Sunday, July 25, 2010

“အင်အား”


ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...။

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့က တိုးတက်
တချို့က စိတ်ပျက်ကြတယ် ...။

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့ အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...။

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...။

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...။

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး  
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် 
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...။

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး ...။
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး ...။

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ်
ကိုယ့်ကိုကိုယ် မာန်တင်း
ဖန်ဆင်းရဲတယ် ...။

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။
~~~~ @@@@@@@ ~~~~~

ဒီကဗျာလေးက ကျွန်တော် စိတ်အရမ်းညစ်တုန်းက ရေးခဲ့တာ။ အားငယ်စိတ်ဝင်တိုင်း ဒီကဗျာလေးကို ပြန်ပြန်ဖတ်မိတယ်။ အခု အသစ်မရေးနိုင်သေးလို့ အဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ် ။

ဒါနဲ့ စကားမစပ် အခုလာနေတဲ့ သီချင်းလေးက ကျွန်တော်နဲ့ အတူတူနေတဲ့ အခန်းဖော် အစ်ကိုကြီးက သူစိတ်အရမ်းညစ်တုန်းက ရေးထားခဲ့တာပါ။ ကျွန်တော်နားထောင်မိပြီး ကောင်းလွန်းလို့ သူ့ကိုပဲ ဂစ်တာတီး သီချင်းဆိုခိုင်းပြီး ကျွန်တော်က အသံသွင်းခဲ့တာပါ။

သီချင်းလေးနာမည်က - “ဘ၀” 
တေးရေး၊ တေးဆို - ဖိုးစည်

နားထောင်ပြီး အားပေးကြပါဦး ... :)

21 comment[s]:

မင်းကိုချစ်တဲ့သူ said...

ုဟုတ်ပါတရ် ဒူးလဲမထောက်နဲ့ ဘေးလဲမရောက်စေနဲ့ ယုံကြည်မှုတစ်ခုကို အခြေပြု ကံကြမ္မာဆိုတာလည်း မှုစရာမရှိဘူး... လမ်းကမဝေးတော့ဘူး လက်တကန်းမှာပဲရှိတယ်... လျှောက်လှမ်းဖိုးပဲလိုတာပါ...

ကဗျားလေးကို ခံစားသွားပါတယ်...
အရမ်းကောင်းပါတယ်...

မြစ်ကျိုးအင်း said...

ဒီလိုပဲ ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ ရှေ့ဆက်ဖို့ အားအင်တွေ စုစည်းကြရတယ်။ အဝေးမှာ ရောက်နေရတဲ့သူအတွက် စုစည်းရတာ ပိုပင်ပန်းတယ်။ အလုပ်ပြန်လာချိန်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံပြီး နောက်တနေ့ အတွက် ပေါ့ပါးလတ်ဆတ်ဖို့ အခွင့်အရေး မရှိကြဘူး။ ကြာလာတော့လည်း အထီးကျန်ခြင်း မှာ အသားကျ လာရတယ်။

သော်ဇင်စိုး said...

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့ အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ
အဲဒီစာသားလေးကိုကြိုက်တယ်ဗျာ....
အရမ်းခံစားလို့ရတယ်.. ဘ၀ဟာ တစ်ခါတစ်လေတွေးမိတယ်.. ကိုယ်နိုင်ငံမဟုတ်တဲ့မြေမှာ တစ်နေ့ပြီးတစ်နေ့ ရုန်းကန်ရင်း.. ဒုက္ခတွေဆီက ထွက်ပြေးရင်း....
အောင်မြင်မှုဆီကိုတော့ မဟုတ်ဘူးဗျာ ဘ၀မှာ အောင်မြင်မှုဆိုတာ ပန်းတိုင်လို့ ကျနော်တော့ မထင်ဘူး..
ကဗျာဆရာတွေရှာတဲ့ ဘာမှန်းမသိတဲ့ သစ္စာပဲရှာချင်တယ်.........
အမှန်ပြောရရင်ဗျာ........ ဘာကိုမှတွယ်တာမနေပဲ လွှတ်ချပြစ်လိုက်ချင်တယ်..
အဲဒီလိုနဲ့ပဲ အထီးကျန်မှုတွေက ကြာလာတော့ ထုသားပေသားကျသွားသလိုပဲ.. ဘာမှမခံစားရတော့ဘူး...
ခံစားသွားတယ်ဗျာ.......
အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါစေ....

မေပယ်လ် said...

ကဗျာလေးဖတ်ပြီး စိတ်ဓာတ်တွေ
ရင့်ကျက်ဖို့ ကုန်းထတုန်း
သီချင်းသံက တားမရလို့ စီးမျောမိတယ်...
ဆွေးတယ်ဗျာ.........
နင့်သွားတယ် ....

နေ၀သန် said...

သီချင်းလေးနားဆင်ရင်းနဲ့ ကဗျာလေးခံစားသွားပါတယ်...း))).. သီချင်းလေးကောင်းတယ်.. ကဗျာလေးလည်းကောင်းတယ်...


ခင်မင်တဲ့
နေ၀သန်

နွေဆူးလင်္ကာ said...

အင်အားဆိုလို့ ဂျာနယ်များလားလို့ဗျာ

မောင်သီဟ said...

ဆု အဖြစ်အတွေးတွေကတော့ အမြဲပိုင်ဆိုင်နေတာပေါ့ဗျား)

အဖြူရောင်နတ်သမီး said...

သီချင်းလေးလည်း ကောင်းတယ်..
အသံလေးလည်း ကောင်းတယ်..
ကဗျာလေးလည်း အားတက်ဖို့ ဖတ်ကောင်းပေါ့..ကိုတူးရေ...

ကိုဇော် said...

အင်း. .ဂျပန်နိုင်ငံကို တိုးတတ်စေတဲ့ စကားလေးက “ ခုနှစ်ခါ လဲရင် ရှစ်ခါထမယ်။ ” တဲ့။
အဝေးက လူတွေ အတွက်ကတော့ ကိုယ်ထူကိုယ်ထ စနစ်ဆိုတာ တကယ့် အစစ်ပေါ့လေ။
ဒီလိုပါပဲ. . .
ဘယ်သူ သိသိ ၊ မသိသိပေါ့။
ကိုယ့်ဖာသာကိုယ်ပဲ ကုန်ရုန်းထလိုက်ရတယ်။

Maung Myo said...

ဒီကဗျာထဲက အရမ်းကြိုက်တဲ့အပိုဒ်လေးကို ဆိုဒ်ဘားမှ တင်ဖို့ ကူးသွားတဲ့ ညလင်းအိမ်ရေ ကဗျာအရမ်းကောင်းတယ် အားတွေတောင် တက်သွားသလို ကျေးဇူးပါ ။

အရုပ်ကလေး said...

မပွင့်တပွင့် .... လမ်း
အလျင်းသင့်သလို တိုးထွက်ကြစို့ ..။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

ချော(အစိမ်းရောင်လွင်ပြင်) said...

မိသားစုလောက်ကောင်းတဲ့ သူဆိုတာ ရှာမှရှားနော်
အရေးအကြောင်းဆို မိသားစုဘဲ ကိုယ့်ဘေးမှာ မားမား မတ်မတ်ရပ်ပေးကြတာ
အဝေးမှာတော့ ကိုယ့်ကိုယ်ကို အားတင်းပြီး နေကြရတာပါဘဲလေ

လင်းခေတ်ဒီနို said...

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ်
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...။

း)

ဒါပါပဲလေ . . . ဘ၀ ပါပဲ . . . ဘ နဲ့ ၀ နှစ်လုံးတည်းနဲ့တင် ကျွန်တော်တို့ ရုန်းနေခဲ့ရတာပဲး))

အင်ကြင်းသန့် said...

ကိုတူး....
ဒီကဗျာလေး တကယ်ကောင်းတယ်။ ဖတ်ရတဲ့သူတွေကိုပါ အားတက်စေတယ်။ ကိုတူးကအဲလိုကဗျာမျိုးရေးလိမ့်မယ်လို့ ထင်တောင်မထင်ဘူး။ အမြဲတမ်းအသည်းကွဲကဗျာတွေချည်းရေးနေလို့လေ။ :P

Aja Aja Fighting!!!! :)

သုခုမလေဒီ said...

အားပြည့်စေတဲ့ ကဗျာကောင်းတစ်ပုဒ်ပဲ။
ကျေးဇူးပါ ဒီကဗျာလေးဖတ်မိတာကြောင့် တကယ် အားတက်မိတယ်။

Cameron said...

ကဗျာလေးက အစအဆုံးအားတွေအပြည့်ပဲ...
ဂုဏ်ယူပါတယ် မောင်တူးရေ...လူဆိုတာ တခါတလေလဲ ကိုယ့်ကိုယ်ကို အားပေးရသေးတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

အနှိုင်းမဲ့ said...

ဟုတ်တာပေါ့...အပေါ်ကအမကြီးပြောတာမှန်တယ်။

သဒ္ဓါလှိုင်း said...

ကဗျာဖန်တီးတဲ့နေရာမှာတော်မှတော်....
တခါတခါအားငယ်စိတ်ဝင်မိတတ်တာပဲလေ..။အဲဒီ
အားငယ်စိတ်ကို ဒီကဗျာလေးဖတ်ပြီး အားသစ်မွေးပေါ့.
အားအင်သစ်တွေရစေတဲ့ကဗျာလေးကို အထပ်ထပ်
ဖတ်သွားပါတယ်..။

ခင်တဲ့
သဒ္ဓါ

မြတ်မွန် said...

အရမ်း အားတက်စေတဲ့ ကဗျာ တစ်ပုဒ်ပါပဲ ကိုညရေ..
ဘယ်သူကိုမှ အားမကိုးမဲ့..
စိတ်ဓာတ်ကို ကြံခိုင်စေတဲ့ ကဗျာတစ်ပုဒ်ပါပဲ..။
မိုက်တယ်..။

မိုးစက်အိမ် said...

ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ်
ကိုယ့်ကိုကိုယ် မာန်တင်း
ဖန်ဆင်းရဲတယ်

မိမိကိုယ်သာကိုးကွယ်ရာလို့  ဆိုလိုရင်းလို
ပါဘဲ မိသားစုအတွက်ကိုယ်စားပြုတဲ့
သားလိမ္မာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ

blackroze said...

ကိုညရေ...

သီချင်းကကောင်းသလို

ကဗျာလေးလဲကောင်းတယ်ရှင်..

ဘဝကြမ်းတမ်းနေပါစေ..အားအင်တွေအပြည့်နဲ့

ရှေ့ဆက်လျှောက်လှမ်းကြရအောင်..

ခင်တဲ့.......blackroze