Friday, December 30, 2011

"ကမ္ဘာမြေ"


အပူလှိုင်းတွေနဲ့ ၂၀၁၁
လက်တစ်ဖက်က ဒုက္ခ
လက်တစ်ဖက်က သုခ
သူတို့လွန်ဆွဲပွဲမှာ ကျုပ်တို့နာတယ် ...။

အမှောင်နဲ့ အလင်းတစ်ချို့
ငြိမ်းချမ်းခြင်းရဖို့ တိုက်ခိုက်ကြတယ်
မိုးသောက်ခါနီးမက်တဲ့ အိမ်မက်က
ထင်ယောင်ထင်မှားဆိုတာ သူတို့မသိကြဘူး ...။

လေထုရဲ့ ညစ်ညမ်းမှုမှာ
အောက်ဆီဂျင်က လမ်းပျောက်တယ်
ညမှာ အမှောင်သောက်သူတွေ
ကိုယ့်လမ်းကိုယ်ဖောက်ရင်း
ကမ္ဘာကြီးက ပါးပါးလာတယ် ...။

ပြိုပျက်လာတဲ့ အုပ်ကျိုးချပ်တွေကြား
အသက်တွေ ပိတ်လှောင်ရတယ်
ငြိမ်းချမ်းခြင်းကို အယောင်ဆောင်ပြီး
အမှောင်ထုက လက်ဝါးကြီးအုပ်မှတော့
ရှုလိုက်မိတဲ့လေတိုင်းမှာ ရနံ့တွေ ရှားလာတယ် ...။

ရိုးသားခြင်းတွေက စရိုက်မဲ့
ကြီးနိုင်ငယ်ညှင်းဆိုတာ မင်းမူနေပြီ
လူစွမ်းကောင်းတွေ လက်မထောင်သတဲ့
အပြုံးအတုတွေရဲ့နောက်မှာ
မီးခိုးမြူတွေက ခန်းလုံးပြည့် ကောင်းချီးဖွင့်ကြတယ် ...။

ညရဲ့လမင်းက တခြမ်းပဲ့
လပြည့်ညဆိုတာ တိမ်ထုအယောင်ဆောင်
ဓာတ်အငွေ့တွေကြား
အပြေးအလွှားနဲ့တောင်
ကြည့်သူမဲ့နေတယ် ...။

ကလေးတစ်ချို့ ငိုသံ
မျက်ရည်ခသူတွေရဲ့
ဆာလောင်မွတ်သိပ်မှုတွေကြား
ရေလှိုင်းတွေက တဖုံ
လေပြင်းတွေက တမျိုး
မီးရောင်စုံတွေနဲ့ ဇာတ်ပျက်အောင် တိုက်ကြတယ် ...။

ပန်းတစ်ပွင့်ရဲ့လက်က
ဝတ်ဆံကျပျောက်သွားတဲ့ အနာဂတ်ထဲ
စာရင်းမသွင်းကြပါနဲ့တော့
အနောက်ဘက်မှာ အရှေ့မျှော်သူတွေ ဒုနဲ့ဒေး
အိမ်မက်တွေ တောင်လိုပုံနေရဲ့ ...။

ရောင်နီတစ်နှစ်တော့ ပွင့်ကောင်းပါတယ်
အေးချမ်းခြင်းတွေသယ်ဆောင်လို့
နှစ်သစ်မှာ ပွင့်လန်းပေးပါဦး ကမ္ဘာကြိး
ကိုယ် ထူ ကိုယ် ထ ပဲ ဆို ဆို
သူ ထူ ကိုယ် ထ ပဲ ဆို ဆို
အတိတ်ကို ချနင်း
အိပ်မက်ခြေရင်းမှာ
ကျုပ်တို့ လက်တွေနဲ့
ကမ္ဘာကြီး တည်တံ့နေအုန်းမှာပါ ...။

ညလင်းအိမ် (၃၀.၁၂.၂၀၁၁)

နှစ်သစ်အတွက် ရေးဖွဲ့ပါသည်။ ညီမလေး အေဒီ က ပါဝင်အားဖြည့်ပေးပါသည်။ နှစ်သစ်မှာ စိတ်ချမ်းသာမှု များဖြင့်သာ တွေ့ကြုံကြပါစေလို့ ဆန္ဒပြုရင်း  ....


လေးစားစွာဖြင့်

8 comment[s]:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ခံစားအားပေးရင်းHappy New Year ပါအကိုရေ...

သဒ္ဓါလှိုင်း said...

ခံစားချက်အပြည့်နဲ့ကဗျာလေးက သက်ဝင်လိုက်တာ။ အရမ်းကောင်းတယ်။ ကဗျာလေးအတွက် ဂုဏ်ယူချီးကျူးပါတယ်ကိုတူး။။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
ခင်မင်လျက်
သဒ္ဓါ

ပဲခူး ဆား said...

အ၇မ်းကောင်းပါတယ်ကဗျာတွေက.. လူတန်းစားတွေ၇ဲ့ စ၇ိုက်လေးတွေအကြောင်းတွေလဲပါ.သဘာဝအလျှောက်ပွင့်ဖူးတဲ့ပန်းတွေပါဆုံလင်လှပါတယ်...ကဗျာတွေကိုသဘောကျ ဂုဏ်ယူပါတယ်..ဦးဦးလင်း နဲ့ မမအေဒီတို့လဲ Happy New Year မှာကျန်မာပျော်၇ွှင်နိုင်ပါစေဗျာ.......

Cameron said...

ကမ္ဘာမြေအတွက် အကောင်းဆုံးဖွဲ့သီနိုင်တာ နဲတဲ့ အရည်ချင်းလား....။
နှစ်သစ်မှာ ပျော်ရွှင်ငြိမ်းချမ်းခြင်းများနဲ့ ပြည့်စုံပါစေ မောင်တူး...။

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
ညလင်းအိမ်ရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကဗျာတွေဖူးပွင့်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ မယ်း)

မောင်ဘကြိုင်

အဖြူရောင်နတ်သမီး said...

ကိုယ် ထူ ကိုယ် ထ ပဲ ဆို ဆို
သူ ထူ ကိုယ် ထ ပဲ ဆို ဆို
အတိတ်ကို ချနင်း
အိပ်မက်ခြေရင်းမှာ
ကျုပ်တို့ လက်တွေနဲ့
ကမ္ဘာကြီး တည်တံ့နေအုန်းမှာပါ ...။

Anonymous said...

hello Ko Tuu,
i want to contact you.
how do i contact you?