Saturday, January 16, 2010

“နာကျင်မှုတို့ဖြင့် အိပ်မက်မြစ်ဖျားခံရာ နှလုံးသားရပ်ဝန်း”






  မှိုင်းညို့ညို့ ကောင်းကင်ရဲ့ အနောက်ဘက် ယွန်းယွန်းမှာ ထိုးထွက်ကာနေတဲ့ မိုးသားတိမ်စိုင်တွေက ညကို အမှောင်တိုက်ထဲသို့ ရိုက်သွင်းလိုက်၏။ ကောင်းကင်၏ ထောင့်အစွန်းတဖက်မှ မိုးစက်လေးတွေကလည်း တဖွဲဖွဲနဲ့ တဖြည်းဖြည်းခြင်း ကျဆင်းလာကြ၏။ ဒီလိုနဲ့ပဲ ကောင်းကင်ရဲ့ စိန်ခေါ်မှုကို မိုးမင်းက လက်ခံလိုက်သည့် အလား ၀ုန်းကနဲ ကျဲချပစ်လိုက်တဲ့ အခိုက်မှာ သစ်ရွက်လေးတွေက လေကြမ်းကြမ်းရဲ့ ရက်စက်မှုကြောင့် ခင်မင်တွယ်တာခဲ့ရသည့် မိခင်သစ်ပင်မှ မကြွေချင်ကြွေချင်နှင့် မြေခရရှာ၏။ မလုံတလုံ သစ်ပင်တစ်ပင်၏ အောက်မှာတော့ မိုးစက်တွေကို ထီးတချောင်းနှင့် တင်းခံရင်း ခိုက်ခိုက်တုန်နေရှာတဲ့ လူတစ်ယောက်.. ဟိုး... အဝေးခပ်လှမ်းလှမ်းကို ဂဏှာမငြိမ်တဲ့ မျက်လုံးတစ်စုံနဲ့ လမ်းမျှော်ကြည့်နေလေရဲ့။

  “တောက်... တော်တော်ဆိုးရွားတဲ့မိုး” ... ကောင်းကင်ကို မကျေမနပ်နဲ့ ကြည့်ပြီး  ပြောမိလိုက်ပေမယ့် ကျွန်တော့် ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေ တဖြည်းဖြည်း တိုးလို့သာလာခဲ့ပါသည်။ “မြတ်နိုး ဒီအချိန်ဆို အလုပ်ကဆင်းသင့်နေပြီ... ဘာလို့နောက်ကျနေတာလဲကွာ ကို ဒီမှာစောင့်နေမယ်လို့ ပြောထားရဲ့သားနဲ့” .... စိတ်ပူစွာနဲ့ စိတ်ထဲက တိုးတိုးလေး ကျွန်တော် ရေရွတ်မိလိုက်၏။ မြတ်နိုးက တော်တော်ခက်တဲ့ ကောင်မလေး .. အလုပ်ရှိသေးရင်လည်း နောက်နေ့မှလုပ်ပေါ့ ... ကျွန်တော် ပြောထားပြီးသား အရမ်း မိုးချုပ်အောင် မနေနဲ့လို့။ ကျွန်တော်သူ့ကို အခုလိုပြောတိုင်း သူက “ဟုတ်ကဲ့ပါ..ကိုရယ်” လို့ အသည်းယားချင်စရာ ကောင်းလောက်အောင် ရယ်ပီးပြောတတ်သူ။ အဲဒီပုံစံလေးတွေကြောင့်လည်း ကျွန်တော်သူ့ကို အသက်လောက် ချစ်နေရတာလေ။

  မြတ်နိုးက ကွန်ပြူတာ ထရိန်နင်းစင်တာ တစ်ခုမှ ပရိုဂရမ်မင်းသင်တဲ့ ဆရာမလေး တစ်ယောက်။ ကျောင်းပြီးလို့ သူသိပ်နှစ်သက်တဲ့ ဆရာမအလုပ်ကို စေတနာတခုတည်းနဲ့ ပျော်ပျော်ရွှင်ရွှင် ၀င်လုပ်နေတဲ့သူလေ။ ထူထဲပြီးနက်နေတဲ့ မျက်ခုံးလှလှလေးအောက်မှာ ကြည်လင်တဲ့ မျက်ဝန်းလေးတစုံကို ပိုင်ဆိုင်တဲ့သူ။ ဖြောင့်စင်းပြီး သွယ်တန်းနေတဲ့ နှာတံလေးကလည်း နှုတ်ခမ်းဖူးဖူးလေးနဲ့ လိုက်ဖက် ည်ီလွန်းအောင်ကို လှပနေတဲ့သူလေးပါ။ သူရယ်လိုက်တိုင်း ကျွန်တော့်နှလုံးသားတွေ တဒိတ်ဒိတ်နဲ့ အခုန်မြန်စေလိုက်တာဗျာ။ နေ့စဉ်နေ့တိုင်း သနပ်ခါးပါးပါးလေးကိုပဲ အမြဲစွဲမြဲစွာ လိမ်းကျံတက်သူ။ ကျွန်တော်အတွက်တော့ ပြောရက်စရာမရှိအောင်ကို လှရက်လွန်းသူ ကျွန်တော့်ဘ၀ရဲ့ ဖန်တီးရှင် နတ်သမီးလေး တစ်ပါးပေါ့...။

  အဝေးဆီက လှုပ်လဲ့လဲ့ အရာတခုကြောင့် အတွေးစတချို့ကို ကျွန်တော် ဖြတ်လိုက်ရ၏။  ဟော... မိုးစက်မှုန်ဝါးဝါးအောက်မှာ ကျွန်တော့်ဆီကို တရွေ့ရွေ့ လှမ်းလာနေတဲ့ အရိပ်ပါးပါးလေး တခုပါလား။ မိုးရွာနေတယ်ဆိုတာကို ကျွန်တော်မေ့သွားမိပြီး မိုးစက်တွေမဆိုအောင် ကာကွယ်ပေးထားခဲ့တဲ့  သစ်ပင်ကြီးကို ကျေးဇူးတောင် မတင်လိုက်မိဘူး အပြေးတပိုင်း ပြေးထွက်လိုက်မိ၏။ မြတ်နိုးရဲ့ မျက်နှာက အလိုမကျဟန်ဖြင့် လှမ်းအော်လိုက်သည်...  
  “ကို မိုးတွေရွာနေတယ်လေ မသိဘူးလား” ဟုတ်ပါရဲ့ ကျွန်တော် မေ့သွားတာလေ။ ထီးကိုလက်က ကိုင်ထားပြီး မဆောင်းလိုက်မိဘူး။ ကျွန်တော်သူ့ကို ရယ်ပြလိုက်မိသည်။

 “ဆော်ရီး မြတ်နိုးကိုမြင်တာနဲ့ အရာအားလုံးကို မေ့သွားမိလို့ပါနော်။” 
 “ဟွန်း.. ကို့ကို ပြောလိုက်ရင်ဒီလိုပဲ... လာလေ... သစ်ပင်အောက်မှာ ခဏမိုးခိုရအောင် မိုးဒီလို သည်းနေတာကို ဆက်သွားရင် ရွှဲကုန်လိမ့်မယ်” ...
သူ့ပါးစပ် ကလည်းပြောတယ် .. ကျွန်တော့် လက်ကိုလည်း ဆွဲခေါ်ပြီး ခုနကရပ်ခဲ့တဲ့ သစ်ပင်အောက်ကို ၀င်ရပ်လိုက်ကြ၏။။ ကျွန်တော်ခေါင်းက ရေတွေကို တယုတယနဲ့ သုတ်ခါပေးပြီး ဖြေးဖြေးချင်း ပြောလိုက်တဲ့ သူ့ရဲ့ စကားလေးတွေကြောင့် ကျွန်တော်ရင်ထဲမှာ အေးချမ်းပြီး ကြည်နူးသွားမိ၏။

  “ကို...မြတ်နိုးကို တော်တော်ချစ်တာပဲနော်.. မိုးတွေ ဒီလောက်ရွာနေတာ မလာတော့ဘူးတောင် ထင်နေတာ... ဒါပေမယ့် ကို့စိတ်ကိုသိတယ်လေ... ကိုကပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တက်တဲ့သူ .. တခါတလေ အရမ်းတယူသန်တဲ့သူ .. ဟုတ်တယ်မလား”
ပြောနေတာကိုက အသည်းယားစရာလေး ...  ကျွန်တော် ဘာမှမပြောပဲ မြတ်နိုးကို စိုက်ကြည့်လိုက်ပြီး ဆတ်ခနဲဆို သိုင်းဖက်လိုက်သည်။

   “မြတ်နိုး အတူတူနေချင်ပြီကွာ ကိုလေ မြတ်နိုးကို ဒီလို လွှတ်မထားချင်တော့ဘူး.. သိပ်လည်းစိတ်ပူတယ်.. ဒီလိုနေ့မျိုးဆို ကိုမလာနိုင်ရင် မြတ်နိုး တယောက်တည်း ပြန်ရမှာလေ... စိတ်ပူတယ်ကွာ အတူတူ နေကြရအောင်နော်”

  “မြတ်နိုးလည်း ကိုနဲ့ အတူတူ နေချင်တာပေါ့.. ဒါပေမယ့် မြတ်နိုးတို့က ရည်ရွယ်ချက်တွေ မပြည့်စုံသေးဘူးလေ... နောက်ပြီး အဖေ့ကို ပြောရမှာလည်း ကြောက်တယ်...”

  “မြတ်နိုး .. ကို .. ပြောတာ သေသေချာချာ နားထောင်ပေးနော် ... ကို  .. ခုနိုင်ငံခြားက ပြန်လာတာ မြတ်နိုးနဲ့ လက်ထပ်ဖို့လေ .. ကို  စုထားတာလေးတွေလည်း အတော်အသင့်တော့ ရှိနေပြီလေ .. ကိုတို့ ရည်ရွယ်ထားတဲ့ ကျွန်ပြူတာနဲ့ အီလက်ထရွန်းနစ် သင်တန်းကျောင်း သေးသေးလေးဖွင့်ပြီး တဖြည်းဖြည်းနဲ့ တိုးချဲ့ သွားကြမယ်နော် ... မြတ်နိုးလည်း ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ဆက်လုပ်လို့ ရတယ်လေ  ... ကိုတို့  သင့်လျော်တဲ့ အခြေအနေလေးတစ်ခုတော့ ဖန်တီးနိုင်မှာပါ။  ကိုတို့ အတူတူကြိုးစားရင်း ပျော်၇ွှင်တဲ့ မိသားစုဘ၀လေးကို ထူထောင်ကြမယ်လေ ... နော် ... မြတ်နိုး ...  လက်ထပ်ကြရအောင်နော်”
ကျွန်တော် ကလေးလေး တယောက်လို သူ့ကို အတင်းပူဆာနေမိတော့သည်။ သူ့ကိုမှ ကျွန်တော် ထပ်မခွဲနိုင်တော့တာလေ။

  ဟင်းးးး ... သက်ပြင်းတချက်ကို သူခိုးချလိုက်တယ်ဆိုတာ ကျွန်တော် သိလိုက်ပါသည်။ ဒါပေမယ့် သူ ဆုံးဖြတ်လိုက်တဲ့ မျက်နှာနဲ့ ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ...   
  “ဟုတ် မြတ်နိုးတို့ ထက်ထပ်ဖို့ကို အိမ်ကိုပြောကြည့်ပါမယ်.. အိမ်က ကို့ကို လက်ခံတယ်ဆို လက်ထပ်ကြမယ်နော်”

  ကျွန်တော် အရမ်းပျော်သွားတယ် ... ဟေးးးးးးးးးးးးးးးးးးးး ... လို့ဝမ်းသာအားရ အော်ဟစ် ပစ်လိုက်တယ်။ ကျွန်တော်သူ့ကို ပိုတင်းကျပ်အောင် ဖက်လိုက်မိပြီး သနပ်ခါးရနံ့လေးတွေ ထင်ကျန်နေဆဲ ရှိနေသေးတဲ့ ပါးပြင် အေးအေးလေးပေါ်ကို အနမ်းလေးတွေ ဝေဆာပစ်လိုက်တာပေါ့။  သူကတော့ ရှက်ရွံစွာနဲ့ ခေါင်းကလေးငုံပြီး ကျွန်တော့် ရင်ခွင်ထဲကို ခေါင်းလေယှက်ဝင်လိုက်၏။ သစ်ပင်ကြီးကတော့ အလိုက်သိစွာနဲ့ မသိချင်ယောင် ဆောင်ပေးသလိုနဲ့ ခိုးခိုးကြည့်ပြီး အားကျနေတယ်ထင်ပါ့။ မိုးမင်းကြီးကလည်း သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကို ကြည့်ပြီး မိုးစက်တပ်သားတွေကို ပြန်လည်ခေါ်ယူပေးသွား၏။ ညရနံ့တို့ဖြင့် ထုံသင်းမွှေးပျံ့နေသော အခါသမယမှာ ကြည်နူး ပျော်ရွှင်နေကြသည့် ချစ်သူနှစ်ယောက် ခိုင်မြဲတဲ့ လက်တွေကို ဆုပ်ကိုင်ပြီး သူတို့ မျှော်လင့်ထားတဲ့ သာယာတဲ့ ဘ၀လေးကို ထူထောင်ဖို့ ယုံကြည်ချက်တွေ အပြည့်နဲ့ ရဲရဲလှမ်းထွက်သွားကြ၏။ ကြည်လင်ဝင်းပတဲ့ လမင်းကြီးက မိုးရေတွေ စွတ်စိုနေတဲ့ လမ်းလေးပေါ် အလင်းရောင်တွေ ဖြန့်ကျက်ပေးရင်းနဲ့ ညရဲ့အလှကို ပိုပြီးတင့်တယ်စေခဲ့ပြန်၏။
~~~ @@@ ~~~

   တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်ကြီးပင်အိုတို့ အုပ်အုပ်ဆိုင်းဆိုင်းဖြင့်  အေးချမ်းတဲ့ နေရာလေးတနေရာ ... ဒီနေရာလေးက တရားဓမ္မတို့ဖြင့် မွေ့ပျော်နေသော သူတော်ကောင်း ရဟန်းတို့နှင့် ယောဂီအပေါင်း  တရားကျင့်ကြံရာ တရားရိပ်သာလေးတခုပါ။ အေးချမ်းတည်ငြိမ်စွာ ဆွမ်းဘုန်းပေးနေကြတဲ့ ရဟန်းတော်တို့ကို ကျွန်တော်ကြည့်နေရင်း ပီတိဖြစ်စွာဖြင့် မြတ်နိုး လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။ သူကလည်း ကျွန်တော့်ကို ကြည်လင်ရွှင်ပျနေတဲ့ အပြုံးလေးနဲ့ ပြုံးပြနေတယ်လေ။ ဒီနေ့က ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေး အခမ်းအနားလေးပေါ့။ သူနဲ့ ကျွန်တော် စိတ်ချင်း တူကြတယ်လေ။ ပကာသနတွေ ဂုဏ်တွေမမက်ဘူး။  မင်္ဂလာဆောင် အခမ်းအနားကို တရားရိပ်သာလေး တခုမှာ နေ့ဆွမ်းကျွေးဖို့ မြတ်နိုးပဲ အကြံပေးခဲ့တာလေ။ စကြားစက ကျွန်တော် တော်တော် အံအားသင့်သွားခဲ့သည်။ မိန်းကလေးတိုင်း မင်္ဂလာဆောင်ဧည့်ခံပွဲကို အရမ်းတန်ဖိုးထားကြသည်။ လှလှပပ ၀တ်စုံတို့ဖြင့် လူတကာထက် ထူးခြားအောင် ချယ်သပြီး လူကြားထဲ တွဲလျှောက်ကာ ဓာတ်ပုံရိုက်ကြ၏။ မရိုးမအီနိုင်သော အခမ်းအနား အစီအစဉ်တွေဖြင့် တင်ဆက် မှတ်တမ်းတင်ကြနဲ့ ခေါင်မူးလောက်အောင် ပြုလုပ်နေကြတဲ့ ယခုခေတ်အချိန်မှာ မြတ်နိုးကတော့ ...

 “ဘာလုပ်မှာလဲ ကိုရယ် ... လက်ထပ်တာက မြတ်နိုးတို့ နှစ်ယောက်လေ ... တယောက်နဲ့တယောက် နားလည်မှုနဲ့ တည်ထောင်ကြတဲ့ ဘ၀တခုမှာ ကုသိုလ်ကောင်းမှုလေးပြုပြီး စတင်ရတာ ဘယ်လောက်တောင် ပီတိဖြစ်ဖို့ကောင်းမလဲ။ ရုံးတက်လက်မှတ်ထိုးပြီး တရားရိပ်သာတခုခုမှာ ရဟန်းတော်တို့ကို နေ့ဆွမ်းကပ်ပြီး ဧည့်သည်နဲနဲကို ဧည့်ခံလိုက်ရင်ပဲ မြတ်နိုးတို့ အတွက် လုံလောက်နေပါပြီ” .. တဲ့လေ။

  သူ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားအခွန်းတိုင်းက ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ အခုလို ယဉ်ကျေးသိတတ်ပြီး စိတ်နှလုံးသားနူးညံ့သိမ်မွေ့တဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်လိုက်ရတာ ကျွန်တော့်အတွက် သိပ်ကို ကံကောင်းနေပါပြီဗျာ ... ။ အဲဒီအချိန်မှာ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်ပီတိ ဖြစ်မှုက ဘာနဲ့မှကို တိုင်းတာလို့ မရပါဘူး။

    နေ့လည် တရားပွဲမှာ ဆရာတော်ဘုရားက တရားရေအေး အမြိုက်တိုက်ကျွေးအပြီး ယနေ့ လှူဒါန်းကြသော ဒါယိကာနှင့် ဒါယိကာမတို့ ဇနီးမောင်နှံ သေတပန်သက်ဆုံး ပေါင်းသင်းရပါစေ။ ဗုဒ္ဓသာသနာတော်မြတ်ကို အစဉ်စောင့်ရှောက်နိုင်ပြီး ယဉ်ကျေးလိမ္မာတဲ့ ခင်ပွန်းကောင်း ဇနီးကောင်း ဖြစ်ကြပါစေသတည်း ဟုဆုပေးသံက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀င်မှာ အေးမြစေပါသည်။ ဧည့်ပရိသတ်တို့၏ သာဓု ... သာဓု... သာဓု... ခေါ်သံအဆုံးမှာ ကျွန်တော်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားပါ၏။ သာယာအေးချမ်းနေတဲ့ နေ့ရက်လေး တစ်ရက်မှာ ရယူခဲ့ရတဲ့ ပီတိအဟုန်၊ ကြည်နူးပျော်ရွှင်မှု၊ စိတ်နှလုံးအေးချမ်းမှုက သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံအတွက်တော့ ဘ၀မှတ်တိုင်အစရဲ့ တာထွက်ကောင်းလေး  ဖြစ်ခဲ့လေ၏။
~~~ @@@ ~~~

   တခုသော နံနက်ခင်းရဲ့ လေဖြူးဖြူးလေးက ဝှေ့ကာဝှေ့ကာဖြင့် ဘယ်ညာယိမ်းထိုးကာ ပန်းဝတ်မှုန်တို့ကို သယ်ဆောင်လျက် သဘာဝပန်းချီကားကို  ဆေးချက်ဖြည့်ပေးလိုက်၏။ သာယာကြည်လင်နေသော ကောင်းကင်ပြာပြာအောက်မှာ စုစုဝေးဝေးရှိနေကြသော လူတစ်အုပ်က တစုံတခုကို မျှော်လင့်နေကြ၏။   ဖြောင်း.. ဖြောင်း.. ဖြောင်း...
လက်ခုပ်သံ အုပ်အုပ်တို့နှင့်အတူ လှပစွာ ချိတ်ဆွဲထားသော ရောင်စုံ မိုးပျံဖူးဖောင်းလေးများက လေးညို့မှ ပစ်လွှတ်လိုက်တဲ့ မြှားအသွင် ကောင်းကင်သို့ တရှိန်ထိုး တက်သွားကြ၏။ ဒီနေ့မှာ ကျွန်တော်နဲ့ မြတ်နိုးတို့ရဲ့ ကိုယ်ပိုင် စီးပွားရေးလေး တခုဖြစ်လာမယ့် သင်တန်းကျောင်းလေး တခုကို  စတင်ဖွင့်လှစ်လိုက်ပါပြီ။ မြတ်နိုး အင်မတန်မှ စိတ်အားထက်သန်တဲ့ စာသင်ရခြင်း ၀ါသနာကို ကျွန်တော် ဖြည့်ဆီးပေးနိုင်တဲ့ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ တဖြည်းဖြည်းခြင်း တည်ထောင်သွားမယ်ဆိုပေမယ့် ကျွန်တော်တို့ သေချာတိုင်ပင်ပြီးမှ လုပ်ဖြစ်ခဲ့တာပါ။ ဒီနေ့ မြတ်နိုး အရမ်းပျော်ရွှင်နေတယ် ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်လည်း သူနဲ့ ထပ်တူထပ်မျှ ပျော်ရွှင်ရပါသည်။ သူအဖြစ်ချင်ဆုံးအရာ ကျွန်တော့်အတွက်လည်း လိုက်လျောညီထွေ ဖြစ်စေမယ့် လုပ်ငန်းလေး ဖြစ်သည့်အတွက် ကြိုးစားပြီး ရှေ့ဆက်မယ်လို့ ဆုံးဖြတ်ထားကြပါသည်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လေးတွေ တခုခြင်းစီ ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်လာသည့်အတွက် ရင်ထဲတွင်တော့  ကြည်နူးမဆုံးနိုင်ပါ။
~~~ @@@ ~~~

  ရုံးခန်းလေးထဲမှာ ကျွန်တော် တယောက်တည်း ပရိုဂရမ်တစ်ပုဒ်ကို ရေးနေရာမှ နာရီကို ငုံကြည့်လိုက်မိသည်။ နေ့လည် ၁၂ နာရီတောင် ထိုးတော့မှာပါလား။ ကြည့်စမ်းပါဦး အလုပ်ထဲ စိတ်ဝင်စားနေတာ ထမင်းစားဖို့တောင် မေ့လျော့လို့ နေပါလား။ ... မြတ်နိုးတော့ ဆာနေတော့မှာပဲ။ ရုံးခန်းလေးထဲမှ လှမ်းထွက်လိုက်ပြီး စာသင်ခန်းရှိရာ တံခါးပေါက်မှာ ကျွန်တော် ရပ်လိုက်မိ၏။ ကြည်လင်သောအသံဖြင့် စိတ်ပါဝင်စားစွာ ရှင်းပြနေသော အတန်းရှေ့မှ ဇနီးချောလေးကို စေ့စေ့ကြည့်လိုက်မိ၏။ မတိုမရှည် ဆံကေသာလေးကို စုစည်းထားပြီး သနပ်ခါးရေကျဲလေးဖြင့် လှချင်တိုင်းကို လှနေပါလား။ မြတ်နိုးက စာသင်နေပြီဆိုရင် ပတ်ဝန်းကျင်ကို လုံးဝမေ့လို့ စာကိုပဲ အာရုံစိုက် သင်တတ်တာလေ။ ကျွန်တော် ကြည့်နေတယ်ဆိုတာ သူမသိသေးဘူး။ ကျောင်းသားအချို့၏ မျက်နှာအမူအရာ ပြောင်းလဲမှုကြောင့်သာ သတိထားမိသွား၏။ လက်ကနာရီကို သူကြည့်လိုက်သည် နောက်ပြီး ခေါင်းလေးငုံပြီး ရီလိုက်၏။ ကျွန်တော်သိပါသည်... သူအတန်းချိန်ပြီးတာကို မေ့နေပြီး စာဆက်သင်နေမိလို့လေ။ 

  “အတန်းချိန်ပြည့်နေပြီ ဆိုတာကို မြတ်နိုးမေ့နေတာ ကြည့်စမ်း..  ကိုဗိုက်ဆာနေပြီလား ခဏနော် မြတ်နိုးတို့ စားဖို့ကို ပြင်ဆင်လိုက်အုန်းမယ်။”
 ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။ သူ ပြင်ဆင်နေတာကို အသံမထွက်ပဲ ဆက်ပြီးမတ်တပ်ရပ် ကြည့်နေမိသည်။ တကယ်တော့ အရမ်းကို လိမ္မာရေးခြားရှိတဲ့ ဇနီးလေး။ နေ့စဉ်နေ့တိုင်း မနက်အစောကြီး ထပြီး နေ့လည်ထမင်းချိုင့်အတွက် ပြင်ဆင်ရသည်။ စာသင်ဖို့အတွက်လည်း ပြင်ဆင်ရသေးသည်။ အချိန်ဆိုတာ သူ့အတွက် အပိုအလိုမရှိ။ တခါတခါ ညညဉ့်နက်အောင် ကျွန်တော် အလုပ်လုပ်နေတဲ့အခါ ကျွန်တော့် ဘေးနားမှာ စောင့်ပေးရင်း အိပ်ပျော်သွားတတ်၏။ အဲဒီအချိန်ဆို ကျွန်တော် သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ပိုတိုးလို့ ချစ်မိလာရသည်။ မြတ်နိုးအတွက် ဆိုရင် ကျွန်တော်ဘာပဲ လုပ်ပေးရလုပ်ပေးရ သူ့ဆန္ဒကို ဖြည့်ဆီးပေးချင်မိသည်။ သူကသိလို့လားမသိဘူး .. ဘာမှကို မတောင်းဆိုဖူးဘူး...။ ကျွန်တော်က “မြတ်နိုးလိုချင်တာ ဖြစ်ချင်တာရှိရင် ကို့ကိုပြောနော်... အားမနာနဲ့” ...  လို့ပြောတော့  ...
“ကို ဒီလောက် မြတ်နိုးအပေါ်ကို ဖြည့်ဆီးပေးနေတာပဲ ... ဘာမှကို မလိုပါဘူးရှင်တဲ့... ကိုအနားမှာ အမြဲရှိရင် ကျေနပ်ပါပြီ” တဲ့။ ကြည့်စမ်းပါဦးဗျာ ... ဘယ်လောက်တောင် သိတတ်တဲ့ သူကလေးလည်း။ ရင်ထဲမှာ ပြုံးလိုက်မိ၏။

  “ကို ဘယ်ကောင်မလေးကို သတိရပြီး ပြုံးနေတာလည်း ... မတ်တပ်ရပ်ပြီး အိပ်ပျော်နေတာလား” မြတ်နိုး အသံကြားတော့မှ ကျွန်တော် အတွေး လွန်သွားတယ်ဆိုတာ သိလိုက်ရသည်။
  “မဟုတ်ပါဘူး မြတ်နိုးရယ် ... မြတ်နိုး အကြောင်း တွေးနေတာပါနော်.. မြတ်နိုး ကို့အပေါ် ဘယ်လိုဂရုစိုက်တာ .. ဘယ်လို့ကြင်နာတာ... ဘယ်လိုချစ်တာဆိုတာ ...........”
  “ဟိုးထား ဆရာ... ထမင်းလာစား အချိန် တော်တော်လွန်နေပြီ...”...
  “ဟုတ်ကဲ့ပါ ဆရာမလေး” ...

  “အဟင်းဟင်း” ...  မြတ်နိုးရဲ့ ရယ်သံလေးကြောင့် ကျွန်တော် ပါလိုက်ပြီး ရယ်လိုက်မိ၏။ ချစ်စိတ်တွေ ပြည့်လျှံနေတဲ့ ရယ်သံလေးတွေက ကျွန်တော်တို့ ဘ၀အတွက် အေးချမ်းသာယာပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုပြီးခိုင်မြဲစေခဲ့ပါ၏။
~~~ @@@ ~~~

  ကြယ်ရောင်တွေ တလက်လက်နဲ့ လခြမ်း ကွေးကွေးလေးက ကောင်းကင်ရဲ့ အလှကို အပိုင်စီးထားလေ၏။ ချို့တဲ့တဲ့ လရောင်ပေမယ့် ကမ္ဘာမြေအတွက်တော့ ကောင်းမွန်စွာ အလင်းပေးနိုင်တဲ့ မီးအိမ်ရှင် လခြမ်းကလေးပေါ့။ ကွင်းပြင်ကျယ်ကျယ်ကို ဖြတ်တိုက်ခတ်လာတဲ့ ညလေညှင်း အေးအေးလေးက သစ်ပင်ပန်းမာန်တို့ စိမ်းစိုနေတဲ့ ပေ ၄၀ ပေ ၆၀ ခြံဝင်းလေးကို လှုပ်ရှားအသက်ဝင်ခဲ့၏။ မြို့သစ်တခုရဲ့ လတ်ဆတ် သန့်ရှင်းမှုတွေနဲ့ ပြည့်နေတဲ့နေရာ၊  အကောင်းကြီး မဟုတ်ပေမယ့် ကျွန်တော်တို့ ခြံဝင်းလေးကိုတော့  ကျေနပ်မိပါသည်။ မိဘတွေဆီကနေ မင်္ဂလာလက်ဖွဲ့ အဖြစ်ရခဲ့တဲ့ ဒီခြံဝင်းလေးက ကျွန်တော်တို့ နှစ်ယောက်အတွက် သာလွန်ကောင်းမွန်လှပါ၏။ ယခင်ကတည်းက စိုက်ပျိုးထားခဲ့သော သစ်ပင်စိမ်းစိမ်းလေးတွေ ကြောင့်လည်း ပူလောင်တဲ့ ညတွေမှာတောင် အေးချမ်းမှုကို ရရှိစေပါ၏။ ခပ်ပြေပြေလေး တိုက်ခတ်နေတဲ့ လေညှင်းလေးကို အရသာခံကာ အိမ်ရဲ့ ပြတင်းတံခါးပေါက်မှာ ကျွန်တော်ရပ်နေမိ၏။ နွေးထွေးတဲ့ လက်ကလေးနှစ်ဖက်က ကျွန်တော်နောက်မှ သိုင်းဖက်လာ၍ ရုတ်တရတ်လန့်သွားမိသည်။ ....

  “ကို အေးတယ်လေ ဘာတွေတွေးနေတာလဲ ... မြတ်နိုးအကြောင်းတွေးနေတယ်လို့ မပြောနဲ့နော်” ...

  “မြတ်နိုး ကလည်း ကို တွေးနေတာက ကိုတို့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကိုပါ။ ဘယ်အချိန် ပြန်တွေးတွေး ကိုလေ သိပ်ပြီး ကျေနပ်မိတယ်... သိပ်ချစ်စရာကောင်းပြီး ကို့အပေါ် သိတတ်လွန်းတဲ့ မြတ်နိုးလို ဇနီးကောင်းလေးရခဲ့တာ ကို့ဘ၀အတွက် အကောင်းဆုံး ဆုလဒ်တခုပါပဲ... ကိုတို့တွေ တယောက်နဲ့ တယောက် အချစ်တွေတိုးပြီး ကိုတို့နှစ်ဖက်မိဘတွေနဲ့ ကိုတို့ဘ၀တွေအတွက် အကောင်းဆုံး ရှေ့ဆက်ကြမယ်နော် ... နောက်ပြီး သားသားမီးမီးလေးတွေနဲ့ သေတပန်သက်ဆုံး ရိုးမြေကျ ပေါင်းသင်း သွားကြမယ်နော်...”
  “ကိုနော် တော်ပြီ  ... ဆက်မပြောနဲ့ ရှက်တယ်... သွား”...
ချစ်စဖွယ် စကားလေးနဲ့ ကျွန်တော်ရင်ဘတ်ကို ထုပြီးထွက်ပြေးသွားတဲ့ မြတ်နိုးနောက်ကို အမှီလိုက်ရင်း သိုင်းဖက်ဖို့အလှမ်းမှာ ...

  “၀ုန်း...”
  ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ကျွန်တော့်ခေါင်းတွေ ချာလပတ်လည် ရမ်းထွက်သွားသည်။ မျက်လုံးကိုလည်း တခါတည်း စုံမှိတ်ပစ်လိုက်ရ၏။ အမူးပြေသလိုရှိမှ မျက်လုံးကို တဖြည်းဖြည်းခြင်း ဖွင့်ကြည့်လိုက်မိတဲ့အခါမှာ ... “ဟင်.. မြတ်နိုးဘယ်ရောက်သွားပြီလဲ” ကျွန်တော့်ပါးစပ်မှ ရေရွှတ်ရင်း အမြန်ထလိုက်မိသည်။ ခါးအထက်မှ နာကျင်မှုဝေဒနာက ဆစ်ခနဲကျင်နေအောင် ကိုက်တက်လာ၏။ ခုမှပတ်ဝန်းကျင်ကို သတိထားမိလိုက်ပါသည်။ စိမ်းစိုနေတဲ့ ခြံဝန်းလေးထဲက သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးထဲမှာမဟုတ်... ရှုပ်ပွစွာပျံ့ကျဲနေသော အ၀တ်တချို့နှင့် ချဉ်စုတ်စုတ်အနံ့တို့ဖြင့် ပြည့်ကျပ်နေသော အခန်းကျဉ်းလေးထဲမှာ...  
  “ဟင်... ကျွန်တော်အိပ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျသွားတာကို ... ဒါဆို..ဒါဆို ခုနကအရာတွေက တကယ်မဟုတ်ဘူးပေါ့ .. အိပ်မက်တခုပေါ့...” ရင်ထဲမှ နာကျင်စွာနဲ့ ဆောင့်တက်လာတဲ့ ခံစားမှုကို မနည်းမြိုသိပ်လိုက်ရ၏။

  ဟုတ်ပါတယ်လေ မြတ်နိုး ကျွန်တော့်ကို ထားခဲ့တာ အတော်ကြာခဲ့ပြီလေ။ ကျွန်တော့် စွဲလမ်းမှုကြောင့်သာ မမေ့နိုင်ပဲ အိပ်မက် မက်နေခဲ့တာပါလား။ ခုတော့လည်း အိပ်မက်ထဲမှာ ပျော်ရွှင်ခဲ့ရသလောက် တကယ်လက်တွေ့မှာ အဆမတန် နာကျင်ကြေကွဲရပြီပေါ့။ စိတ်ကူးနဲ့ လက်တွေ့ဟာ လုံးဝကို မတူဘူးဆိုတာ ကျွန်တော်လက်ခံမိလိုက်၏။ ဒါပေမယ့်လည်း မြတ်နိုးကြောင့် အိပ်မက်လေးထဲမှာ ပျော်ရွှင် ခဲ့ရတာတွေအတွက်  ကျေးဇူး တင်မိပါဧ။်။ တကယ်တော့ ခုချိန်ထိ ကျွန်တော်ဘာမှ မပိုင်ဆိုင်သေးပါ။ သင်တန်းကျောင်းဖွင့်ရန် ပိုက်ဆံစုဖို့ နေနေသာသာ ထမင်းတနပ်မှန်ဖို့တောင် မနည်းလုပ်နေရတဲ့ဘ၀။ မိုးလင်းကနေ မိုးချုပ်ထိ မကျေနပ်မှုတွေကို ရင်ထဲမှာ ကြိတ်မှိတ်ရင်း သီးခံပြီးရှင်သန်နေရတဲ့ဘ၀။ မြတ်နိုးပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကိုလည်း မနည်းကုစားပြီးနေရတဲ့ အချိန်ပါလား။

  ကျွန်တော် ပြတင်းတံခါးပေါက်ကို ဖွင့်ပြီး အပြင်ကိုမျှော်ကြည့်လိုက်မိသည်။ မနက် မလင်းတလင်းပေမယ့် ကျေးငှက်လေးတွေက သူ့တို့ စာဝတ်နေရေးအတွက် အစာရှာ ထွက်နေကြပြီလေ။ နေမင်းကြီးကလည်း လောကကမ္ဘာမြေကို အလင်းရောင်နဲ့ စွမ်းအားတွေပေးဖို့ တာဆူနေပြီ။  ဤအချိန်တွင် လေပြေလေးတချက်က ရုတ်တရတ် ဝှေ့တိုက်လာသေး၏။ ဒီလိုမျိုး လေပြေလား... ကျွန်တော်ဘ၀ထဲကို ဝှေ့ဝင်တိုက်ခတ်ပြီး သာယာကြည်နူးမှုကို ခံစားခိုင်းစေခဲ့ရပြီးမှ ပျောက်ကွယ်သွားတာ ဒီလေပြေလား။ တွေးလိုက်တိုင်း နာကျင်နေရတဲ့ နှလုံးသားကို သော့ပိတ်ပြီး ဒဏ်ခတ်ရပါတော့မည်။ အများသူငှာနည်းတူ သူ့တစ်ပါးအတွက် မဟုတ်တောင် ကိုယ့်ဘ၀ စားဝတ်နေရေးအတွက် ကျွန်တော် ကျရာတာဝန်ကို ထမ်းဆောင်ရဦးမယ်လေ။ သာယာလှပပြီး ကျေးငှက်သံသာတို့ဖြင့် စိတ်ချမ်းမြေ့ကြည်နူးစရာ ကောင်းသော နံနက်ခင်းအလှကို ဆက်လက် မခံစားနိုင်တော့သဖြင့် ကျောခိုင်း လှည့်အထွက်မှာ ကျွန်တော့်ရင်ထဲက စကားတခွန်းကို ရေရွတ်မိလိုက်လေ၏။
“ မြတ်နိုးက ကို့ကို မချစ်တော့ပေမယ့် ကိုကတော့ မြတ်နိုးကို ထာဝရ ချစ်သွားပါ့မယ်....”

ပြီးပါပြီ။
~~~~~~~~~~~~~~~~ @@@@@@@ ~~~~~~~~~~~~~~~~~~~

အစ်ကို ကိုဏီလင်းညိုရေ ကျွန်တော် ရေးပေးလိုက်ပါပြီ။ မရေးတက်ရေးတက်နဲ့ ရေးလိုက်ရတဲ့ အတွက် အမှားပါသွားခဲ့ရင် ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်ပါရစေ။ နောင်ငါးနှစ်အကြာမှာ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေဆိုပေမယ့် တကယ်တော့ ဘာမှဖြစ်မလာတော့မယ် စိတ်ကူးတွေပါ။ အိပ်မက်ဆိုတာ မက်ပြီး ပျောက်ကွယ်သွားတတ်ပေမယ့် စွဲလမ်းမှုကြောင့် မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားလိမ့်မယ် မထင်မိပါဘူး။ ပျောက်ကွယ်သွားခဲ့မယ် ဆိုရင်တောင် နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တနေရာမှာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ နောက်ဆုံးတော့လည်း အစီအစဉ်ကျနစွာ မက်ခဲ့ရတဲ့ စိတ်ကူးကို အိပ်မက်အဖြစ်ပဲ အသက်သွင်းလိုက်ပါပြီလေ။

လောကတွင် ချစ်သောသူတိုင်း ပေါင်းဆုံကြပါစေ...။

ပုံလေးကို ဒီကနေ ယူပါ၏.

10 comment[s]:

မြတ်မွန် said...

စိတ်မကောင်းပါဘူး ကိုညကောင်းကင်ရယ်..။
နောင်၅နှစ်ဆိုတာလည်းတစ်ကယ်တော့
အိမ်မက်တွေကို အကောင်ထည်ဖော်ကြတာပါ။
ကိုညကောင်းကင်ရဲ့ အိမ်မက်အသစ်လေးတွေ
ရှိလာနိုင်သေးတာပဲ။ အားမငယ်ပါနဲ့။
ကြိုးစားရင် ဘာမဆို ဖြစ်လာနိုင်တာပဲ။
လှပတဲ့ အိမ်မက်အသစ်ကလေးတွေ မက်ပြီး
အိမ်မက်လေးတွေ အကောင်ထည်ပေါ်နိုင်ပါစေ
လို့ဆုတောင်းပေးပါတယ်ရှင်။
ခင်မင်လေးစားစွာဖြင့်။

အဖြူရောင်နတ်သမီး said...

ဝတ္ထု ဇာတ်လမ်းလေးထဲက မြတ်နိုးအကြောင်းကို အပြင်က မြတ်နိုး တစ်ယောက် ဖတ်မိခံစားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်..“ည”ရေ....

ဆောင်းနှင်းရွက် said...

အဟင့် ..
အဟင့် ..
ဘလော့ ရေးကတည်းက အမြဲ တမ်းပဲ
ဖြေသိမ့် ကွန်မန့်ပဲ ပေးနေရတယ် .. ကိုကင်းကောင် ...

ခု လည်း ပေးရအုံးမယ်
ဖြေသိမ့် ကွန်မန့် ...
ပေးတော့ဘူးးးး...
ဘာဆို ဘာမှ ကို ပြောတော့ဘူးးး
ဖြေသိမ့်ကွန်မန့်တွေက ထပ်နေပြီ ...

စကားပုံတစ်ခုတော့ ပြောလိုက်အုံးမယ် ..
"နေမင်းကြီးနဲ့ လွဲလို့
သင်ငိုနေလျှင်
ကြယ်တာရာတွေနဲ့
သင်လွဲနေပေအုံးမည်" တဲ့ ..
ဒီတော့
လက်မှိုင်ကျမနေပါနဲ့ ..
ဘ၀မှာ ဆက်လျှောက်ဖို့တွေ
အများကြီး ကျန်နေသေးတယ် ..
ဟုတ်တယ် ဟုတ် ..

ခံတော့ ခံစားရမှာပေါ့ ....
ဒါပေမယ့် ကြိုးစားပြီး ဖြေဖျောက်ပါ...
ဒါဗြဲ ....းP

နောက်တစ်ခါ အဆွေး များ ပို့စ်တင်မည် ဆိုပါက
ကွဲနေတဲ့ အသည်း ပြန်ချုပ်ဖို့
အပ်နဲ့ အပ်ချည် ပဲ လာပေးတော့မယ် ...:)

မိုးငွေ့...... said...

မောင်လေးည အချစ်နဲ့ အမြန်ဆုံးပေါင်းဆုံနိုင်ပါစေ..
မမ၀ါတဂ်ထားတာတွေက အမျှင်တွေတန်းပြီးလိုက်ဖတ်လာတာ...။

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

မောင်လေးရယ်... ဒီပိုစ့်လေးကို ဖတ်ရင်းတကယ် စိတ်မကောင်းဖြစ်ရတယ်။ ရင်မှာ မြတ်မြတ်နိုးနိုးနဲ့ ချစ်ရမယ့် ကြင်နာတဲ့ ဇနီးလေးနဲ့ နောက်ငါးနှစ်မှာ အိမ်မက်တွေ တကယ်ဖြစ်လာနိုင်တာပဲလေ...။ ကဗျာတွေ စာတွေဖတ်ရင်း လွမ်းတတ်တဲ့ မောင်လေးတစ်ယောက်ကို ဘယ်လို နှစ်သိမ့်ရမှန်းမသိဘူး။
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေလို့..

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ကိုတူး...ညီလေး...
ဖတ်ရတာကောင်းလိုက်တာ...။
ဖတ်ရင်းနဲ့လည်း...ဒါတွေဟာ တစ်ကယ်မဟုတ်ဘူးဆိုတာကို (အစ်ကိုက) ကြိုသိနေခဲ့သလိုခံစားနေရတော့ စိတ်ထဲမှာ မကောင်းဘူး...။
ဘာပဲဖြစ်ဖြစ်ပေါ့ ညီလေးရယ်...။ အစ်ကိုပြောဖူးသလိုပဲပေါ့...။ သူမရှိတော့လည်း... ကိုတူးလေးက ကိုဇီးရိုးဖြစ်သွားမှာမဟုတ်တာကတော့ သေချာတယ်လေ...။ သူမပါပေမယ့်လည်း ကျန်တဲ့ ညီလေးဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ အကောင်အထည်ဖော်နိုင်မှာလို့ အစ်ကိုကတော့ ထင်မိတယ်...။ ဖြစ်လည်းဖြစ်စေချင်တယ်...။
တန်ဖိုးဆိုတာ... ညီမျှတဲ့သဘောရှိတတ်ပါတယ်...။ ကိုယ်ချစ်တဲ့ အချစ်နဲ့ညီမျှစွာမရှိနိုင်တဲ့ချစ်သူမျိုးအတွက် (သစ္စာမရှိတဲ့သူတွေအတွက်) လောကကြီးက အပြစ်ပေးတတ်ပါတယ်...။ အစ်ကိုတော့ ယုံတယ်လေ...။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့ ကိုတူးရဲ့ အချစ်နဲ့ ညီမျှတဲ့ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ကို နောင်လာမယ့်ငါးနှစ်မှာ တွေ့လာဦးမှာပါ...။ စကားတစ်ခုရှိတယ်လေ...။ မဖြစ်နိုင်တာမရှိဘူး.... မဖြစ်သေးတာပဲရှိတယ်တဲ့လေ...။
ရေးပေးတာကို ကျေးဇူးလည်းတင်တယ်...။ ဖတ်၇တော့ စိတ်လည်းမကောင်းဘူး..း((
ခင်မင်တဲ့
ဏီလင်းညို

ဂျပန်ကောင်လေး said...

သိတယ်.. သိကို သိနေတယ်..း((.. အစ်ကိုရာ.. အစ်ကို့ဝေဒနာတွေ သက်သာပါစေလို့ပဲ ကျွန်တော် ဂျပန်ကောင်လေး ဆုတောင်းပေးပါတယ်...

စံလင်းထွန်း said...

အဲဒါကြောင့်ပြောတာပေါ့...

ခံစားချက်တွေ တစ်ထပ်တည်းလောက်နီးနီးကိုကျနေတယ် ...

ကျွန်တော်တို့က စာရေးရင်း အတွေးသမား အဆွေးသမားတွေပါဗျာ ...

ဒါပမယ့် တဖြည်းဖြည်း ကောင်းဖို့ကြိုးစားရမှာပေါ့။

ဟိုသီချင်းထဲကလို မင်းမရှိတဲ့ဘဝမှာ ကာရံမညီဘူး ... နှင်းဆီရေ ... (မြတ်နိုးရေ)ပေါ့ ။

flowerpoem said...

ညရဲ့ကောင်းကင်ရဲ့ စာတွေကို ဖတ်ပြီး အမြဲ ထပ်တူခံစားရတယ် စိတ်မကောင်းပါဘူး ဒါပေမယ့် အနာဂတ်မှာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်ပါစေ...

su myat said...

brother,i already read this novel .i think all of the words r from ur heart so the writing don't need to arrange to smooth.don't feel like that u can meet a good girl,love u deeply one day.try ur best.