Saturday, August 21, 2010

“ရင်ထဲက စာစုတို ကဗျာလေးများ (၁)”

အလင်းနဲ့ အမှောင် မသဲကွဲ
ဖရိန်အကျဉ်းအကျယ် ဘောင်တွေထဲ
အရိပ်အယောင် အတုတွေကမှ ပုံရိပ်စစ်တဲ့လား
ဒါဆို ကျွန်တော့်ကို စည်းဝိုင်းအပြင် ပို့ပေးပါ
အထဲမှာ နေရတာ (နေရာ) ကြပ်လို့ ...။

@@@@@@@@@@@@@@@@@@@@@@@@@@

ကြယ်တွေတောင် မိုးသောက်သွားပြီ
လရိပ်က ရွှန်းစိုတောက်ပတုန်း
ဝမ်းတထွာအရေး တွေးနေတဲ့လူတစ်ယောက်
တိုးတိုးကလေးညဉ်းတယ်
မနက်ဖြန်တွေ ရွှေ့ဆိုင်းထားပေးပါ
အိပ်မက်တွေထဲ အစာအချို့ သိုလှောင်ချင်လို့ ..။

@@@@@@@@@@@@@@@@@@@@@@@@@@

အနားသတ်ထားတဲ့ ခွက်တခုထဲ
အပိုင်းအစတွေ ကောက်ထည့်မိတယ်
မကျေနပ်မှု တခု
ရယူလိုခြင်း ဆန္ဒ တစုံ
ဒဏ်ရာ တချို့
အလွမ်း တခု
နောက်ပြီး ...
ဝမ်းနည်းခြင်း
ဝမ်းသာခြင်း
စိတ်ပျက်ခြင်း
အားငယ်ခြင်း

နောက် ..
မွှေပြစ်လိုက်တယ် ..
အဲဒါ ဘ၀ ပြန်ဖြစ်သွားတယ် ...။

@@@@@@@@@@@@@@@@@@@@@@@@@@

တိမ်တွေက ဟိုတစ ဒီတစ
ပုံသဏ္ဍာန်တွေ ပြောင်းလည်း
တိမ်ဆိုတာ တိမ်ပါပဲ
လေနှင်ရာ လွင့်ချင်ကြတယ် ...။

လူတွေက လိုတာမရ မလိုတာရ
စိတ်ကာလာတွေ ပြောင်းလည်း
လူဆိုတာ လူပါပဲ
အချိန်တန်တော့ သေကြရတယ် ...။

ကဲ .. ဘာတွေကို တွေးမလဲ
ရောက်ချင်ရာရောက်ပါစေ
လျှောက်သာလျှောက်
လုံးဝမကြောက်နဲ့ ...။

@@@@@@@@@@@@@@@@@@@@@@@@@@

ငါဟာ တိမ်ပြာပြာနေ့တွေထဲက
နွေရာသီကို ၀တ်ဆင်ထားတဲ့
ဂျစ်ပစီတယောက်ပေါ့ ...
ရောက်ချင်ရာ ရောက်ပါစေ ...
လွတ်လပ်ခြင်းဆိုတဲ့ အတောင်တွေ
မညောင်းခင်အထိတော့ ပျံသန်းနေမယ် ...၊

@@@@@@@@@@@@@@@@@@@@@@@@@@

ညလင်းအိမ်

ဘာရယ်မဟုတ်ပါဘူး .. စိတ်ထဲပေါ်လာတာလေးတွေကို ချရေးမိတယ် ... ဒီလိုနဲ့ ညတွေတောင် ချုံးပွဲချ ငိုနေကြပြီ ..

12 comment[s]:

ဆောင်းနှင်းရွက် said...

ကဗျာ လာဖတ်တယ်ဗျို့ .. >>

ဘ၀ ဆိုတာ တိမ်လိုပဲ ထင်တယ် ... :)

အင်း... လူဆိုတာ
အချိန်တန်တော့လည်း သေကြရတာပဲ ..
ဟုတ်ပါ့နော် ... !

မေပယ်လ် said...

ဒီလိုနဲ့ ညတွေတောင် ချုံးပွဲချ ငိုနေကြပြီ..။
လှတယ်ဗျာ...
စကားလုံးတိုင်း....။
လေးစားလျှက်...

blackroze said...

လူတွေက လိုတာမရ မလိုတာရ
စိတ်ကာလာတွေ ပြောင်းလည်း
လူဆိုတာ လူပါပဲ


ဟုတ်တယ်ကိုညရေ
လူတွေကကာလာပြောင်းတာအရမ်းမြန်
လွန်းတယ်

ကိုဇော် said...

ဘယ်တတ်နိုင်မလဲလေ။
ဒီလိုပဲ ရုန်းကန် ရှင်သန်ကြရတာပါပဲ။
ဘာလို့လဲ ဆိုတော့ လူဖြစ်နေတာကိုး..

လင်းခေတ်ဒီနို said...

အနားသတ်ထားတဲ့ ခွက်တခုထဲ
အပိုင်းအစတွေ ကောက်ထည့်မိတယ်
မကျေနပ်မှု တခု
ရယူလိုခြင်း ဆန္ဒ တစုံ
ဒဏ်ရာ တချို့
အလွမ်း တခု
နောက်ပြီး ...
ဝမ်းနည်းခြင်း
ဝမ်းသာခြင်း
စိတ်ပျက်ခြင်း
အားငယ်ခြင်း

နောက် ..
မွှေပြစ်လိုက်တယ် ..
အဲဒါ ဘ၀ ပြန်ဖြစ်သွားတယ် ...။


အဲဒီ ကဗျာတဖြတ်
ကျွန်တော်ရင်ကို ဆွဲနှက်သွားတယ်
မွှေပြစ်လိုက်တဲ့ အရည်ကျဲကျဲ ကျွန်တော့်ဘဝ
ခပ်ကျဉ်းကျဉ်း ဘောင်သတ်ထားတဲ့
လောကကြီး အပြင်ကျတာတောင်မှ
ကျဲကျဲတောက် ပူပြင်းနေတုန်း
ကျွန်တော်ဟာ အရည်ကျဲကျဲကောင် ဖြစ်တယ်
ကျွန်တော်ဟာ အသက်ကြီးလာတာတောင် မပြစ်နိင်သေးတဲ့ အချိန်မစီး ခပ်ကျဲကျဲ ထမင်းရည်လည်း ဖြစ်တယ်
ကျွန်တော်ဟာ မှန်စီရွှေချ အနားသတ်ထားတဲ့ လောကကြီးထဲက ခုန်ထွတ်ချင်တဲ့သူလည်းဖြစ်တယ်
ကျွန်တော်ဟာ အရူးတကောင်နဲ့တူတဲ့ ခပ်ကျဲကျဲ အရူးတကောင်လည်းဖြစ်တယ်
ကျွန်တော်ဟာ ရင်ဘတ် နထ္တိနဲ့ ဇက်ကြိုးလွတ်နေတဲ့ကောင်လည်းဖြစ်တယ်

ခင်မင်စွာဖြင့်
ဗညား

သဒ္ဓါလှိုင်း said...

လူတွေဟာမညောင်းခင်ထိတော့ပျံသန်းနေရအုံး
မှာပဲ..မောင်လေးရေ..
နီးရင်မေးလ်ပို့မယ်နော်..

ခင်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

ဒီလိုပါပဲ...
ခံစားချက်တွေ ဟိုတစ..ဒီ(သည်)တစ..
အတွေးသမားတွေ အတွက်
ရေးစရာ စကားလုံးတွေကြားမှာ
“ကဗျာ”ဆိုတဲ့ အမည်နာမတခု ကတော့...
တစားခံ ဖြစ်ခဲ့တယ်....။

(ကိုတူးရေ...
ကဗျာတိုလေးတွေ အရမ်းလှတယ်ဗျို့)

နေ၀သန် said...

ကိုတူးရေ.... လှတယ်ဗျာ... စကားလုံးတွေ...


ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်လည်း တိမ်တစ်စပါဘဲ
ရောက်ချင်ရာရောက်နေခဲ့တာ..
အချိန်တန်တော့ လွှင့်မျှောသွားရမှာပါဘဲလေ..

အုပ်ကြီး said...

ကောင်းလိုက်တဲ့ စာသားတွေဗျာ ..
ဒီရင်ဘတ်ကြီးနဲ့ ..ဖတ်သွားတယ်

သော်ဇင်စိုး said...

မိုက်တယ်ဗျား.. မိုက်တယ်ဗျား... မိုက်တယ်ဗျား..

အင်ကြင်းသန့် said...

အောက်ဆုံးက စာစုလေးကို အကြိုက်ဆုံးပဲ....