Monday, March 15, 2010

“မတ်လ ၁၅ ရက်နေ့”


@@@@@@@@
ကြည်လင်တဲ့ ကောင်းကင် ထောင့်တနေရာမှာ
အမှတ်မထင် ဖြတ်ခနဲ ရင်ထဲ လှုပ်ခတ်သွားတယ်
အမှတ်တမဲ့ပေမယ့် နင်မမြင်တဲ့ မျက်လုံးတစုံအောက်
နှလုံးသားရောက်ရှိသွားခဲ့တယ် ...

အဲဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... နေမင်းကို တိမ်တွေဖုံးလို့ အရိပ်ကျသွားစဉ် ထီးပြာပြာလေး အောက်မှာ သူ ... ကျွန်တော့် နှလုံးသားကို ဖမ်းစားသွားခဲ့တယ်။ ညှို့ချက်မပြင်းပေမယ့် ကြည်လင်တဲ့ မျက်ဝန်း၊ ပိရိနေတဲ့ နှုတ်ခမ်းနှစ်မွှာက ကျွန်တော့် ပျိုးဥယျာဉ်မှာ မျိုးစေ့တွေ ချခဲ့မိတယ်ဆိုတာ ...။

ရင်မှာတွယ်ငြိ နှောင်တွယ်မိမှတော့
ချစ်နေမိပြီဆိုတာ
တိတ်တခိုးစွဲလန်း တမ်းတနေရင်းနဲ့
နှလုံးသား ရင်ဖွင့်သံကို
ကိုယ်ဖာသာ ပြောနေခဲ့ရတယ် ...

ချစ်မိသွားတဲ့အခါ ပိုင်ဆိုင်ချင်တာ သဘာဝလေ ... ဒါပေမယ့် တခဏချက်ချင်း ပြောမထွက်ခဲ့ပါဘူး ... တကယ်ချစ်နေမိတာ ဟုတ်ရဲ့လားလို့ ကျွန်တော့်ကို ကျွန်တော် မေးခွန်းတွေ ထုတ်ခဲ့မိတယ်လေ ... သူ ... စိတ်ဆိုးမှာလည်း ကြောက်မိခဲ့တယ် ... ချစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ သူ့ အတွက် အဲဒီအချိန်က အားပေးမှု ဆိုတာဟာ လိုအပ်နေခဲ့မှာပါ ... သူ့ အတွက် အရိပ်တွေအဖြစ် ကျွန်တော်နေပေးခဲ့မိတယ် ... အမိုးတခုတည်း အောက်မှာပေမယ့် အစွန်းတဖက်မှာ ကျွန်တော်လေ ဖြူစင်တဲ့ စိတ်နဲ့ ကူညီဖေးမရင်း အချစ်တွေသာ တိုးလာခဲ့ရတယ်ဆိုတာ ...။

မိုးရေ ရွာပါတော့
ထီးတစ်ချောင်းတည်းအောက်မှာ
နှလုံးသား တံခါးဖောက်ချင်လို့ပါ
မိုးသိပ်ချစ်တဲ့ ချစ်သူ
မိုးတွေသည်းလာရင် ချစ်သူတွေ သိပ်ချစ်ကြလို့တဲ့ လေ ...

ချစ်ခဲ့ကြပါတယ် ... ဒါပေမယ့် နိုင်ငံတွေ ကွာခြားသွားတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား။ တစ်ယောက်ရဲ့ နဘေးမှာ တစ်ယောက်မရှိပေမယ့် ရင်ထဲမှာ ထပ်တူကြနေမယ်ဆိုတာ ကတိသစ္စာက ဓားစာခံအဖြစ် ကြားကနေပေးခဲ့တယ်လေ။ ဘာပဲပြောပြောပါ ချစ်မိပြီ ဆိုတော့လည်း တစ်ယောက် နဲ့ တစ်ယောက် စိုးရိမ်စိတ်တွေ သတိရစိတ်တွေနဲ့ မျက်စိအောက်က ပျောက်နေပေမယ့် အသံအောက်မှာ အပျောက်မခံ နိုင်ခဲ့ပါဘူး။ အဲလိုနဲ့ နေ့ရက်တွေတိုင်းဟာ ကျွန်တော့်အတွက် ပျော်ရွှင်စရာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ ...။

နံနက်ခင်းတိုင်း လွမ်းတတ်ခဲ့ပါတယ်
နှစ်ယောက်အတူ ကြိုက်တဲ့
ကော်ဖီခါးခါးဟာ တမြေဆီမှာ
ပျော်ဝင်မှုတွေ တူညီခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်တို့ ဆက်သွယ်မှုပေါ့ ...

ကော်ဖီ ကြိုက်တာချင်းလည်း တူတယ် ... မိုးကို နှစ်သက်တာချင်းတယ်တူတယ် ... တစ်ယောက်ပြောမယ့် စကားတွေ၊ တစ်ယောက်ဖြစ်နေတဲ့ ခံစားမှုတွေကို တစ်ယောက်က ကြိုသိနေခဲ့တယ်ဆို အဖြစ်သည်းလွန်းရာ ကျပေမယ့် ... တကယ့်အဖြစ်မှန်ဖြစ်ခဲ့ပါတယ် ... မိုးတွေ သည်းလာရင် ပိုလွမ်းတတ်တာ ... သတိရ တတ်တာဟာ ... ကျွန်တော်အတွက် ကဗျာစာမျက်နှာမှာ စကားလုံးတွေသာ တိုးခဲ့ရတယ် ... အဲလိုနဲ့ အချိန်တွေဟာ ... တဖြည်းဖြည်း ... တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရတယ် ဆိုတာ ...။

နံနက်မိုးသောက် အလင်းရောက်တိုင်း
မှန်းမျှော်တမ်းတ လွမ်းနာကျရတယ်
ညနေခင်း နေအဆင်းဆိုလည်း
လမင်းကို ကြိုလင့်ရင်း
ကောင်းကင်တမိုးအောက်မှာ
ချစ်သူ မျက်နှာကို ပုံဖော်မိခဲ့တယ် ...

ဒါတွေဟာ မပိုခဲ့ပါဘူး ... ချစ်လို့တောင် မလောက်ဝခဲ့ပါဘူး ... အချိန်တိုင်း သတိရနေတဲ့ စိတ်၊ အချိန်တိုင်း သူ့ အတွက် စိတ်ပူနေတဲ့စိတ်၊ အဆိုးဆုံးကတော့ ကျွန်တော့်ကို စွန့်ပစ်သွားမှာ ကြောက်တဲ့စိတ်တွေနဲ့ တိတ်တခိုးလေး ဆုတောင်းနေမိခဲ့တယ် ... အနေဝေးတဲ့အခါ အချစ်အေးသွားတယ်ဆိုတဲ့ စကားကို ဆန့်ကျင်ဖို့ ကိုယ့်နှုတ်ခမ်းကိုကိုက် အားတင်းလိုက်တယ် ... စစ်မှန်တဲ့ အချစ်အတွက် စစ်မှန်တဲ့ တုန့်ပြန့်မှု ရလိမ့်မယ်လို့ မျှော်လင့်ရင်း မျှော်လင့်ရင်း ...။

ဝေးသွားခဲ့ပြီလေ
နေမင်းနဲ့ စစ်ခင်းရတယ်ဆိုတာ ပူလောင်သလို
စွန့်ပစ်ခြင်း အရာဝတ္ထုအဖြစ် ခံရတာ
စိတ်နှလုံးတွေကြေမွ ဘယ်လောက်တောင် 
အနာတရဖြစ်သွားခဲ့မလဲ ...

မထင်မှတ်လိုက်မိဘူး ... ဝေးကွာခြင်းဆိုတဲ့ အချိန်ကာလတခုကြားမှာ သူ ကျွန်တော့်အပေါ်ရှိခဲ့တဲ့ အချစ်တွေ လျော့ပါးကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကံကြမ္မာဟာ အမည်ဆိုးနဲ့ ကြော်ကြားချင်တာလား ... ချစ်လို့တောင် မ၀သေးခင်မှာ ရက်ရက်စက်စက် ခွဲရက်ခဲ့တယ်။ ဒီလိုနဲ့ ၀မ်းနည်းစွာ မျက်ရည်မြစ်တွေ အခါခါသွန်းရင်း ကျွန်တော့် ဥယျာဉ်လေး ရေနစ်သွားရရှာပြီဆိုတာ ...။

မကြေကွဲချင်ပါဘူး
ရင်ခွင်လွဲခဲ့ရတဲ့ အဖြစ်တွေက
တနေ့မှ မေ့မရလို့
ပြက္ခဒိန် ရက်စွဲတွေမှာ

နောက်ဆုံးတော့လည်း
ရင်ကွဲခဲ့ရပြီ ...

လွမ်းလိုက်တာ ... ဒဏ်ရာတွေ ဒီလောက်ရတာတောင် အလွမ်းမပျက်ခဲ့မိဘူး ... ပြန်လာနိုး မျှော်ကိုးရင်း လက်ချိုးရေတွက်ရင်းနဲ့ မတ်လ ၁၅ ရက်နေ့ကို ရောက်ခဲ့လေပြီ။ နှစ်ပတ်လည်တိုင်းမှာ အချစ်မှတ်တိုင် အသစ်တောင် မစိုက်နိုင်ခဲ့ဘူး ... နှလုံးသားမြေပုံမှာပဲ နာကျင်ခြင်း မှတ်တိုင်အသစ် စိုက်ခဲ့ရတယ်။ ဘယ်ရာသီ အလီလီပြောင်းတောင် ဟောင်နွမ်းမသွားတဲ့ အချစ်တွေအတွက် ပြောင်းလဲသွားတဲ့ သက္ကရာဇ်တွေသာ ကြားနေ၀ါဒအဖြစ် ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့လေ။ အသက်ရှင်ခွင့် ရှိတိုင်း ချစ်နေခွင့်ရှိတယ်ဆို ထာဝရ ချစ်နေမယ့် ရူးနေတဲ့ လူသား ကျွန်တော်ဟာ နောင် နှစ်ပတ်လည်နေ့တိုင်း သတိရနေပါလိမ့်မယ်။ လူသားတိုင်းလည်း မဖြစ်ချင်တာ မဖြစ်ရတဲ့ ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ မပြစ်မတင်ချင်တော့ပါဘူး။ ဒါပေမယ့် သူ့ ကိုတော့ ချစ်နေလိမ့်အုန်းမယ်ဆိုတာ ...။

ဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... ညစ်ပတ်နံစော်နေတဲ့ အခန်းကျဉ်းထဲမှာ အလွမ်းတွေကိုပေါင်းသင် ဒဏ်ရာတွေကို နွှင်နေတဲ့ ကျွန်တော် အမှတ်မထင်ပါပဲ ရင်ထဲက ကျင်တက်သွားတယ် ... အော် အမှတ်တမဲ့ပါပဲ သူ မရှိတဲ့ တနေရာမှာ သူ မသိတဲ့ ဒဏ်ရာတွေနဲ့ အတူ ကျွန်တော့် နှလုံးသားလေး သေဆုံးသွားပြီ ... နောက်ဆုံးမှာတော့ ဘာမှမရှိခြင်းတွေနဲ့ အတူ အရူးတစ်ယောက်လို ရှေ့ဆက်ရမယ့် ခရစ်နှစ်တွေထဲမှာ ကျွန်တော်လေ တစ်ယောက်တည်း .. တစ်ယောက်တည်း ... တစ်ယောက်တည်းပါပဲ ...
 ~~~~ @@@@ ~~~~

15 comment[s]:

အင်ကြင်းသန့် said...

အင်း...ဒီလောက် ပိုစ့်ရှည်ရှည်ရေးနိုင်နေသေးရင်တော့ အခြေအနေက မစိုးရိမ်ရသေးပါဘူး...တက်ဂ်ပိုစ့်ရေးပေးပါ...ဒါပဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

အလွမ်းတွေနဲ့ ပိတ်လှောင်နေတဲ့ အခန်းကျဉ်းထဲကနေ ထွက်ဖို့လဲကြိုးစားဦးလေ..
အမြဲတမ်းလွမ်းနေတာ မကောင်းဘူး..
ပျော်ပျော်ပါးပါးလဲနေဦးမောင်လေးရယ်...
အလွမ်းတွေကြားက ရုန်းထွက်ဖို့ ကြိုးစားဦးနော်..
ပျော်ရွှင်ပါစေ...........

မချော

Anonymous said...

ကိုတူးရေ လိုက်မမှီတော့ဘူးဗျာ ကိုယ့်အကို လက်တွေက သွက်ချက် . . . . . . ကောင်းလိုက်တာ

အနှိုင်းမဲ့ said...

ရင်ထဲမှာ နင့်သွားတာပါပဲ..ကောင်းကင်ရေ
၁၅ မှာ ဒါကြောင့်ပျောက်နေတာကိုးး

ဒဏ္ဍာရီ said...

မောင်လေးရေ.............. အလွမ်းတွေနဲ့ ပိတ်လှောင်နေတဲ့ အခန်းကျဉ်လေးပေမယ့် အဲဒီအခန်းရဲ့ အပြင်ဘက်မှာ လှပတဲ့ နေ့ရက်တွေ စောင့်ကြိုနေကြပါတယ်။ ဒီအခန်းလေးထဲကသာ ထွက်နိုင်အောင် ကြိုးစားလိုက်ပါမောင်လေး။ နွေးထွေးတဲ့ လက်တွေနဲ့ ဖြူစင်တဲ့ မေတ္တာတရားတွေက မောင်လေးအတွက် စောင့်ကြိုနေကြပါတယ်။
အပူအပင်ကင်းတဲ့ အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဘလော့်ပေါ်က မောင်နှမတွေ မောင်လေးအနားမှာ အများကြီးရှိနေကြတယ်နော်။
ကြိုးစားပြီး ရုန်းထွက်လိုက်ပါ..။

ခင်မင်လေးစားလျှက်

မောင်သီဟ said...

မပြောချင်တော့ဖူး စကားလုံးတွေမရှိတော့ဖူး
ကဗျာတွေဖတ်ပြီး အသံတွေမထွက်လာနိုင်တော့ဖူး
ခင်ဗျားကဗျာတွေကလေ ပြောချင်တော့ဖူး
ရင်ဘတ်ကြီးကိုမှန်တယ်ဗျ
ကျွတ်ကျွတ်... နာလိုက်တာ

noblemoe said...

ကဲပါ လေ မောင်လေးတိတ်တခိုးလေး ဆုတောင်းနေမိခဲ့တယ် ဆုတောင်းလေးအမြန်ပြည့် ပါစေလို့  ထပ်ဆုတောင်းပေးလိုက်ပြီနော်
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေကွယ်
မိုး

သော်ဇင်စိုး said...

သစ္စာဆိုတာ အချစ်လား အချစ်ကပဲ သစ္စာလား မသိတော့ပါဘူးဗျာ.... ပြန်မလာရင်ရော မှတ်တိုင်နေရာလေးကပဲ အထီးကျန်နေတော့ မလိုလို ပြန်လားရင်ရော သံသယတွေပဲ များလာမလိုလို ကျနော့် ခံစားမှုကို ပြောတာနော်အကို ကိုယ်ချင်းစာပါတယ်ဗျာ တကယ့်ဘ၀တူတွေမို့လိုပါ....
လေးစားလျက်......

Cameron said...

ကဗျာလေးကို ၀တ္တုတိုနဲ့ညှပ်ပြီးရေးထားပုံလေးတော့ အမြင်တစ်မျိုးဆန်းတယ်...အသည်းကွဲတာလဲကွဲတာပေါ့ အနုပညာလက်စောင်းကတော့ထက်သထက် ထက်နေဆဲပဲ။

ခင်မင်စွာဖြင့်
မိုးငွေ့

flowerpoem said...

အဆင်ပြေပါစေ လို့ ဆုတောင်းပါတယ်

မြစ်ကျိုးအင်း said...

bunny phyo ရဲ့ နှစ်ပါတ်လည် ဆိုတဲ့သီချင်းလေး ယူကျူမှာ ရှာနားထောင်ကြည့် မိုက်စ်တယ် ။ ရှာပေးမယ်
http://www.youtube.com/watch?v=fR9iVGT5d30&feature=related

လွမ်းတဲ့အခါလည်း လွမ်းပစ်လိုက်။
အဲဒါလည်း အရသာပဲ ။ အရသာ ရှိရှိ လွမ်းပြီးရင် တော့ နေ့သစ်အတွက် အားယူ လိုက်ပါ။ ကျနော်လည်း အဲဒီလိုပဲ လုပ်လေ့ရှိတယ်။

~ဏီလင်းညို~ said...

ကိုတူးရေ.......
ခံစားမိတယ်.....
ဒါပေမယ့် အစ်ကိုဘာမှ မပြောနိုင်တော့ပါ......။
ခံစားပါ........
စိတ်ကြိုက်ခံစားပါ..........
ပြီးရင် ပတ်ဝန်းကျင်ကို မျက်စိဖွင့်ကြည့်လိုက်ပါ.........။
လတ်ဆတ်တဲ့ အရာတွေအားလုံး.....မင်းရဲ့ လက်တစ်ကမ်းမှာ............။
(အချစ်၊ အမုန်း၊ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ နူးညံ့မှု၊ ရက်စက်မှု စတဲ့ အရာတွေ........)
ကြိုက်တာကို ရွေးယူပါကွာ...........။
ခင်မင်တဲ့
ဏီလင်းညို

မီးငယ် said...

ကော်ဖီကိုကြိုက်တာတူတယ် .. မိုးကိုချစ်တာ တူတယ် .. ပြီးတော့ အဲ့လိုပဲ အလွမ်းချင်းလည်း သွားတူနေတယ် .. ရင်ထဲကို ရောက်သွားတယ် .. ကော်ဖီလူကြီးရေ အရမ်းကောင်းတဲ့ ပို့စ်လေးပါ ....ချစ်မိရင် ပိုင်ဆိုင်ခြင်ကြပေမယ့် ပိုင်ဆိုင်ခွင့်မရှိတော့ရင် တောင် ဆက်ချစ်နေမှ သူရော ကိုယ်ရော အေးချမ်းမှာပါလေ :)

TYZ said...

ရေးချက်ကတကယ်ကောင်းတော့ ပါးစပ်အဟောင်းသားနဲ့ ဖတ်သွားတယ်။ လေးစားတယ်.....

Blackroze said...

နှစ်ယောက်အတူ ကြိုက်တဲ့
ကော်ဖီခါးခါးဟာ တမြေဆီမှာ
ပျော်ဝင်မှုတွေ တူညီခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်တို့ ဆက်သွယ်မှုပေါ့ ...

ကျွန်မအရမ်းနှစ်သက်မိတဲ့စာသားလေးပါ
ကော်ဖီကြိုက်တဲ့ချစ်သူတွေပေါ့..
ကော်ဖီခါးခါးရဲ့ပျော်ဝင်မှု့ဟာ...
နှလုံးသားထိအောင်
စီးဆင်းစေနိုင်ပါတယ်...