Tuesday, June 2, 2009

ပန်းပန်လျက်ပဲ...

ညိုပြာပြာ လတာပြင့် ခြေရင်း
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး

ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ...

ဆရာဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀)

1 comment[s]:

ညရဲ့ကောင်းကင် said...

ဒီကဗျာလေးကို တစုံတယောက်က အရမ်းကြိုက်ခဲ့တာပါ...
အခုလည်း သူဖတ်မိအောင် ရည်ရွယ်ပြီးတင်လိုက်တာပါ...