Monday, November 23, 2009

မျှော်လင့်ရင်းရူး



မျှော်လင့်ချက် ကမ်းနဖူးမှာ
အလွမ်း ရဲ့ခတ်သံကို
စောင့်ရင်းရူးနေရတဲ့...ငါ
လေပြေရိုင်းရဲ့ ပွတ်တိုက်သံက
မဆီမဆိုင်နဲ့ လူကိုယိုင်အောင်
လာလာ ခနဲ့တယ် ...။

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့  ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။

ဘယ်သူသိနိုင်မှာလဲလေ ...။

နတ်မဖွက်တတ်တဲ့ အချစ်ဆိုတာ
အရောင်ကင်းလှတာမို့
အလင်းမရှိတဲ့ နေ့ဆိုတာ
တရံတခါပဲ ရှိတတ်တာမို့
အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
 မျှောင်လင့်ရင်းရူး နေတော့မယ် ...။
~~~~~~~~~~

ပုံကို ဒီ ကနေယူပါ၏။

12 comment[s]:

ဂျပန်ကောင်လေး said...

မျှော်လင့်ပါ..ရူးတော့မရူးသွားပါနဲ့...း)

Beauty Studio USA Branded Store said...

နတ်မဖွက်တဲ့ အချစ်အတွက်တော့ မျှော်လင့်ရင်းရူးတော့မယ်ဆိုတော့ အချစ်က ကြီးမားပါလားဗျာ။

ကောင်းကင်ပြာ said...

ဒီလမ်း ဘယ်လောက်ဝေးဝေး လျှောက်မယ်ဆို ရူးသွားလို့ ဘယ်ဖြစ်မလဲ...စောင့်လိုက်ပါ...ရောက်လာပါလိမ့်မယ်....

ဆောင်းနှင်းရွက် said...

အရမ်း မမျှော်လင့်ပါနဲ့ ..
မျှော်လင့်ချက် တွေ အတိုင်း
ဖြစ်မလာရင်
အခုလက်ရှိထက်
ပိုခံစားရတတ်ပါတယ် ..

တစ်ခါတစ်လေမှာ
မသိသလိုလေး
နေလိုက်တာ
အကောင်းဆုံးပါ ...

အဖြူရောင်နတ်သမီး said...

အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
မျှောင်လင့်ရင်းရူး နေတော့မယ် ...။

~~~~~~~~~~
အဖြူရောင်အရူးလေး အရူးလေးပေါ့....

မိုးစက်အိမ် said...

အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
မျှောင်လင့်ရင်းရူး နေတော့မယ် ...။
အမ အဖြူရောင်နတ်သမီး နဲ့  ထပ်တူပါဘဲဗျာ
ကဗျာ အပိတ်က တော်တော်လေး ခံစားအားကောင်း
ပြီး စကားလုံးသုံးသွားတာ လှတယ်ခင်ဗျ . . .

Cameron said...

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့ ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။



လှလိုက်တဲ့ စကားလုံးတွေ
နှလုံးသွေးတွေပွင့်အံပြီး ရေးထားလေသလား
ညရဲ့ကောင်းကင်မှာ....
ကြယ်တွေတဖြုတ်ဖြုတ်ကြွေနေမလား
ကြယ်တစ်ပွင့်ကြွေတိုင်းတောင်းဆုပြည့်ဝမယ်ဆိုရင်
မင်းတောင်းတဲ့ဆုတွေပြည့်ပါစေ........

မောင်သီဟ said...

အယ်ဗျာ နောက်ကျသွားတယ်
သူများဦးသွားပြီ
ကဗျာလေးခံစားရတယ်

ညီညီ said...

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

စာသားတွေ အရမ်းကြိုက်တယ်. အစ်ကိုရေ.

ငါ့အစ်ကိုရေ. လျှောက်သာလျှောက်ပါ တစ်နေ့တော့ ရောင်နီဟာ လင်းလာမှာ မလွဲပါဘူး.။

ခင်မင်တဲ့

ညီညီ

~ဏီလင်းညို~ said...

ကိုတူးရေ...
သန်းခေါင်ကျော်..မိုးလင်းခါနီးမှ..လာဖတ်တာ...။
ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းတော့ ကဗျာဖတ်ရင်းနဲ့ ...မင်းရဲ့ ကြေကွဲနေတဲ့..အသံကို..ကြားလိုက်ရသလိုလို....

ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

မောင်လေးရေ ... မျှော်လင့်ချက်သာထားပါ ကိုယ်လိုချင်တဲ့ အရာတခုဟာ တချိန်ချိန်မှာ ရရှိနိုင်မှာပါ။
မောင်လေးရဲ့ အဖြူရောင် နှလုံးသားကို ခံစားတတ်တဲ့သူ နားလည်လာမှာပါ။
ပျော်ရွှင်ပါစေနော်...

ခင်မင်လေးစားလျှက်

linn said...

မောင်လေးရေ..
မျှော်လင့်ရင်း ရူးတော့မယ် ဆိုလို့ ရူးလောက်အောင်တော့ မခံစားနဲ့ပေါ့ ... ကဗျာလေးတွေ ဖတ်ရတာ ကောင်းတယ် ...ဆက်ရေးရင်းနဲ့ အားမွေးပေါ့ နော ..
ခင်မင်စွာဖြင့်
အစ်မလင်း