Sunday, December 5, 2010

“နှိုင်းယှဉ်ခြင်း ကဗျာ”

အိပ်မက်တခုလိုပါပဲ
ငါ့ဘဝက ပြသဒါးဆန်ခဲ့တယ်
ရက်ရာဇာမဲ့တဲ့ ပြက္ခဒိန်မျိုးရှိရင် ပြောကြပါ
နှိုင်းယှဉ်ချင်လွန်းလို့ပါ
(အခုတော့ကွာ) ...။

ငါဟာ ကျင်းတခု ဖြစ်ပါရဲ့
ဒါနဲ့တောင် ဝင်လာတဲ့ အရာတိုင်း
အလွယ်တကူ ပြန်ထွက်သွားနိုင်ခဲ့တယ်
ဒါဆို ငါ့ရဲ့ နက်ရှိုင်းမှု မလုံလောက်လို့ ဖြစ်မယ် ...။

ငါဟာ လေးတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် မြှားအစင်းစင်း နင်းကန်ထွက်ခွါဖို့အတွက်
ရင်အစုံကို အဟုန်လုပ်ပေးခဲ့ရတယ်
ဒါဆို ငါ့ရဲ့ ဦးညွတ်မှုများသွားလို့ ဖြစ်မယ် ...။

ငါဟာ တံခါးတစ်ချပ် ဖြစ်ပါရဲ့
ဒါနဲ့တောင် ၀င်ထွက်နေကြတဲ့ အရိပ်တွေကို
တားဆီးနိုင်ခွင့် မရှိခဲ့ဘူး
ဒါဆို ငါ့ရဲ့ လုံခြုံပေးနိုင်မှု နဲလို့ဖြစ်မယ် ...။

ငါဟာ ကောင်းကင်တစ်ခု ဖြစ်ပါရဲ့
ဒါနဲ့တောင် တိမ်မည်းတိမ်ညစ်တွေ စိုးမိုးမှုမှာ
နာကျင်စွာ ကျရှုံးခဲ့ရတယ်
ဒါဆို ငါရဲ့ အုပ်မိုးမှု ရပ်ဝန်း သေးသွားလို့ ဖြစ်မယ် ...။

ငါဟာ တံတားတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် ထမ်းပိုးခဲ့ရတဲ့ အချိန်တွေအတွက်
အိုမင်းရင့်ရော်မှုသာ ရခဲ့တယ်
ဒါဆို ငါရဲ့ ဆွေးမြေ့မှု မြန်သွားလို့ဖြစ်မယ် ...။

ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။

ညလင်းအိမ်
(၅.၁၂.၁၀)

10 comment[s]:

အဖြူရောင်နတ်သမီး said...

“ဆောင်းတွင်း အိပ်မက် ကယောက်ကယက်”..တဲ့
ဒါပေမဲ့ အမြဲတန်းတော့ မှားမနေပါဘူး...
မှန်ကန်တဲ့ အိပ်မက်လေး အမြန်မက်နိုင်ပါစေ ကိုတူးရေ..

ဆောင်းနှင်းရွက် said...

အမှားရှိမှ
အမှန်ရှိမှာ ... :D
~.~ ...

မြတ်မွန် said...

ကဗျာတွေ များများ ပြန်ရေးပါအုံးကိုညရေ..
အားပေးလျှက်ပါ။

လင်းခေတ်ဒီနို said...

ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။

မှန်ပါရဲ့ ဟုတ်ပါရဲ့ ထောက်ခံပါရဲ့း))

ဒီအကို ဒီညီမနဲ့ ပေါင်းတာများ ကဗျာလေသံပါ တဖြည်းဖြည်းတူလာတယ် နောက်ဆို ကျနော် ကျနော်နဲ့ပါ တူလာတော့မယ်း))))

အကိုတော် ကဗျာက ထိနေတယ် . . ဒီမှာက ယဲ့ယဲ့လေး ဖြစ်နေတာ . . . ဆက်ရေးရင် နှပ်တွေရော မျက်ရည်တွေရော ထွတ်လာတော့မှာနော်
ဟင်းဟင်း ကြည့်ရေးး)))))) ဟိဟိး))))

noblemoe said...

ညရေအိမ်မက်လှလှတွေမက်လို့ 
ကဗျာလှလှတွေလည်းရေးနိုင်ဖို့ 
ခံစားချက်တွေလှပလာနိုင်ပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Cameron said...

အင်းနော်...အင်းနော်....ဒီကိုတူးနဲ့ ကိုဗညားတို့က အမွှာထင်ပါရဲ့ အမြဲဝမ်းဆက်ပဲ...။ဘာပဲပြောပြော ကဗျာတွေကတော့အမြဲဂွတ်တယ်...။


ခင်တဲ့
မိုးငွေ့

အုပ်ကြီး said...

အချစ်တစ်ခုအတွက်
ပြဿဒါးဆန်တဲ့ရက်တွေဖြစ်ပါစေ ..
ကိုယ်ဒီလိုအနစ်နာခံမှန်း
(သူမ)နှိုင်းယှဉ်တတ်တဲ့အခါ ......တဲ့အခါ...တဲ့အခါ

မေပယ်လ် said...

အိပ်မက်တွေ မှားတယ်ဆိုပဲ
အလန့်တကြား ရေရွတ်မိတယ်..:)

အင်ကြင်းသန့် said...

"ငါဟာ ညလင်းအိမ် ဖြစ်ပါရဲ့
ဒါပေမယ့် အခုတလော ကဗျာတွေ များများမရေးဖြစ်ဘူး။"

အဲဒါက အပြစ်အကြီးဆုံးပဲ။း)

blackroze said...

ကိုညရာ..မမှားပါဘူး..
ပေးတာနဲ့ယူတာလွဲသွားလို့ပါ..
ပေးသာပေး၏..မရ..ပေးသာပေး၏မယူ
ဆိုသလိုမျိုးပေါ့လေ...