Wednesday, February 10, 2010

“ရင်ဘတ်ပွင့်ထွတ်နေသူ တစ်ယောက်ရဲ့ နေ၀င်နေထွတ်ရာသီ”

ဖြူစင်တဲ့ နှလုံးသားက
မုသာဝါဒ လှိုင်းတွေကို မတွန်းလှန်နိုင်တော့
ကမ်းပါးပြိုမှ ရင်ဘတ် လှိုက်စားခံရမှန်း သိလိုက်ရတယ်
လိမ်ညာမှုကောင်းကင်အောက်မှာ အရိပ်ခိုမိခဲ့တဲ့ ... ငါ
မနေတတ်တဲ့ မနက်တွေအတွက်
တချို့  တ၀က်တော့ ပေးဆပ်လိုက်ရပြီ .. . . . . . . . .     ( ညရဲ့ကောင်းကင် )

ရှိန်းခနဲ . . . . . . . .
နာကျင်မှုတွေ  ရင်ဘတ်ရှေ့က ဖြတ်ပြေးသွားတယ်
တဆတ်ဆတ် ခုန်လာတဲ့ အသားတွေ
မာနကို ခေါင်းပုတ်နိုး
အချစ်ဆိုတာ ရေရောက်သောက်တတ်တဲ့
နမ်မီးဆစ် နတ်သမီးရဲ့မာယာနဲ့
ငါ့ရင်ဘတ်ကို မင်း အခါးရောင် ဆိုးခဲ့တယ် . . . . . . . .    ( ဗညားရှိန် )

ထားခဲ့စမ်းပါ . . . .
သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး
ငါမာနနဲ့ နေရောင်အောက်မှာ
အခေါက်ခေါက်တောက်လောင်လာတာ
နေဆယ်စင်းထွက်စေအုန်း
ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး  . . . . . . . . . . . .  ( ညရဲ့ကောင်းကင် )

ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့
တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ
ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်
အောင်မြင်စွာနဲ့ပဲ ဆုတ်ခွါမယ် . . .
သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ . . . . . . . . . . . . . . ( ဗညားရှိန် )

ငါ့... ဘ၀ရဲ့ နေ၀င်နေထွက်တွေမှာ
ရင်ခွင်တွေ ထပ်မပျက်ရအောင်
အသည်းနှလုံးကို စကာတင်လို့
ရာသီတွေ ရပ်တန့်ပစ်မယ်
မာယာတံခါးဝမှာလည်း
ကာဘာတွေ အထပ်ထပ်ဝတ်လို့ပေါ့  . . . . . . . . . . . . . ( ညရဲ့ကောင်းကင် )

အသည်းမရှိတော့တဲ့ ညရဲ့ကောင်းကင်    
အလွမ်းသေသွားတဲ့ နတ်ဆိုးပုရပိုဒ်
ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေနဲ့
နှင်းခေတ်မှာ ကြွေသွားတဲ့ အနာဂတ်တွေအောက်မှာ
ငါ့တို့နေ့ရက်တွေ မပီမသ ရိတ်သိမ်းခံလိုက်ရတယ် . . . . . . ( ဗညားရှိန် )

8 comment[s]:

ဆောင်းနှင်းရွက် said...

ထားခဲ့စမ်းပါ . . . .
သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး
ငါမာနနဲ့ နေရောင်အောက်မှာ
အခေါက်ခေါက်တောက်လောင်လာတာ
နေဆယ်စင်းထွက်စေအုန်း
ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး ......

Nic3 ... !

ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့
တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ
ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်
အောင်မြင်စွာနဲ့ပဲ ဆုတ်ခွါမယ် . . .
သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ ....

ကိုဗညားရှိန် ရေးထားတာလည်း ကောင်းတာပဲ ..!


2 ယောက် + အသည်းကွဲကဗျာ များစပ်ထားတယ် လားးးး ..???

ဒဏ္ဍာရီ said...

ဒီကဗျာကို မနေ့က ဗညားဆီမှာ သွားဖတ်ပြီး ရေးခဲ့ပြီးပြီ။ ဒီညီအကို နှစ်ယောက်ကိုတော့ ဘယ်လိုပြောပြီး နှစ်သိမ့်ရမှန်းမသိတော့ဘူး။း(
မမနွယ် ပိုစ့်လေးရေးထားတာ တွေ့တယ်နော် မောင်လေး...။ ကဗျာလေးကိုတော့ အရင်တုန်းကလို အရမ်းကောင်းတာပဲလို့ မပြောတော့ဘူး။ နှစ်လုံးသား နှစ်ခု ပေါင်းစပ်ပြီး ဖွဲ့ထားတဲ့ ကာရံတွေကို နားလည်နေလို့ပါ။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ကိုတူးရေ...
(ဗညားရော...)
ကောင်းလိုက်တဲ့ အဖွဲ့လေးတွေပဲဗျာ...။
သစ္စာမရှိတတ်တဲ့ သူတွေအတွက် နှလုံးသားမှာနေရာမပေးပဲ နေသွားနိုင်ကြပါစေလို့ အစ်ကိုဆုတောင်းပေးတယ်...။ ကဗျာလေးကိုလည်း...ရင်ဘတ်နဲ့ဖတ်သွားတယ်...။
သစ္စာမဲ့တဲ့သူတွေရဲ့ ညနေချမ်းကတော့ တိမ်ရောင်တွေမတောက်နိုင်မှာ အမှန်ပါပဲ...။
တောက်ခဲ့ရင်တောင် ကောက်ရိုးမီးနဲ့ ခပ်ဆင်ဆင်နေမှာပါ...။

ခင်မင်တဲ့
ဏီလင်းညို

မိုးစက်အိမ် said...

အင်း ကိုဗညားဆီမှာမနေ့ ကဖတ်လိုက်ရတယ် နှစ်ယောက်
ပေါင်းရေးထားတာလေးကတကယ် ခံစားချက်တွေ
လျှံထွက်နေတယ် . . . ဘာဘဲဖြစ်ဖြစ်ပေါ့ကိုညရာ
ရွှေနန်းမထိုက်တဲ့ ပန်းမိုက်ကိုလှည့်မကြည့်နေပါနဲ့ တော့
ဒီနူးညံ့ခြင်းရင်ခွင်ပုရပိုဒ်မှာ ထိုက်တန်မဲ့ ပန်းကလေးတစ်ပွင့်နဲ့ ဆုံ
စည်းနိုင်ပါစေလို့ ဆုတောင်းပါတယ် အစ်ကိုရေ . . .
အားပေးနေမယ်အစ်ကို . . . ခင်မင်လျက် . . .

အဖြူရောင်နတ်သမီး said...

ကောင်းလိုက်တဲ့ ကဗျာ....
တယောက်ထဲရေးတာတောင် ကောင်းနေတာ..
နှစ်ယောက် ပေါင်းပြီးရေးမှတော့...
အရမ်း..အရမ်းကို ကောင်းပြီပေါ့...
...........................................................
တလုံးချင်း ဖတ်ရင်း...
ရင်ထဲဝင်ရောက်ခံစားပေးသွားပါတယ်...

မြစ်ကျိုးအင်း said...

နောက်အပိုဒ်တွေကို နာမည်မတပ်ဘဲ ရေးရင်တောင် ဘယ်သူဘယ်အပိုဒ်ရေးလဲ သိမယ်ထင်မိတယ်။
ဗညားက ဒဏ္ဍာရီဆန်ဆန် ရာဇဝင် အသုံးအနှုန်းတွေ အသုံးများပြီး
ညရဲ့ကောင်းကင်က သဘာဝ နမိတ်ပုံတွေ အသုံးများတယ်လို့ ထင်မိတယ်။
ဝေဖန်ရေးမဟုတ်ဘူးနော် ကဗျာကို သေသေချာချာ ဖတ်ရင်းနဲ့ မြင်မိတာလေး ပြောတာပါ။ ထင်တာက မသေချာနိင်ပေမယ့် ကဗျာကောင်းလေးဆိုတာတော့ သေချာပါတယ်။

မောင်ဘကြိုင် said...

ဟိုက်ရှားပါ လန်းတယ်ဗျာ အကြံကောင်းသလို
ကဗျာကလည်းရှယ်ပဲ ခံစားချက်တွေရင်ဘတ်ထဲပြည့်ကျပ်
နေတယ်ထင်ပါ့ဗျာ

ဂျပန်ကောင်လေး said...

ဒီကဗျာရေးတာကို သိနေပေမယ့် ဘယ်နေ့တင်မယ်ဆိုတာကို မသိဘူး... အခုမှ လာဖတ်ဖြစ်တယ်... အစ်ကိုတို့ရေ.. အရိတ်သိမ်းခံရတဲ့ ကောက်တွေနေရာမှာ တချိန်မှာတော့ နုပျိုတဲ့ စပါးခင်းလေးဖြစ်နေပြန်ရောပဲလေ..... ဘာမှ မမြဲပါဘူး... အစ်ကိုတို့ ခံစားရတဲ့ ဒဏ်ရာအပါအ၀င်ပေါ့ဗျာ....

ခင်မင်တဲ့
ဂျပန်ကောင်လေး