Thursday, November 26, 2009

လမ်းဟောင်းလေး



နှင်းမြူဖြူဖြူ ချမ်းမြမြမှာ
အလင်းအထူတွေ ပိုက်ထွေး
နှစ်ယောက်အတူ ရေးခဲ့ကြတဲ့
လမ်းဟောင်းကလေး နံဘေး
ပန်းတောလေးကလည်း
ရနံ့မပျယ်သေးပါလား ...။

သစ္စာပန်းအပြုံးတွေမှာ
ကတိနှောင်ကြိုးတွေ ရစ်ထွေး
နှစ်ယောက်အတူ သီကြွေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
ခုံတန်းလေးလည်း
နဂိုအတိုင်း မပြောင်းလဲသေးပါလား ... ။

ပျော်ရွှင်မှုအတိတ်တွေမှာ
သံသာလေးတွေနဲ့ နှောင်ထွေး
နှစ်ယောက်အတူ တွေးခဲ့ကြတဲ့
လမ်းဟောင်းလေး ပေါ်ပြေး
ခြေလှမ်းကလေးတွေလည်း
အရိပ်လို ထင်နေဆဲပါလား ... ။

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သက္ကရာဇ်တွေနှောင်း
သက်ရှိတွေ အရောင်ပြောင်းလည်း
မပြောင်းလဲတဲ့ လမ်းဟောင်းလေးရေ ...

နှင်းတွေကြွေပြီး ပန်းတွေဝေ
မြေသင်းရနံ့တွေ ထုံသင်း
ကျေးငှက်တွေ ခုန်ခုန်ဆင်းကြတဲ့
လမ်းဟောင်းလေးရဲ့ ၀န်းကျင်မှာပဲ
မှုန်ဝေနေတဲ့ မျက်လုံးတစုံ
တုန်ရီနေတဲ့ လက်အစုံနဲ့
အငိုရှိုက်သံတွေ အဆုံးမှာ
ကဗျာ တစ်ပုဒ်ကို
ဒဏ်ရာတွေ ချုပ်ဖို့
အစာသွတ်ခွင့်ပြုပါတော့လေ ...။

13 comment[s]:

ဒဏ္ဍာရီ said...

ခံစားချက်လေးတွေကို ကဗျာအဖြစ်သီကုံးထားတဲ့ လမ်းဟောင်းလေးက အရင်လိုပဲ အချစ်တွေကို တမ်းတနေမှာပါ မောင်လေးရေ ... ဘာတွေ ဘယ်လောက် ပြောင်းပြောင်း လမ်းဟောင်းက မပြောင်းလဲသလို မောင်လေးတို့ရဲ့ ချစ်ခြင်းတရားတွေလည်း မပြောင်းမလဲ ခိုင်မြဲနိုင်ပါစေ...

ခင်မင်လေးစားလျှက်

ဂျပန်ကောင်လေး said...

အချိန်တစ်ခုကြာခဲ့ရင်တော့လည်း ဒဏ်ရာတွေကို ချုပ်ဖို့ သင့်လာပြီပေါ့နော်.... ကျွန်တော်တော့ ဘယ်လို ချုပ်ရမလဲ မသိဘူး.....

မောင်သီဟ said...

အနုအရွလေးတွေနဲ့ အနမ်းလေးတွေနဲ့
လမ်းဟောင်းလေး ကိုမြင်ယောင်မိတယ်ဗျာ

စည်းရိုး said...

အလင်းမထူတထူ လမ်းတစ်လျှောက်မှာ
ပုလင်းအဖြူတွေ အတူပိုက်ထွေး
နှစ်ယောက်အတူ မူးခဲ့ကြတြ့
လမ်းဟောင်းလေးရဲ့နံဘေး
ကိုသာအေး အရက်ဆိုင်လေးလဲ
မပျက်ပျယ်သေးပါလား။

စသွားတာဗျ နော် စိတ်မဆိုးကြေးေ နာ် သိလား ဟီး ကဗျာကိုဖျက်တာမဟုတ်ပါဘူး ကိုယ်ကမရေးတတ်လို့ ကာရံခိုးကြည့်တာပါး))

ကောင်းကင်ပြာ said...

လမ်းဟောင်းလေး မပြောင်းလဲသလို အချစ်တွေ မပြောင်းလဲ ပဲ အဆင်ပြေပါစေလို့၊ ဒဏ်ရာတွေလဲ ပျောက်ပါစေ...

သိင်္ဂါကျော် said...

ကဗျာကောင်းလေး လာဖတ်သွားပါတယ်...

မိုးစက်အိမ် said...

ပုံးလေးနဲ့ ကဗျာစာသားလေးတွေက ဟပ်မိတယ်ဗျာ
ဆွေးဆွေးမြေ့ မြေ့  ကို ခံစားသွားရစေတယ် . . . ကဗျာ
နုနုလေး တစ်ပုဒ်ပါဘဲဗျာ . . .

Beauty Studio USA Branded Store said...

လမ်းဟောင်းလေးက ပြောတယ်။ လမ်းလာမလျောက်တာ အတော်ကြာပြီတဲ့။ကျန်းမာပါစ။ ပျော်ရွှင်ပါစေဗျာ။

အဖြူရောင်နတ်သမီး said...

လမ်းဟောင်းလေးဆိုပေမယ်...
ဘယ်တော့မှ မဟောင်းတဲ့ အချစ်တွေရှိနေသေးတယ်....
မေ့လို့မရတဲ့ အကြင်နာတွေရှိနေသေးတယ်..
ဖျောက်ဖျက်လို့မရတဲ့ အလွမ်းတွေရှိနေသေးတယ်...
ပြီးတော့...
မရိုးနိုင်တဲ့ လမ်းဟောင်းလေးရဲ့ “ကဗျာရာဇဝင်လေးတွေ” ရှိနေသေးတယ်လေ...
(ခင်မင်မှုများစွာဖြင့်)

လင်းကြယ်စင် said...

မောင်လေးရေ..
လမ်းဟောင်းလေး ဆိုလို့ ဖတ်ရင်းနဲ့ အစ်မ သီချင်းတစ်ပုဒ်ပါ နားထဲမှာ ကြားယောင်လာတယ် ... နားထောင်ကြည့်နော် ... ၀ိုင်းစုခိုင်သိန်း ဆိုထားတာ ..
http://sites.google.com/site/linnkyaesin/Beside%20The%20Road%20.mp3
ဒေါင်းလို့ရမယ်ထင်တယ် ..
ခင်မင်စွာဖြင့်
အစ်မလင်း

~ဏီလင်းညို~ said...

ကိုတူးရေ....

“နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။”
အဲ့ဒီအပိုဒ်လေးကို ဖတ်ရင်း..မျက်စေ့ထဲမှာ...ခွဲခွါကာနီးချစ်သူနှစ်ယောက်ကို..မြင်ယောင်လာမိတယ်...။
ပြီးတော့.......

Anonymous said...

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သစ်ရိပ်တွေတောင်မဟုတ်ဘူး ကျွန်တော်တောင် ဖတ်ရင်း ဖတ်ရင်း မျက်နှာလေး ပူလာပြီး ဟားဟား . . .

ကောင်းမြဲကောင်းဆဲ ပါပဲ

မြတ်မွန် said...

ဟင်းးးးးကဗျာလေးဖတ်ပြီး စိတ်ကောင်းဘူး။