Wednesday, January 27, 2010

“နှင်းဝေလဲ့သီ ဆောင်းညယံဆီက”














ခရမ်းပြာရောင် ကြယ်စင်ကြွေကျ
လေဟာပြင်မှာတင် ခတဲ့
ရှတတ ရင်ခွင်တညရဲ့
ဒိုင်ယာရီ ပတ်ပျိုးမှာ
ညနှင်းဖြူ ရဲ့ ချမ်းအေးမှုကြောင့်
ရင်တွင်းအပူကို မီးထတောက်ခဲ့ရတယ် ...

လောကပါလ တရားတွေ
အိပ်စက်ချိန်ပေမယ့်
ငါ့ရင်မြို့ရိုးမှာတော့
အိပ်မက်တွေက
နှင်းတဖြောက်ဖြောက်နဲ့
ချောင်းရိုးပေါက်မလောက်ပါပဲ ...

မှုံ ပြာ မှိုင်း ရီ နေတဲ့ မျက်ဝန်းအစုံနဲ့
တုန် ခါ လှိုင်း စီ နေတဲ့ နှုတ်ခမ်းတံခါးဝမှ
မဖွတဖွ နမ်းရှိုက်မိလိုက်တဲ့ ကုမုဒြာ
လရောင်မဆမ်းပေမယ့်
သစ္စာတခြမ်းနဲ့တင်
ပွင့်လိုက်ပါတော့လားကွာ ...

ခုတော့ ...
ကျိုး ပဲ့ ကြေ မွ ပျက်ယွင်းလာတဲ့
မနောအာရုံ တိမ်မိုက်တွေက
အသူရာကမ်းပါးက တော်ဝင်ပန်းလို
မွှေး ဖြူ သန့် ရှင်း ပေမယ့်
ခူး ယူ ဖန် ဆင်း မယ့်သူကမရှိတော့
မဟူရာ ဆောင်းညတွေမှာ
နှင်းအိုငိုသံ တရားဓမ္မတွေနဲ့ပေါ့ ...

တကယ်ဆို
သက်မဲ့ညရဲ့ ၀ိဥာဉ်တစုံက
ဆဌမအာရုံကို အံတုလို့
ဆောင်းလွင်ပြင်မှာ ကြွေကြရတဲ့
ဒဏ္ဍာရီ ပုံပြင် တပုဒ်ထက်တောင်
ခေါက်ရိုးကျိုးခဲ့လေပြီလား ...

ဘာပဲပြောပြော
သန်းခေါင်ယံညရဲ့
ငှက်ဆိုးထိုးသံက
ငိုရှိုက်သံ ခါးခါး ထက်တော့
သံစဉ် ချိုပါသေးတယ် ...

ဒီလိုနဲ့ပဲ
ချမ်းအေးမြမြ ဆောင်းညတွေမှာ
အဖော်မဲ့သူ သင်းကွဲတစ်ကောင်အတွက်
ညှင်းတိုးပါးလျှတဲ့ ဆုတောင်းသံက
ဆောင်းနှင်းကမ္ဗလ္လာမြေမှာ
အခါခါကြွင်းနေခဲ့ရတယ် ...

ဒီလို မသာယာလှတဲ့
ဆောင်းညလေပွေ တခင်းမှာ
မပွင့်တပွင့် နှလုံးသားကမှ
ချစ်ဖူးသူ နတ်သမီးပျိုကို
ဗျတ္တလို ပန်းဆက်ချင်နေတော့
ကဗျာပန်းခင်းထဲမှာပဲ
ဇာတ်လမ်းတွေ အခါခါ ထပ်လို့ပေါ့ ...

  ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

17 comment[s]:

ဒဏ္ဍာရီ said...

လှပတဲ့ အဖွဲအနွဲ့လေးနဲ့ ခံစားချက် ကဗျာလေးပါလား မောင်လေးရေ...။
သာယာတဲ့ ဆောင်းညတွေနဲ့ လှပပြီး ရနံ့စုံတဲ့ ပန်းတွေကို
ဆက်သတိုင်း တန်ဘိုးထား မြတ်နိုးစွာ ထိမ်းသိန်းနိုင်မယ့် ချစ်သူမျိုး တွေ့ဆုံနိုင်မှာပါ..။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

ချစ်ဖူးသူ နတ်သမီးပျိုကို
ဗျတ္တလို ပန်းဆက်ချင်နေတော့
ကဗျာပန်းခင်းထဲမှာပဲ
ဇာတ်လမ်းတွေ အခါခါ ထပ်လို့ပေါ့ .
------------------------------
ရင်ထဲက အလွမ်းတွေကို ဖယ်ရှားပေးနိုင်မဲ့ ချစ်သူလေးတစ်ယောက် အမြန်တွေ့နိုင်ပါစေကွယ်....

flowerpoem said...

အလွမ်းတွေနဲ့ ပြည့်နေတဲ့ကဗျာလေးကို လာဖတ်ပါတယ်.

မြတ်မွန် said...

ခူး ယူ ဖန် ဆင်း မယ့်သူကမရှိတော့
မဟူရာ ဆောင်းညတွေမှာ
နှင်းအိုငိုသံ တရားဓမ္မတွေနဲ့ပေါ့

ဆောင်းညလေပွေ တခင်းမှာ

ကဗျာပန်းခင်းထဲမှာပဲ
ဇာတ်လမ်းတွေ အခါခါ ထပ်လို့ပေါ့ ...

ဒီစာသားလေးတွေ ကြိုက်တယ်..ကိုညကောင်းကင်......

စာကျက်အုံးဗျို့..
ခင်မင်လေးစားလျှက်။

~ဏီလင်းညို~ said...

ကိုတူးရေ...
ဇတ်လမ်းတွေ အခါခါထပ်တော့လည်း... မင်းရေးတဲ့ကဗျာလေးတွေကို အစ်ကိုတို့ အခါခါဖတ်နေရဦးမှာပေါ့ကွာ....။ ဟုတ်ဘူးလား....။
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

စကားလုံးတွေ တော်တော်ရွေးတတ်တာပဲ
အဖွဲ့အနွဲ့လှပသိမ်မွေ့ပြီး ကဗျာထဲက တသပေးဆပ်မှုတွေကို မြင်နေရတယ်။

ပုံလေးက အတော်လှတယ်။
ပုံလေးကိုသေချာကြည့်ရင် အေးစက်အထီးကျန်နေပေမယ့် တစ်ချိန်တည်းမှာပဲ နွေးထွေးနေသေးတယ်ဗျ။

Anonymous said...

လောလောဆယ် တရာလဲ မကယ်နိုင်သေးဘူး အကိုရယ် အရာရာမှာ လေနေမိတယ်

Cameron said...

မောင်လေးကိုတူး...စာမေးပွဲပြီးပြီပေါ့ဟုတ်စ..။
ဆောင်းညရဲ့ အထီးကျန်အလွမ်းကို သန်ခေါင်ယံညမှာ ကဗျာတစ်ပုဒ်ဖန်တီးနိုင်ခဲ့တာ...။ စကားလုံးလေးတွေသိပ်လှတယ်...။ ကဗျာလေးကိုကြိုက်တယ် တကယ်...။ ကဗျာပန်းခင်းထဲမှာ ဇာတ်လမ်းတွေအခါခါထပ်လဲ ကဗျာလှလှလေးတွေကို အထပ်ထပ်အခါခါ လာဖတ်ရအောင် ကောင်မလေးကိုကျေးဇူးတင်ရမလိုပဲ..။

ခင်မင်စွာဖြင့်
မိုးငွေ့

နေ၀သန် said...

ကဗျာတောမှာ အထပ်ထပ်ခွေမိနေပေမယ့် အလွမ်းစိတ်ကတော့ မပျယ်နိုင်ဘူးရယ်လေ... နှင်းလွှာတွေကြောင့် အလွမ်းတွေတိုးလိုတိုး.. မိုးတစိမ့်စိမ့်ကြားမှာ ငိုချင်းချလိုချ... ဒီဘ၀ ဒီခန္ဓာ တခဏအတွင်းကိုပဲ ဒဏ်ရာတွေ ပေးရက်ကြလေခြင်းဗျာ... ၀ဋ်ကြွေးမှန်သမျှ ဒီမှာပဲ အပြီးသပ် ဆပ်ပါရစေ......

ခင်မင်တဲ့
ဂျပန်ကောင်လေး
(ဒါနဲ့ အစ်ကို့ ကဗျာစာသားတွေကို တကယ်ကြွေတယ်ဗျာ... အရမ်းတော်တယ်..)

တလနွန် said...

ကဗျာလေးနဲ့ အတူ ခံစားမိပါတရ်...လှပတဲ့ ရေးချက်တွေ..

ခင်မင်လျက်
တလနွန်

မြရေလျဉ် said...

လောကပါလ တရားတွေ
အိပ်စက်ချိန်ပေမယ့်
ငါ့ရင်မြို့ရိုးမှာတော့
အိပ်မက်တွေက
နှင်းတဖြောက်ဖြောက်နဲ့
ချောင်းရိုးပေါက်မလောက်ပါပဲ ..


စာသားလေးတွေက ဆန်းတယ်နော်

မိုးစက်အိမ် said...

ဒီလို မသာယာလှတဲ့
ဆောင်းညလေပွေ တခင်းမှာ
မပွင့်တပွင့် နှလုံးသားကမှ
ချစ်ဖူးသူ နတ်သမီးပျိုကို
ဗျတ္တလို ပန်းဆက်ချင်နေတော့
ကဗျာပန်းခင်းထဲမှာပဲ
ဇာတ်လမ်းတွေ အခါခါ ထပ်လို့ပေါ့ ...
မယ်ဝဏ လေးတစ်နေ့ နားလည်နိုင်ပါစေဗျာ
ဆုတောင်းပေးပါတယ် အစ်ကိုရေ
တစ်ပုဒ်လုံးက အကုန်ကြိုက်နေတော့ဘယ်အပိုဒ်ပြောရတော့
မှန်းမသိလို့ အောက်ဆုံးပိုဒ်လေးကို ဆုတောင်းပေးသွားတာပါ

ဇောင်း said...

စကားလုံး အဆန်းတွေနဲ့ လှပပေတယ်ဗျာ....

ZaUnG

အင်ကြင်းသန့် said...

ကိုညရဲ့ကောင်းကင်....
ကဗျာလေးကို ကြိုက်လို့၂ခါ ၃ခါကြော့ဖတ်လိုက်မိတယ်...
ဒီကဗျာလေးက ကျနော့်ကို အတိတ်က ဆောင်းညတစ်ချို့ကို ပြန်အမှတ်ရအောင် တူးဆွပေးခဲ့တယ်...

ခင်မင်စွာဖြင့်
အင်ကြင်း

ချိုကျ said...

စကားလုံးအဖွဲ့တွေက အရမ်းကောင်းပြီး စိတ်ကိုစွဲငြိစေပါတယ်။

ဇော် said...

သုံးသွားတဲ့ စကားလုံးတွေ သိပ်လှတယ်အကိုရေ .. ဒါပေမယ့် ကဗျာက တောင့်တောင့်ကြီးလိုပဲ .. စိတ်မဆိုးပါနဲ့ဗျာ .. ကျနော်လဲ သိပ်တော့မသိပါဘူး.. ဒါပေမယ့် ခံစားရသလို ပြောမိပါတယ် .. ခွင့်လွှတ်ပါဗျာ .. =)

မေကျော် said...

အမလေး ဗျတ္တလို ပန်းဆက်ချင်သတဲ့လား....
မဆက်ချင်ပါနဲ့ဗျာ...
ဇာတ်သိမ်းမလှဘူးဗျ....