Wednesday, January 20, 2010

နှုတ်ဆက်စာတော့ မဟုတ်သေးပါဘူး...

 မပြောချင်ပါဘူး.. ဒါပေမယ့် ပြောပြမှ ဖြစ်မယ်ထင်လို့ပါ။ ကျွန်တော် ညရဲ့ကောင်းကင် ဖြစ်ပေါ်လာခြင်းက ကျွန်တော်၏ ခံစားမှု အပေါ် ထွက်ပေါက်ရှာခြင်းသာ ဖြစ်ပါသည်။ သို့ပေမယ့် ကျွန်တော်ရေးသားခဲ့တဲ့ စာ၊ ကဗျာ တိုင်းကို ပေါ့ပေါ့တန်တန် မရေးခဲ့ပါဘူး။ နှလုံးသားနဲ့ အရင်းတည်ပြီး စာပေအနုပညာကို ချစ်မြတ်နိုးတဲ့ ၀ါသနာတခုနဲ့သာ ကျွန်တော် တတ်နိုင်သလောက် အကောင်အထည်ဖော်ခဲ့တာပါ။ ကျွန်တော် စရေးခဲ့တုန်းက  ကဗျာတွေကို တစုတစည်းထဲ ဖြစ်ချင်တဲ့ ဆန္ဒတခုတည်းနဲ့သာ ရေးသားခဲ့တာပါ။ တကယ်ဆို အရမ်းအထီးကျန်ဆန်တဲ့ ကျွန်တော့်ဘ၀ကို ဘလော့ဂ်ဂါ ညီအစ်ကို၊ မောင်နှမတွေရဲ့ အားပေးမှုနဲ့ ကဗျာတွေ စာတွေ ဆက်ရေးဖြစ်ခဲ့တာပါ။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

  တခုတော့ သက်ဆိုင်သူတွေကို ပြောပြချင်ပါတယ်။ ဘယ်သူပဲပဲ ဖြစ်ဖြစ် ကိုယ့်ခံစားမှု စိတ်ရင်းစေတနာ အမှန်တွေနဲ့ ဖွင့်ဟထားတဲ့ စာတွေ ကဗျာတွေကို ကူးယူ၊ ဖြတ်တောက်၊ ခေါင်းစဉ်ပြောင်း၊ ပုံစံပြောင်းပြီး တယောက်ယောက်က အသုံးပြုဖော်ပြခဲ့မယ်ဆို စိတ်ကောင်းမှာ မဟုတ်ကြပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အတွေးခြင်း အမြင်ခြင်း မတူကြပါဘူး။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်အရေးဆိုတာ ရှိပါတယ်။ ကိုယ်ပိုင်ခံယူချက်ဆိုတာ ရှိကြပါတယ်။ ဘာလို့ သူ့တစ်ပါးရဲ့ စိတ်နဲ့ ရှင်သန်ချင်ကြတာလဲ။ တော်တော်စိတ်ပျက်မိပါတယ်။

  တကယ်ကူးယူ ဖော်ပြချင်တယ်ဆိုရင် ခွင့်တောင်းသင့်ပါတယ်။ ခွင့်တောင်းဖို့ အခက်အခဲ ရှိရင် ပို့စ်ရဲ့ အောက်မှာ မူရင်းရေးသူနဲ့ လင့်ကို ဖော်ပြပေးသင့်ပါတယ်။ ဒါဟာ စာပေ စည်းကမ်းအနေနဲ့ ရှိသင့်ပါတယ်။ အပြည့်အ၀ မဖော်ပြနိုင်လို့ ပိုင်းဖြတ်ခဲ့မယ်ဆိုရင်လည်း ဖြတ်ထားရတဲ့ အကြောင်းရင်းကို ရှင်းပြသင့်ပါတယ်။

ကျွန်တော် မရိုင်းတက်ပါဘူး။ ဆဲလည်း မဆဲတတ်ပါဘူး။ ရန်လည်း မရှာတတ်ပါဘူး။ ဒါကြောင့် ဘာမှ ဆက်မပြောလိုတော့ပါ။ ကျွန်တော် စာဆက်ရေးဖို့လည်း မသေချာတော့ပါဘူး။ ဘလော့ဂ်ကို ပိတ်ဖြစ်ချင်လည်း ပိတ်မိမလားမသိပါဘူး။ ဒါကြောင့် ထပ်မံကူးယူချင်သေးတယ်ဆိုရင် လာရောက်ကူးယူနိုင်ပါတယ်။

ဒီလို ကိစ္စတွေက ဘလော့ဂ်ဂါ လောကမှာ ရှိတတ်တာပဲ အဆန်းမဟုတ်ပါဘူးလို့ ဆိုရင် ကျွန်တော် စာရေးတဲ့ သက်တမ်းနုသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မရင့်ကျက်သေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် စာဆက်မရေးဖြစ်လို့ ဘလော့ဂ်ကို ပိတ်ခဲ့မယ်ဆိုလည်း ဘယ်သူအတွက်ကြောင့်မှ မဟုတ်ပါဘူး။ ကျွန်တော့် စိတ်ခံစားချက် သက်သက်ပါပဲလို့ ပြောပါရစေ။

ယနေ့အချိန်ထိ ကျွန်တော့်ကို အားပေး၊ နှစ်သိမ့်၊ ဂရုစိုက်ပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကို အားနာမိပါတယ်။ အားလုံးရဲ့ စေတနာနဲ့ မေတ္တာကို ကျွန်တော့်တသက်မေ့နိုင်မှာ မဟုတ်ပါဘူး။ ဘာမှန်းရေရေရာရာ မဆုံးဖြတ်ရသေးတဲ့ အတွက် မည့်သူ့ကိုမှ နှုတ်မဆတ်ခဲ့သေးပါဘူး။

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ မိမိတို့ ချစ်မြတ်နိုးသော စာပေအနုပညာကို ဆထက်တပိုး ထမ်းရွက်နိုင်ကြပါစေ။

17 comment[s]:

မြတ်မွန် said...

အဲလို မလုပ်ပါနဲ့ ကိုညကောင်းကင်ရယ်..။
ကူးယူလို့မရအောင် လုပ်လို့ရတာပဲ မဟုတ်လား
ကိုညကောင်းကင် စာဆက်ရေးဖို့ မျှော်လင့်ပါတယ်။
ကဗျာဖတ်ရမဲ့ အိမ်တစ်အိမ်တော့ လျှော့သွားပြန်ပြီပေါ့ ။
စိတ်မကောင်းဘူး။
ညက ဂျီတော့မှာ စောင့်နေပါသေးတယ်။
ဘာများဖြစ်တာလည်း သိချင်လို့ပါ။
ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။
စာဆက်ရေးဖို့ တောင်းပန်ပါတယ်။

မိုးခါး said...

း)
ကိုယ်ရေးတဲ့စာတွေ ကောင်းလို့လို့ မှတ်လိုက်လေ ..း)
စာကို ကူးလို့မရအောင် လုပ်လို့ရပါတယ်
အဲဒါကို သိတဲ့လူတွေကိုမေးပြီး စာတွေ ဆက်ရေးပါ ..း)

ဒဏ္ဍာရီ said...

မောင်လေးရေ... ဘာတွေဖြစ်လို့လဲ.. ခံစားချက်တွေနဲ့ ကာရံမိတဲ့ ကဗျာလေးတွေ ဆက်ပြီး ဖတ်သွားချင်ပါတယ်။ အရာရာကို လွယ်လွယ်နဲ့ ဘယ်တောမှ အရှုံးမပေးပါနဲ့နော်..။ ရေးခဲ့သမျှ ကဗျာလေးတွေဟာ တကယ့်ရင်ထဲက လာတဲ့စာကားလုံးတွေဆိုတာ ခံစားတတ်သူတိုင်း နားလည်ပါတယ်။
စာတွေဆက်ရေးပါ.. ကဗျာတွေ ဆက်ရေးပါ..။

ခင်မင်လေးစားလျှက်

Anonymous said...

အင်း.. အစ်ကို ဘယ်လို ခံစားရမယ်ဆိုတာ နားလည်ပါတယ်.. ဒါပေမယ့် အဲဒီအတွက်ကြောင့်နဲ့တော့ ပိတ်မပစ်လိုက်ပါနဲ့.. ကိုယ်ရေးတဲ့ စာကောင်းလို့ ကူးတာဆိုတော့ ကူးမရအောင်လုပ်ထားလိုက်ပေါ့..း)))

ဂျပန်ကောင်လေး

မေကျော် said...

အင်း ဟုတ်တယ်
ကူးလို့ မရအောင် လုပ်လို့ ရတာပဲ မဟုတ်လား...
မထွက်ပါနဲ့...
ကျနော်က အိမ်လည်တာ တော်တော် နည်းတယ်... အဲလို နည်းတဲ့ ကြားက လည်နေကြအိမ်တွေ ပျောက်သွားမယ်ဆိုရင် တော်တော် နှမြောရမှာပဲ....း(

Cameron said...

မောင်လေးည ခံစားချက်ကို အစ်မကောင်းကောင်းနားလည်တယ်...။ ဘာမဟုတ်တာအတွက်နဲ့တော့လို့ မပြောချင်ပါဘူး...။ ဒီလိုပဲ ကိုယ့်ခံစားချက်နဲ့ အရင်းတည်ပြီး တည်ဆောက်ထားတဲ့ အိမ်တစ်လုံး ကိုယ့်အိုင်ဒီယာကို အခိုးခံရတာလောက်ခံရခက်တာမရှိပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်ကိုတော့ မပိတ်လိုက်ပါနဲ့... အစ်မစာအုပ်စင်လေးမှာ စာအုပ်တစ်အုပ် လျော့သွားတာ မြင်နေရရင် စိတ်ကောင်းမှာ မဟုတ်ဘူး...။ ပြုသူက သူ့ဘာသာသူ အရှက်ရပါလိမ့်မယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

~ဏီလင်းညို~ said...

ကိုတူးရေ....
အစ်ကိုတိုတိုနဲ့ ရှင်းရှင်းပဲပြောမယ်....
စည်းဝိုင်းအပြင်ထွက်ရပ်ရမဲ့သူက မင်းမဟုတ်ဘူးလေ....။
ဟုတ်တယ်ဟုတ်....း)
ခင်မင်တဲ့
ဏိလင်းညို

Anonymous said...

အကို ရေ ..
ဆိုဒ်တော့ မပိတ်လိုက်ပါနဲ့ ...
မိုးခါး ပြောသလိုပါပဲ ..
စာကို ကူလို့ မရအောင် လုပ်လို့
ရတဲ့နည်းကို အကူအညီ တောင်းပြီး
လုပ်ထားလိုက်ပါ ...
အကို ရဲ့ စာ တွေ ၊
အထူးသဖြင့် ကဗျာ တွေ က
တော်တော် ဖတ်လို့ ကောင်းတယ် ....

ice-cream said...

အကို ရေ ..
ဆိုဒ်တော့ မပိတ်လိုက်ပါနဲ့ ...
မိုးခါး ပြောသလိုပါပဲ ..
စာကို ကူလို့ မရအောင် လုပ်လို့
ရတဲ့နည်းကို အကူအညီ တောင်းပြီး
လုပ်ထားလိုက်ပါ ...
အကို ရဲ့ စာ တွေ ၊
အထူးသဖြင့် ကဗျာ တွေ က
တော်တော် ဖတ်လို့ ကောင်းတယ် ....

ဆောင်းနှင်းရွက်

kaungkinpyar said...

:) ရေးပါ..

Anonymous said...

ကိုတူး ထားလိုက်ပါအကိုရာ သူတို့ သမိုင်းသူတို့ရေးနေကြတာ . . . ကူးစမ်းပါစေဗျာ လွတ်ထားလိုက်စမ်းပါ ကူးလို့ ပိတ်ကြမယ်ဆိုရင် စနိင်းနိုင်းစနေတို့ ပိတ်ရတာ ဘလော့စပေါ်ကတည်းကဖြစ်လိမ့်မယ် ဖော်ဝေါ့တောင် ဖြစ်ကြသေးတာပဲ . . .

ဆက်သာရေးကို ဘယ်သူတွေ ကူကြမလဲ ကူကြစမ်းပါစေ လာငြင်းမလားရတယ် ရက်စွဲနဲ့ တင်ထားတာ ကြိုက်သလိုလာ ကြစမ်းပါစေဗျာ . . .

စိတ်ထဲမထားနဲ့ ကိုတူး . . .

ဆက်ရေး . . . .

ဇောင်း said...

ကိုညကောင်းကင်ရေ
စာတွေကို ကူးယူလို့မရအောင် ရိုက်ကလစ်ပိတ်တဲ့နည်းနဲ့ ကာကွယ်လို့ရတယ်ဗျ၊ ဒါပေမဲ့ အဲ့ဒီနည်းကို Mozilla မှာ ပြန်ဖွင့်လို့ရပြန်တယ်၊

ဒါကြောင့်မို့ ကူးယူမဲ့လူက ရအောင်ကူးယူကြမှာပါ၊ အထက်က မိတ်ဆွေများပြေသလိုပါပဲ ကိုညကောင်းကင်ရဲ့ ကဗျာတွေက ကောင်းလို့ ကူးတယ်လို့ပဲ ယူဆလိုက်ပါ၊

ဘယ်လိုပဲဖြစ်ဖြစ် ကိုညကောင်းကင်ရေ စိတ်အနှောက်အယှက်ဖြစ်ပြီး စိတ်ထွက်ပေါက်ဖြစ်တဲ့ တံခါးဝကိုတော့ မပိတ်လိုက်နဲ့ဗျ...

ဒီလိုမျိုး အင်တာနက်မှာ စာရေးသူတိုင်း ကြုံတွေ့နေကြတယ်ဗျ၊ ဆက်လုပ်ပါ၊ အားလုံးနဲ့အတူ ကျနော်လည်း အားပေးနေဆဲပါပဲ.... :)

ZaUnG

စံလင်းထွန်း said...

အစ်ကိုက ကဗျာရေးရော၊ စာရေးရော ကောင်းတဲ့ ပါရမီဓါတ်ခံရှိတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော်အစကတည်းက သိခဲ့ပါတယ်။

အစ်ကိုရေးခဲ့သမျှ တော်တော်များများဟာလည်း ကျွန်တော့်လိုပဲ ဖတ်သူအားလုံးရဲ့ ရင်ထဲကို ထိရှတာ အမှတ်ပါပဲ...။

စာရေးဖော်ရေးဖက်၊ ကဗျာရေးဖော်ရေးဖက်၊ ဝါသနာတူလူအချင်းချင်း တစ်ယောက်ရဲ့ခံစားချက်တွေကို တစ်ယောက်ကထွင်းဖောက်သိမြင်ပြီးတော့ နားလည်ပေးနိုင်ပါတယ်...။

ကဗျာတွေ၊ စာတွေ ဆက်ရေးပါလို့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်။

အားလုံးနဲ့အတူ အားပေးနေတယ် ...။

ခင်မင်တဲ့
စံလင်းထွန်း

နေမိုးဝေ said...

ဘာပဲ ပြောပြော ဒီကောမန့်ရေးတဲ့ အချိန်မှာ ပို့စ် အသစ်တွေ တက်နေလို့ စိတ်မပူတော့ဘူး။
စိတ်မပူပါနဲ့ဗျာ အချိန်တန်ရင်တော့ အတုဆိုတာ
အတုနေရာရောက်သွားပါလိမ့်မယ်။
တဘက်ကလှည့်တွေးတော့လည်း
သူများအခိုးခံရတယ်ဆိုတာ ကောင်းလွန်းနေလို့ ပဲပေါ့။
မကောင်းရင် ဘယ်သူမှ လာမခိုးပါဘူး။
အဲဒီလိုတွေးကြည့်လိုက်ပေါ့။
တာရာမင်းဝေ ရေးဖူးသလိုပေါ့ဗျာ
ဘဝမှာ ဓါးရိုးဘက်နဲ့ ကမ်းလာတာတွေရှိသလို
ဓါးသွားဘက်ကကမ်းလာတာတွေလည်းရှိလာမှာပဲလေ။
ဓါးသွားဘက်ကနေပေးလာတော့လည်း ကျွန်တော်တို့
ကွေ့ပတ်ပြီးယူလိုက်ကြတာပေါ့။

အားပေးစကားလာပြောတာ နောက်ကျသွားလို့ စိတ်မဆိုးကြးနော်။
ပျော်ရွင်ပါစေဗျာ

နေမိုးဝေ said...

ဘာပဲ ပြောပြော ဒီကောမန့်ရေးတဲ့ အချိန်မှာ ပို့စ် အသစ်တွေ တက်နေလို့ စိတ်မပူတော့ဘူး။
စိတ်မပူပါနဲ့ဗျာ အချိန်တန်ရင်တော့ အတုဆိုတာ
အတုနေရာရောက်သွားပါလိမ့်မယ်။
တဘက်ကလှည့်တွေးတော့လည်း
သူများအခိုးခံရတယ်ဆိုတာ ကောင်းလွန်းနေလို့ ပဲပေါ့။
မကောင်းရင် ဘယ်သူမှ လာမခိုးပါဘူး။
အဲဒီလိုတွေးကြည့်လိုက်ပေါ့။
တာရာမင်းဝေ ရေးဖူးသလိုပေါ့ဗျာ
ဘဝမှာ ဓါးရိုးဘက်နဲ့ ကမ်းလာတာတွေရှိသလို
ဓါးသွားဘက်ကကမ်းလာတာတွေလည်းရှိလာမှာပဲလေ။
ဓါးသွားဘက်ကနေပေးလာတော့လည်း ကျွန်တော်တို့
ကွေ့ပတ်ပြီးယူလိုက်ကြတာပေါ့။

အားပေးစကားလာပြောတာ နောက်ကျသွားလို့ စိတ်မဆိုးကြးနော်။
ပျော်ရွင်ပါစေဗျာ

may16 said...

ရေးပါ ကိုညရဲ့ကောင်းကင်. . .

ကိုဇော် said...

အခုမှ ကိုဏီ့ ဆီက သိလို လာခဲ့တာ...

ပြောချင်တာတွေကတော့ အများကြီးပဲ ကိုတူး။
ပိတ်တယ် ဆိုလည်း ဘယ်လိုပိတ်ပိတ် ရအောင် ကူးဖို့ နေရာရှိတယ်။ ဒါကြောင့် ပိတ်လည်း ပိတ်မနေနဲ့။ အရမ်းခံစားနေရတယ် ဆိုရင်တော့ pdf ဖိုင်လုပ်ပြီး http://www.scribd.com/ တင်လိုက် ဒါဆိုရင် သူတို့အတွက် နည်းနည်းခက်တာပေါ့လေ။ ဒီထက်ပိုဆိုးလာရင်တော့ print screen ထုတ်ပြီး ကုတ်ခံတင်လိုက်။
ဒါဆိုရင်တော့ Copy နဲ့ လွယ်လွယ်ကူးလို့ မရတော့ဘူးပေါ့။

အကိုလည်း အရင်က အကြိမ်ပေါင်းများစွာ ခံစားဖူးပါတယ်။ ဒါပေမဲ့လည်း စာဖတ်သူတွေကို အားနာလို့ ရှေ့ဆက်ခဲ့တာ... ဘာမှ လုပ်မနေနဲ့ ကိုတူး...သူတို့တင်ထားတာတွေ့ရင် သွားပြီးတော့ အောက်ကနေ လင့်လေး ချိတ်ပေးပါလို့ တောင်းဆိုကြည့်ပေါ့။ မရရင် ၊ များလာရင် ကိုယ့်နေရာမှာ ပို့စ် တင်လိုက်...ဒီနေရာက ကူးနေပါတယ်ပေါ့။ ဘာဖြစ်လဲ ကိုယ့်နေရာမှာတော့ သုတို့ လာဖျက်လို့မရဘူးလေ..။

ကိုယ့်ဖာသာ ခရီးဆက် ရဲဘော်...

ဆိုက်မဖျက်နဲ့နော်...လင့်ချိတ်ထားမလို့..။

ပျော်ရွှင်ပါစေ..
ကိုဇော်