Saturday, February 13, 2010

“ချစ်သူရေ”



ချစ်သူရေ ...
အလွမ်းမိုးတွေစွေ ရင်တွေပြိုခဲ့လေသမျှ
မှုန်ပြာမှိုင်းရီခဲ့ရတဲ့ နေ့တွေ
မာတိကာ အသစ်နဲ့ ပြဌာန်းချက်မှာ
ချစ်သမျှအကြောင်းတွေကို ထပ်လောင်းသစ်လိုက်ပြီ ...

မျှော်တော်ယောင်ဘ၀ရဲ့ ရာသီတွေထဲမှာ
ငေါင်တောင်တောင်နေခဲ့ရသမျှ
ချစ်သူနဲ့တွေ့တော့ ကိုယ့်ဥယျာဉ်ကမ္ဘာလေးထဲ
အနမ်းတွေနဲ့ဝေ အပြုံးပန်းတွေပွင့်လန်းလို့
သာယာလာလိုက်တာက
ကြည်နူးဖို့ကောင်းလိုက်တာ ....

နှလုံးသားနဲ့ ရေးခဲ့တဲ့ ကိုယ်တို့ ဇာတ်လမ်းမှာ
ခမ်းကြမ်းကြမ်းမဟုတ်ပေမယ့်
ဝေးခဲ့စဉ်ခဏတော့ ဒဏ်ရာရခဲ့ရတယ်
နေညိုညိုချိန်မှာ ထိုင်မငိုရုံပါပဲ
ချစ်သူု့ကို တွေ့မြင်ချင်တဲ့ ဆန္ဒက
တစ်ခါမကခဲ့ပါဘူး ...

ခုတော့..
ချစ်သူရဲ့ ကိုယ်ငွေ့ပါးပါးလေးနဲ့
နူးညံ့တဲ့ ပိုးသားဆံနွယ်လေးကို
ထာဝရ မွှေးရှိုက် အသက်ဆက်ရတော့
အလှဝေတဲ့ ကမ္ဘာမြေလည်း
ပိုတောင်လှလာသလိုပဲ ...

ချစ်သူရေ ...
ကိုယ်ကမ်းလင့်တဲ့ လက်ကို ခိုင်ခိုင်တွဲ
သံယောဇဉ်တွေ တွယ်ရစ်
အချစ်စစ်တွေနဲ့ နေ့ရက်သစ်တွေထဲ
မခွဲမခါ ကျောခြင်းကပ်လို့
နှစ်ယောက်အတူ ရှေ့ဆက်ကြမယ်နော်...

အတားအဆီးလည်း မကြားတကြားမညီးဘူး
ဆူးခင်းလမ်းလည်း ကူးသန်းလိုက်မယ်
အခက်အခဲဟူသမျှ လက်တွဲထူကြမယ်
မောင်တထမ်း မယ်တရွက်နဲ့
တသက်မခွဲမခွာ ချစ်ကြမယ်နော် ....

နောင်လာမယ့်နေတွေမှာလည်း
နွေးထွေးတဲ့ အငွေ့အသက်တွေ
ရင်ဘတ်တွေထဲက မထွက်သွားရအောင်
တိုးတိုးလေး ထပ်ပြောပါရစေ...
ချစ်သူရေ ...
တစ်သက်တာ တစ်ဘ၀မှာ
တစ်မျက်နှာ ထာဝရ ချစ်ခဲ့လေသမျှ
ဆယ်သက်ဆယ်ကမ္ဘာမက လက်တွဲသွားပါရစေ ......
    ~~~ @@@ ~~~

ကဗျာလေးလည်း ဖတ်ပြီးသွားရော ညရဲ့ကောင်းကင်တစ်ယောက် ဒဏ်ရာတွေပဲ သက်သာသွားပြီလား၊ ပျော်စရာ အချစ်သစ်တွေများရလို့ ပျော်နေပြီလားလို့ မထင်လိုက်ပါနဲ့ဗျာ။ ကျွန်တော်ဒီလောက် ကံမကောင်းပါဘူး။ အချစ်ဆိုတာ ဖြစ်ပေါ်လာကတည်းက ကျွန်တော့နှလုံးသားမှာ ကျွန်းခံနေခဲ့ရတာပါ။ အဆိုးဆုံးက ဖောဖော်ဝါရီလ ၁၄ ရက်နေ့ပေါ့။ သူများတွေပြောကြတော့ “ချစ်သူများနေ့”။  ကျွန်တော်အတွက်တော့ “အချစ်မခံရသူများနေ့” ဖြစ်နေမလားပါပဲ။ အားလုံးက အဲဒီနေ့ကို ချစ်သူလေးတွေနဲ့ အချိန်ကုန်ဆုံးကြမယ်ပေါ့။ ကျွန်တော်ကရော... မွန်းကြပ်နံစော်နေတဲ့ အခန်းကျဉ်းလေးရဲ့ စာပွဲခုံလေးတစ်လုံးပေါ်မှာ အထီးကျန်ဆန်နေတဲ့ ၀ီစကီတစ်ပုလင်းကို အဖော်ပြုဖို့ ဖန်ခွက်လေး တစ်ခွက်နဲ့အတူ ကုန်ဆုံးမိမယ်လို့ ထင်ပါတယ်။ တဖြည်းဖြည်းချင်း ကျဆင်းလာကြမယ့် ယမာကာတွေကတော့ ကျွန်တော့်ကိုလှောင်ပြောင်ပြီး မှတ်ပြီလား ချစ်ချင်အုန်း .. သတိရချင်အုန်း... အသည်းကွဲခံချင်အုန်း လို့ပြောနေမလားပါပဲဗျာ။ လက်ဆောင် ချောကလက်လက်ဆောင်လား။ ဘယ်ကရမှာလဲဗျာ။ ကိုယ့်ဖာသာဝယ်စားရင်တောင် ဆိုင်တွေက ချစ်သူမရှိတစ်ကောင်ကြွက်တွေကို မရောင်းဖူးလို့ အော်ထုတ်မှာဗျ။ ဘယ်တတ်နိုင်မလဲနော်။

ခံစားနေရတာတွေ ပြောနေရတာနဲ့ လိုရင်းအကြောင်းတောင် ပျောက်သွားတယ်ဗျာ။ တကယ်တော့ ချစ်သူများနေ့ အတွက် ချစ်သူတွေကို ရည်ညွှန်းတဲ့ ကဗျာကို လုံးဝမရေးချင်ပါဘူး။ အဲဒါကိုမှ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံကို ပြန်သွားရတဲ့ သူငယ်ချင်းက သူ့ချစ်သူနဲ့ ဆုံဆည်းရပြီး ပျော်နေတဲ့အတွက် အလိုက်ကန်းဆိုးမသိစွာနဲ့ပဲ ကဗျာလေးတစ်ပုဒ်ရေးပေးဖို့ အတင်းအကျပ် ဓားပြလာတိုက်ခဲ့တဲ့ အတွက် ရေးလိုက်ရခြင်းပါဗျာ။ ကဲ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့ အကြောင်းကို တွေးပြီးရေးရတာ တော်တော်ကို ဒုက္ခရောက်ပါတယ်ဗျာ။ ကဗျာလည်း ရေးပြီးရော ရင်ထဲမှာ တလိမ့်လိမ့်နဲ့ဗျာ ခံစားလိုက်ရတာ ခုစာရေးနေတဲ့ အချိန်ထိပါပဲ။

ကဲပါလေ ဘာပဲဖြစ်ဖြစ်ပေါ့  ချစ်သူရှိတဲ့ သူတွေအတွက်တော့ ချစ်သူများနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်ကြီးမှာ ချစ်သူလေးရဲ့နဘေးမှာ အချိန်ပေးပြီးနေပေးလိုက်ကြပါဗျာ။ ချောကလက်တွေလည်း ပို့ကြပေါ့နော်။ အားလုံးအားလုံးသော ချစ်သူတွေ ထိုနေ့ထိုရက်မှာ ပျော်ရွှင်ပါစေလို့ အထီးကျန်အမှောင်ထဲက ညရဲ့ကောင်းကင်က ဆုတောင်းပေးလိုက်ပါတယ်။

ပုံလေးကို ဒီကနေ ယူပါသည်။

13 comment[s]:

Ree Noe Mann said...

ဘာပဲ ဖြစ်ဖြစ် အမှတ်တရပေါ့ညီရာ

Ree Noe Mann said...
This comment has been removed by the author.
အင်ကြင်းသန့် said...

ကိုတူး...
အားပေးစကားတွေကလည်း အပ်ကြောင်းထပ်နေပြီ...ထပ်ပဲပြောပါဦးမယ်လေ...
အချိန်က ကုစားသွားပါလိမ့်မယ်

ခင်မင်စွာ
အင်ကြင်း

မိုးစက်အိမ် said...

ချစ်သူရေ ...
တစ်သက်တာ တစ်ဘ၀မှာ
တစ်မျက်နှာ ထာဝရ ချစ်ခဲ့လေသမျှ
ဆယ်သက်ဆယ်ကမ္ဘာမက လက်တွဲသွားပါရစေ ......

ကဗျာလေးအဆုံးသတ် လှပတုန်းရှိလေးတယ်
အောက်ကစာတွေဖတ်လိုက်ရတော့ ရင်ခံသွားတယ်ဗျာ
အော်အချစ်အချစ် အချစ်ဆိုတာ အချစ် < အချစ် လား
အချစ် > အချစ် လားဗျာ အားလုံးဟာ အချစ်=အချစ်
ဖြစ်ကြရင် သိပ်ကောင်းကြမယ်ဗျာ . . .

ဒဏ္ဍာရီ said...

မောင်လေးရေ......... ဒဏ်ရာတွေနဲ့တောင် သူငယ်ချင်းအတွက် ရေးပေးတဲ့ ကဗျာလေးက သိပ်ကိုအသက်ဝင် ပီပြင်နေဆဲပါ။ နောက်ဆုံးအပိုဒ်လေးကတော့ တကယ့်ကို လှပတဲ့ အိပ်မက်တွေနဲ့ ချစ်သူတွေအတွက် ကံကောင်းခြင်ပေါ့။ မောင်လေးလည်း တနေ့မှာ နားလည်ပြီး အချစ်ကို တန်ဖိုးထားမြတ်နိုးတဲ့ ချစ်သူနဲ့ ဆုံဆည်းနိုင်မှာပါ။ ခံစားချက်ဆိုတာ ခံစားဘူးမှ နားလည်မှာပါ။ အရာရာ အဆင်ပြေပါစေ မောင်လေး။

ခင်မင်လေးစားလျှက်

ဂျပန်ကောင်လေး said...

ိုဟုတ်ပါ့... ငါ့အစ်ကိုက ခံစားနေရတာကို... ဟွန်း...း))). ဒါပေမယ့် အစ်ကို့ရဲ့ ကဗျာလေးက ကိုယ်တိုင်ခံစားပြီး ရေးထားတယ်ထင်ရလောက်အောင်ကို ကောင်းတယ်ဗျာ... နောက်ခံသီချင်း “ပြော” ဆိုတာကြောင့် ပိုပြီး ခံစားရတယ်.....


ခင်မင်တဲ့
ဂျပန်ကောင်လေး

Anonymous said...

ကိုတူး ကျွန်တော်ဘာမှဆက်မပြောသွားတော့ဘူး . . . .

~ဏီလင်းညို~ said...

ကိုတူးရေ...
အစ်ကို့ကိုလည်း..သောက်ရင် လက်တို့ခေါ်လိုက်နော်....ခိခိ...း)
ကဗျာလေးကောင်းတယ်...
အစ်ကို့သူငယ်ချင်းတစ်ယောက်ကို နက်ဖြန်အတွက် မေးလ်နဲ့ပို့ပေးလိုက်တယ်...။ ကိုတူးရဲ့ ညရဲ့ကောင်းကင်ဆိုတဲ့ နာမည်လေးနဲ့ ဘလော့လိပ်စာလေးပါ အစ်ကိုထည့်ပေးလိုက်ပါတယ်ဗျာ...။
သူက အစ်ကို့ကိုပူဆာနေလို့ပါ...။ သူ့ရည်းဇားအတွက်တဲ့လေ...ဟွင်းးးးးးးးး
(နက်ဖြန်ကျရင် ချောကလက် အစ်ကိုဝယ်ထားမယ်...။ ဒို့ညီအစ်ကိုတွေ အတူတူစားကြမယ်လေ...၊ ဗညားပါခေါ်ခဲ့....း))
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

အားပေးသွားတယ် ဗျို့ ...

Unknown said...

အစ်ကိုနဲ့ ဘ၀တူ အစ်ကို့ညီရှိတယ်လေ... ကံမကောင်းသူအချင်းချင်း ချီးယာ့စ်..ပေါ့

sharnge said...

ကိုကောင်းကင်
ဘ၀တူတွေ ရှိပါတယ်... ကျွန်မ တစ်ခါမှ ချစ်သူများနေ့ကို မကျင်းပ ဖူးဘူး...

ဘ၀တူတွေ ရှိနေမှတော့ အေးဆေးပေါ့... ;) နော့်

စံလင်းထွန်း said...

အုံဖွ ...
ချစ်သူအသစ် သံယောဇဉ်တွေ ဇကာတင်စစ်ပြီးမှ အချစ်တွေ့နိုင်ပါစေဗျာ ...။

ဆုတောင်းလိုက်ပါ၏။

Crystal said...

ခံစားချက်တွေထဲချည်းပဲလည်း မနေနဲ့အုံး။ အပြင်ထွက်ပြီး အောက်ဆီဂျင်လေး ရှူသွင်းလိုက်ပါ။ နှလုံးသားတစ်ခု လန်းဆန်းရအောင်ပေါ့။