Monday, February 15, 2010

“ခံစားမှု (၂)”

ေ၀၀ါးနေတဲ့ သံယောဇဉ် အမျှင်တန်းတွေ ဒဏ်ရာနှုတ်ခမ်းလေးပေါ် ဆက်လှမ်းလာခဲ့တော့ နာကျင်စရာ ဆိုတာလည်း ဖြေသာတတ်နေပါပြီလေ ...

တခါက နင့်အတွက် နှလုံးသား ဖူးဖူးလေးတွေ ခုအချိန်ဆိုလည်း ပွင့်ဖူးနိုင်သေးတော့ အနေအထိုင် မတတ်ဘူးလို့ မပြောပါနဲ့ ... အခြေမယိုင်တတ်တဲ့ စိတ်ကြောင့်သာ နင့်ရဲ့ အရိပ် နင့်ရဲ့ နိမိတ်ဖြစ်ချင်မိခဲ့တာပါ ...

ညရဲ့ကောင်းကင်ဆိုတာ ဘ၀သခင် နင့်အတွက် မှောင်နေတဲ့ညတွေမှာ တိတ်တဆိတ်နဲ့ စောင့်ရှောက်ပေးမယ့်  ကောင်းကင်တစ်ပါးအဖြစ်ပါ ...

နင်ကလမင်းဆို ငါ့ရင်ခွင်မှာ ခိုနားစေချင်လို့ ... ဒီလိုစိတ်တွေက နင့်မသိလည်း ငါရှိနေမယ်ဆိုတဲ့ သဘောပါ ...

ကောင်းကင်က လွတ်ကျသွားတဲ့ အရာတိုင်းကို နင်ကောက်ယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပါ ... အဲဒီအပိုင်းအစတွေမှာ စေတနာတွေ မေတ္တာတွေ ရယူပိုင်ဆိုင်လိုမှု မရှိခြင်းတွေ ပါဝင်နေပါလိမ့်မယ် ...

လျစ်လျူမရှုတတ်တဲ့ ငါ့စိတ်ကြောင့်သာ နင့်ရဲ့ခြေရာတိုင်းမှာ ငါလိုက်နင်းနေခဲ့မိတယ် ... နင်ပျော်မယ်ထင်လို့ ကမ္ဘာတစ်ဖက် ထွက်ပြေးသွားရင်တောင် ငါလေ ခြေရာတွေထပ်နင်းပြီး နင့်ဘေးမှာ ရှိနေချင်တယ် ... 

သာယာလှပတဲ့ ညလေးတစ်ညရဲ့ အိမ်ပြန်ချိန်လေးမှာ ချစ်စနိုးလေးနဲ့ အမည်ပေးခဲ့တဲ့ ညရဲ့ကောင်းကင် ဆိုတဲ့ နာမည်ဟာ အခုတော့ ငါ့ကလောင်အဖြစ်နဲ့ အသည်းကွဲကဗျာတွေကို ထုဆစ်နေခဲ့မိတယ် ...

တိမ်ပြာပြာတွေ ကင်းစင်နေမယ့် နေ့တွေမှာ နင်ပျော်ခဲ့တယ်ဆို ညအိပ်စက်တဲ့ အခါ အမှောင်ထူထူထဲထဲ ကိုဝတ်ဆင်ထားတဲ့ ငါက ပီတိဖြစ်နေမယ်ဆိုတာ ငါကိုယ်တိုင်က လွဲရင် ဘယ်သူမှ မသိနိုင်တော့ပါဘူးလေ ...

ဒါပေမယ့် အဲဒီပီတိကို ငါလိုချင်တယ် ... အဲလိုပဲ နင့်ကိုလည်း ဖြူစင်တဲ့ လမင်းလေး ... သန့်စင်တဲ့ ထွန်းလင်းမှုလေးတွေ ရှိစေချင်တယ် ...

ညခါးခါးတွေကို သောက်သုံးနေရလည်း နင့်ကိုလမ်းပြပေးနိုင်မယ့် ကောင်းကင်အောက်မှာ အရာရာကို ရဲဝင့်စေချင်တယ် ...

ဒါဟာ ငါ့မျှော်လင့်ချက်ပါဆို ငါစိတ်ကူးယဉ်တာ ဖြစ်ချင်ဖြစ်နေမှာပေါ့ ... အဲဒီစိတ်ကူးတွေကလည်း နင့်အတွက်ဆိုတာ တချိန်ချိန် သိမြင်နိုင်ပါစေ...

လမင်းကို မွေးဖွားခဲ့တဲ့ ငါ .. လမင်းက ငါ့ကိုဝေးသွားစေခဲ့တယ် ... လမင်းလေးရေ နင့်လမ်းကို နင်ဖောက် ရောက်သလောက်လျှောက်ပါ ... ဂရုစိုက်ပြီး လျှောက်ပါ ... နင်လဲကျတဲ့ အခါ ထူမပေးဖို့ ငါရှိနေမှာပါ ...
နင်အားငယ်တဲ့အခါ အားပေးဖို့လည်း ငါရှိနေမှာပါ ... လှည့်စားမှုတွေ များတဲ့ ဒီသံသရာ လောကကြီးမှာ နင်လေ ကိုယ့်ကိုကိုယ် ထိန်းကြောင်း ပဲ့ထိန်းကောင်းပါစေ ...

ငါက နင့်အတွက် ထာဝရကောင်းကင် ... ညရဲ့ကောင်းကင်အဖြစ် ရှိနေတော့မှာပါ ...

13 comment[s]:

ahphyulay said...

ဒီနေရာမှာ အထူးညေပာချင်တာက ခံစားချက်ချင်း
သွားတူပါတယ်လို့ ။ ကျွန်တော်ကတော့ လေ သူ့ ကို
ဟိုးအမြင့် မှာပဲ စံနေတတ်တဲ့ ကြယ်ကလေး တစ်ပွင့် လိုပဲ
ဖြစ်စေခဲ့ ချင်တာပါလေ။
ရင်ခုံသံချင်း တူတဲ့ ပို့ (စ) လေးမို့  တကယ်ခံစားမိခဲ့ ပါတယ်။

စံလင်းထွန်း said...

လမင်းလေးရေ နင့်လမ်းကို နင်ဖောက် ရောက်သလောက်လျှောက်ပါ ... ဂရုစိုက်ပြီး လျှောက်ပါ ... နင်လဲကျတဲ့ အခါ ထူမပေးဖို့ ငါရှိနေမှာပါ ...

သံယောဇဉ်ကြီးရှာတယ်နော် ...။

ရင်ထဲက ခံစားချက်တွေကို ဒီပိုစ့်လေးကတစ်ဆင့် အတိုင်းသား ထွင်းဖောက်မြင်နေရပါတယ်ဗျာ ...။

အဖြူရောင်နတ်သမီး said...

“လမင်းကို မွေးဖွားခဲ့တဲ့ ငါ ..
လမင်းက ငါ့ကိုဝေးသွားစေခဲ့တယ်
ငါက နင့်အတွက် ထာဝရကောင်းကင် ... ညရဲ့ကောင်းကင်အဖြစ် ရှိနေတော့မှာပါ .”
---------------------------------------
သူနားလည် ခံစားနိုင်ပါစေလို့..
ဆုတောင်းပေးလိုက်ပါတယ်...
မောင်လေးရေ...

လိုင် said...

စကားပြေအရေးအသားအတော်ကောင်းတာပဲ

ဂျပန်ကောင်လေး said...

ချစ်တတ်လိုက်တာဗျာ...... မဆုံးနိုင်လောက်သေးတဲ့ အလွမ်းအတွက် ဘာမှတော့ မပြောတော့ဘူးနော်...း)))... ဒါပေမယ့်ဒီလောက်ချစ်တတ်တာကိုတော့ တကယ်ချီးကျူးပါတယ်.... ညရဲ့ကောင်းကင်ရင်ခွင်ထဲမှာ ချစ်သူလမင်းလေးကို ထွေးပွေ့ထားနိုင်ပါစေ.....


ခင်မင်တဲ့
ဂျပန်ကောင်လေး

ဒဏ္ဍာရီ said...

ပေးစပ်ခြင်းတွေနဲ့ ဘာကိုမှ မမျှော်လင့်တော့ပဲ အခုလိုလေး ချစ်သွားပေးလိုက်တော့ မောင်လေးရေ...။
ထာဝရ အေးမြတဲ့ ကောင်းကင်လေး ဖြစ်ပါစေ..။

ခင်မင်လေးစားလျှက်

ဇောင်း said...

ချောကလက်လေးတွေ တန်းစီထားသလိုပဲ စကားလုံးအမိုက်စားလေးတွေကို စာစီထားတယ်
ကောင်း၏ :)


ﺽŽãửʼnĢ

~ဏီလင်းညို~ said...

ကိုတူးရေ....
အတိတ်ထဲမှာပဲ မနေနဲ့လေကွာ.....
အပြင်ထွက်ခဲ့တော့.....။
အနားသတ်မညီမျှတဲ့ ချစ်ခြင်းတရားတစ်ခုအတွက် ဘာမှဖြစ်မနေနဲ့လေ....သူ့တို့ကို လောကကြီးက ဒဏ်ခတ်လိမ့်မယ်....။
(မင်းခံစားချက်တွေဖတ်ပြီး... အဲ့ဒါ အစ်ကို့ရဲ့ရင်ဘတ်ထဲက ထွက်ကျလာတဲ့ စကားလုံးတွေပဲ.....)
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

အရမ်းချစ်တော့
အရမ်းခံစားရတယ် ... !
အမြန်ဆုံး
အလွမ်းတွေ ပျောက်ဆုံးနိုင်ပါစေ .. ။

Anonymous said...

ကိုတူး အနော်ငိုတော့မှာ . . . အဟင့်

သော်ဇင်စိုး said...

ရင်တစ်ခုလုံးနဲ့ ခံစားဖတ်သွားပါတယ် အကိုခင်ဗျား..

သော်ဇင်စိုး said...

ရင်တစ်ခုလုံးနဲ့ ခံစားဖတ်သွားပါတယ် အကိုခင်ဗျား..

အင်ကြင်းသန့် said...

ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး
(သက်ပြင်းပဲ ချသွားတော့တယ်)