Friday, March 1, 2013

ပြီးဆုံးသွားသော


မျက်လွှာ နှစ်ခု အပွင့်မှာ အိပ်ယာဝင်
မျက်လွှာ နှစ်ခု အပွင့်မှာပဲ အိပ်ယာထ
နံနက်ခင်းတိုင်းက ခြောက်သွေ့မှုနဲ့ ဖွင့်
ဒီလိုနဲ့ ကျွန်တော်ဟာ နေ့ နဲ့ နေ့ မှားသွားတယ် ...။

တရိပ်ရိပ် မူးဝေလာတဲ့ အာရုံမှာ
သတိရမိတာက သူ့မျက်နှာ
ကိုယ့်နဖူးကို ပြန်စမ်းတော့
တစ်ရာ့ တစ်ဆယ့်နှစ် ဒီဂရီက
ရိုးသားစွာ လက်မထောင်တယ် ...။

ကိုက်ခဲနေတဲ့ ထုံကျင်မှုကို ဂရုမစိုက်ပါဘူး
ကြည့်နေကြ အယ်လ်ဘမ်လေးမှာ
စကားတွေပြောဖြစ်တယ်
သတိရတယ် ... ချစ်သူ ...။

စိတ်တွေက လွတ်လပ်စွာ ဖောက်ထွက်ကြ
ခန္ဓာကိုယ်ရဲ့ အတိမ်အနက်မှာ ပျော်ဝင်ကြ
ဒီလိုနဲ့ ချစ်သူကို တစိမ့်စိမ့် ထိုင်ကြည့်မိတယ် ...။

နှာခေါင်းဝက သွေးညှီနံ့ သဲ့သဲ့ရတယ်
ဆည်းလည်းသံ သဲ့သဲ့လည်း ကြားတယ်
ခေါ်သံတွေလည်း ပဲ့တင်ထပ်လို့ ...
....................................................
 အိပ်မက်တွေ ဖရိုဖရဲနဲ့
ကျွန်တော် အခု အပြင်းဖျားနေတယ် ...။


(ညလင်းအိမ်)

8 comment[s]:

မိုးနတ်ကြယ်စင် said...

စိတ်တွေက လွတ်လပ်စွာ ဖောက်ထွက်ကြ
ခန္ဓာကိုယ်ရဲ့ အတိမ်အနက်မှာ ပျော်ဝင်ကြ
ဒီလိုနဲ့ ချစ်သူကို တစိမ့်စိမ့် ထိုင်ကြည့်မိတယ် ...

အဲ့နားလေးကို သဘောအကျဆုံးပဲ :)
တပုဒ်လုံးကိုလဲ ကြိုက်ပါတယ်...
ကဗျာတွေ ပြန်ရေးပါ အကိုရ
အကြာကြီး မရေးပဲ ပစ်ထားရင်
ရေးလက်ကျသွားလိမ့်မယ် :(
ဒါနဲ့ စကားမစပ် အပြင်မှာရော
တကယ် အပြင်းဖျားနေလား အကို :P
ခင်တဲ့....မိုးနတ်

Aunty Tint said...

ခံစားချက်တွေ ပြင်းထန်နေတယ် ကိုတူးရေ။
အရာရာဟာမတည်မြဲပဲ ပြောင်းလဲနေတဲ့သဘောရှိတယ်။
အတွေးများစွာနဲ့ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးဇက် said...

ဟ ဖျားနေတာလားဗျ ကျမ်းမာရေးဂုစိုက်ဗျို့ ..

~ဏီလင်းညို~ said...

ကိုဏီ ကဗျာလေးကို ခံစားသွားပါတယ်...
ဝေဒနာဖြစ်နေတာတောင်မှ ချစ်သူကို လွမ်းနေမိတဲ့ ကဗျာလေးက.. ဆွေးမြေ့ခြင်းများစွာနဲ့ရယ်...

ခင်မင်ခြင်းအားဖြင့်....

ဏီလင်းညို

သဒ္ဓါလှိုင်း said...

အိပ်မက်တွေ ဖရိုဖရဲ ဖြစ်ခဲ့ကြတာ..
နိုးမထနိုင်တဲ့အထိ..
ချစ်ခင်စွာ
အမ သဒ္ဓါ

အနှိုင်းမဲ့ said...

အဖျားတက်နေတာတောင် ကဗျာက ကောင်းတုန်း

Anonymous said...

ကဗျာလာဖတ်သွားတယ် လူပျိုကြီးရေး)


မောင်ဘကြိုင်

Anonymous said...

ခံစားချက်အပြည့်နဲ့ရေးထားတာပဲ..၀င်ပီးအားပေးသွားတယ်နော်...:)