Monday, September 21, 2009

စကားသံ






ချစ်သူနှုတ်ခမ်းဖျားက
ပါးလွှလွှစကားသံ
အသွားအပြန်နဲ့ 
လေထုကိုဖြတ်
ကြားအခံတွေ 
အထပ်ထပ်လည်း
နားတရန်ဆီတော့ 
ရောက်အောင်လာခဲ့တယ်...

တချက်တချက် 
အသံထွက်မှာ
အနက်တချို့ 
အမှန်ဖတ်ဖို့
နှလုံးသားနဲ့ကူးယူ 
အပြုံးများကိုခြစ်ယူခဲ့တယ်...


ဒီလိုနဲ့
တရက်တလေမှာ 
အငတ်ပြေစေဖို့
သိမ်းထားခဲ့တဲ့ 
နှုတ်ခမ်းရိုက်သံတွေ
ကြားဖန်မ၀တော့ 
စကားသံအလှလည်း
ကာရံတွေအထပ်ထပ်နဲ့ 
ကဗျာတ၀က်တပျက်ကို
ရင်ဘတ်တခုနဲ့ 
ကလောင်သွားပြု
ရေးခြစ်မှုအစုစုနဲ့
နှလုံးသားမှတ်တမ်းမှာ
အပြုံးများယှက်သန်းခဲ့ရတယ်...




Saturday, September 5, 2009

သစ္စာ

မိုးညမှောင်လျှင်
ချစ်သူအရိပ်
တိတ်တဆိတ်နှင့်
ကိုယ်နှင့်မခွဲ
ရှိနေမြဲဟု
စိတ်မှာယုံဧ။် ...

ဝေးရပင်လျှင်
တစ်ယောက်အချစ်
တစ်ယောက်စိတ်၌
ကတိခိုင်မြဲ
မယိုင်လဲပဲ
ရှိနေမြဲဟု
စိတ်မှာယုံဧ။် ...

လွမ်းရပင်လျှင်
ချစ်သူပျော်ဖို့
ဆုတောင်းရင်းဖြင့်
တစ်နွေဖြတ်ကာ
တစ်မိုးအန်တု
တစ်ဆောင်းခုလည်း
ရဲဝံ့ကျော်ဖြတ်
စိတ်ချင်းထပ်လို့
နှစ်ယောက်အတူ
သစ္စာထူမည်
တနေ့ပေါင်းဆုံ ရစေသား...


Monday, August 10, 2009

သံစဉ်တွေပျောက်တဲ့ည...


အဲဒီညက
မင်းနှုတ်ခမ်းဖျားက
သေလောက်တဲ့စကားတွေ
ဖြေဖျောက်စရာမရှိလောက်အောင်
ရင်ကိုတစဆီမွှန်းခဲ့.....

အဲဒီညက
လေလှိုင်းကြားက
တုန်ခါနှုန်းလောက်တော့
အကြိမ်တစ်ရာလုံးမကတောင်
အငိုမျက်လုံးများကို
အသေအချာသုံးခဲ့....

အဲဒီညက
သေမင်းကလာခေါ်ရင်တောင်
ဖြေရှင်းကာရှောင်မနေပဲ
အမှန်တကာချစ်ကြောင်းကို
သက်သေတွေပြ
မျက်ရည်တွေခမနေတော့
လက်တဖက်မှာ ဓားကိုကိုင်
အသက်သာဆုံးစေတော့
ထပ်ကာမရှုံးချင်တော့
တသက်တာလုံးအတွက်
အပြတ်သာတုံးလိုက်တော့မယ်
စဉ်းစားစဉ်အခိုက်
ချစ်သူရဲ့အသံ
နားဝင်ပီယံစကား
အသေအချာတားတော့
အိမ်မက်ကလန့်နိုး
သေမင်းအလစ်မှာ
ချက်ချင်းလစ်ခဲ့ရတယ်
သံစဉ်တွေပျောက်တဲ့ ...ညကပေါ့...

Thursday, August 6, 2009

နေညိုအလွမ်း



နေညိုလာရင်
အလွမ်းရိပ်တို့
ရိုးတိုးရိပ်တိတ်
တိုးတဆိတ်ဆိတ်
ရင်အစုံကို
ခိုဝင်ပြီးထိတ် .....

ကြိတ်မှိတ်ရင်ထဲ
ဆွေးလျက်နေမြဲ
ဝေးခဲ့နေ့လည်း
တွေးလို့နေဆဲ
ချစ်တဲ့စိတ်လည်း
မပြောင်းလဲပဲ .....

ဝေဒနာပူ
ရင်မှာထူလို့
အကြင်နာသူ
စဉ်လာကူဖို့
နေညိုလာရင်
မျှော်ကာနေလို့
တနေရာဆီ
ချစ်သူထံသို့ .....

အလွမ်း


လွမ်းရယ်မပြေ
လမ်းထွေထွေမှာ
အနမ်းတွေမဲ့
တွေ့ရန်ခက်တဲ့
အလှမ်းရယ်ကွာ
မိုင်ထောင်ချီမို့
သံချိုတေးဆို
ချစ်ငှက်ပျိုကို
မှန်းမျှော်တမ်းတ
လွမ်းနာကျတဲ့
ထီးကျန်ငှက်အို
ဆန္ဒထိုကို
ဘယ်သူဖြည့်ဆီး ပေးနိုင်မှာလဲ...

Tuesday, July 14, 2009

တနေ့

ချစ်သူ...
အလွမ်းတွေဖွဲ့
အတွေးယှက်တဲ့
စိတ်ကူးမြစ်မှာ
စာသားတွေဖောင်ဖွဲ့
ကဗျာတွေနဲ့လှော်ခတ်လို့
မျောလွင့်နေခဲ့မိတယ်...

ချစ်သူ...
ညဆိုလည်းလွမ်းတယ်
ခဏဆိုလည်းလွမ်းတယ်

သို့ပေမယ့်...
တမြေစီအဝေးမှာ
အနေတွေမနီးခဲ့လဲ
သစ္စာတွေတိုင်တည်
မေတ္တာတွေမယိုင်ပါ
နားလည်မှုကိုအခြေပြု
ဘ၀တူတူထုဆစ်ဖို့
လွမ်းရက်တွေကိုနင်း
အချစ်တွေထပ်ရင်းကာ
ကျော်ဖြတ်ကြမယ်လေ
တွေ့ဆုံကြမယ့် နေ့တနေ့ဆီသို့....

Sunday, June 28, 2009

လေလှိုင်းဆီသို့...

စူးရှရှမျက်ဝန်း
သေးလျတဲ့ သူ့အပြုံးက
ရင်ခွင်မှာအကြည်ဆိုက်
ခိုက်လိုက်မိတာ...

နူးညံ့ညံ့ဆံနွယ်
လေယူရာတိမ်းတော့
အမူအရာတွေအယိမ်းမှာ
အကြင်နာတွေရင်မှာပိုက်
ချစ်လိုက်မိတာ...

ဒီလိုနဲ့...
ချိုမျမျစကားသံ
ကြားရဖန်များတော့
တနေ့တနာရီဝေးရင်တောင်
အလွမ်းကုဋေရှည်တယ်ထင်မို့
အမြဲတစေ ကြားချင်ပြန်တော့
လှမ်းလာခဲ့မယ်လေ
ချစ်သူရှိရာ လေလှိုင်းဆီသို့...

Sunday, June 21, 2009

အဖေ










သားတို့တီတာ
ငယ်စဉ်တည်းက
သားတို့မီးတို့
ဆူးမထိအောင်
အစဉ်ပိုက်ထွေး
သားချော့တေးဖြင့်
အမြဲတစေ
အပြစ်မမြင်
အဖမေတ္တာ
ကရုဏာဖြင့်
ချစ်ချင်ခဲ့တဲ့ ... အဖေ

အရွယ်ရောက်သော်
ကျောင်းတော်ကြီး၌
အများတန်းတူ
အလိုသမျှ
မရှိရပဲ
အရာခပ်သိမ်း
ပြည့်စုံငြိမ်းအောင်
အပတ်တကုပ်
အလုပ်လုပ်၍
ရှာဖွေကျွေးမွေး
လုပ်ကျွေးခဲ့တဲ့ ... အဖေ

ချော့ကာတခါ
ချောက်တလှည့်ဖြင့်
စကားများထွေ
အမုန်းယူ၍
ပြောဆိုသော်လည်း
ရင်ထဲတွင်တော့
ကြီးမားမေတ္တာ
စေတနာဖြင့်
သားတို့ကောင်းကျိုး
အစဉ်တိုးအောင်
လမ်းပြပြုပြင်
ညွှန်ကြားပေးခဲ့တဲ့ ... အဖေ

ဖခင်ကျင့်ဝတ်
မပျက်ရအောင်
ငယ်ကစ၍
ရွယ်ရောက်ထိတိုင်
အရိပ်တကြည့်
စိတ်အသိနှင့်
ပူပန်ခြင်းငှာ
မဖော်ပြလည်း
ရင်ထဲတွင်တော့
သားတို့ကျန်းမာ
ချမ်းသာစေကြောင်း
ဆုတောင်းပေးခဲ့တဲ့ ... အဖေ

အဖေ... အဖေ...အဖေ
တွေ့ဆုံချိန်တွေ
နည်းခဲ့သော်လည်း
နောက်ကွယ်ကနေ
သားတို့မျက်ရည်
မကျရအောင်
ပင်ပင်ပန်းပန်း
ရှာဖွေဖြည့်ဆီး
ပေးဆပ်ရင်းနဲ့
ဇရာထောင်းသွားခဲ့ရတဲ့... အဖေရယ်

သား(သမီး)တို့
ပြန်အလာကို
နွေးထွေးနေတဲ့
ရင်ခွင်တစုံ
မေတ္တာဟုန်နဲ့
အမိနည်းတူ
အမြဲကမ်းလင့်
ကြိုဆိုနေတဲ့
အဖေများဆီသို့.........

(၂၁.၆.၂၀၀၉ တွင်ကျရောက်သော အဖေများနေ့ကို ဂုဏ်ပြုသောအားဖြင့်)

Tuesday, June 9, 2009

ဆောင်း


နှင်းပွင့်တွေကြွေ
အလင်းဝေသည့်

ဝေလီဝေလင်း
နံနက်ခင်းမှာ

သာယာကြည်နူး
ကျေးငှက်မြူးသည်

တွန်ကျူးဖန်သာ
သံစဉ်ဝါနှင့်

ကြည်ပြာဝင်းပ
ကောင်းကင်လှထက်

ဖြူစင်ရွှန်းလဲ့
မင်းပုံရိပ်ကို

ရေးရေးထင်လာ
မြင်ယောင်မိသည် ...


သို့ပေမယ့်...

ဟိုးတချိန်က
ဆောင်းပုံရိပ်ထဲ

အကြောင်းမကုန်တဲ့
အတိတ်ပေမယ့်

အဟောင်းကုန်ရင်
အသစ်လာစမြဲမို့

မပြောင်းချင်ပေမယ့်
တဆောင်းတော့
သစ်လာတော့မှာပါလား...

Sunday, June 7, 2009

လမင်းသို့


ရင်ခွင်မှာကြယ်ကြွေကြတဲ့ ညမှာ
လမင်းကလှောင်ရီလို့
တိမ်တွေကိုတောင်အဖော်စပ်လိုက်သေး
ငါ့ကိုလှောင်ပြောင်ဖို့လေ...

အမှတ်မရှိတဲ့ငါက
ကောင်းကင်ကိုအကူအညီတောင်း
အခါခါဆုတောင်းလို့
လမင်းကိုမှတမ်းတခဲ့မိသေးတယ်...

လေပြေကတော့
ငါ့ကိုမကူညီတဲ့အပြင်
မဆိုင်သလိုနဲ့ ခနဲ့သွားသေးတယ်...

ရပါတယ်
ဘ၀မှာဘာမှမရခဲ့လဲ
ရင်ထဲမှာကြွေတဲ့ကြယ်တော့
အသစ်အဆန်းတွေ့ရင်တောင်
ရင်ထဲမှာပဲကြွေနေမှာပါ...

လမင်းရေ
နင့်လမ်းကိုနင်ဖောက်
ရောက်သလောက်လျှောက်နိုင်ပါစေ...

ငါကတော့ လမင်းကိုမွေးဖွားစေတယ်...
လမင်းကတော့ ငါ့ကိုဝေးသွားစေတယ်...

လမင်းရေ...
နင်ဘယ်လောက်ပြေးပြေး
ကောင်းကင်ထဲကတော့ပြေးမလွတ်ပါဘူး

ကောင်းကင်ကတော့
ကြင်နာနွေးထွေးမှု
အေးမြတဲ့ မေတ္တာ
တည်မြဲတဲ့သစ္စာနဲ့
နင် ထွန်းလင်းနိုင်ဖို့
အစဉ်ပေးလင်းနေမှာ....

Thursday, June 4, 2009

မင်းလေးရဲ့အဝေးမှာနေချင်တယ်...

အကြောင်းမကောင်းတဲ့အဟောင်း


ငါ့ရဲ့... ဒဏ်ရာဟောင်းကို
နှလုံးသားမြို့ရိုးမှာ
ထာဝရမြှပ်နှံမယ်လို့...
ဆုံးဖြတ်ထားတာ..
ဘယ်သူက... ( )
အတိတ်ဟောင်းကို
အရောင်ပြောင်းခဲ့တာလဲ...

ငါ့ရဲ့... စာမျက်နှာဟောင်းတွေကို
နှလုံးသားင်္သချိုင်းမှာ
ထာဝရလောင်ကျွမ်းလိုက်မယ်လို့...
ဆုံးဖြတ်ထားတာ..
ဘယ်သူက... ( )
ဒိုင်ယာရီဟောင်းတွေမှာ
ထပ်လောင်းဖြည့်ခဲ့တာလဲ...

ငါ့ရဲ့... အချစ်ဟောင်းတွေကို
နှလုံးသားသစ်ပင်မှာ
ထာဝရချိတ်ဆွဲတော့မယ်လို့...
ဆုံးဖြတ်ထားတာ...
ဘယ်သူက... ( )
လေပြေဟောင်းကို
အဟုန်ကောင်းစေခဲ့တာလဲ...

ငါ့စိတ်ဟောင်းနဲ့
ငါ့အကြောင်းကို
မပြောင်းလဲနိုင်သရွေ့...
ငါ့ကို..ငါ
နစ်မြုပ်စေမှာလား...
နှစ်မြှပ်စေမှာလား...

လဲကျချိန်မှာ
ထူမယ့်သူကိုမျှော်ခဲ့...
နွမ်းလျချိန်မှာ
ပြုံးပြသူကိုမော်ခဲ့...
အရှုံးရရင်တောင်
အနိုင်လိုချင်သူအတွက်မို့...

အဆုံးသတ်ချိန်မှာတောင်
အဟောင်းတွေအတွက်တော့
အကောင်းတွေချန်ထားပေးခဲ့ပါ...................

Tuesday, June 2, 2009

အချစ်ဆုံး


မျက်ဝန်းစိုမှာ
မျက်ရည်မိုးတွေ
ရွာသွန်းသလို...

နှလုံးအိုမှာ
နာကျင်ခြင်းတွေ
ထပ်ဆောင်းသလို...

အမုန်းမလိုပါ
ကြင်နာခြင်းတွေ
မပြောင်းသလို...

ဘ၀မှာတစ်ခါ
ငါလေ မင်းကိုအချစ်ဆုံးဆို...

ပန်းပန်လျက်ပဲ...

ညိုပြာပြာ လတာပြင့် ခြေရင်း
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး

ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ...

ဆရာဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀)

Sunday, May 31, 2009

တမ်းချင်း

နင်ဟာငါ့ရဲ့ ကောင်းကင်
ငါရဲ့ဘ၀မို့
ငါ့ကိုခြေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာတခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်.............

Saturday, May 30, 2009

ကွက်လပ်....

ဒဏ်ရာတွေဗလဗွနဲ့
အခါခါထိရှခဲ့တဲ့ နှလုံးသား ...
အကြိမ်ကြိမ် မျှော်လင့်နေပေမယ့်
ပြန်မရနိုင်တော့တဲ့ ပျော်ရွှင်မှု...
ငါ့အတွက်တော့ ...
သင်္ချာညီမျှခြင်းကို ... အဖြေရှာနိုင်ခဲ့ပေမယ့်
အချစ်ညီမျှခြင်းကို ...ဘယ်လောက်ပဲအစားထိုး
မပြေလည်နိုင်ခဲ့တာ ... ဘာကြောင့်လဲ
တခုတော့သိနေခဲ့ပါတယ်
မင်းထားခဲ့တဲ့ကွက်လပ်
မဖြည့်ပဲထားလိုက်ရင်တောင်
တချိန်ချိန်တော့ ....တန်ပြန်ခြင်းက
ပြည့်လာလိမ့်မယ်လို့...

Friday, May 22, 2009

စာသားတချို့ပါ...

ဒီညရော အိပ်မရခြင်းတွေကို ရင်ဆိုင်ရအုန်းမှာလား
ကိုယ့်ကိုကိုယ်ရူးနေပြီလားလို့တောင်ထင်မိတယ်
ဟုတ်မှာပါ...
တကယ်တော့ မေ့မရနိုင်ခြင်းက ထာဝစဉ်စိုးမိုးနေလို့ပါ
အချစ်ကြီးတာလား
သံယောဇဉ်ကြီးတာလား
တခုခုပါပဲ
ဒါမှမဟုတ်
စိတ်ကူးယဉ်ဆန်ခဲ့တာလား
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး
စချစ်ကတည်းက ထာဝရအချစ်နဲ့ချစ်ခဲ့မိတာကိုး
ငါမှားသွားတယ်
ငါအပေါ်ယံလောက်ပဲ ချစ်ခဲ့ရမှာ
ဒါပေမယ့် ဒီအမှားဟာ ငါ့တဘ၀လုံးအတွက် ကြည်နူးချမ်းမြေ့ဖွယ်ကောင်းတဲ့ အမှားပါ
ငါဟာ မင်းကို ပိုင်ဆိုင်ခဲ့ရဖူးတယ်
ထွေးပိုက်ခဲ့ရဖူးတယ်
မင်းရဲ့ အပြောတွေမှာ ပျော်ရွှင်ခဲ့ရဖူးတယ်
မင်းရဲ့ အနမ်းတွေမှာ ကြည်နူးခဲ့ရဖူးတယ်
ငါ့ဘ၀မှာ မရနိုင်ခဲ့တဲ့.. မရနိုင်တော့ဘူးလို့ထင်ခဲ့တဲ့
ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ဖူးတယ်
ငါကျေနပ်ပါတယ်
ဒါပေမယ့် ဒီလိုပျော်ရွှင်မှုမျိုးကို ထာဝရဘာလို့မရခဲ့တာလဲ
ရင်ထဲမှာ နာကျင်စွာ ခံစားနေရတယ်ဆိုတာ ဘယ်သူမှမသိပေမဲ့
ငါ့ကိုငါတော့ သိနေတယ်
ညတိုင်းအိပ်ပျက်နေတာ ငါကြာရင် ရူးသွားနိုင်တယ်
ဒါပေမယ့်မတတ်နိုင်ဘူးလေ
မင်းနဲ့ရှိခဲ့ကတည်းက ငါပျော်ရွှင်မှုတွေကြောင့် ကဗျာတွေရေးရင်အိပ်ရေးပျက်ခဲ့ဖူးတယ်
ခုလည်းဘာထူးလဲ နင့်အတွက် ကဗျာတွေရေးရင်းအိပ်ရေးပျက်နေရတယ်လေ
အကြောင်းအရာကတော့ မတူနိုင်တော့ဘူးလေ
နင်ကဗျာထက် ပုံပြင်ကို ပိုကြိုက်တယ်ဆိုတာ ငါသိပါတယ်
ပုံပြင်ဆိုတာ အမှန်မှမဟုတ်တာ
အချစ်ဆိုတာလဲ ပုံပြင်မဟုတ်ဘူးလေ....
ဒါကြောင့် ပုံပြင်မဟုတ်တဲ့ အချစ်ကို ဘာကြောင့်ပုံပြင်လိုသတ်မှတ်ခဲ့တာလဲ

ကဗျာကတော့ ခံစားမှုပါ
ကဗျာဟာ အကြောင်းအရာတခု တစုံတယောက်အပေါ်ကို အခြေခံတယ်
ကဗျာကိုဖတ်ရင်းနဲ့ ကဗျာရေးသူရဲ့ နှလုံးသားကိုသိနိုင်တယ်
ကဗျာဟာ စိတ်ကူးယဉ်မဆန်ပါဘူး
နှလုံးသားတာ စိတ်ကူးယဉ်ဆန်တာပါ
စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားကို ထိန်းကြောင်းပေးနိုင်တဲ့ ဦးနှောက်မှာ
မှန်ကန်တဲ့အကြောင်းအရာတွေကိုသာ
မှတ်သားထားဖို့လိုတာပါ....

စကားတချို့ဟာပြောပြနေရင် ပြောနေတဲ့သူတာရူးတယ်လို့ထင်မှာပါ
ဒါပေမယ့်လည်းငါရူးပါရစေ....
ထာဝရရူးပါရစေ...

Thursday, May 21, 2009

စေတမန်


ကောင်းကင်ပျိုရယ်...
ချစ်စေတမန်ကိုမှ
အလွမ်းပိုလျှံအောင်
ငါ့ဆီကို ပို့လွှတ်ရသလား...

အသက်ပေးပြီးတောင်
ချစ်ခဲ့ပါတယ်...
အလွမ်းမကျန်အောင်တော့
မင်းအပြန်မှာ ယူသွားစေချင်တယ်...

အပြစ်ကင်းတဲ့ နှလုံးသားကို
ထာဝရပျက်သုန်းအောင်တော့
တန်ဆာမဆင်ပေးခဲ့ပါနဲ့...

ရိုးသားစွာနေပါရစေ...
ရိုးသားစွာချစ်ပါရစေ...
ရိုးသားစွာကြေကွဲပါရစေ...
ရိုးသားစွာသတိရပါရစေ...

အချစ်ကိုအမုန်းဖြစ်အောင်တော့
မဖန်တီးခဲ့ပါနဲ့
ချစ်စေတမန်ရယ်...

Tuesday, May 19, 2009

တည်မြဲခြင်း

တစ်သက်တာ.... တစ်ဘ၀မှာ
တစ်မျက်နှာ... ထာဝရ
ချစ်ခဲ့မိသူပါ...

သောကအပူများစွာနဲ့...
မောဟလူသားဖြစ်ခဲ့ရင်တောင်...
လောကမှာ လူဖြစ်လာခြင်းပင်လျှင်...
သခင့်.. အတွက်ဟုဆိုချင်ပါသည်...

Saturday, May 16, 2009

ပြိုလဲခြင်း

မင်းဟာ.. ငါ့ရင်ထဲက
နတ်ဆောင်းတလက်ပါ
အေးစက်တဲ့ပွဲသိမ်းလက်နဲ့
ကွဲရှရှတေးသွားတပုဒ်ကို
ရက်စက်စွာမင်းတီးပြခဲ့တယ်...

အဲဒီနေ့က
တမာတောမှာ တနေကုန်ထိုင်
အလွမ်းတွေကို ဥသြဆွဲ
ဖန်ခွက်တွေအပြိုပြို လဲကာမှ
ရွာတန်းကို ငါပြန်ခဲ့တယ်...