက်ကြမ်းနဲ့
ခင်းရံတဲ့လမ်း
ဘယ်ထိမှန်းလည်း
မသေချာဘိ ... ။

(ဘာကဗျာလည်းတော့ မသိဘူး... လူကနဲနဲဂေါက်နေတာတော့ သေချာနေပြီ ... :P)

Friday, January 8, 2010

“သူတို့ချစ်တာ ကြောက်လွန်လွန်းလို့”




ရေလှိုင်းလေး
လေဝှေ့တိုင်း ပြေးရတယ်
မကြောက်ပါဘူး သူပျော်လို့ပါ
ဝဲဂယက်ဆိုတာ သူ့အလှ သူ့ဘ၀လေ
အဲဒါကိုမှ ...
ကန်တော်နံဘေး ထိုင်သော်ငေးနေတဲ့
ထီးသေးသေးလေးအောက်က ချစ်သူနှစ်ယောက်
ရင်တွေ ကဆုန်ပေါက်လိုက်တာ ...။

ငှက်ကလေး
တချက်လေးတောင် မကြည့်မိပါဘူး
အတောင်ညောင်းလို့ နားရတာ သူ့ဘ၀လေ
အဲဒါကိုမှ ...
ခုံတန်းလေးမှာ တုန်ချမ်းမနေပဲ
ရင်ခုန်မှတ်တမ်းရေးတဲ့ ချစ်သူနှစ်ယောက်
အရွှန်းဖောက်လိုက်တာက ကြောက်စရာ ...။

ပန်းကလေး
နေသာလို့ ဖူးပွင့်တယ်
အရူးရင့်တာ မဟုတ်ပါဘူး
အချိန်တန်လို့ ပွင့်လန်းရတာ သူ့ဘ၀လေ
အဲဒါကိုမှ ...
မြက်ခင်းနွေးနွေး ပန်းခင်းဘေးက
ရင်ငွေ့ပေးနေတဲ့ ချစ်သူနှစ်ယောက်
ခူးနမ်းလိုက်တာက အချဉ်ပေါက်စရာ ...။

ဟွန်း ...  ချစ်လိုက်တော့လည်း သေမတတ်
မုန်းကြတော့လည်း အရှင်လတ်လတ်
ရင်ခွင်တခါဖျက်ရင် ဒဏ်ငွေတခါရိုက်မယ်
ကဲ ... ဘာတတ်နိုင်မလဲ
မသက်ဆိုင်ရင်တော့ လွင့်ပစ်ကြတယ် ...
ဆက်ပိုင်ချင်ရင် ထုဆစ်ကြပေတော့ ...
ဥပေက္ခာတွေနဲ့ပဲ အဝေးနေရာတွေမှာ
ငါတို့တွေလည်း ခပ်ခွာခွာလေးနေကြတော့မယ် ...။
     ~~~@@@~~~
(အစ်ကိုတစ်ယောက်က ဒုတ်ကောက်ပြီးထွက်ခိုင်းလို့ ကဗျာတိုတို စာတပုဒ်ကို ဟန်လုပ်လို့ နှစ်သစ်ဦးမှာ ပထမဆုံး စိတ်ရွှင်မြူးစွာနဲ့ အရွှန်းဖောက်လိုက်ပါတယ်ခင်ဗျာ။ ပုံလေးကိုတော့ ဒီ ကနေယူပြီးပြင်ပါ၏။)

Wednesday, December 30, 2009

“ပျော်ရွှင်သောဘ၀”



“ဘ၀” ဆိုတာ ကိုယ်ဖြစ်စေချင်တာကို ဖြစ်စေဖို့ မွေးဖွားလာခဲ့ခြင်း မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဖြစ်ချင်တာကို ဖြစ်သင့်သလောက်တော့ ရှာဖွေလုပ်ယူရပါလိမ့်မယ်။ ဘယ်လိုရအောင် လုပ်ယူကြမလဲ။  တိကျတဲ့ အကြောင်းရင်းတွေကတော့ ရှိနေပါသည်။

ကျွန်တော်တို့အရင်ဆုံး ပျော်ရွှင်မှုကို ရှာဖွေစူးစမ်းကြပါစို့။ ပျော်ရွှင်မှုကို လူတိုင်းရဖူးကြပါသည်။ သို့ပေမယ့် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ဖန်တီးဖို့ရာ လမ်းပျောက်နေတတ်ကြပါသည်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘ၀ရဲ့ အနှစ်သာရ အလှအပတခုပါပဲ။ ရွှေငွေပိုင်ဆိုင်မှုတွေ အများကြီးရှိမယ်၊ ပျော်ရွှင်မှုတွေ မရှိဘူးဆို ပိုင်ဆိုင်ရသမျှဟာ အလကားပါပဲ။ ပျော်ရွှင်မှုဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်စီမံမှုတွေကနေ တဆင့်ပေါက်ဖွားလာခြင်းပါ။ ပျော်ရွှင်မှုသည် ကြီးကျယ် ခမ်းနားလှပါတယ် ဆိုသော အရာတွေဆီက မလာပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဖြစ်တည်နေသော ဘ၀တွေကနေသာ လာခြင်းဖြစ်ပါသည်။ ပျော်ရွှင်မှုသည် ဘ၀ရဲ့အခြေခံ အရင်းအမြစ်တခုလို့ ပြောလို့လည်းရပါသည်။ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်ကို များစွာဖော်ပြနေခြင်းထက် နေ့စဉ်ဘ၀တွေကနေ့ ဘယ်လိုဖန်တီးယူရမယ် ဆိုတာ သိရှိဖို့လိုအပ်ပါမည်။  ပျော်ရွှင်မှုကို လက်ငင်းချက်ခြင်း ဖန်တီးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက တဖြည်းဖြည်းခြင်း တဆင့်ထက်တဆင့် တိုးမြှင့်သွားမှသာ  နည်းလမ်းမှန်ကန်တဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါသည်။

ယခုလို ပြုလုပ်ယူဖို့ဆိုရင်တွင် ပျော်ရွှင်မှုမှာ အနည်းဆုံး ရှိရမယ့်အရာတွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ တွေးယူကြည့်ကြပါစို့။ စစ်မှန်ပြီး တန်ဖိုးရှိသော ပျော်ရွှင်ခြင်းတွေကစလို့ ကောင်းမွန်တဲ့ အပြုအမူတွေ၊ စစ်မှန်သော ခံစားမှုတွေကို စိတ်ရင်းစေတနာသန့်သန့် တွေထားပြီး ရည်မှန်းထားတဲ့ ပန်းတိုင်တွေ ဆီလျှောက်လှမ်းခဲ့မယ်ဆိုရင်ဖြင့် ပျော်ရွှင်မှုက မျှော်မှန်းမထားလည်းပဲ သူ့အလိုလိုကို ရောက်ရှိလာပါလိမ့်မည်။ စစ်မှန်သောပျော်ရွှင်ခြင်းတွေမှာ ဘာတွေ့ပါဝင်ပေါင်းစပ်ရမလဲ။ မေတ္တာ၊ လှပတဲ့ အာရုံ၊ တွေးတောလုပ်ဆောင်မှုတွေနဲ့ လက်တွေ့ပါဝင်နေတဲ့ လှုပ်ရှားမှုတွေ၊ တရားမျှတမှုတွေ၊ သတ္တိအစွမ်းတွေ၊ လူသားခြင်းစာနာရိုင်းပင်းမှုတွေ၊ ရဲရင့်ပြတ်သားမှုတွေပေါ့။ ဤအရာတွေက မပါဝင်လို့ကို မဖြစ်နိုင်ပါဘူး။ ကောင်းမွန်တဲ့ အပြုအမူတွေကကော။ ဗဟုသုတတွေ အတွေ့အကြုံတွေ ဝေမျှခြင်း၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်း စသည်ဖြင့်ပေါ့ ဆောင်ရွက်နိုင်ပါသည်။  စိတ်ပျက် အားငယ်နိုင်တာတွေ၊ ကိုယ့်တိုးတက်မှုကို ပျက်ပြားစေနိုင်တဲ့ ခံစားမှုတွေမရှိဖို့လည်း လိုအပ်ပါသည်။  ယဉ်ကျေးပြူငှာတဲ့ ဆက်ဆံမှု၊ ရှေ့နောက်တွေးခေါ်စဉ်းစားတတ်တဲ့ စိတ်တွေကိုအမြဲ နှလုံးသွင်းထားရပါမယ်။ ဒီလိုဆိုရင်ဖြင့် ရှေ့ဆက်သွားမယ့် အနာဂါတ်ခရီးလမ်းမှာ မည်သူတစ်ဦးတစ်ယောက် အပေါ်ကိုမှ ထိခိုက်စေခြင်းမရှိပဲ တိကျတဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်ပြီပေါ့။ ကျွန်တော်တို့ ယုံကြည်သင့်ပါတယ်။  အနာဂါတ်ဟာ သင့်လျော်တဲ့ အရာတွေနဲ့ တွေ့ကြုံမှုတွေကို အမြဲကမ်းလင့်နေမယ်ဆိုတာ။ ကောင်းမွန်တဲ့ အစီအစဉ်တွေသာ ရှိနေမယ်ဆို အကောင်းဆုံး ရွေးချယ်မှုတွေနဲ့ ညီမျှမှန်ကန်အောင် ဆောင်ရွက်သွားနိုင်မှာပါ။

တခြားလူတွေရဲ့ အတွေ့အကြုံတွေထဲက ကောင်းမွန်တဲ့ အရာတွေကို သင်ယူပါ။ နောက်ပြီး ကိုယ်ပိုင် တွေးခေါ်မှုတွေ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပါ။ အစီအစဉ်တွေ ကြိုတင်ချခြင်းဖြင့်လည်း အချိန်ကို ထိန်းသိမ်းနိုင်မယ့်အပြင် လုပ်ရမည့် အလုပ်တွေအတွက်လည်း အချိန်ပိုရလာနိုင်ပါသည်။ ဤသို့ဆိုရင်ဖြင့် ပြည့်စုံတဲ့ကောင်းမွန်တဲ့ စိတ်တွေ အလေ့အကျင့်တွေကို မည်သည့်တားဆီးမှုတွေ ရှိလာပါစေ မုချကျော်ဖြတ်နိုင် လာပါလိမ့်မယ်။

ရိုးရှင်းသောပျော်ရွှင်မှုရဲ့ နည်းလမ်းလေးတွေကိုလည်း မှတ်သားထားသင့်ပါသည်။  ထိုအရာတွေကတော့ ကြောက်ရွံ့ထိတ်လန့်ခြင်းက လွတ်မြောက်ပါစေ၊ စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်ပါစေ၊ ရိုးရိုးရှင်းရှင်းလေးနေပါ၊ များများပေးကမ်းပါ၊ နဲနဲပဲ မျှော်လင့်ပါ ရည်ရွယ်ချက်တော့ မထိခိုက်ပါစေနဲ့။ မည်သူတစ်ဦးတစ်ယောက်မှ စခဲ့တဲ့ အတိတ်ကို ပြန်မသွားနိုင်ပါဘူး။ မည်သူမဆို ယခုလက်ရှိ ပစ္စုပ္ပန်ကစလို့ အသစ်အသစ်သော အနာဂါတ်တွေဆီကို အဆုံးမရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ စိတ်ပျက်မှုဆိုတာ တားဆီးပိတ်ပင်နေတဲ့ လမ်းဆိုးလမ်းညစ်တွေလိုပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လမ်းကိုနှောင့်နှေးစေပေမယ့် သူတို့ရဲ့ တခြားတဖက်မှာ ဖြောင့်ဖြူးနေတဲ့ လမ်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေမှာပါ။ တနေရာမှာပဲ အကြာကြီးရပ်မနေပါနဲ့။ ရွှေ့ပါ.. ရွေ့ပါ.. တစ်လှမ်းဆိုတစ်လှမ်းခြင်းရွှေ့သွားပါ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားပါ။ ဤအရာတွေက ကျွန်တော်တို့ ဘ၀အတွက် သင်ယူ၊ ပြင်ဆင်ယူရမယ့် အဖြစ်အပျက်သင်ခန်းစာတွေပါ။ ပျော်ရွှင်စွာ ရီမောတတ်စေဖို့ ငိုကြွေးမှုတွေနည်းစေဖို့ သင်ခန်းစာ ပြဋာန်းချက်အသစ်တွေကို ရလိုက်တယ်လို့ သဘောထားပါ။

ပျော်ရွှင်မှုတွေကို ရရှိလာအောင် ဘယ်လိုပြောင်းလဲသင့်လဲဆိုတဲ့ အချက်တွေကိုလည်း ပြောပြချင်ပါသည်။ အလုပ်ကို ကြိုးကြိုးစားစားနဲ့ ဖန်တီးယူပါ ပြုလုပ်ပါ။ ပြောချင်တာကတော့ အလုပ်မှာ စိတ်ပါဝင်စားစွာနဲ့လုပ်ပါ။ ဒီအလေ့အကျင့်တွေဟာ စိတ်ရှုပ်ထွေးမှုတွေကို တခဏသာ မေ့ပျောက်ထားနိုင်ပါသည်။ အလုပ်လုပ်ခြင်းကြောင့် အောင်မြင်လာပြီး တိုးတက်လာတာနဲ့အမျှ ပျော်ရွင်လာပြီး အလုပ်ကိုလည်း ပိုတိုးလို့ လုပ်ဆောင်နိုင်လာမှာပါ။ အရမ်းပင်ပန်းနေပါလား၊ စိတ်တွေထွေပြီး ရှုပ်ထွေးနေပါလား။ စိတ်အပန်းဖြေလိုက်ပါ။ ခရီးထွက်လိုက်ပါ။ မရောက်ဘူးတဲ့နေရာ မသွားဖူးတဲ့ နေရာအသစ်တွေကို သွားလိုက်ပါ။ ဥပမာ အားကစားကွင်းကြိုက်ရင် ကစားပြီး အပန်းဖြေလိုက်ပါ။ သီချင်းတွေ အော်ညီးပြစ်လိုက်ပါ။ ဒါတွေဟာ နေထိုင်မှုစတိုင်ကို တမျိုးတဖုံ ပြောင်းလဲပစ်လိုက်ခြင်းပဲပေါ့။ ပျော်ရွှင်မှုအရာတွေကို တွေးမယ်ဆိုရင် ဒါမှမဟုတ် ပျော်ရွှင်အောင်ပြုလုပ်မယ်ဆိုရင် မပျော်ရွှင်နိုင်မယ့် အတွေးတွေကို နေရာမှာတင် ရပ်လိုက်ပါ။ သင့်ရဲ့ အသက်ရှင်နေထိုင်မှုအတွက် အရာရာကို ကျေးဇူးတင်လိုက်ပါ။ ကျေးဇူးတင်လိုက်ခြင်းဖြင့် သင့်ဘ၀ရဲ့ နေထိုင်မှု အခွင့်အရေးတွေ ထပ်ပြီးရရှိလာပါလိမ့်မယ်။ ကျေးဇူးတရားဟာ သင်လက်ခံတတ်ရင် ပျော်ရွှင်မှုရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါပဲ။ ပျော်ရွှင်အောင်ပြုမူခြင်းဖြင့် သင်ဟာ ပျော်ရွှင်မှုကို လက်ခံလာပြီး ပိုပျော်ရွှင်လာလေ ပိုပျော်တတ်လာလေ ဖြစ်မှာ မလွဲဧကန်ပါ။

ယခုလို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် ဘ၀ရဲ့ နေထိုင်မှုတွေမှာ ဘယ်လိုပြောင်းလဲ လာစေနိုင်ပါသလဲ။ လောကမှာ လူအများစုဟာ မပျော်ရွှင်ကြပါဘူး။ ဒီလောကကြီးက သူတို့ အတွက် ဆိုးကြိုးတွေ ကံမကောင်းမှုတွေသာ ယူဆောင်လာပေးတယ်လို့ ထင်နေတတ်ကြပါသည်။ သူတို့တွေဟာ ပျော်ရွှင်အောင်နေတတ်ဖို့ထက် ရယူပိုင်ဆိုင်လိုမှုတွေသာ ကြီးစိုးနေကြလို့ပါ။ ဒါကြောင့် စိတ်တွေဟာ အားငယ်စိတ်ပျက်ခြင်းတွေနဲ့ပဲ ကျန်းမာရေးကို ထိခိုက်လာတော့တာပေါ့။ ကျန်းမာမှသာလျှင်ဖြင့်လည်း ပျော်ရွှင်အောင် နေတတ်မှာပါ။ ပျော်ရွှင်မှုကို ရှာတတ်မှပါလည်း ကျန်းမာလာမှာပါ။

တစ်ဦးပေါ်တစ်ဦး ဝေမျှခြင်းသည်လည်း ပိုပျော်ရွှင်စေနိုင်သော အရာတခုပါပဲ။ ကိုယ်သိသလောက် တတ်သလောက် ဝေမျှခြင်းဖြင့် တစ်စုံတစ်ယောက် အဆင်ပြေသွားခဲ့မယ်။ လမ်းမှန် ရောက်သွားခဲ့မယ်ဆိုရင် ဘာနဲ့မှအစားထိုးမရအောင် ပျော်ရွှင်မိမှာပါ။ စိတ်ဖိစီးမှုဆိုတာတွေကလည်း ပျော်ရွှင်မှုကို နှောင့်ယှက်နိုင်တဲ့ ရန်သူတစ်မျိုးပါပဲ။ ကျွန်တော်တို့တွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ဘ၀မှာ ရင်ဆိုင်နေကြရတယ်။ ဒီလိုဖြတ်သန်းရင်းနဲ့ပဲ ရှင်သန်နေကြရတယ်။ ပျော်ရွှင်မှုရဲ့ အဓိကအချက်ကတော့ ဒီလိုစိတ်ဖိစီးမှုတွေကို ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာကို သိတတ်နားလည်ရပါမယ်။ အဲဒီအခါမှ ပျော်ရွှင်နေတဲ့ စိတ်က အရာအားလုံးကို အနိုင်ယူသွားနိုင်ပါတယ်။

ကြိုးစားကြည့်ကြပါ။ ကျင့်ကြံကြည့်ကြပါ။ ဘယ်အရာတွေကို စောင့်မျှော်နေမှာလဲ။ အခုချက်ချင်းပဲ ပြောင်းလဲလိုက်ကြပါတော့။ တွေးပါ...တွေးပါ.. ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ...
“ဘ၀ဆိုတာ ကိုယ်ဖြစ်စေချင်သလို မွေးဖွားလာခဲ့ခြင်းမဟုတ်ပါ။ ဒါပေမယ့် ဘ၀ကို ပျော်ရွှင်လာအောင်တော့ တတ်နိုင်သလောက် တတ်စွမ်းသလောက် ဖန်တီး ယူနိုင်ပါတယ်လို့”။ အားလုံးပဲ ပျော်ရွှင်သောဘ၀ကို ဖန်တီး အကောင်အထည် ဖော်နိုင်ကြပါစေ...။

သက္ကရာဇ်နှစ်တွေတောင် အရောင်ပြောင်း
ရာစုသစ်သွန်းလောင်းတော့မှာပါလား

အတိတ်ဆိုတာ အိပ်မက်
ပစ္စုပ္ပန်ဆိုတာ ရလဒ်
အနာဂတ်ဆိုတာ မျှော်လင့်ချက်မို့
စိတ်ညစ်ခဲ့တာတွေ ဖယ်လိုက်
သိပ်ချစ်ခဲ့တာတွေ မေ့လိုက်
နာကျင်ခဲ့တာတွေ အစားထိုးလိုက်
အစာမကြေခဲ့တာတွေ မျိုချလိုက်

နောင်လာမယ့် နှစ်တွေအတွက်
အားသစ်တွေနဲ့ သွန်းလောင်း
လျှောက်ရမယ့် ဘ၀ကျောင်းကို
ပျော်ရွှင်မှုသကာလောင်းလို့ 
တစ်တန်း တိုးလိုက်ကြပါစို့ ...။
~~~ @@@ ~~~

မကြာခင် အချိန်ဆို ရာစုနှစ်သစ်ကို ရောက်ကြတော့မယ် ... ကျွန်တော်တို့ ဘ၀တွေလည်း တစ်နှစ် ထပ်တိုးလာတော့မယ်... ဘ၀မှာ လူတိုင်းလူတိုင်း မပျော်ရွှင်မှုတွေနဲ့ တွေ့ဆုံကြုံကွဲ ၀မ်းနည်းစရာတွေ အထပ်ထပ်တွေ့ကြုံခဲ့ပြီးပြီ... ဘ၀ဆိုတာ တကယ်တော့ တိုတိုလေးပါ ... ရလာခဲတဲ့ လူ့ဘ၀မှာ ကိုယ့်ကိုကိုယ် မတ်တည်ရင်း စိတ်ရင်းစေတနာကောင်းလေးတွေနဲ့ ပျော်ရွှင်သောဘ၀လေးများကို ဖန်တီးနိုင်စေဖို့ ပို့စ်လေးကို ရေးလိုက်ရခြင်းဖြစ်ပါသည်... ကျွန်တော် စာကောင်းကောင်းမရေးတက်ပါ... ရေးချင်လွန်း အားကြီးလို့သာ ရေးလိုက်တာပါ ... ကျွန်တော်ကိုယ်တိုင်ကိုက စိတ်မပျော်ရွှင်မှုတွေကို ဖြေဖျောက်ရင်း နှစ်သစ်မှာ စိတ်သစ်နဲ့ လူသစ်နဲ့ ရှင်သန်ဖို့ အတန်တန်ကြိုးစားနေရင်း ပျော်ရွှင်သောဘ၀ရဲ့ အနှစ်သာရကို ရှာဖွေမိခဲ့တယ်လေ... ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ပျော်ရွှင်သောဘ၀ကို ဖန်တီးယူစေချင်ပါတယ်... နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြ၍ ကိုယ်ရည်ရွယ်ထားသော အကြံအစည်များ ရှင်သန်ထမြောက်ပါစေလို့ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အင်တာနက်မှ ကိုးကားထားကြောင်း ၀န်ခံပါသည်။ ပုံကို ဒီ ကနေယူပါ၏။

Monday, December 28, 2009

*ဒဏ်ရာ ၀တ်စုံ*



မတွယ်ခဲ့ပါဘူး
နွယ်ခဲ့ရတဲ့ အိပ်မက်တွေ
ငါ့ ရင်မှာ အရုပ်တွေဆွဲ
ဇာတ်လမ်းတွေ ခပ်ကျဲကျဲမှာ
အရည်မရ အဖတ်မရနဲ့
ဝတ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။

မထင်ခဲ့ပါဘူး
ပင့်ကူငယ် တွယ်ယက်သလို
နှလုံးအိမ်ကို အသုံးပြု
ငါ့ အသွေးအသားကိုစုလို့
မရည်ရွယ်ပါပဲနဲ့
ချုပ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။

ပြည့်စုံကာနီးမှ
အလှည့်ကြုံလာပြန်တော့
တဖန်ပြန်စုတ်တဲ့ ၀တ်စုံ
စိတ်မကုန်လို့ ပြန်ချုပ်
အလုပ်မဟုတ်တာတွေက
အရှုပ်အရှုပ်လို ဟန်လုပ်တော့
ဘ၀တွေ တကယ်ပြုတ်ကျလည်း
ဝတ်နေရဦးမယ့် ဒဏ်ရာဝတ်စုံ ...။

အသစ်တဖန် ဖြစ်စေဦးတော့
မနက်ဖြန်တိုင်းမှာက အစစ်အမှန်ဆိုတာ
အပြစ်တင် ဝေမဖန်ချင်တော့ပါ ...။

ဒဏ်ရာဝတ်စုံဆိုလည်း
အလွမ်းကိုအန်ထုတ်
လေရှုထုတ်နေသရွေ့
ငါ့ အတတ်ငါစူး ရင်ထဲမှာ ရူးနေဦးမယ် ...။

( Brand မရှိတဲ့ ဒဏ်ရာဝတ်စုံလေး လိုချင်ရင် မှာကြားနိုင်ပါတယ်.. Free shipping နဲ့ ဘယ်နိုင်ငံမဆို အရောက်ပို့ပေးပါမယ်း) )

Tuesday, December 22, 2009

ခံစားမှု (၁)

ဘယ်တော့မှ မေ့မရခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကြိုးစားပြီး မေ့ပျောက်ပေမယ့် မမေ့နိုင်တာ ဘယ်လိုလုပ်ရမှာလဲ ။ ဘ၀မှာ အချစ်ဟာဒီလောက်တောင်ပဲ ကံဆိုးခဲ့ရလားကွာ။ အိပ်မရတဲ့ညတွေ များလှပါပြီ။ ဘယ်လိုလုပ်မှ မေ့ပျောက်နိုင်မှာလဲ။ အချိန်တွေကြာလေ ခံစားရခြင်းတွေ ပိုများလာတယ်။ ဟုတ်မှာပါလေ... ငါဘယ်လိုမှ မတတ်နိုင်တော့လို့သာ မေ့ဖို့ကြိုးစားနေရတာပဲ။ ငါမျှော်လင့်ခဲ့ရတဲ့ အချစ်ကို နဲနဲလေးတောင် ပြန်မရခဲ့ပါလား။

တကယ်တော့ငါဟာအရူးပါ။ အချိန်တိုင်းမှာ သတိရနေခဲ့မိတယ်။ တမ်းတနေခဲ့မိတယ်။ ငါခံစားနေရတယ် ဆိုတာ ဘယ်သူကကော နားလည်နိုင်မှာလဲ။ ဒါပေမယ့် ရင်ထဲမှာ အရမ်းကို ဆို့နင့်ကြေကွဲနေမိပါတယ်။ သန်းခေါင်ကျော်တိုင် ငုတ်တုတ်ထိုင်ပြီး နင့်အကြောင်းကို တွေးနေမိတယ်လေ။ တကယ်ဆို ငါဟာ ဘာမှမရခဲ့ပါလား။ ငါဟာ အချစ်ကြီးလို့လား။ ဖြစ်နိုင်ပါတယ်... တချို့အရာတွေဟာ ရင်ထဲမှာ သိုဝှက်ထားရတာ မောလွန်းလှပါတယ်။ ပင်ပန်းလွန်းလှပါတယ်။ ဖွင့်ဟလိုက်ရရင် ပြေလျှော့သွားနိုင်ပေမယ့် ငါဘယ်သူ့ကို ဖွင့်ပြောရမလဲ။ ငါ့ကို အရူးလို့ပဲ ထင်နေကြမှာပေါ့။ ဟုတ်ပါတယ် ငါဟာ အချစ်နဲ့ပတ်သတ်လာရင် ရူးခဲ့ရပြီးပြီ.... ရူးနေရပြီးပြီ... ရူးနေရအုန်းမှာပါ။ ငါဟာအချစ်ကို တန်ဖိုးကြီးစွာနဲ့ ကိုးကွယ်ခဲ့မိတာကို။ ငါ့ရင်ထဲမှာ ဘာတွေတွေးခဲ့တယ် ဘာတွေရည်ရွယ်ခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ နင်တောင်မသိခဲ့ဖူးလေ။ ငါရဲ့ စစ်မှန်တဲ့အချစ်ကို အစော်ကားခံခဲ့ရတယ်။ ဒါပေမယ့် ငါနင့်ကို ဘယ်သောအခါမှ အပြစ်မတင်ခဲ့ပါဘူး။ အပြစ်လည်းမတင်ချင်ခဲ့ဘုးဆိုတာ ယုံကြည်ပေးပါ။

ဒီဘ၀မှာ မပြည့်စုံခဲ့ရတဲ့ ဆုတောင်းတွေအတွက် နောင်ဘ၀သာရှိခဲ့ရင် ပြည့်စုံပါရစေလို့ ရူးပါရစေ။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အပြစ်တွေကို ခံယူခဲ့ရတယ်။ ယနေ့တိုင် ချစ်နေဆဲပါဆို ယုံကြည်ပေးပါ။ သတိရတိုင်းလည်း လွမ်းချင်ပါတယ်။ မျက်ရည် မကျမိအောင်လည်း ထိန်းချင်ပါတယ်။ ၀မ်းနည်းပူဆွေးမှုတွေလည်း ပျောက်ဆုံးချင်ပါတယ်။ ဒါပေမယ့်  ထာဝရသာတော့ ချစ်နေမိမှာပါ။

လူတယောက်မှာ အမှားမရှိပဲ လူတယောက်က ဘာကြောင့် စွန့်ခွာသွားနိုင်မလဲ။ စွန့်ခွာသွားတဲ့သူမှာ ဘာမှမကျန်ပေမယ့် ကျန်နေခဲ့တဲ့သူမှာ ဘာကြောင့်သတိရခြင်းတွေ ထင်ကျန်နေရတာလဲ။ လောကကြီးက မတရားလိုက်တာနော်။ ဖြစ်ချင်တာကို မဖြစ်ရ။ မျှော်လင့်ချင်တာကို မျှော်လင့်နိုင်အောင် အသက်မသွင်းပေးပါလား။ ဘာမှမရခဲ့တဲ့ငါ နောင်လည်း ဘာမှထပ်ရမှာ မဟုတ်တော့ပါဘူးလေ။

နောက်ဆုံးတော့လည်း နင့်အတွက် နာကျင်ခြင်းကဗျာတွေကို ရင်ထဲက မျက်ရည်တွေနဲ့ နာကျင်နေတဲ့ နှလုံးသားကို စတေးပြီး တသက်လုံးငါ့ရဲ့ နင်မဖတ်တဲ့ ဒိုင်ယာရီမှာ ငါ့မျက်ရည်တွေ မခန်းခြောက်သရွေ့ ဖျော်ဖြေ တင်ဆက်နေပါမယ်။ မရခဲ့တဲ့ နှလုံးသားတစ်စုံကို ထာဝရ သိမ်းပိုက်ထားရင်းနဲ့ပေါ့။

နင့်ဟာ
ငါ့ရဲ့ကောင်းကင်
ငါ့ရဲ့ ဘ၀မို့
ငါ့ကို ချေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာ တခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်လေ...။
~~~ @@@ ~~~

(ဒီပို့စ်လေးဟာ ဇာတ်လမ်း မဟုတ်ပါဘူး။ ခံစားမှု စိတ်ထွက်ပေါက် ရှာလိုက်ခြင်း သက်သက်ပါ။ အဲ့ဒီအတွက် သီးခံပြီးဖတ်ပေးကြပါလို့ တောင်းပန်ပါရစေခင်ဗျာ။ ကဗျာလေးကတော့ ဟိုးအရင်ကတင်ခဲ့တာပါ။ ဖတ်သူမရှိခဲ့ပေမယ့် အခုခံစားမှုနဲ့ တိုက်ဆိုင်နေလို့ ပြန်ထည့်လိုက်ရခြင်းပါ။ အမြဲတမ်း ၀မ်းနည်း ကြေကွဲစရာတွေကိုပဲ ရေးလေ့ရှိတဲ့ ကျွန်တော့်ဒိုင်ယာရီကို လာလာဖတ်ပေးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကဗျာတွေက လွဲရင်(ကဗျာလည်းမရေးတတ်သေးပါ) ကျန်တဲ့ စာတွေကို ကောင်းကောင်း မရေးတတ်လို့ ခွင့်လွှတ်ပေးကြပါလို့ ... )

Monday, December 21, 2009

ကောင်းကင်ရဲ့ အလွမ်း




လသာသော ညတစ်ညကပေါ့
ကောင်းကင် အလင်းအောက်မှာ
မြောက်ပြန်လေညှင်းကို ဆော့မြူ
အလွမ်းတွေ အရယူဖို့
ကြယ်လေးတွေကို တိုးတိုးလေး ရင်ဖွင့်မိတယ် ...။

လမင်းလေးရယ် ...
ကောင်းကင်ရင်ခွင်ဟာ
နူးညံ့လုံခြုံမှု အစွမ်းမှာ
ပထမတန်းပါပဲ ...
ငါ့ ရင်ခွင် ဖ၀ါးအောက်မှာ
လမ်းမပျောက်စေဖို့ဆို
ငါ့ရင်ကို အခါခါနင်း
ဗလာကျင်းလည်း
အလင်းနှစ် သန်းပေါင်းများစွာမှာ
အချစ်နဲ့ အလွမ်း ပေါင်းများစွာ ရှိနေဦးမှာပါ ...။

လမင်းလေးရယ် ...
ကောင်းကင်ရဲ့ သစ္စာနဲ့ ကတိဟာ
ဘယ်အရာနဲ့ထိထိ မငြိစေရပါဘူး ...
အလွမ်းအရှိအတိုင်း ပြောရတိုင်းဆို
နင်ရှိတဲ့ ညတွေ အခါခါသာစေဖို့
ကြယ်တွေကို ဆုတောင်းရတာလည်း
နေ့ ရက် ည သန်းပေါင်းများစွာမှာ
အချစ်နဲ့ အလွမ်းပေါင်းများစွာ ရှိနေချင်လို့ပါ ...။

အကြင်နာ တကယ်စစ်ရင်
ရင်မှာဒဏ်ရာ ဖြစ်တယ်ဆိုတာ တကယ်လားဟင် ...
အမှန်အမှား မခွဲခြားနိုင်ရင်တောင်
ရင်မှာ ခံစားရတာတွေ နင်သိပါစေတော့လေ ...။

ဘာပဲဖြစ်ဖြစ် ... လမင်းလေးရယ်
နင့် အလင်းဖြန့်ကျက်ဖို့ဆို
ငါ့ နှလုံးသားကွင်းပြင်မှာ
အလွမ်းငွေ့ငွေ့ လေးတွေနဲ့လည်း
ထာဝရ လန်းဆန်းနေမှာမို့
ကောင်းကင်တမိုးအောက်မှာ
လမ်း မ ပျောက် ပါ စေ နဲ့ သား ...။

Wednesday, December 16, 2009

“ အကြောင်းမကောင်းတဲ့ ဆောင်း”


ဆောင်းနှင်းမြူတွေ
လေဟာနယ်ကို ပက်ဖြန်း
ကမ္ဘာကိုလန်းစေသတဲ့လား
ငါ့... ရင်ခွင်နှုတ်ခမ်းမှာတော့
အလွမ်းတွေနဲ့ ချမ်းလိုက်တာ ...။

ဆောင်းနှင်းပန်းတွေ
ရာသီချိန်ဆို ပွင့်လန်း
ကိုယ်စီအစွမ်းတွေ ထုတ်ဖြန်းသတဲ့လား
ငါ့ ... ရင်ခွင်စခန်းမှာတော့
ဒက်ရာတွေနဲ့ ကြမ်းလိုက်တာ ...။

ဆောင်းခိုငှက်တွေ
ဌာနေဆီကို ပျံသန်း
ခိုလှုံရာလမ်းကို လှမ်းကြသတဲ့လား
ငါ့ ... ရင်ခွင်အခန်းမှာတော့
အိပ်မက်ရိုင်းတွေနဲ့ ဆန်းလိုက်တာ ...။

အားလုံးအတွက် ကောင်းတဲ့ဆောင်း
ငါ့ ... အတွက်တော့ မဟောင်းတဲ့ အကြောင်းပါလား ...
အေးချမ်းခြင်း အပေါင်းက ဒဏ်ရာကိုမွှေတယ်
ငါ့ ... နှလုံးသားကို နာကျင်စေတယ် ...
သြော် ... ဆောင်း ... ဆောင်း ... ဆောင်း
ဘ၀ပြောင်းတောင် အတိတ်ဟောင်းက
အိပ်မက်အကြောင်းကို အရောင်မပြောင်းနိုင်ပါလား ...။

Monday, December 14, 2009

“မာယာသခင်”

ပြောင်းလဲခြင်း မိုးတိမ်တွေက
ရွေ့လျားတာ မြန်လိုက်တာ
လေအတွေ့တွေကြောင့်
ရေငွေ့တောင် ဘယ်ဆီနေရမှန်းမသိဘူး
ဝှေ့ကာ ၀င်အခတ် လိုက်ပါချင်နေလျက်မို့လား
မသက်သာသလိုအမှတ်နဲ့ လိုက်ရဲလိုက်တာ ...။

ဆူးများပါတယ်ဆိုတဲ့ နှင်းဆီ
အတွင်းဆီက ဘာတွေကြိတ်ကြံနေမလဲ
နှုတ်ခမ်းပါးပါးလေးမှာတော့
အပြုံးလေးတွေချိတ် သစ္စာတွေမတိတ်ပေမယ့်
ရင်တွင်းအရိပ်မှာတော့ ခြေချင်းချိတ်နေကြတယ်
ပန်ဆင်သူအခူး အရူးအမူးနဲ့
အဆူးလေးတွေတောင် တိမ်းညွတ်မူးလိုက်တာ ...။

အလည်လာတဲ့ လေပြေ
သစ်အိုတစ်ပင်ကို ရစ်ထွေး အချစ်တွေပေးပြီး
နားခိုဖူးကျေးဇူး အထွေအထူးကို
တသသပြော ဖွင့်ဟစောပေမယ့်
ကြာလာတော့လည်း အဝေးတရပ်ဆီပြေး
အတွေးခက်ဘီအရေးနဲ့
အတွင်းသဘော စိတ်မနောကိုက
သာယာမှု အကြောမှာ မျောချင်နေလိုက်တာ ...။

လှမ်းမယ်ကြံရှိသေး ပြေးသွားလိုက်တာ
နမ်းမယ်ကြံရှိသေး ရူးခါးလိုက်ပါဘိ
မတည်မြဲတဲ့ တိမ် နှင်းဆီအိမ်တွေက
လေပြေလိုဆော့မြူး တွန်ကျူးနေချင်ကြတော့
သစ်အိုပင်ခမျာလည်း စိတ်တိုချင်စရာပဲ ...
အခါတော်အပေးမှာ ကညာဖော်ရှောင်ပြေးလို့
နေညိုချိန်လေးဆို မျှော်မျှော်နေတတ်လိုက်တာက
ရော်ကာရင့်တော့မယ့် သူ့ဘဝ
သူ့ သင်္ခါရသာ လူမသိလေတော့
ပြုသမျှ နုလိုက်ရတော့မယ်
အပေါ်ယံစကားနဲ့ပဲပြော
အတွင်းစိတ်ရေရောတဲ့ “မာယာသခင်”ရယ် ...။

Thursday, December 10, 2009

ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ



နာကျင်နေတဲ့ ကောင်းကင်ရဲ့ရင်မှာ
အခါခါပြိုကျခဲ့ရတဲ့ စိတ်ဓာတ်တွေ
ဘယ်ချောင်မှာ သိုဝှက်ထားရမှာလဲ ...။

ပိုင်ဆိုင်ချင်တဲ့ မင်းရဲ့ ရင်ခုန်သံတွေတောင်
ဒီလိုလူသား မရထိုက်ခဲ့လို့လား
သူ့တပါးလက်ထဲ ဓားပြတိုက်ခံနေရတယ် ...။

လေထုထဲ ကြားခံအထပ်ထပ်ဖြတ်သန်းပြီးမှ
ရောက်သွားတဲ့ ချိုမြိန်တယ်ဆိုတဲ့ စကား
တည့်တည့်ဆိုင်ဆိုင် ပြောနေတဲ့ သူလောက်
လမ်းမပေါက်ဘူးဆိုတာ သိခဲ့သင့်တယ် ...။

ဂရုစိုက် ဖေးမချင်တယ် ဆိုရင်တောင်
ကမ္ဘာတွေ အထပ်ထပ်က လေဟာနယ်ဒြပ်တွေကြောင့်
နီးနေသူ လူတွေလောက်တော့ ချောင်းမပေါက်ခဲ့တာ အသေအချာပဲ ...။

မျှော်လင့်ရင်းချစ်ရတယ်ဆိုတာ
တကယ်တော့
ရှုံးမှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် သတ်နေတာ ...။
နစ်မှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် ဖျက်နေတာ ...။

ညစဉ်ညတိုင်း အရိုင်းအစိုင်းဆန်စွာ ငိုရှိုက်နေလည်း
အချိန်ကတ္တားက ဘ၀တခြားသို့
နာကျင်စွာကျောခိုင်းဖို့ပဲ ဖြစ်လာလိမ့်မယ် ...။

ဝေဒနာတွေ ရင်မြွှာအခြေမှာ ကပ်ဆိုက်လည်း
ငတ်မွတ်ခေါင်းပါးခဲ့တဲ့ ငါ့အချစ်က
ငါ့အပြစ်ကိုပဲ ကြိုးဆွဲချရတော့မလိုလို ...။

တခါသာ ချစ်ခဲ့ဖူးလည်း
ထာဝရ တည်စေမယ်ဆိုတာ
ငါကြွေတဲ့ တစ်နေ့မှ မင်းသိနိုင်ပါစေ ...။

မှန်မှန်းသိရက်နဲ့ ငါကြောက်ခဲ့၏ ...။
မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏ ...။
မရမှန်းသိရက်နဲ့ ငါချစ်ခဲ့၏ ...။
မနိုင်မှန်းသိရက်နဲ့ ငါစတေးခဲ့၏ ...။

တကယ်တော့လည်း
တောင်စွယ်နေကွယ်ရင်ဖြင့်
အနောက်ဘက်ယွန်းယွန်းမှာ
“အချစ်” ဆိုတဲ့ စကားနှစ်လုံးကို
ရာဇသံပေးလို့  သဂြိုလ်သွင်းရင်တောင်
“ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ”
ဘ၀တခြားမှာ သဘာဝတရားလို
သေစားသေစေ ခံစားစေမယ် ...။
~~~~~~~~~~~~
(နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေ။)

Tuesday, December 8, 2009

ရှိနေကြမယ်

ပြိုင်ဘက်ကင်း အလင်းနဲ့
ချစ်ခြင်းတွေ ရောယှက်
အပြုံးတခက် ဆက်တဲ့ရက်
နှုတ်ခွန်းချို တစ်မနက်မှာ
စကားတွေဆို လိုသလိုညှိဖို့
ပျားသကာလိုချို နှစ်ကိုယ်သာ အသိမို့
လူတကာမသိလေတောင်
ရင်မှာရှိနေကြမယ်
ထာဝရ  မပျက်သုန်းပဲ
သီကုံးကြမယ့် အချစ်ပုလဲလုံးတွေနဲ့ ...။

ဘာရယ်မဟုတ်ပါဘူး ရင်ထဲမှာ ရှိတာလေးကို ပြောချင်တာပါ။

Thursday, December 3, 2009

သုံးရာသီ တမ်းချင်း



“မိုး” တွေစွေတိုင်း
မျက်ဝန်းစိုစို
ပုလဲခိုလို့
အလွမ်းမပို ရပါစေနဲ့  မေ ...

“ဆောင်း” နှင်းဝေတိုင်း
ရင်ထဲမှာညို
အမုန်းပိုကို
မထွေးပိုက် ရပါစေနဲ့  မေ ...

“နွေ” နေပူတိုင်း
နှလုံးအိမ်ကို
ရူးသွပ်စေဖို့
မခံစား ရပါစေနဲ့  မေ...

“နွေ” နဲ့ “မိုး” “ဆောင်း”
ဘယ်လိုပြောင်းလဲ
ပျော်ရွှင်မှုတွေ
အစဉ်ထာဝရ
ခံစားစေဖို့
ဆောင်ကျဉ်းပေးလေ ... ချစ်သူရေ ...  ။

လွန်ခဲ့သော တစ်နှစ်ခန့်က ရေးခဲ့တဲ့ ကဗျာ လေးပါ...။

Friday, November 27, 2009

“နံနက်ခင်း ရဲ့ ဆောင်းသင်းရနံ့”




ငါ ... နိုးထတဲ့ ဒီနံနက်ခင်းမှာ
ဝရန်တာနံဘေး ခြေစုံငေးရင်း
အကြည့်တွေကို ဆန့်ထုတ် လိုက်တဲ့အခါ
တိုက်ခတ်လာတဲ့ လေဖြူးဖြူးလေးက
ဆောင်းအငွေ့အသက်တွေ ခြုံလွှမ်းလို့
ငါ့ ... ရင်ကို ရနံ့လေးတွေနဲ့ ၀င်တိုက်သွားတယ် ...။


သင်းပျံ့တဲ့ ဆောင်းသင်းရနံ့ကို
နှလုံးသားဖွင့်လို့ ရှုရှိုက်မိတော့
ခံစားလိုက်ရတဲ့ စိတ်ကူးအဆုံးမှာ
နင့် ... ပုံရိပ်တွေက လေညှင်းလေးနဲ့ မခြား
ငါ့ ... ရင်ကို နွေးထွေးစေလိုက်တာ ...။


“နွေး” ရယ် ... လို့ ...
တိုးတိတ်စွာ ငြီးမိတော့
ရင်ထဲမှာ ကြည်နူးလိုက်ရတာ ...
တကယ်တော့ ...
ငါ ... အမြတ်နိုးဆုံး နှလုံးသားမှာ
ထင်ဟပ်နေတဲ့ ပုံရိပ်မို့လား
နွေးထွေးတဲ့ ဒီနံနက်က
ငါ့ ... အတွက်တော့
တန်ခိုးရှင် ဖန်ဆင်းတဲ့
ပြီးပြည့်စုံတဲ့ နိုး ထ ခြင်း ပေါ့ ...။


ပိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။


ဒီလိုနဲ့ ...
အမြဲတမ်း လင်းတဲ့ နံနက်ခင်း
အမြဲတမ်း သင်းတဲ့ ဆောင်းလေးညှင်းနဲ့ အတူ
ငါ့ ... ရဲ့ ... အပြင်ဘ၀ထဲက
ရင်ခွင်ထံပါးသို့ တံခါးခေါက်လို့
အပြီးရောက်လာခဲ့ပါလား ...
နှလုံးသား အပိုင်စားပေးဖို့ဆို
ဆောင်းလေသင်းနံ့ ရနံ့မရှိလည်း
“နွေး” ဆိုတဲ့ တိုးရှိုက်သံက
ငါ့ ... နံနက်ခင်းတိုင်းကို လင်းလက်စေမှာ ...။
             ~~~~~~ 
မနေ့ညကပေါ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်က အက်စ်ဆေးလေးတခုကို သူ့ကောင်မလေးအတွက် ခံစားပြီးရေးထားတယ်တဲ့။ အဲဒါလေးကို “ကဗျာ” လေးတစ်ပုဒ်နဲ့ သီကုံးပေးပါလားဆိုလို့ သူ့အတွက် ရေးပေးပြီးတော့မှ ကြိုက်လွန်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။

Thursday, November 26, 2009

လမ်းဟောင်းလေး



နှင်းမြူဖြူဖြူ ချမ်းမြမြမှာ
အလင်းအထူတွေ ပိုက်ထွေး
နှစ်ယောက်အတူ ရေးခဲ့ကြတဲ့
လမ်းဟောင်းကလေး နံဘေး
ပန်းတောလေးကလည်း
ရနံ့မပျယ်သေးပါလား ...။

သစ္စာပန်းအပြုံးတွေမှာ
ကတိနှောင်ကြိုးတွေ ရစ်ထွေး
နှစ်ယောက်အတူ သီကြွေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
ခုံတန်းလေးလည်း
နဂိုအတိုင်း မပြောင်းလဲသေးပါလား ... ။

ပျော်ရွှင်မှုအတိတ်တွေမှာ
သံသာလေးတွေနဲ့ နှောင်ထွေး
နှစ်ယောက်အတူ တွေးခဲ့ကြတဲ့
လမ်းဟောင်းလေး ပေါ်ပြေး
ခြေလှမ်းကလေးတွေလည်း
အရိပ်လို ထင်နေဆဲပါလား ... ။

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သက္ကရာဇ်တွေနှောင်း
သက်ရှိတွေ အရောင်ပြောင်းလည်း
မပြောင်းလဲတဲ့ လမ်းဟောင်းလေးရေ ...

နှင်းတွေကြွေပြီး ပန်းတွေဝေ
မြေသင်းရနံ့တွေ ထုံသင်း
ကျေးငှက်တွေ ခုန်ခုန်ဆင်းကြတဲ့
လမ်းဟောင်းလေးရဲ့ ၀န်းကျင်မှာပဲ
မှုန်ဝေနေတဲ့ မျက်လုံးတစုံ
တုန်ရီနေတဲ့ လက်အစုံနဲ့
အငိုရှိုက်သံတွေ အဆုံးမှာ
ကဗျာ တစ်ပုဒ်ကို
ဒဏ်ရာတွေ ချုပ်ဖို့
အစာသွတ်ခွင့်ပြုပါတော့လေ ...။

Monday, November 23, 2009

မျှော်လင့်ရင်းရူး



မျှော်လင့်ချက် ကမ်းနဖူးမှာ
အလွမ်း ရဲ့ခတ်သံကို
စောင့်ရင်းရူးနေရတဲ့...ငါ
လေပြေရိုင်းရဲ့ ပွတ်တိုက်သံက
မဆီမဆိုင်နဲ့ လူကိုယိုင်အောင်
လာလာ ခနဲ့တယ် ...။

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့  ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။

ဘယ်သူသိနိုင်မှာလဲလေ ...။

နတ်မဖွက်တတ်တဲ့ အချစ်ဆိုတာ
အရောင်ကင်းလှတာမို့
အလင်းမရှိတဲ့ နေ့ဆိုတာ
တရံတခါပဲ ရှိတတ်တာမို့
အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
 မျှောင်လင့်ရင်းရူး နေတော့မယ် ...။
~~~~~~~~~~

ပုံကို ဒီ ကနေယူပါ၏။

Friday, November 20, 2009

ဒွိဟ ... မိုး


“ ဒွိဟ ... မိုး ”

မိုးမြူမှုန်တွေက
နှလုံးအိမ်ကို ပက်ကျဲ
အလွမ်းတွေရဲခဲ့လို့လား...
ေ၀၀ါးနေတဲ့ စိတ်အမှောင်တိုက်မှာ
ချောင်ပိတ်လို့ အရိုက်ခံလိုက်ရပြီ ...။

အပြင်မှာ ပြိုမလိုနဲ့
ရင်ထဲမှာရွာနေတဲ့ မိုးတွေ
မစွေပဲနဲ့ သည်းလိုက်ပါတော့လား..
ရင်ခွင်တ၀ိုက် နေရာလပ်မှာ
ဒဏ်ရာတွေ ထပ်မစိုက်ပါရစေနဲ့တော့ ...။

အငိုက်မိလိုက်တဲ့ အရှိုက်နဲ့
တိုက်မိလိုက်တဲ့ တိမ်တိုက်တွေ
မိုးရေတွေကို စုပ်ယူလိုက်ပါတော့လား ...
ထုံကျင်နေတဲ့ ပစ္စုပ္ပန်မှာ
အနာတရနဲ့ ရှတတမဖြစ်ချင်တော့လို့ပါ ...။

တကယ်တော့လည်း
စဲသွားတဲ့ မိုးရေနဲ့
ကြဲသွားမယ့်အလွမ်းတွေတောင်
ဒွိဟစိတ်နောက် တကောက်ကောက်လိုက်လို့
နောက် နေတဲ့ ရင်ခွင်မှာ
ကြောက်နေခဲ့ရတာလေ
ခမ်းခြောက်သွားမယ့် နှလုံးသားကိုပေါ့ ...။

ပုံလေးကို ဒီ ကနေယူပါ၏။

Thursday, November 19, 2009

“နတ်သမီးအတွက် ကဗျာ”

ဒီကဗျာလေးကို အစ်မ အဖြူရောင်နတ်သမီး ရဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ (ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် ရေးစပ်ပေးထားတာပါ။
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာလေးကို လက်ခံပေးပါ။
မွေးနေ့ရှင်အစ်မအတွက် ကျွန်တော့်ဘလော့ဂ်မှာ ဤကဗျာလေးဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
~~~~~~~
“နတ်သမီးအတွက် ကဗျာ”


အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။

ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။

နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့  ... ။

နတ်သမီးပေမယ့် တချက်မငြီးခဲ့ပါဘူး ... ။

လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။

အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။

ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။

သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။

ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။

ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
~~~~~~~~
ခင်မင်လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

Thursday, November 12, 2009

“ကမ္ဘာကြွေမယ့် တစ်နေ့ရောက်ခဲ့ရင်”

အမှန်ကို ၀န်ခံပါသည်။ တခါမှ တက်ဂ်မခံရဖူးပါ။ ပိုဆိုးတာက ဒီခေါင်းစဉ်.. ဒီအကြောင်းကို မေ့ထားတာ  (ကြောက်လို့)။ ကျွန်တော့်ကို တက်ဂ်ဖော်ရတဲ့ ကိုဏီလင်းညို (ဒုက္ခပေးဖော်လည်းရတယ် .. စတာနော်)ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောပါရစေ...။ ကျွန်တော် တက်ဂ်ပို့စ်တခါမှ မရေးဖူးတဲ့အတွက် အမှားများပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြိုပြီးတောင်းပန်ပါရစေ။ တတ်နိုင်သလောက်ကို ကြိုးစားပြီး ... ရေးပေးလိုက်ပါတယ်။
နောက်ပြီး ကျွန်တော်စိတ်ကူးတွေပုံဖော်ခဲ့တဲ့ ဒီဒိုင်ယာရီလေးမှာ ခုလိုမျိုး ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံ ခွင့်ရလို့ အရမ်းကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်။
~~~~~~~~

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်ပေါ့လေ ...

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…

ကျွန်တော် ရှိနေချင်တာက ကျွန်တော်ချစ်တဲ့ မိသားစုနဲ့အတူပါ။ ဆိုးတူကောင်းဖက်နဲ့ အတူတူအခြေချခဲ့ပြီးမှ ကြွေလွင့်ရမယ်ဆိုလည်း အတူတူ ကြွေလွင့်ချင်ပါတယ်။ အတူတူရင်ဆိုင်ချင်ပါတယ်။ ကျွန်တော်တို့ မိသားစုက ဆွေမျိုးကင်းပါတယ်။ လိုရင်လာတတ်ပြီး မလိုရင် စိတ်ကူးထဲတောင်မထည့်တဲ့ ဆွေမျိုးတွေကို လျစ်လျူရှုထားတာ ကြာခဲ့ပါပြီ။ အောက်ခြေကစပြီး ထူထောင်လာခဲ့ရတဲ့ မိသားစု သက်တမ်းမှာ ကိုယ်တိုင်ပါဝင် ခံစားခဲ့ရတဲ့ အတွက် နောက်ဆုံးခရီး ဆိုရင်တောင် ဒီမိသားစုနဲ့ပဲ ကျော်ဖြတ်ချင်ပါတယ်။

(၂) ဘာတွေခံစားနေရလဲ…

ခံစားနေရတာတော့ ပိုပြီးသာယာပျော်ရွှင်မယ့် မိသားစုတစ်စု (ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်အပေါ် အနိုင်ယူလွန်းအားကြီးတဲ့ ကောင်မလေးနဲ့အတူ) မဖန်တီးနိုင်ခင်မှာ ပျက်သုဉ်းရမှာကိုပဲ။ နောက်ပြီး ရည်ရွယ်ချက်တခုနဲ့ ခွဲခါလာခဲ့ပြီးမှ မပြည့်စုံပဲ တန်းလန်းကြီး ထွက်သွားရမှာကို နှမြောနေမိတယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ…

ပြင်ဆင်သင့်တာတွေကတော့ အများကြီးပါ။ ရတနာသုံးပါးကို နှလုံးသွင်းတတ်ဖို့။ ကုသိုလ်ကောင်းမှုကို တတ်နိုင်သလောက် လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတိုတောင်းလှတဲ့ ကျန်ရှိတဲ့ အချိန်လေးမှာ သူတဖက်သားအပေါ်ကို အပြစ်မလုပ်မိဖို့လည်း ပိုအရေးကြီးပါတယ်။ နာကျည်းစရာတွေရှိရင် မေ့လိုက်မယ်။ မုန်းလောက်မယ့် သူတွေရှိခဲ့ရင်လည်း အဆုံးထိတိုင် ခွင့်လွှတ်လိုက်မယ်။ ရိုးသားတဲ့ဘ၀လေးနဲ့ပဲ တတ်နိုင်သလောက် ရှေ့ဆက်မယ်။

(၄) ၀မ်းနည်းမိမှာက…

ဝမ်းနည်းမိမှာကတော့ မိဘကျေးဇူးကို ဆပ်ရမယ့် အချိန်တွေ တိုသွားလို့ပါ။ ယုံကြည်ချက်တခုနဲ့ မဖြစ်ဖြစ်အောင် လျှောက်လာခဲ့ပြီး မိဘရဲ့ အကူအညီကို ခုထိတောင်းခံနေရတဲ့ အတွက် အပြစ်တခုလို ခံစားနေရတဲ့အချိန်မှာ မိဘကို လုပ်ကျွေးပြုစုဖို့ အချိန်တွေနည်းသွားလို့ပါ။ နောက်ပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာပါ ကွယ်ပျောက်သွားခဲ့မယ်ဆိုရင်တော့ အရမ်းဝမ်းနည်းမိမှာပါ (ကမ္ဘာပျက်သုဉ်းရင်တောင် ဗုဒ္ဓဘာသာကို အရှည်တည်တံ့နေစေချင်ပါတယ်) ။

(၅) ကြောက်လန့်မိတာက…

ကြောက်လန့်မိတာက သိပ်မရှိပါဘူး ... သေရမှာ တခုတည်းပါး) ။ သေရင်တော့ အားလုံးထက်အရင် သေသွားချင်ပါတယ်။ ကျွန်တော်က နှလုံးသားနုတယ်။ အော်ပြီးငိုယိုနေကြတဲ့ လူသားတွေအားလုံးကို မမြင်ချင်ပါဘူး။ နှလုံးသားရပ်ပြီး သေသွားမှာတော့ကြောက်တယ်။ အဟီး အဲဒါကြောင့်း) ။

(၆) ဆောင်ထားချင်တာ…

ဆောင်ထားချင်တာက ကျွန်တော်တို့ ယုံကြည်ကိုးစားရတဲ့ ရတနာသုံးပါးပါ။ နောက်ပြီး လောကမှာ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး “ပျက်ချိန်တန်လို့ ပျက်တယ်” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမလေးတခုပါ  (ပြောတာပြောချင်တာ သေချာမပြောတတ်လို့ဗျ) ။

(၇) ဘာတွေရေးမိမလဲ…

ရေးမိမှာကတော့ ကဗျာတွေပါပဲ။ ကဗျာကို အသက်လောက် ချစ်မြတ်နိုးတဲ့အတွက် ကဗျာတွေကိုပဲ ထုဆစ်မိနေအုန်းမှာပါ။ ကျွန်တော့်ကို တခြားအရာနဲ့ ဆွယ်လို့နေနိုင်ပေမယ့် “ကဗျာ” နဲ့ဆွယ်ရင် ကောက်ကောက်ပါအောင်လိုက်မိမှာ သေချာတယ်း) ။

(ဂ) တွေးမိတွေးရာ...

ကျန်ရှိတဲ့ အချိန်လေးကို ကြိုးစားမယ်။ ကောင်းကောင်းစားမယ်။ ကောင်းကောင်းနေမယ်။ မည်သူ့အပေါ်မှ ကာယကံ ၊ ၀ဇီကံ ၊ မနောကံ တို့ဖြင့် မကျူးလွန်မိအောင် နေထိုင်သွားမယ်။ ဘုရားတရားကို အချိန်ပေးပြီး လုပ်သွားမယ်လို့တော့ စဉ်းစားပါတယ်။

(၉) ဂုဏ်ယူချင်တာက…

ယခုဘ၀မှာ လူလာဖြစ်ရတာကို ဂုဏ်ယူချင်ပါတယ်။ ခံစားတတ်တဲ့ နှလုံးသားတစုံလည်း ရရှိခဲ့တယ် (အဲဒါကြောင့် ကဗျာတွေရေးနိုင်ခဲ့ရတာကိုး) ။ ပျော်ရွှင်မှုရသ အ၀၀ကိုလည်း ခံစားခဲ့ရတယ်။ ၀မ်းနည်း ကြေကွဲမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ လူဆိုတဲ့ အတန်းအစားရဲ့ ခံစားရမှု အစုံစုံကို ခံစားခဲ့ရလို့ပါပဲ ။

(၁၀) ရှာကြံဖြေသိမ့်မိတာက…

တော်သေးတာပေါ့ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကိုခံခဲ့ရလို့ (လူပျိုကြီးဖြစ်သွားမှာ တော်တော်ကြောက်နေတာ :P) ။ ကောင်မလေးက လက်ခံရင် ပျော်ရွှင်ရမယ့် မိသားစုလေးကို ဖန်ဆင်းဖို့ အချိန်ကျန်နေသေးလို့ (သိပ်တော့မကျန်တော့ဘူးနော် အဟီးဟီး ငိုချင်လာပြီနော် ) ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း...

ကျူးရင့်ချင်တာကတော့ ကဗျာလေးတပုဒ်နဲ့ပေါ့ (ကဗျာရူးဖြစ်နေလို့ပါ သီးခံကြပါနော်)

ကမ္ဘာ...ကမ္ဘာ...ကမ္ဘာ
သူ့ နှလုံးသားကို အမှီပြု
ငါတို့ပေါက်ဖွားခဲ့တယ် ။


သူ့ သယံဇာတကို တူးယူ
ငါတို့ တည်မြဲယူခဲ့တယ် ။


သူ့ ၀မ်းတွင်းကျွမ်းလောင် 

ပြိုပျက်အောင်လို့
ငါတို့ အပြစ်ဆောင်ခဲ့တယ် ။


သူ့ အရိပ်အောက်မှာနေ
သူ့ အခက်ဘယ်လိုချိုးချိုး
ငါတို့စေရာ သူခံခဲ့တယ် ။


သူကတော့ ခွင့်လွှတ်သီးခံ
စိတ်ရင်းမှန်နဲ့
ငါတို့ကောင်းကြောင်း
သွန်းလောင်းပေးခဲ့တယ် ။


ငါတို့ ကတော့ သူ့ကို
လျစ်လျူရှုလို့ အပြစ်တွေပြုခဲ့တယ် ။


ခုမှ သူ့ကို သတိရကြောင်း
စာတွေလောင်းလည်း
သူအကြောင်းက မကောင်းတော့ဘူး ။


သူငိုနေတယ်
ဝမ်းသာလို့လား ၀မ်းနည်းလို့လား
အဖြေရှာမရတဲ့ ဝေဒနာဘ၀နဲ့
သေချာတာက
သူခေါ်ဆောင်သွားတော့မယ် ။


ငါတို့ မလိုက်ချင်လည်း
လိုက်ပါရတော့မယ် ။


ငါတို့ကို ချစ်ခဲ့တဲ့ သူ့ကို
ငါတို့ ပြန်ချစ်ကြပါစို့ ။


အခုတော့
ငါတို့အားလုံး
ကမ္ဘာကြီးကို တောင်းဆုခြွေကြမယ် ။


“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ကြွေလွင့်မသွားခင် အထိလေ
  ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ငါတို့နဲ့အတူ ရှိပါစေ ”


(ကိုငှက်ရဲ့ သီချင်းကို ဖျက်လိုက်မိတာ အားလုံးကို တောင်းပန်ပါတယ်ဗျာ)
~~~~~~~~~
အားလုံးကို ခင်မင်လေးစားလျက်...
     ညရဲ့ကောင်းကင်




Tuesday, November 10, 2009

“အင်အား”



ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့  ကတိုးတက်
တချို့  ကစိတ်ပျက်ကြတယ် ...

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး...

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။

Sunday, November 8, 2009

☺ ငါ့ရဲ့ လမင်း ☺





ရှင်းသန့်တဲ့ ရင်ခွင်မှာ
အစဉ်ထွန်းလင်းနေတဲ့ လမင်း
ပြည့်ဖြိုးနေလိုက်တာက
လှရက်လိုက်တာ ... ။

မဟူရာညပေမယ့်
မတူတာတခုကတော့
နင်ဖြန့်ကျက်တဲ့ အလင်း
ငါ့ရင်ကိုခင်းထားတာက
လွမ်းမောလိုက်တာ ... ။

အရာရာ တိတ်ဆိတ်နေပေမယ့်
အလိုက်မသိတာက ... ငါ
ရှိုက်မိတဲ့လေထုနဲ့တောင်
ဝင်သက်ထွက်သက် မမျှသလိုနဲ့
သန်းခေါင်ယံညဉ့်အဆင်းမှာ
အသူရာတွေစစ်ခင်းသလို
အမူအရာတွေပစ်သွင်းရင်း
အငိုက်မိတဲ့ နှလုံးသားနဲ့
ငါ ... မောက်မားမိခဲ့တာပေါ့ ... ။

ဒါပေမယ့်လည်း
ရင်ထဲကလမင်းမို့
အပြစ်ကင်းတဲ့ မြှားတစင်းကို
နင့် ရင်တွင်းသို့
ချစ်ခြင်းစေတမန်နဲ့
ဖြစ်ခြင်းတွေ အစီရင်ခံလိုက်မယ်
နင့်ရဲ့  ...
နှလုံးသားကို
ငါ့ဆီ ...
တဖန် ပို့လွှတ်လှည့်ပါ ... ။

Friday, November 6, 2009

သခင်


တွယ်ငင်ရစ်သည့်
နှောင်ကြိုးမျှင်ဖြင့်
ပတ်ကာထားသည့်
သံယောဇဉ်မျိုး
ရင်၌ပျိုးသည်
သခင်သိပါလေစ ။

လွန်ခိုင်မြဲသည့်
စကားထွေနှင့်
ချိုမြိန်လှသည့်
အချစ်နွံမျိုး
ရင်၌ကျွံသည်
သခင်သိပါလေစ ။

သခင်စိတ်ဖောက်
ကောက်မှာစိုးလို့
စိုးကြောက်ရင်ထဲ
မ၀ံ့ရဲပဲ
ဆိတ်ဆိတ်ငြိမ်သက်
သခင့်တွက်ဆို
နေ့ရက်မတွက်
ပေးဆပ်ရက်သည်
သခင်သိပါလေစ ။

သခင့်ရိပ်နှင့်
ကျွန်ုပ်စိတ်ဒွန်တွဲ
လွန်ဆွဲမိတောင်
တရက်သော်မှ
မျက်တော်မရှ
အပါးတော်မြဲ
နေရဲချင်သည်
သခင်သိပါလေစ ။

သခင်မုန်းလို့
ရှုံးသွားရင်လည်း
လုံးမပါးပဲ
နှလုံးသားကို
အပြုံးများနဲ့
ပေးဆပ်ရဲသည်
လိုရာပြုဖို့
ထုဆစ်ပါတော့
အို ... သခင်ရယ် ... ။

Tuesday, November 3, 2009

ကြောက်တတ်လာတယ်


မင်းပြောခဲ့တဲ့ စကား
တလုံးတပါးမှတောင်
အမုန်းမပွားခဲ့ဖူးပါ...
မင်းစေလိုရာစေ
နေလိုရာနေခဲ့တယ်... ။

ကြာပဒုမ္မာလို
ရေတကာလယ်မှာ
တင့်တယ်ချင်ပေမယ့် ...
ဒီကောင့် ...
နှလုံးသားရင်မှာတော့
ပြေလည်အောင်
သောင်ထွန်းခဲ့ရတယ် .... ။

ပန်းပွင့်ကြွေတိုင်းလည်း
မကောက်ခဲ့ဖူးပါ ... ။
လေပြေစေတိုင်းလည်း
မရောက်ခဲ့ဖူးပါ ... ။

ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ... ။

ဆုံးရှုံးမှာစိုးလို့
နာစရာရှိတောင်
ရင်ခွင်တွင်းနက်မှာပဲ
ပျိုပျက်ခဲ့တယ် ... ။

ဒါနဲ့တောင် ...
ဟန်ဆောင်စကားတွေနဲ့
ဒီကောင့်နှလုံးသားကို
မိုင်ကုန်မောင်းခဲ့ရက်တယ် ... ။

ဒီလိုနဲ့လေ ...
နှလုံးသားကရလာတဲ့
အဆိုးရွားဆုံးရလဒ်ကတော့
ဒီကောင်လေ ...
ကြောက် ... ကြောက်တတ်လာတယ် ... ။

Sunday, November 1, 2009

မဆုံးမယ့် အတွေးများ


နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝ
ဘယ်ကာလရွေ့ပြီမသိ
ပန်းမန်တွေကတော့
သူ့ဖာသာ အလှဆင်တတ်သားပဲ...
ဝင်ခါနီးနေမင်းတောင်
တောက်ပမှုတွေနဲ့
နှုတ်ဆက်လုလုပါလား...

ပုံမှန်လှုပ်ရှားမှုနဲ့
ရှင်သန်လူသားထုတွေကတော့
ကမ္ဘာမြေလှပမှုကို
အသေအချာ သတိမပြုမိတာ ကြာလှပေါ့...

တခါတခါ
အလှအပသဘာဝကို
အကျအနခံစားချင်လို့ပေါ့...
စိမ်းလန်းမှု တောအုပ်ထဲက
တိတ်ဆိတ်တဲ့ ညနေတွေမှာ
တယောက်တည်းကြိတ်လို့
အသက်ရှုသံကို ကာရန်လုပ်
သံစဉ်တပုဒ်တော့
ဟန်လုပ်ချင်ခဲ့တာလေ...

တကယ်တော့လည်း
ဆုတ်ဖြဲခဲ့တဲ့ ပြက္ခဒိန်တွေရဲ့အောက်မှာ
ပိုင်ဆိုင်မှုနဲ့ထပ်တူ
လွတ်လပ်မှုတွေကျဆုံးခဲ့ရတယ်လေ...

ဒီလိုနဲ့ပဲ...
အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...

ဒဏ္ဍာရီ ဆန်လှတဲ့
ကြယ်စင်မောင်နှံကိုလည်း
ဖွေရှာမတွေးမိတာ တခါမကပြီ ...

ရင်မှာတွေးမိတဲ့
မဟာအတွေးတွေကိုလည်း
အသေအချာမရေးမိတာ
ဘယ်အချိန်ဘယ်ကာလဆီ ။

သြော်... ဒီနေ့ညဉ့်က ဘာလို့ဒီလောက်နက်ရတာလဲ.... ။

(မမိုးခါးဧ။် မဆုံးမယ့် အတွေးစုကို ကဗျာအဖြစ် ဖြစ်တည်သည်။)
ပုံ ။ ။ ခွင့်ပြုချက်ဖြင့်သာ ကျွန်တော့်ဧ။် ဘလော့ဂ်၌ တင်ပါဧ။်။