Friday, September 10, 2010

“နေတတ်ရင် ကျေနပ်စရာပါ”


နှင်းတွေ စိုလက်တဲ့ လမ်းမှာ
မလျှောက်ခဲ့ဖူးဘူး
မိုးတွေ ထစ်ချုန်းတဲ့ လမ်းမှာ
ငိုကြွေးခဲ့ဖူးတယ်
နောက်ဆုံး
နွေရာသီ ဆန်သွားခဲ့တာပဲ ...။

တစ်မိုးအောက်ပေမယ့်
ကုန်းကောက်စရာ မရှိတော့
မိုးသောက်လာတဲ့ အချိန်တိုင်း
ယာယီဖြစ်လာတဲ့ ဘ၀ကို
တိုးကြောက်လာမိတယ် ...။

မတည်မြဲခြင်းဆိုတာ
ပြိုကွဲခြင်းနဲ့
ဒွန်တွဲနေတာ သိပေမယ့်
လွန်ဆွဲခဲ့မိတာ မှားသွားလား ...။

ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်
ဖောက်ထားတဲ့ လမ်းမှာ
ရော်နွမ်းလာရင် မျှော်တမ်းတမိတယ်
ဒီလမ်းမှာ တွဲလျှောက်မယ့်သူ
ဘယ်ဆီမှာ ရောက်နေမလဲ ...။

တစ်ရွက်ထဲပေမယ့်
စွယ်တော်ရွက်ကို အားကျတယ်
လိုချင်တပ်မက်တာ သဘာဝဆိုလည်း
ငိုချင်ရက် လက်မတို့ကြပါနဲ့ ...။

ဘ၀မှာ နေတတ်ဖို့ဆို
ကိုယ့်ကိုကိုယ်လည်း ပျော်တော်ဆက်ရမယ်
တစ်ကိုယ်တော် ခံစားချက်တွေနဲ့
အနေတော် ပျော်ရွှင်တတ်ရမယ်
နွေလို ပူပြင်းရက်တွေမှာလည်း
လေပြေကို မျှော်လင့်တတ်ရမယ် ...။

ကဲ ... ဒါဆို
တစ်ယောက်တည်းပေမယ့်
မှောင်မဲနေတဲ့ အရိပ်ရှိသေးတယ်
အရောင်မွဲနေတဲ့ စိတ်တွေကိုလွှတ်ချ
မမြဲတဲ့  နိယာမမို့
နွေရာသီဆန်တာတောင်
နေတတ်ရင် ကျေနပ်စရာပါပဲလေ ...။

ညလင်းအိမ်
(၁၀.၉.၁၀)
~~~~ @@@@ ~~~~

14 comment[s]:

အုပ်ကြီး said...

အရိပ် နဲ့  ဒို့ 
လွန်ဆွဲ မိတယ် ...
အရောင်မွဲတဲ့စိတ်တွေ မှောင်မှောင်မည်းမည်းထဲမှာ
ရှိနေတဲ့အကြောင်းပေါ့ .....
ကဗျာ အရမ်းမိုက်တယ်ဗျာ..

လင်းခေတ်ဒီနို said...

ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်
ဖောက်ထားတဲ့ လမ်းမှာ
ရော်နွမ်းလာရင် မျှော်တမ်းတမိတယ်
ဒီလမ်းမှာ တွဲလျှောက်မယ့်သူ
ဘယ်ဆီမှာ ရောက်နေမလဲ ...။

း(

နွေဆူးလင်္ကာ said...

နေတတ်ရင် ကျေနပ်စရာပါ .. သေတတ်ရင် ပိုကောင်းတယ် ဟီးဟီး

အဖြူရောင်နတ်သမီး said...

“တစ်ရွက်ထဲပေမယ့်
စွယ်တော်ရွက်ကို အားကျတယ်
လိုချင်တပ်မက်တာ သဘာဝဆိုလည်း
ငိုချင်ရက် လက်မတို့ကြပါနဲ့ ...။”


တို့ဘူး....ထပ်ငိုဖို့မကြိုးစားနဲ့..
ထပ်ငိုလို့ကတော့ ကြိမ်လုံးနဲ့ကို တီးတော့မှာ...

မြစ်ကျိုးအင်း said...

နေတတ် ထိုင်တတ်သွားပြီ ဆိုပါတော့။
စိတ်နဲ့ကိုယ် အသားကျရင် နေပျော်ဖို့ ကောင်းတာပဲ။

အင်ကြင်းသန့် said...

ကိုတူးရေ....ဒီကဗျာလေးမှာ ရင့်ကျက်တည်ငြိမ်လာတဲ့ အရိပ်အရောင်တွေတွေ့လိုက်ရတယ်။ :)

~ဏီလင်းညို~ said...

တစ်ကယ့်ကို နေတတ်ရင် နေပျော်စရာပါပဲ....ကိုတူး....။
ကဗျာလေးကြိုက်တယ်.......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

zue said...

ကိုတူးရေ... ဇူးလည်း ဘဝက နွေရာသီဆန်နေတုန်းပဲ... အင်း ကျေနပ်စရာပေါ့လေ.. မကျေနပ်လို့လည်း မရတော့ပါဘူး..း)

မောင်သီဟ said...

ကဗျာတိုင်း ကဗျာတိုင်း ဖတ်လို့ကောင်းနေတာ
ကဗျာရေးနည်းလေး မျှအုံးဗျာ
ခင်ဗျားရင်ဘတ်ကိုဖွင့်ဖွင့်ပြီး ရေးတာလား

may16 said...

ခေါင်းစဉ်ကို က အရမ်းပြည့်စုံနေပါပြီ ..

သုခုမလေဒီ said...

ကျေနပ်စရာဖြစ်အောင် နေတတ်အောင်နေမှပါပဲ..။

noblemoe said...

နေတတ်ရင်တော့ကျေနပ်စရာပါ မောင်လေးရေးး
ရောင်သွေးစိုပြေတောက်ပတဲ့အဆင်းရှိတဲ့ပန်းတွေတောင် နွေရာသီမှာပွင့်တာ လေနော် .........

စိတ်အေးချမ်းပျော်ရွှင်ပြီးသာယာချမ်းမြေ့ပါစေရှင်း
မိုး

ခိုင်နုငယ် said...

ကဲ ... ဒါဆို
တစ်ယောက်တည်းပေမယ့်
မှောင်မဲနေတဲ့ အရိပ်ရှိသေးတယ်
အရောင်မွဲနေတဲ့ စိတ်တွေကိုလွှတ်ချ
မမြဲတဲ့ နိယာမမို့
နွေရာသီဆန်တာတောင်
နေတတ်ရင် ကျေနပ်စရာပါပဲလေ

ဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲ ကိုညလင်းရေ။
ဒါထက်မနေ့ကတည်းက ၀င်နေတာ မရဘူး။
ဒီနေ့မှရတယ်။
ပျော်ရွှင်ပါစေ


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ဇော် said...

မမြဲတဲ့ နိယာမမို့
ကျနော်ကော်ပီတာကို
ပြုံးပြုံးနဲ့ ကြည့်နေပါဗျာ........... =)