Saturday, February 27, 2010

“သွေးနဲ့ရောသွားတဲ့ မျက်ရည်”



သွားပြီ ... သွားပြီ ...
ဘ၀က မလှပုံများ
အရှုံးနဲ့ စတိုက်တဲ့ တိုက်ပွဲ အဆုံးမှာတောင်
နှလုံးသား ဒဏ်ရာတွေ အထပ်ထပ်ဖုံးလို့ပေါ့ ...

ပြည့်ပြီးသားအိုးကိုမှ
ထပ်ဖြည့်နေရတဲ့ အခါ
ငါ့ ... စေတနာတွေလည်း
လျှံထွက် ဖိတ်စင် ပျောက်ဆုံးလို့
အရာရာ ပျက်သုန်းပြန်တယ်ဆိုတာ
မသိလိုက်မိပါလား ...

ဒီဇာတ်လမ်းမှာ ... ငါ
မင်းသား မဟုတ်ခဲ့သလို
လူကြမ်းလည်း မဖြစ်ခဲ့ပါဘူး ...
ပွဲကြည့်ပရိသတ် သာသာ
ဘေးလူနေရာက နေပေမယ့်
မျှော်လင့်ချက်လေးကို
အရောင်တင်မိတာ မှားသွားခဲ့ပြန်ပေါ့ ...

တကယ်ဆို ခွေးနေရာ ခွေး
လူနေရာ လူ ဆိုပေမယ့်
ခွေးမှာလည်း သစ္စာရှိမှုတွေ
ထောင်ရာပုံလို့လေ ...
ဒါပေမယ့် ကိုယ့်နေရာကိုယ်
မနေတတ်တော့ သည်းခြေတွေ ထပ်ပျက်ရတာ
ကြိတ်ပြီးတော့သာ ခံလိုက်ပေတော့ ...

မငိုဘူး ... လုံးဝမငိုဘူး ...
ဒါပေမယ့် သွေးမျက်ရည် ကျတယ်
စိတ်တွေ အဆိပ် တက်တယ်
နှလုံးသားတွေ နုံးချည့်နာကျင်တယ် ...
ရပါတယ် ...
သူတစ်ပါးပျက်စီးအောင် မဆုတောင်းတတ်တဲ့ ... ငါ
ငါ့ ကိုယ် ငါ ပဲ ဖျက်ဆီးခံလိုက်တော့မယ် ...

“နင့်” ရင်ထဲမှာ “ငါ” မရှိပေမယ့်
“ငါ့” ရင်ထဲမှာ “နင်” ရှိနေမယ်ဆိုတာ
ဘယ်အရာတွေနဲ့ နှိုင်းယှဉ်ပြရမလဲ ...
အသားလိုလို့ အရိုး တောင်းမိတဲ့ ဘဝ
အရိုးတောင် ဒဏ်ရာ ချုပ်ရိုးတွေနဲ့
မစားရက်လို့ သိမ်းထားလိုက်ရပြီပေါ့လေ ...

နောက်ဆုံးတော့လည်း
ဗလာစက္ကူမှာ နာကျင်နေတဲ့ ကညစ်နဲ့
သွေးမင်တွေကိုသုံး
ဆန္ဒ ပန်းကုံးတွေ သီကုံးလို့
သုညရဲ့ အောက်ခြေနားမှာ တွဲလိုခို
ညဆိုးတွေကို ကျော်ဖြတ်
ကမ္ဘာအဆက်ဆက်တိုင်
ဒဏ်ရာ မနက်ဖြန်တွေကို
ခံစား စံစား နေများ သွားရရင်
နောက်ဆုံးတော့ ... နောက်ဆုံးတော့ ... နောက်ဆုံးတော့ ....
သွေးနဲ့ရောသွားတဲ့ မျက်ရည်ဆိုတာ ...။
 ~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။

18 comment[s]:

အဖြူရောင်နတ်သမီး said...

ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ခဲ့ရင်တောင်...
မင်း ဖြစ်ချင်တာကို စိတ်ကူးနဲ့..ရူးလို့ရတယ်....
မင်းရဲ့ စွဲလန်းခြင်းတွေကို အိပ်မက်ထဲမှာ ဖြစ်ခွင့်ရှိပါသေးတယ် မောင်လေးရယ်...
ဇာတ်လမ်းက အဆုံးမသတ်သေးပါဘူး...
--------------------------------------------
လာရောက်အားပေးသွားပါသည်...

မောင်သီဟ said...

ခင်ဗျားကဗျာတွေ ကြိုက်တယ်ဗျာ တပုဒ်တပုဒ် မရိုးနိုင်ပါ လားနော် အားကျလိုက်တာ ခံစားချက်တွေဖြစ်မှာနော် အားပေးနေတယ်ဗျာ့း)

ဒဏ္ဍာရီ said...

ခံစားချက်လေးတွေကို အားပေးနေတဲ့ သူတွေအများကြီး ရှိနေတယ်နော် မောင်လေး။ ဒါပေမယ့် မမနွယ်က ကဗျာလေးတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ ကိုယ့်မောင်လေး ခံစားနေရတာတွေလည်း မကြည့်ရက်ဘူး။
ရင်နဲ့ရင်းပြီး ရေးထားတဲ့ ကဗျာလေးတွေကလည်း တကယ်ခံစားချက်တွေနဲ့ပါ။ ဖတ်ရတဲ့သူ ရင်ထဲအထိ ရောက်အောင် ရေးသားနိုင်တယ်။
ကဗျာကောင်းလေးတွေကို နှစ်သက်ပေမယ့် မောင်လေး အမြန်ဆုံး ပျော်ရွှင်နိုင်ပါစေလို့ မမနွယ် ဆုတောင်းပေးပါတယ်။

ခင်မင်လေးစားလျှက်

ဂျပန်ကောင်လေး said...

ကဗျာစာသားတွေက နုနေတာပဲဗျာ... စကားလုံးရွေးချယ်အသုံးချမှုမှာလည်း တူမတူနိုင်အောင်ပဲ ထူးချွန်ပါတယ်... အကြောင်းအရာကကတော့ မပြောင်းလဲပေမယ့် စာသားလေးတွေကတော့ အမျိုးမျိုးပြောင်းလဲသွားတတ်တာ... ကဗျာပညာရှင်တို့ရဲ့ လက္ခဏာလို့ဆိုရမှာပဲဗျ......
(နောက်တစ်ခေါက် ဂျပန်ကောင်လေး တရားဟောပါဦးမယ်လေ... ).. :P

မြတ်မွန် said...

ကိုည...
သွေးမျက်ရည်တော့ မကျသင့်ဘူး ထင်တယ်နော်....
အားတင်းထားပါ ...
အရှူံးနဲ့ စတိုက်တဲ့ တိုက်ပွဲ မိုက်တယ် ကဗျာ စာသားက...
ခင်မင်လေးစားလျှက်နော်..။

ဆောင်းနှင်းရွက် said...

ရေးတဲ့ သူက
စကားလုံး မထပ်အောင်
ရေးနိုင်ပေမယ့်
ကွန်မန့်ပေးတဲ့ သူကတော့
စကားလုံး
ရှာလို့ မတွေ့တော့ဘူးးးးးးးးးးးးးးးး ...

မြစ်ကျိုးအင်း said...

စကားလုံးတိုင်း ပြင်းထန်နေပါလား ။ ပုံလေးနဲ့ ကဗျာ လိုက်လွန်းတယ်။

အင်ကြင်းသန့် said...

ကိုတူးရယ်...ဓါတ်ပုံရော...စာသားတွေရော မြင်ရက် ကြည့်ရက်စရာမရှိ...မသက်မသာ ရှိလိုက်တာ...ဘယ်လို ဆုတောင်းပေးရမှန်းတောင် မသိတော့ဘူး :(((

မီးမီးဂျူး ( မေခင် ) said...

မျက်ရည်ကသွေးနဲ့ရောသွားတာတဲ့လား

flowerpoem said...

စိတ်မကောင်းတွေ အရမ်းမဖြစ်ပါနဲ့ ညရဲ့ကောင်းကင်ရေ အရာရာအဆင်ပြေပါစေရှင်..

စံလင်းထွန်း said...

ကဗျာတွေလာရောက်ဖတ်ရှုသွားပါတယ်။

နောက်မှမန့်မယ်။

Anonymous said...

ဘယ်အပိုဒ်ကို ကောင်းတယ်ပြောရမှန်းတောင် မသိတော့ဘူး တပုဒ်လုံးကောင်းလွန်းနေတယ်ဗျာ

Cameron said...

ဟယ်...မောင်လေးရယ် အမလာဖတ်တာ နောက်ကျသွားပြန်ပြီလား....။ အမပြောဖူးခဲ့သလိုပေါ့ အချိန်ကိုပဲစောင့်လိုက်ပါ... တစ်နေ့ကိုတူး ဆန္ဒပြည့်လာမှာပါ...။

ခင်မင်စွာဖြင့်
မိုးငွေ့

noblemoe said...

ခံစားချက်တွေက စာသားတွေမှာပေါ်လွင်နေပါတယ်
ကမ္ဘာအဆက်ဆက်တိုင် မဖြစ်သင့် ပါဖူးလေ.........
သွေးမျက်ရည် တဲ့ လား..................................
စာဖတ်သူတောင် မျက်ရည်ကျချင်ပြီရေးတတ်လိုက်တာ
သာယာချမ်းမြေ့ပါစေနော်
မိုး

မေကျော် said...

ပြည့်နေတဲ့ အိုးကို ထပ်ဖြည့်မိသွားတာလား.....

~ဏီလင်းညို~ said...

ကိုတူးးးးးးးးး
တော်သေးတာပေါ့.....သွေးမှာဝဆွဲပါလို့.....း))
(ကဗျာလေးခံစားမိတယ်.....)
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ကဗျာလေးက သိပ်ကောင်းလွန်းတယ်...
ခံစားချက်တွေ တစ်နင့်တစ်ပိုးနဲ့..
ကဗျာအဆုံးမှာ သက်ပြင်းတစ်ချ ချလိုက်မိတယ်
တကယ့်ခံစားချက်သာဖြစ်ခဲ့မယ်ဆိုရင် ဒီလောက်အထိ မခံစားပါနဲ့လို့ ပြောခဲ့ချင်ပါတယ်..
နာကျင်ရမှာကိုသိနေတယ်ဆိုရင် တစ်ချို့အရာတွေကို
လျှော့ချပစ်လိုက်ပါ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲလောက်ထိ မခံစားစေချင်ဘူး မောင်လေးရေ...
ပျော်ရွှင်ပါစေ..
ခင်မင်စွာ

ချော