Thursday, May 20, 2010

“ကံကို ခေါင်းစဉ်တပ်လိုက်ရတဲ့ အပြန်လမ်း”

ကံကိုသာ အပြစ်ဖို့လို့ရရင်
၂၀၀၈ ဒီဇင်ဘာကို ဥဒါန်းကျူးချင်တယ်
အဲဒီကတည်းက လမ်းတွေ လမ်းတွေ
အကွေ့အကောက်တွေက များလိုက်တာ
ယိုင်နဲ့လိုက် ပြန်မတ်လိုက်နဲ့
စိတ်တွေက ပြုတ်ပြုတ်ကျတယ် ...။

လွယ်တဲ့ အရာတွေက ခက်
ခက်တဲ့ အရာတွေက ပိုခက်လို့
ဘ၀ကို မသတီချင်တော့ဘူး
ရီချင်လည်းရီတော့ အိပ်မက်တွေက ခါးတယ် ...။

ငါက နေချင်တဲ့ မြေ ...
ငါ့ကို လက်မခံချင်တဲ့ မြေ ...
ငါက အကျိုးပြုတဲ့ မြေ ...
ငါ့ကို အဆိုးပြုတဲ့ မြေ ...
တစုံတယောက် ရှိတဲ့ မြေ ...
ငါ့အတွက် ဘုံပျောက်ရတဲ့ မြေ ...
အစုံ မရောက်ခဲ့တဲ့ မြေ ...
ငါ့ကို ကန်ကြောက်ခဲ့တဲ့ မြေ ...

အဲဒီမြေကို
မလွမ်းလောက်ပေမယ့်
လမ်းပျောက်ခဲ့ရပြီ ...။

အချိန်မမှန်သာတဲ့ ဥသြနဲ့
အချိန်မှန်လာတဲ့ နိစ္စဒူဝတွေ
အသားကျခဲ့ရပြီ ...။

အမယ်အစုံမပါတဲ့
တကိုယ်တော် ထမင်းဝိုင်းနဲ့
နာမည်ကျော်ပါတဲ့
ပထမတန်း ခေါက်ဆွဲဟာလည်း
နေ့စဉ် မရှောင်လွှဲနိုင်ခဲ့ရပြီ ...။

အခုတော့
နှုတ်ဆက်ပါတယ်
ရီပြလိုက် ပြုံးပြလိုက်ရတဲ့ ရက်တွေ
စိတ်ဖိစီးမှုများစွာနဲ့ မနက်တွေ
အစိုင်အခဲတွေ လွှတ်ချလိုက်ရတဲ့ ညနေတွေ
အတွေးအစုံနဲ့ အိပ်မရ ညတွေ
စက်ရုပ်လို လူသားဘ၀တွေ
အားလုံး ... အားလုံး  ... အားလုံး ကိုပေါ့ ...။

ကံပါရာ လမ်းအတိုင်း
ပြန်ကာလှမ်းရတော့ပေမယ့်
မမှုပါဘူး ...
အကောင်းမတန်တဲ့ ကံ
ဘယ်လောက်ထန်ထန်
ငါ့ ရင်မှာ ပန်းပန်လျက်ပဲ ...။

ငါ့အတွက်တော့ ...
အကြမ်းပန်းကန်တခွက်
ထမင်းကြမ်းတခဲနဲ့
နွေးထွေးမှု တချို့က
အိမ်အပြန်လမ်းမှာ
စောင့်ကြိုလက်ကမ်း နေမှာဆိုတော့
လျှောက်လိုရာ ထိုစခန်းဆီသို့
ခြေလှမ်းတွေ များစွာဖြင့် ...။

ညလင်းအိမ် (၂၀.၅.၁၀)

~~~~ @@@@ ~~~~

အမိမြန်မာပြည်ကို ပြန်ရတော့မှာမို့ (ခဏ သို့ တသက်လုံးလည်း ဖြစ်နိုင်ပါတယ် ) အားလုံးကို ဒီနေရာလေးကနေ နှုတ်ဆတ်ပါတယ်။ ကျွန်တော်နဲ့ ရင်ဘတ်တူခဲ့ကြတဲ့ ညီအစ်ကို မောင်နှမ အားလုံး၊ တိတ်တိတ်လေးလာပြီး တိတ်တိတ်လေးပြန်သွားကြတဲ့ စာဖတ်သူအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ ရွှန်လန်းကြပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။ မြန်မာပြည်ဧ။် ဆက်သွယ်မှု အခက်အခဲကြောင့် ညီအစ်ကို မောင်နှမ တို့ရဲ့ အိမ်လေးတွေကို အလည်မလာနိုင်ခဲ့ပါက ခွင့်လွှတ်ကြပါလို့ ကြိုပြီး တောင်းပန်ပါရစေ ခင်ဗျာ။ ကဗျာတွေကို ချစ်တဲ့ ကျွန်တော် ကဗျာတွေနဲ့ ပျော်မွေ့နေဦးမှာ ဖြစ်တဲ့အတွက် ကျော်လိုက်ခွလိုက်နဲ့ပဲ ကဗျာတွေ ထပ်တင်နိုင်အောင် ကြိုးစားပါမယ်။ စာတွေလည်း တတ်နိုင်သလောက် ကြိုးစားပြီး လာဖတ်ပါမယ်လို့ ။ skyofnights@gmail.com မှာတော့ ကျွန်တော် အမြဲရှိနေမှာပါ။

အားလုံး ဂွတ်ဘိုင်၊ တာ့တာပါဗျာ ...

ခင်မင်လေးစားမှုများစွာဖြင့်
ညလင်းအိမ်

15 comment[s]:

ကိုဇော် said...

ဘယ်နေ့ပြန်မှာလဲ ညီ။
ဘာပဲ ပြောပြော ပျော်ရွှင်ပါစေကွာ။
အကိုလည်း အမြန်ဆုံးတော့ ပြန်လာဖြစ်အောင် ကြိုးစားဆဲပါပဲ။

အရာရာ အဆင်ပြေပါစေ။
ကိုဇော်

noblemoe said...

မောင်လေးရယ် စိတ်မကောင်းပါဖူး တကယ်ပဲပြန်ပြီပေါ့ 
အောင်မြင်တဲ့သူဟာ ဘယ်နေရာမှာဖြစ်ဖြစ်အောင်မြင်အောင်လုပ်လို့ ရပါတယ် ။ မောင်လေးတစ်ယောက်ရောက်တဲ့နေရာမှာ မလျှော့သော ဇွဲနဲ့ အားမာန်အပြည့်နဲ့ ပန်းတိုင်ရောက်အောင်လျှောက်နိုင်ပါစေရန်တောင်းဆုပြုပါတယ်။ဒီနေ့ကစလို့ မောင်လေးဆီကို ကံကောင်းခြင်းတွေ ရောက်ရှိလာနိုင်ပါစေကွယ်
သာယာချမ်းမြေ့ပါစနော်
မိုး

အင်ကြင်းသန့် said...

ဟယ်...ဘယ်လို ဖြစ်တာလဲ ကိုတူး...
ဘာပြောရမှန်းတောင် မသိတော့ဘူး...
အရာအားလုံးဟာ ကံတရားအတိုင်းဆိုပေမယ့်လို့ ဘယ်တော့မှတော့ အရှုံးမပေးပါနဲ့ ကိုတူးရေ...

ကျန်တဲ့ ဘ၀တစ်လျှောက်မှာ ကိုတူးဆီကို ကံကောင်းခြင်းတွေ...ပျော်ရွှင်ခြင်းတွေ...အောင်မြင်ခြင်းတွေသာ ရောက်ရှိလာပါစေလို့ ဆုတောင်းပေးပါတယ်...

ခင်မင်စွာဖြင့်
အင်ကြင်း

Flower said...

မောင်လေး
မနေ့ညကတည်းက သိရလို့စိတ်မကောင်းဖြစ်နေမိတာ
ကိုယ်နဲ့ခင်မင်ရင်းနှီးသူတစ်ယောက်က
ခုလိုဘလော့စာမျက်နှာပေါ်ကနေ
နှုတ်ဆက်တာကိုလည်း ဖတ်ရတာ စိတ်မကောင်းဘူး
ဘာဘဲဖြစ်ဖြစ် မြန်မာပြည်မှာလည်း အခွင့်သင့်လို့ connection ကောင်းနေချိန်များဆို
တင်လို့ရပါသေးတယ်နော်..
ပြီးတော့ ဘာအတွက်မှ စိတ်ဓာတ်မကျပါနဲ့
ကံဆိုတာ အမြဲမကောင်းနိုင်သလို
အမြဲတမ်းလဲ မဆိုးနိုင်ပါဘူး
တိမ်မဲတွေဖုံးအုပ်နေတဲ့ လမိုက်ညတွေရှိသလို
လင်းလက်တောက်ပမဲ့ လပြည့်ညတွေလဲ ရှိနိုင်ပါသေးတယ်..
ဇွဲကိုသာ မလျှော့လိုက်နဲ့နော်
အိပ်မက်တွေ အမြန်ဆုံး အသက်ဝင်လာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..



ခင်မင်စိတ်ရင်းဖြင့်

မချော

သဒ္ဓါလှိုင်း said...

မောင်လေးရေ..
အမိမြန်မာပြည်ကိုပြန်ရမှာဆိုတော့လည်းဝမ်းသာစရာပေါ့..
အောင်မြင်မှုတွေနဲ့ပြည့်စုံမှာပါနော်..။အီးမေလ်းမှာအက်
ထားလိုက်မယ်နော်..။ကောင်းလွန်းတဲ့ကဗျာလေးကို
ဖတ်ပြီးလေးစားမိတယ်။

ခင်တဲ့
သဒ္ဓါ

Cameron said...

မြန်မာပြည်မှာ ကျော်ခွပြီးတင်ရတာ ကျင့်သားရသွားမှာပါ ကိုတူးရဲ့...။ နောက်ဆုံး မကျော်မခွရရင်ပဲ တစ်ခုခုလိုနေသလိုဖြစ်နေမှာ..။
Welcome to Myanmar အမိရွှေမြန်မာမှ ကြိုဆိုပါ၏..

ခင်မင်စွာဖြင့်
မိုးငွေ့

နှင်းဝတီ said...

စိတ်လျော့တဲ့စကားတွေမပြောပါနဲ့
ဘဝတိုက်ပွဲတစ်ခုလို့ဘဲမှတ်ပါ
စီးတီးဟောကို အမ်အာတီနဲ့မှသွားလို့ရတာမဟုတ်ပါဘူး
ကားစီးလို့လဲရသလို လမ်းလျှောက်သွားလို့လဲရ
အို နောက်ဆုံးဘာမှမရှိရင်တောင် ကိုယ်အားကိုယ်ကိုးလမ်းလျှောက်သွားလိုက်
အဓိကက ကိုယ်လိုရာရောက်ဖို့ဘဲမှတ်လား

နှင်းဝတီ

ခိုင်နုငယ် said...

ပြန်တော့မှာလား..ဘာပဲဖြစ်ဖြစ်မိဘအေးရိပ်ကို
ပြန်ရမှာဆိုတော့ ပျော်စရာပါ....
ပြန်ကာလှမ်းရတော့ပေမယ့်
မမှုပါဘူး ...
အကောင်းမတန်တဲ့ ကံ
ဘယ်လောက်ထန်ထန်
ငါ့ ရင်မှာ ပန်းပန်လျက်ပဲ ...။
ဒီနေရာလေးကိုအတော်ကြိုက်တယ်။
ပျော်ရွင်ပါစေဗျာ

ခင်တဲ့
ခိုင်နုငယ်

မြတ်မွန် said...

ကိုညရေ..အမေ့ရင်ခွင်သာ အကောင်းဆုံးနော်...
ကိုည ပျော်မှာပါ..
ကံပါရင်တော့ မြန်မာပြည် လာလည်ရင် ဆုံကြတာပေါ့ ကိုညရေ..။ကျားယို..

~ဏီလင်းညို~ said...

ကိုတူး........
မင်းကဗျာကို အစ်ကိုဖတ်မသွားသေးဘူး.......
နှုတ်ဆက်တယ်ဆိုတာ......... ပြန်ဆုံဖို့ခရီးစတင်ခြင်းလို့ ပြောလို့ရမယ်ထင်တယ်.......။
အစ်ကိုပြန်လာရင် တွေ့ကြမယ်ကွာ.......။
မေးလ်နဲ့ လိပ်စာပို့ထားကွာ.......။
ရောက်အောင်လာရှာမယ်.........။
ဒါဘဲ.......။
(မင်းအစား...၀မ်းတောင်သာသေးတာ အမှန်ပဲ......။ အိမ်ပြန်ရတော့မှမို့လို့.......)

ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

ဘယ်လို ... ဘယ်လို ...
ခဏ လည်း ဖြစ်နိုင်တယ် ..
အပြီး လည်း ဖြစ်နိုင်တယ် ..
တကယ် ပြောတာလားး ..
အိမ်ပြန်တယ် ဆိုတာ ကောင်းတယ်အရာ တစ်ခုပဲ ..
ကိုယ့်ရဲ့ အိမ်လောက် ဘယ်နေရာမှာမှ မနွေးထွေးပါဘူး.
ဘယ်နေရာမှာပဲ၊ ဘာပဲ ဖြစ်ဖြစ် အကို့ရဲ့
လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ ..
အလွမ်းတွေနဲ့ အဆွေးတွေကနေ ရဲ့ နှိပ်စက်ခြင်းဒဏ်က
ကင်းဝေးလို့
ပျော်ရွှ့င်မှုတွေ အမြဲ ပိုင်ဆိုင်နိုင်ပါစေ ..


ကိုကင်းကောင်ရဲ့ည များ
အစဉ်အမြဲ ထွန်းလင်းနိုင်ပါစေ ...
(နောင် မနောက် ရတော့ မှာ ဆိုးလို့) ..ဟီးးဟီးး


အမြဲတမ်းခင်မင်လျှက်
ဆောင်းနှင်းရွက်

မြစ်ကျိုးအင်း said...

မိသားစုနဲ့ ပြန်ဆုံရပြီပေါ့။ ကောင်းသောခရီးလမ်းဖြစ်ပါစေညီ။
ဘာမဆိုဖြစ်နိင်တဲ့လောကမို့လို့ ဘာမဆိုဖြစ်လာနိင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ရောက်တဲ့အရပ်မှာ အဆင်ပြေပျော်ရွှင်ပါစေ။
ကဗျာလေးတွေရေးရင်းနဲ့ ဘလော့ဂ် ကမ္ဘာလေးမှာ ရှိနေအုံးမယ်လို့ ထင်မိပါတယ်။

Unknown said...

အိမ်ပြန်ရတာ ပျော်စရာပါဗျာ..
လိုက်မလည်ဖြစ်တောင် ကဗျာတွေရေးဖြစ်အောင်တော့ ကြိုးစားပေါ့ဗျာ...
အစစအဆင်ပြေနိုင်ဖို့ မျှော်လင့်ပါရဲ့

blackroze said...

မနှုတ်ဆက်ပါနဲ့
ခဏတာခွဲခွာရတယ်လို့ဘဲသဘောထားလိုက်ပါမယ်
ခင်မင်တာမကြာသေးပေမဲ့
ကဗျာကိုတန်ဖိုးထားတာချင်း..နှစ်သက်တာချင်း
ကတော့တူတူပါဘဲ...
ရန်ကုန်ပြန်သွားပေမဲ့လဲ...
ကဗျာတွေဆက်ရေးပါ..စာတွေဆက်ရေးပါ..
ကျွန်မညတိုင်းလာဖတ်ပါ့မယ်..အလုပ်ကပြန်လာတိုင်း
ညဘက်အွန်လိုင်းတက်ဖြစ်တိုင်း
ညလင်းအိမ်..စီကိုကျွန်မလာလည်ပါ့မယ်..
ရန်ကုန်ပြန်ရပြီဆိုတော့..စက်ရုပ်လိုဘဝ
ကနေလွတ်မြောက်သွားပြီပေါ့...
ကျွန်မလဲပြန်ချင်လိုက်တာလေ..ရန်ကုန်ကို..
ကျွန်မဒီကဗျာလေးကိုcopy ယူထားပါရစေနော်..
အပြန်ခရီးလမ်းအစစအဆင်ပြေပါစေလို့
ခင်မင်လျှက်...blackroze

လင်းကြယ်စင် said...

မောင်လေးရေ ...
ဘာပဲဖြစ်ဖြစ် ပြန်ရောက်ရင်လဲ ပျော်ရွှင်ဖွယ်တွေကို ရရှိပိုင်ဆိုင်နိုင်ပါစေ ...
ခင်မင်စွာဖြင့်
အစ်မလင်း ...