Friday, November 27, 2009

“နံနက်ခင်း ရဲ့ ဆောင်းသင်းရနံ့”




ငါ ... နိုးထတဲ့ ဒီနံနက်ခင်းမှာ
ဝရန်တာနံဘေး ခြေစုံငေးရင်း
အကြည့်တွေကို ဆန့်ထုတ် လိုက်တဲ့အခါ
တိုက်ခတ်လာတဲ့ လေဖြူးဖြူးလေးက
ဆောင်းအငွေ့အသက်တွေ ခြုံလွှမ်းလို့
ငါ့ ... ရင်ကို ရနံ့လေးတွေနဲ့ ၀င်တိုက်သွားတယ် ...။


သင်းပျံ့တဲ့ ဆောင်းသင်းရနံ့ကို
နှလုံးသားဖွင့်လို့ ရှုရှိုက်မိတော့
ခံစားလိုက်ရတဲ့ စိတ်ကူးအဆုံးမှာ
နင့် ... ပုံရိပ်တွေက လေညှင်းလေးနဲ့ မခြား
ငါ့ ... ရင်ကို နွေးထွေးစေလိုက်တာ ...။


“နွေး” ရယ် ... လို့ ...
တိုးတိတ်စွာ ငြီးမိတော့
ရင်ထဲမှာ ကြည်နူးလိုက်ရတာ ...
တကယ်တော့ ...
ငါ ... အမြတ်နိုးဆုံး နှလုံးသားမှာ
ထင်ဟပ်နေတဲ့ ပုံရိပ်မို့လား
နွေးထွေးတဲ့ ဒီနံနက်က
ငါ့ ... အတွက်တော့
တန်ခိုးရှင် ဖန်ဆင်းတဲ့
ပြီးပြည့်စုံတဲ့ နိုး ထ ခြင်း ပေါ့ ...။


ပိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။


ဒီလိုနဲ့ ...
အမြဲတမ်း လင်းတဲ့ နံနက်ခင်း
အမြဲတမ်း သင်းတဲ့ ဆောင်းလေးညှင်းနဲ့ အတူ
ငါ့ ... ရဲ့ ... အပြင်ဘ၀ထဲက
ရင်ခွင်ထံပါးသို့ တံခါးခေါက်လို့
အပြီးရောက်လာခဲ့ပါလား ...
နှလုံးသား အပိုင်စားပေးဖို့ဆို
ဆောင်းလေသင်းနံ့ ရနံ့မရှိလည်း
“နွေး” ဆိုတဲ့ တိုးရှိုက်သံက
ငါ့ ... နံနက်ခင်းတိုင်းကို လင်းလက်စေမှာ ...။
             ~~~~~~ 
မနေ့ညကပေါ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်က အက်စ်ဆေးလေးတခုကို သူ့ကောင်မလေးအတွက် ခံစားပြီးရေးထားတယ်တဲ့။ အဲဒါလေးကို “ကဗျာ” လေးတစ်ပုဒ်နဲ့ သီကုံးပေးပါလားဆိုလို့ သူ့အတွက် ရေးပေးပြီးတော့မှ ကြိုက်လွန်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။

11 comment[s]:

မောင်သီဟ said...

ိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။

စောစောစီးစီးလာခံစားသွားတယ်ဗျာ
ကဗျာတွေအမြဲသီကုံးနေနိုင်ပါစေ
း)

ဒဏ္ဍာရီ said...

အေးမြတဲ့ ဆောင်းနံနက်ခင်းမှာ နွေးထွေးစေမယ့် "နွေး" ဆိုတဲ့ ရင်ခွင်လေးကို ဘယ်လောက်ဝေးဝေး အတွေးနဲ့တင် နွေးထွေးစေနိုင်ပါစေလို့ မောင်လေးကဗျာလေးကို ခံစားရင်း သူငယ်ချင်းအတွက် ဆုတောင်းပေးလိုက်တယ်နော်။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

“မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။”.................

ကောင်းကင်ပြာ said...

အဲ့ဒီ သူငယ်ချင်းရော ကဗျာ ရေးသူရော မနက်ခင်းတိုင်း နွေးထွေး ပြည့်စုံတဲ့ မနက်ခင်းလေးတွေ ပိုင်ဆိုင်ပါစေ..

~ဏီလင်းညို~ said...

ကိုတူးရေ...
သူများတွေဆုတောင်းပေးသွားတာ...အားကျလို့ အစ်ကိုလည်းဆုတောင်းပေးသွားပြီကွာ...
“ချစ်သူတိုင်း...ညားကြပါစေ...၊ ညားသူတိုင်းလည်း..ချစ်ကြပါစေ”....ကွာ...။

ခင်မင်တဲ့

ဏီလင်းညို

မိုးစက်အိမ် said...

နံနက်ခင်းလေးမှာ နူးညံ့ တဲ့  ကဗျာလေး
တစ်ပုဒ်ဖတ်လိုက်ရတာ တော်တော်ကြည်နူးမိတယ်ဗျာ . . . :)

ညီညီ said...

ပိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။

အစ်ကိုရေ အချစ်စိတ်က ဘယ်လောက်ပဲဝေးနေပါစေ.
ချစ်သူအကြောင်းလေး တွေးလိုက်ယုံနဲ့ ရင်ခွင်ကို နွေးထွေးသွားစေနိုင်တယ်နော်.။

ကဗျာလေးအရမ်းကောင်းတယ် ခံစားဖတ်ရှု့သွားပါသည်.။

ခင်မင်တဲ့
ညီညီ

Anonymous said...

ပိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။

လေညှင်းတောင် သိသတဲ့လားအကိုရေ စကားလုံးတွေ နုဖတ်နေတယ် ကောင်မလေးကြွေမှာကျိန်းသေတယ်ဗျ ဟဲဟဲ

ဆောင်းနှင်းရွက် said...

ကိုဗညားရှိန် ပြောသလိုပဲ ...
အကို့ သူငယ်ချင်း ကောင်မလေးတော့
ကဗျာဖတ်ပြီးတော့ ကြွေသွားမှာ
သေချာတယ် ....

မြတ်မွန် said...

ဖတ်မိလိုက်တဲ့ အချိန်က ညဖြစ်နေပေမယ့်
ကဗျာလေးကြောင့် နံနက်ခင်းလေးတစ်ခုကိုရောက်ရှိသွားသလိုခံစားမိပါတယ်။အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ။

မိုးခါး said...

မေးတော့မလို့
အပေါ်မှာ နိုး ဆို
ခုဒီတပုဒ်မှာ နွေးဆိုလို့
:D