Saturday, October 2, 2010

“တာ့တာ”

သူ ကွန်ပျူတာကို စိုက်ကြည့်နေမိတုန်းပဲ။ အဲဒီ မတိုင်ခင် အချိန်က ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမမှတ်မိတော့။ သူ ဘာလို့ ငြိမ်သက်မိနေတယ် ဆိုတာလည်း မသိတော့။ သူကြည့်နေတဲ့ စာပိုဒ်တခုရဲ့ အဆုံးမှာတော့ “တာ့တာနော်”  တဲ့။ လူတိုင်းကို သူနှုတ်ဆတ်ခဲ့ဖူးပါတယ်။ လူတိုင်းကလည်း သူ့ကို နှုတ်ဆတ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းက ဘာမှမဖြစ်ခဲ့တာ သေချာပါတယ်။ ခုတော့ သူ ... ရစ်ဝဲလာတဲ့ မျက်ရည် အစအနေတွေကို မျက်တောင်နဲ့ ပုတ်ခတ် ထုတ်လိုက်တယ်။ အဲဒီတော့မှ ပါးပြင်တောက်လျှောက် ပူနွေးသွားတဲ့ အသိနဲ့အတူ ရင်ထဲက အောင့်လာတဲ့ ခံစားချက်ကို သတိထားလိုက်မိတယ်။ ချစ်သူက သူ့ကို အပြီးတိုင် နှုတ်ဆတ်သွားပြီလေ။

ချစ်သူက ဘယ်သူ့မှ မသိတဲ့နေရာ ဘယ်သူ့မှ မရှိတဲ့နေရာကို ထွက်သွားတော့မယ်တဲ့။ အခုလာတာ နောက်ဆုံး နှုတ်ဆတ်ခြင်းပါတဲ့လေ။ အဲဒီနေရာမှာ ပန်းတွေ ရှိချင်မှ ရှိမယ်။ လိပ်ပြာတွေ ရှိချင်မှ ရှိမယ်။ မြက်ခင်းပြင်တွေ ရှိချင်မှ ရှိမယ်။ သေချာတာကတော့ ကျိန်စာတွေ မရှိဘူးတဲ့။ ချစ်သူ ချစ်တဲ့ အရာတွေ တစွန်းတစတော့ ရှိကောင်းရှိလိမ့်မယ်တော့ သူထင်မိပါတယ်။ ဒါကြောင့်လည်း ချစ်သူ ထွက်သွားတာပေါ့။ အခုမှတော့ ဘာမှမဖြစ်တော့ပါဘူးလေ။ ချစ်သူက သူ့ချစ်သူ အဖြစ်က နှုတ်ထွက်နှင့်ပြီးလေပြီပဲ။ သူ မျှော်လင့်မိခဲ့တယ် ဆိုပေမယ့် သူသိနေတာတခုက ချစ်သူက သူ့ဆီကို ဘယ်အကြောင်းအတွက်နဲ့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာလေ။

ချစ်သူရေ သွားပါ။ အဝေးဆုံးကို သွားပါ။ သံယောဇဉ်ဆိုတဲ့ ကြိုးကတောင် မတားဆီးနိုင်တော့တာပဲ။ ချစ်သူထားခဲ့တဲ့ နေရာမှာ သူနေတတ်ရတော့မှာပေါ့။ ချစ်သူရေ ချစ်တယ်ဆိုတဲ့ စကားထက်ပိုတဲ့ စကားရှိရှင် ပြောပြချင်ပါတယ်။ ခုတော့ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။ လူတစ်ယောက်အပေါ် စွဲမြဲနေတဲ့ သူ့အချစ်ကို သူကိုယ်တိုင်တောင် အံ့သြမိတယ်။ သူမေ့ပျောက်ဖို့ ကြိုးစားကြည့်တယ်။ မရဘူး။ လူတစ်ယောက်ကို မေ့နိုင်လောက်တဲ့ အကြောင်းပြချက်ကို သူ့စဉ်းစားလို့မရဘူး။ ဒါဆို သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက ဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာ သေချာပါတယ်။

ချစ်သူ စာတစ်ကြောင်းရိုက်လိုက်တိုင်း သူ့ရင်တွေ လှိုက်လှိုက်တုန်လို့ နာကျင်ရတယ်။ “အင်း” ဆိုတဲ့ စကားက လွဲရင် သူ့မှာ ဘာမှပြောစရာ မရှိတော့ပါဘူးလေ။ ဒါပေမယ့် စိတ်ထဲကတော့ ဆုတောင်း နေမိတယ်။ ချစ်သူ မင်းသွားမယ့်အရပ်မှာ ရနံ့မွှေးတဲ့ ပန်းတွေ ရှိပါစေ။ ကြည်လင်တဲ့ ရေစင်ရေသန့်တွေ ရှိပါစေ။ သာယာအေးမြတဲ့ လေပြည်တွေ ရှိပါစေ။ ချစ်သူချစ်တဲ့ ချစ်သူပိုင်ဆိုင်ချင်တဲ့ အရာတွေ ရှိပါစေ။ ချစ်သူအတွက် ... ချစ်သူအတွက် အရာအားလုံး ပြည့်စုံနေပါစေလေ။

သူမျက်လုံးတွေက မျက်ရည်တွေကို ဖောက်ထွက်ပြီး စကားလုံးတစုကို အားတင်း ရိုက်လိုက်တယ်။ “တာ့တာပါ” ... ချစ်သူကတော့ မရှိတော့ဘူးလေ။ တာ့တာ နှစ်ခွန်းကြားမှာ တစ်ကမ္ဘာ မဟုတ်သေးဘူး ကမ္ဘာအင်္သချေ ခြားနားသွားပြီလေ။  နောက်ဆုံးတော့ သူ့မှာ လွမ်းနေခွင့်တောင် မရှိတော့ဘူးလား။ သူကတော့ သတိရတိုင်း လွမ်းနေမိဦးမယ်။ လွမ်းနေမိတိုင်း သတိရနေဦးမှာပါလေ။

ခြားနားအောင် မစီမံခဲ့ပါဘူး
တို့တွေ လမ်းခွဲစရာမလိုပဲ
ကမ္ဘာအင်္သချေအောင် ဝေးကြပြီပေါ့ ...။
မဆုံနိုင်ဘူးဆိုလည်း
ကံကြမ္မာရယ် ဘေးဖယ်လိုက်ပါတော့
မျှော်လင့်ရတယ်ဆိုတာ
စိတ်တွေ ပင်ပန်းလွန်းလှပါတယ် ...။
အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်
ဆန့်ကျင်ဘက်လျှောက်ကြတာပေါ့
သံသရာတစ်ပတ်ဆုံးရင်တော့
ပြန်ဆုံချင် ဆုံနိုင်ပါသေးတယ်လေ ...။

@@@@@ ~~~~~~~ @@@@@@@
ညလင်းအိမ်
(၂.၁၀.၁၀)

18 comment[s]:

ကိုဇော် said...

အဲဒီတုန်းကပေါ့....ပြောခဲ့ဖူးတယ်။
ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့လို့။
အခုတော့လေ. . .ပြင်ပြောချင်တယ်။
ကံမကုန်ပေမဲ့ ပြန်မဆုံချင်တော့ပါဘူး...........လို့

မေပယ်လ် said...

နှုတမဆက်နဲ့ ငိုချင်တယ်:(

Crystal said...

အမယ်အိုတို့ကတော့ ဒီခံစားမှုတွေနဲ့ အရွယ်ကို ကျော်လာခဲ့ပြီ။

အဖြူရောင်နတ်သမီး said...

xxxကမ္ဘာ ကမ္ဘာ အဝေးxxxအဝေးဆုံးပြေးတော့xxx
အဝေးဆုံး အဝေးဆုံးသို့ သွားကွယ်xxx
ပင်လယ်ရေမြေဆုံးxxxသွားရတော့မယ်ကွယ်xxx

ဇူး said...

သံသရာတစ်ပတ်ပြည့်ရင်တော့ ပြန်ဆုံကောင်းပါရဲ့ ...

blackroze said...

တွေ့ဆုံခြင်းဟာ..ကွဲကွာခြင်းနဲ့ဘဲ
အဆုံးသတ်လေ့ရှိတယ်..ကိုညရေ...
ဒီလိုပါဘဲလေ...
တနေ့နေ့မှာတော့ဒါတွေအားလုံးက
အမှတ်တရ..အိမ်မက်လေးတွေဖြစ်သွားမှာပါ..

Anonymous said...

အနည်းဆုံးတော့ “တာ့တာ” လို့ ပြောသွား
ခဲ့တယ်မှတ်လား....ကိုညရေ။
နှုတ်မဆက်ပဲ ပျောက်သွားတာထက်တော့
တော်သေးတာပေါ့။ ကျေနပ်စရာပါ။ :)
....ခင်မင်လျှက်....ခင်မာလာအောင်...:)

Anonymous said...

တာ့တာ တဲ့လား အဲလိုဆို ဘိုင်ဘိုင်လို့ပြန်အော်လိုက်ဗျာာ ရှုပ်တယ် ခံစားမနေနဲ့ ကျွန်တော်ပါ ကြားထဲက လိုက်ခံစားရတယ်း)
နောက်တစ်ယောက်ထပ်ရှာ ချစ်တော့မချစ်မိစေနဲ့ဗျို့
ဆြာလုပ်တွားပြီ

မောင်ဘကြိုင်

Ingjin said...

ကိုတူးရေ....အားမလျှော့နဲ့သိလား....ဆန့်ကျင်ဘက်ကို ဆက်လျှောက်ရင်း သံသရာတစ်ပတ်ဆုံးရင်တော့ကောင်မလေးနဲ့ ပြန်ဆုံချင်ဆုံနိုင်ဦးမှာပါ....(ဆံဖြူသွားကျိုးလောက်တဲ့အချိန်တွေလောက်ရောက်ရင်ပေါ့....) :D

အုပ်ကြီး said...

ပြန်ဆုံတဲ့အခါ ..
ရင်ခုန်ပါ့ဦးမလား ..

noblemoe said...

စာဖတ်ပြီးစိတ်မကောင်းဖူး
ဒါပေမဲ့ ချစ်သူအတွက်ဆုတောင်းလေးတော့ သဘောကျမိတယ်။ အင်း ဘာကြောင့်များ ဒီလိုအချစ်စစ်တွေနဲ့ချစ်တဲ့သူကိုမှ ကံကဒီလိုစီမံတာလည်းမသိပါဖူး။ ကံတရားရယ် ညအတွက် သံသရာတစ်ပတ်မှာ ပြန်ဆုံရင်လည်း ကောင်းသောဆုံခြင်း စိတ်ချမ်းမြေ့တဲ့ဆုံခြင်းပဲဖြစ်ပါစေ....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

~ဏီလင်းညို~ said...

အကြောင်းတရားကြောင့်.....အကျိုးတရားဖြစ်.....။
အကျိုးတရားကြောင့်.....အကြောင်းတွေဖြစ်ကြနဲ့......
သံသရာတစ်ပတ်လည်တယ်လို့ ပြောရင်ရမလား.........???
ကိုယ့်ဘ၀နဲ့ ကိုယ်စီပဲလေ......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မြစ်ကျိုးအင်း said...

နှုတ်ဆက်သွားဖော် ရသေးတာပဲ။

နှုတ်မဆက်ဘဲ ဘဝတခုလုံး ထုတ်ယူခံခဲ့ရဖူးတယ်။

အိအိချောကလျာ said...

နှုတ်ဆက်သွားမှာလား ....

သော်ဇင်စိုး said...

ကိုတူး...........................
လို့သာခေါ်ခဲ့တော့မယ်နော်.. ဘာတွေ ပြောချင်လဲဆိုတာ သိမှာပေါ့.. :D

Anonymous said...

ညလင်းအိမ်,
အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်
ဆန့်ကျင်ဘက်လျှောက်ကြတာပေါ့
သံသရာတစ်ပတ်ဆုံးရင်တော့
ပြန်ဆုံချင် ဆုံနိုင်ပါသေးတယ်လေ ...။

သံသရာ တစ်ပတ်ဆုံးလို့ ပြန်ဆုံခဲ့သွားရင် ပိုဝေးသွားမယ်ဆိုတာလဲ ဖြစ်နိုင်သေးတယ်။ ဘာလို့လဲဆိုတော့ အချိန် အဲဒီစကားလုံး၂လုံးကြောင့် တစ်နေ့မှာ ပြန်တွေ့ရင် ခင်ဗျား ရင်တောင် ခုန်တော့မှာမဟုတ်ဘူးပဲ။ ကျွန်တော် အတိုင်းပဲ ခင်ဗျားလဲ အဲဒါကို လက်ခံမှာပါ။
mofade
in simple life

နေမိုးဝေ said...

ချစ်သူရေ. . .
စာလုံးကလေး တစ်ချက်နှစ်ချက်နဲ့
ငါ့အိပ်မက် အဖြူဆွတ်ဆွတ်
မင်း . . .သင်းကွပ်လို့ ရမတဲ့လား။

ကျိန်စာတွေကိုလွန်မြောက်ခြင်းမှာ
မြက်ခင်းစိမ်းစိမ်းတွေအပြင်
လိပ်ပြာပန်းပင်လေး တွေကိုပါ
စတေးပစ်ရော့လား။

တကယ်တော့ ကျိန်စာစကားဆိုတာ
ခါးသက်လွန်းတဲ့
ဆုတောင်းတမျိုးပါပဲ။

အခုတော့
မင့်ကမ္ဘာ နဲ့ ငါ့ကမ္ဘာကြားမှာ
တာ့တာ ပေါင်းများစွာနဲ့
ခြားထားလိုက်ပြီ။

ချစ်သူရေ. . .
စာလုံးကလေး တစ်ချက်နှစ်ချက်နဲ့
ငါ့အိပ်မက် အဖြူဆွတ်ဆွတ်
မင်း . . .သင်းကွပ်မယ်ဆို . . .

မှတ်ထားလိုက်ဦးကွယ်။
ငါ့အိပ်မက်တွေထဲမှာတော့
မင်း...........
အမြဲရှိနေသေးတယ်။

ခင်မင်စွာဖြင့် . . .
နေမိုးဝေ

Anonymous said...

ကိုမိုးဝေ ကဗျာက ပိုမိုက်တယ်ဗျာ .. ထိတယ် ...

ညလင်းအိမ်