Wednesday, October 21, 2009

သွေးလှူဒါန်းမိသည့်အခါဝယ်


လောကတွင် ကိုယ်ခန္ဓာမှ တခုခုကို ထုတ်ယူလှူဒါန်းခြင်းသည် မွန်မြန်သောအလှူဟု ဆိုကြပါသည်။ ထိုအထဲတွင်မှ သွေးလှူဒါန်းခြင်းကား မိမိဧ။်သွေးဖြင့် မည်သူမည်ဝါမှန်းမသိသော လူအသက်ပေါင်းများစွာကို အသက်ဆက်စေနိုင်သည့် အတွက် သွေးလှူဒါန်းခြင်းသည်ကားလည်း မွန်မြတ်လှသောအလှူဖြစ်ပါသည်။
ဒီနေ့ ကျွန်တော်လှူဒါန်းခဲ့သော အလှူကိုသာဓုခေါ်စေနိုင်ရန်နှင့် စင်ကာပူတွင် ရောက်နေကြသော မောင်နှမတို့အား သွေးလှူဒါန်းခြင်းအမှုကို ပြုနိုင်ရန် ယခုပို့စ်လေးကို နှိုးဆော်ရေးသားလိုက်ရပါသည်။

တကယ်ဆိုရင် ကျွန်တော်စင်ကာပူရောက်ပြီး သွေးလှူတာ ယခုအကြိမ်နှင့်ဆို ၂ ကြိမ်ရှိခဲ့ပါပြီ။ အရင်ရက် တွေကတည်းက နောက်တစ်ကြိမ်သွေးလှူလို့ရနေပါပြီ။ သူငယ်ချင်းတွေမအား၍တကြောင်း၊ သူတို့အားတဲ့ စနေ၊ တနင်္ဂနွေက ကျွန်တော်မအား၍ တကြောင်း မသွားဖြစ်ခဲ့ခြင်းပါ။ ဒီနေ့တော့  ရောက်အောင်သွားမယ်ဆိုပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့လိုက်တယ်။ ကျွန်တော် HSA (Health Sciences Authority) ရှိရာ Outram Park MRT ကိုရောက်တော့ နေ့လယ်ဖြစ်နေပြီ။ တစ်ယောက်တည်းလမ်းလျှောက်လာရင်း Blood Bank ထဲကို ၀င်လိုက်တာနဲ့ ကျောင်းသားကျောင်းသူလေးတစ်ဖွဲ့ ကိုတွေ့လိုက်ရတယ်။ သူတို့အားလုံးပျော်နေကြတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ သူတို့ပထမ အကြိမ်လှူဒါန်းခြင်းဆိုတာ လက်မောင်းက First Time ဆိုတဲ့ စတစ်ကာလေးတွေကနေ သိလိုက်ရတယ်။ ရင်ထဲမှ သာဓုခေါ်လိုက်မိပါတယ်။ ပထမဆုံး ကောင်တာမှာ ဖောင်ယူပြီး သူတို့မေးထားတဲ့မေးခွန်းလေးတွေကိုဖြေရတယ်။ နောက်ပြီးစစ်ဆေးတဲ့ဆရာဝန်က မြန်မာဖြစ်နေတော့ ပိုပြီးအဆင်ပြေသွားတယ်။ မသိနားမလည်တဲ့ မေးခွန်းတွေကို မေးခွင့်ရလိုက်တယ်။
စစ်ဆေးပြီးတဲ့ အခါမှာ နောက်ကောင်တာတခုမှာ သွေးစစ်ရတယ်။ နောက်ဆုံး သွေးလှူဒါန်းမယ့် အခန်းထဲကို ကျွန်တော်ဝင်လာခဲ့တယ်။ ပစ္စည်းတွေက အားလုံးတခါသုံးတွေပါပဲ။ လက်အိတ်ကအစ တခါသုံးရာဘာလက်အိတ်တွေနဲ့ သန့်ရှင်းမှုတော့ တော်တော်ရှိပါတယ်။ ထူးထူးဆန်းဆန်းအံ့သြစရာ ကြုံရသေးတယ်ဗျ။ ကျွန်တော့်ကို သွေးထုတ်ပြီး ၄ မိနစ်ပဲရှိသေးတယ် တစ်ပုလင်းပြည့်သွားတယ်။ ထုတ်ပေးတဲ့နပ်စ်ကအံ့သြနေတယ်။ ခင်ဗျားသွေးအား တော်တော်ကောင်းတာပဲလို့တောင် ပြောသွားသေးတယ်။ သွေးလှူဒါန်းပြီးတဲ့ နောက်မှာတော့ ဆေးရုံကနေ မိုင်လိုတခွက်နဲ့ မုန့်တခု၊ ပဲဟင်းချို တခွက်ကို တိုက်ပါတယ်။ သွေးအားအမြန့်ပြန်ပြည့်စေမယ့် ဆေးတွေလည်းပေးလိုက်ပါတယ်။ နောက်ဆုံး ကျွန်တော်ဆေးရုံကနေ ပြန်လာတော့ ဆေးရုံဝင်ပေါက်ဝကို ပြန်လှည့်ကြည့်ရင်း အတွေးဝင်လာခဲ့တယ်။
အဲဒါတွေကတော့
(၁) သွေးလှူဒါန်းခြင်းကား မွန်မြတ်သောအလှူဖြစ်ခြင်း။
(၂) မိမိကသွေးကိုထုတ်လိုက်သည့်အတွက် သွေးအသစ်ကိုပြန်ရပြီး Blood Circulation ကိုပိုကောင်းစေခြင်း။
(၃) သွေးလှူဒါန်းရမည့် အတွက် ကျန်းမာရေးကို ပိုဂရုစိုက်မိခြင်း။
(၄) မိမိဧ။်သန့်သောသွေးကိုသာ လှူဒါန်းချင်သည့်အတွက် အပျော်အပါးလိုက်စားဖို့ရန်ပင် ၀န်လေးလာခြင်း။
(၅) မိမိဧ။်ကျန်းမာရေးနှင့် မိမိဧ။်ဘ၀ကို ယုံကြည်စိတ်ချမှုရှိလာခြင်း။
စသည့် အခြားခြားသော ကောင်းကျိုးတွေကို ရရှိနိုင်ပါလားလို့။
ထို့ကြောင့် စင်ကာပူတွင်ရောက်နေကြသော မောင်နှမများအား သွေးလှူဒါန်းချင်ပါက လှူဒါန်းနိုင်စေရန် ဒီပို့စ်လေးဖြင့် နှိုးဆော်လိုက်ရပါသည်။

သွေးလှူဒါန်းရမယ့် လိမ်စာက

Bloodbank@HSA
Blood Services Group
Health Sciences Authority
11 Outram Road,near by Outram Park MRT
Singapore 169078
Tel: 6213 0626 / 6223 5640 Fax: 6222 0085

လှူဒါန်းနိုင်တဲ့ အချိန်တွေကတော့
အင်္ဂ - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ဗုဒ္ဓဟူး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ကြာသာပတေး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
သောကြာ - မနက် ၉ နာရီမှ ည ၈ နာရီထိ
စနေ - မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ
တနင်္ဂနွေ - မနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ



(အားလုံးပဲ ကုသိုလ်ဖြစ်ရာဖြစ်ကြောင်း လက်ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်းပါရစေ)


9 comment[s]:

တလနွန် said...

ကျေးဇူးပါ အစ်ကို ။ အားလပ်တဲ့ တစ်ရက် သွေးလှူဖြစ်အောင် ကြိုးစားပါမည်။ အကျိုးရှိတဲ့ ပိုစ့်လေးပါ အစ်ကို။

ခင်မင်လျက်
တလနွန်

မိုးခါး said...

သာဓုပါ
း)
ဟိုနေ့က ဒုတိယအကြိမ် သွေးလှူဖို့ မက်ဆေ့ဝင်လာတယ်
သွားဖြစ်ဦးမှာပါ ..း))

ပုံ့မေ said...

မေသူ ၂ကြိမ်တိတိ ကြိုးစားဖူးပါတယ်..... ရန်ကုန်မှာ တခါ၊ ဒီမှာတခါ... ၂ခါလုံးမအောင်မြင်ပါ.း( သွေးအားမပြည့်လို့ ..... ဒီမှာတခေါက်က သတ်မှတ်ထားတဲ့ သွေးအားထက် 0.02 လျော့နေလို့ .... ဝမ်းနဲစွာနဲ့ လက်လျော့ပြန်လာခဲ့ရတယ်.....

နောက်လဲ ကြိုးစားဦးမှာပါ

ညီညီ said...

သာဓုပါဗျာ. ။ ကျွန်တော်လည်း ရန်ကုန်မှာတစ်ခါလှူဖူးတယ်..။ ဒီမှာ သွားလှူမယ်ဆိုပြီး မမိုးခါး တို့ ဂျပန်ကောင်လေး တို့ ဆောင်းနှင်းရွက်တို့ နဲ့ အတူတူသွားကြတယ်.။ ဟိုရောက်တော့ ဖေါင်ဖြည့်တဲ့နေရာမှာ တိုင်းရင်းဆေးတစ်ခုခု မှီဝဲထားပါသလားဆိုတဲ့နေရာမှာ ကျွန်တော်က yes လုပ်လိုက်တယ်. တစ်ကယ်လည်း အစာကြေဆေး ထွက်မလာခင်သောက်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော့်ကို စစ်ပေးတာလဲ မြန်မာဆရာဝန်မမ တစ်ယောက်ပါ. သူက တော့နောက်တစ်ကြိမ်မှ လှူတာပိုကောင်းပါတယ် ဆိုတာနဲ့ ၀မ်းနည်းစွာ မလှူဖြစ်လိုက်ပါဘူး.။ ဂျပန်ကောင်လေး(ရန်ရန်) နဲ့ ဆောင်းနှင်းရွက်(သဲသဲ) တို့ကတော့ လှူပြီး ပါတ်တီးလေးကိုယ်စီနဲ့ အပြုံးကိုယ်စီ ဆောင်ပြီး ပြန်ထွက်လာကြတာမြင်တော့ ကျွန်တော်လည်း ကိုယ်တိုင်မလှူခွင့်မရလိုက်ပေမဲ့ ပီတိဖြစ်ရပါတယ်..။ ဟဲကိုယ့်အိမ်ကျနေတာပဲ အများကြီးလျှောက်ပြောနေတယ်ဗျ.။ အဓိက သတင်းပေးချင်တာပါ.. သွားလှူခါနီးမှာ တိုင်ရင်းဆေးဝါးများ. မှီဝဲမထားမိစေဘို့ပါ..။ဆရာဝန်မမ ပြောပြတာကတော့ ကိုယ့်သွေးထဲက တိုင်းရင်းဆေးရဲ့ ဓါတ်တွေမပျယ်ခင် ထုတ်လိုက်တဲ့သွေးကို ကလေးငယ်တွေနဲ့ နာမကျန်ဖြစ်ပြီး ကိုယ်ခံစားနည်းနေသူတွေရဲ့ ကိုယ်ထဲကို သွင်းမိရင် အခန့်မသင့်တာတွေ ဖြစ်တတ်လို့ ကန့်သတ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းထားခြင်းဖြစ်တယ်လို့ သိရပါတယ်..။။ ဆော်ရီး ကို ကောင်းကင်ရေ. ရေးတာများသွားပြီး.။ ကျွန်တော်လည်း နောက်တစ်ကြိမ်လှူဘို့ ကြိုးစားဦးမှာပါ.။

ကျေးဇူးတင်ရှိပါသည်။

ညီညီ(အနာဂါတ်သံစဉ်)

ညလင်းအိမ် said...

ကျေးဇူးပါပဲ ညီညီရေ...
လိုတာလေးတွေထပ်ဖြည့်ပေးသွားတာ...
ခုလိုအားလုံးနဲ့ခင်မင်ရသာ ၀မ်းသာပါတယ်...
နောက်တစ်ကြိမ်ဘလော့ဂ်ဂါမောင်နှမတွေ အတူတူသွားရောက်လှူဒါန်းချင်ပါသေးတယ်...
အချိန်ညှိလို့ ရရင်ပေါ့...

အားလုံးကိုခင်မင်လျက်...

ဆောင်းနှင်းရွက် said...

သွေးလှူခြင်းဆိုတာ
မွန်မြတ်တဲ့ အလုပ် တစ်ခုပါ ..
နောင် ၄ လ တစ်ခါတိုင်း
ဆက်လက် လှူဒါန်းနိုင်ပါစေ ..>>>

ဂျပန်ကောင်လေး said...

ကျနော်တော့ အဲဒီမှာ ၂ ခါလှူခဲ့ဖူးတယ်.. ဒီမှာလည်း လှူဖြစ်ဦးမယ်လို့ ထင်ပါတယ်...

Beauty Studio USA Branded Store said...

ကုသိုလ်ရေးမို့ အကျိုးရှိလေသတဲ့ဗျာ။

~ဏီလင်းညို~ said...

ကိုတူးရေ...
တစ်ကယ်လိမ္မာတဲ့ သားကောင်းလေးပဲကွ...။
ဒါမှ ငါ့ညီလေးဟ...

ခင်မင်တဲ့
ဏီလင်းညို