Thursday, July 1, 2010

“မျှော်လင့်ရင်း ... ဝေး ...”



တဲအိုပျက် သာသာပါပဲ
ယိုင်နဲ့နဲ့ နဲ့ အလွမ်းအခါးတွေက
မှော်ဝင် အရောင်တွေထဲ ပြည့်နှက်
အချစ်ကို အမှောင်တိုက်ကြတယ် ...။

ကယောင်ကတမ်း ညတွေမှာတောင်
စိမ်းရွှေရောင် အိပ်မက်တစ်စုံက
နီးစပ်ခွင့်ကို မပေးဘူး
အကွာအဝေးတွေနဲ့ ခြားခြား သွားရတယ် ...။

ဒဏ္ဍာရီဆန်ဆန် ပြကွက်တွေလား
ရှုစားသူမဲ့ ပိတ်ကားထဲ
မျက်ရည်ကျခန်းတွေက ပိုများလာတော့
အက်ရှရှ ညီးသံသဲ့သဲ့တောင်
တစတစ ပျောက်ကွယ်သွားရတယ် ...။

ဒီလိုပါပဲလေ ...
တယောက်တည်း ပေမယ့်
အထီးကျန်ခြင်းက အရိပ်ကျတော့
ဖတ်မရတော့တဲ့ အတိတ်တွေထဲ
ပစ္စုပ္ပန်မှာ ကြွေကျမယ့် အနာဂတ်တွေ
ငါ့ ကို ... ထမ်းပိုးသွားကြတော့မယ်လေ ...။

ညလင်းအိမ် ( ၁.၇.၁၀)
~~~ @@@ ~~~
ပုံကို ဒီကနေ ယူပါသည်။

18 comment[s]:

blackroze said...

ကဗျာအသစ်လေးကိုလာဖတ်သွား၏

အနှိုင်းမဲ့ said...

အထီးကျန်နေတုန်းပဲလား...
ပျော်ပျော်နေ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

နီးစပ်ခွင့်မရဘဲ ဝေးဝေးနေမှတော့
မျှော်လင့်ချက်မထားတော့ တာကောင်းမယ် ထင်ပါတယ်..
ပြန်ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်.
အစစအဆင်ပြေပါစေနော်..

ခင်မင်တဲ့
မချော

ကိုဇော် said...

ကောင်းတယ်။

နေ၀သန် said...

တစ်ယောက်တည်းပေမယ့်
အထီးကျန်ခြင်းက အရိပ်ကျတော့
ဖတ်မရတော့တဲ့ အတိတ်တွေထဲ
ပစ္စုပ္ပန်မှာ ကြွေကျမယ့် အနာဂတ်တွေ
ငါ့ကို ထမ်းပိုးသွားကြတော့မယ်လေ တဲ့လား

ကောင်းလိုက်တဲ့စကားလုံ...။ ဒါနဲ့ ဘယ်ပျောက်နေတာလဲ...။ ပြန်ရောက်ပြီလား...။


ခင်မင်တဲ့
နေ၀သန်

noblemoe said...

အင်း လမိုက်ညတွေ အမြန်ကျော်လွန်နိုင်ပါစေကွယ်။
တနေ့ လသာဦးမှာပါ။
ကဗျာကတော့ ကောင်းမြဲကောင်းတုန်းပဲနော်
သာယာချမ်းမြေ့ပါစေနော်
မိုး

sosegado said...

ကဗျာကိုခံစားသွားပါတယ်
‘ဖတ်မရတော့တဲ့ အတိတ်တွေထဲ
ပစ္စုပ္ပန်မှာ ကြွေကျ’
အတော်ကောင်းပါတယ်၊

Cameron said...

စကားလုံးအင်အားတွေကောင်းလှချေလား မောင်းတူးရ...။ အထီးကျန်ခြင်းတွေကို အဲဒီယိုင်နဲ့နဲ့ တဲအိုပျက်ထဲ ထားပစ်ခဲ့လိုက်ပါ....။

ကိုတူးအဆင်ပြေပျော်ရွှင်ပါစေ
မိုးငွေ့

လင်းခေတ်ဒီနို said...

ဒဏ္ဍာရီဆန်ဆန် ပြကွက်တွေလား
ရှုစားသူမဲ့ ပိတ်ကားထဲ
မျက်ရည်ကျခန်းတွေက ပိုများလာတော့
အက်ရှရှ ညီးသံသဲ့သဲ့တောင်
တစတစ ပျောက်ကွယ်သွားရတယ် ...။

း) ကိုယ့်ဆရာ လုပ်ချင်လိုက်ရင် ဟက်ထိတာချည်းပဲး))

linn said...

အင်း .. မောင်လေးရေ ..
အဆင်ပြေသေးဘူးလား ...
အတိတ်တွေ အဆင်မပြေလဲ
အနာဂတ်တွေ အဆင်ပြေပါစေလို့
ဆန္ဒပြုလျှက် ..
ခင်မင်စွာဖြင့်
အစ်မလင်း

မောင်သီဟ said...

ပေါ်လာပြီ ပေါ်လာပြီ
ပေါ်လာတာနဲ့
ကွဲပြီးကိုပေါ်လာတား)း)
ခံစားမိပါတယ်ဗျာ နောက်မှစကားတွေပြော တာပေါ့း)

သဒ္ဓါလှိုင်း said...

ဟေ့..ဘယ်ရောက်နေတာလဲ..
လှပတဲ့အနာဂတ်တွေကထမ်းပိုးသွားမှာပါနော်...။
အဆင်ပြေပျော်ရွှင်ပါစေ..

ခင်တဲ့
သဒ္ဓါ

Maung Myo said...

ကဗျာ နောက်ဆုံးအပိုဒ်လေး အရမ်းကြိုက်တယ် စာသားတွေ ကျစ်လစ်နေပြီး လှနေလို့ ။

zue said...

အကိုရေ.... ရင်ဘတ်တစ်ခုလုံးချပြလိုက်တာလား... ခံစားချက်တွေ ပြင်းနေတယ်.. ထင်တယ်...း)

ပန်းနုနှင်းဆီ said...

ခံစားချက်တွေပါတဲ့ ကဗျာလေးကို လာအားပေးသွားပါတယ်...
အဆင်ပြေပျော်ရွှင်ပါစေရှင်...

ဏီလင်းညို said...

ကိုတူးရေ.......

ကဗျာလေးကောင်းတယ်.....။
ခံစားမိတယ်......။
“ရှုစားသူမဲ့ ပိတ်ကားထဲ
မျက်ရည်ကျခန်းတွေက ပိုများလာတော့
အက်ရှရှ ညည်းသံသဲ့သဲ့တောင်
တစ်စ.....တစ်စ...ပျောက်ကွယ်သွားရတယ်”...
ဆိုတာလေးကို........ကြိုက်တယ်.....။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

မြစ်ကျိုးအင်း said...

ရှုစားသူမဲ့ ပိတ်ကားမှာတောင် မျက်ရည်ကျခန်း တွေက ပိုများတယ်တဲ့လား ။ ထိထိရှရှပါပဲဗျာ။

စိတ်နှလုံးထဲက ယိုစိမ့်လာတဲ့ စာလုံးတွေနဲ့ ဖွဲ့တည်ထားတဲ့ ကဗျာကောင်းလေးပါ။

အင်ကြင်းသန့် said...

ကဗျာတွေပြန်ရေးပြီ ဆိုပြန်တော့လည်း ထုံးစံအတိုင်း အသည်းကွဲကဗျာနဲ့စတော့တာပါပဲလား....

အဆင်ပြေပျော်ရွှင်ပါစေ ကိုတူး...