Sunday, May 9, 2010

“အမေ”



နွေရာသီ အပူထဲ အရိပ်တခုအဖြစ် ...
မိုးရာသီ မိုးရေထဲ ထီးတလက်အဖြစ် ...
ဆောင်းရာသီ နှင်းမှုန်ထဲ အနွေးဓာတ်အဖြစ် ...
ဖန်ဆင်းခဲ့လေသော ငါတို့ရဲ့အမေ ...
ခုတော့ သူ့ကန္တာရမှာ အိုအေစစ်မဲ့တယ် ...။

မတန်ပါဘူး မွေးရတာလို့
မဟန်ပါဘူး ကျွေးရတာလို့
အညီးစကား မဆိုငြားလည်း
ငါတို့များက ခြေစုံကန်သွားခဲ့တယ် ...။

အမေရေ ...
အမေမရှိတဲ့ အရိပ်မို့ နွေက ပူတယ် ...။
အမေမမိုးတဲ့ ထီးမို့ မိုးကစိုတယ် ...။
အမေမပေးတဲ့ အနွေးမို့ အချမ်းက ပိုတယ် ...။
အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

အမေရေ ...
သားမိုက် အလွမ်းပိုက်လို့
အမေ့ဆီ ဆိုက်ဆိုက် မပြန်နိုင်သေးတောင်
အမေ့မေတ္တာ ကရုဏာကို
မှန်းမျှော်တမ်းတ ရှိခိုးကန်တော့ပါရစေ ...။

တနေ့ ...
အမေ့ ကန္တာရမှာ သားပျော်ဝင်ပါလိမ့်မယ် ...
အခုတော့ ...
မငိုပါနဲ့ အမေ ...။
မငိုပါနဲ့ အမေ ......။
မငိုပါနဲ့ အမေ ..........။

ညလင်းအိမ် (၉.၅.၁၀)
~~~~ @@@@ ~~~~~
********************************************
အမေ ကျန်းမာပျော်ရွှင်ပါစေ ...။
********************************************
ပုံလေးကို ဒီကနေ ယူပါသည်။

19 comment[s]:

Anonymous said...

နွေရာသီ အပူထဲ အရိပ်တခုအဖြစ် ...
မိုးရာသီ မိုးရေထဲ ထီးတလက်အဖြစ် ...
ဆောင်းရာသီ နှင်းမှုန်ထဲ အနွေးဓာတ်အဖြစ် ...
ဖန်ဆင်းခဲ့လေသော ငါတို့ရဲ့အမေ ...

အမေများနေ့မှာ အမေပျော်နေပါစေ။
ကိုည ကဗျာလေးက အမေကို ငိုမိအောင် လုပ်နေတာလား။
လေးစားလျှက်။
မြတ်မွန်

အဖြူရောင်နတ်သမီး said...

ရောက်ခဲ့ပြန်ပြီ ...
“အမေများနေ့”...တဲ့လေ
အမေလွမ်းကဗျာ....
အမေလွမ်းစာတွေ ပလူပျံနေတဲ့..“ဒီနေ့”
လွမ်းတယ်..အမေ...
ရယူခြင်းဆိုတာ...အမေမသိ
ပေးဆပ်ခြင်းအပြည့်နဲ့
တုနှိုင်းစရာမရှိတာ
မာတာမိခင်ပါ....

Anonymous said...

အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

ကဗျာဖတ်ပြီး ငိုချင်သွားတယ်။

ကိုဇော် said...

အမေကို ချစ်သူ ဆိုတော့လည်း ခံစားမိပါတယ်ဗျာ။
ဒါထက် ပိုဝေးတောင်မှ ဒီထက် ပိုမဝေးတော့ပါဘူး။

Cameron said...

အမေရေ ...
အမေမရှိတဲ့ အရိပ်မို့ နွေက ပူတယ် ...။
အမေမမိုးတဲ့ ထီးမို့ မိုးကစိုတယ် ...။
အမေမပေးတဲ့ အနွေးမို့ အချမ်းက ပိုတယ် ...။
အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

ခလုတ်ထိမှအမိတတဲ့....ဘယ်သူမဆို ကိုယ့်ကိုမွေးထားတဲ့ အမေကို မချစ်ဘဲမနေကြပါဘူး...။ အမေ့ကျေးဇူးကို အသံထွက်ပဲဖြစ်ဖြစ်...လူမသိသူမသိ တိတ်တိတ်ကလေးပဲဖြစ်ဖြစ် နည်းအမျိုးမျိုးနဲ့ ဆပ်ဖို့တော့ လူတိုင်းမှာ ရည်ရွယ်ချက်ရှိနေကြမှာပါ...။ မောင်လေးည ကဗျာလေးကောင်းတယ်....အမေတစ်ယောက်နေရာကနေဖတ်ရင်း မျက်ရည်လည်မိတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

မြစ်ကျိုးအင်း said...

အမေမငိုပါဘူး စောင့်မျှော်နေဆဲပါလို့ ပြန်ပြောမှာ ကြားယောင်မိတယ်။
အနန္တမေတ္တာတော်ရှင်ပဲ မဟုတ်လား ။

အင်ကြင်းသန့် said...

ဒီတစ်ခါတော့ အမေ့ကိုလွမ်းသွားပြီပေါ့...
ကိုတူးကဗျာလေးကို ကိုတူးအမေသာ ဖတ်ဖြစ်လိုက်ရင် တော်တော်ပီတိဖြစ်သွားမယ် .....

ဆောင်းနှင်းရွက် said...

ခု ချိန် မှာ အိမ်က အမေကို
အရမ်းသတိရနေတယ် ...

Beauty Studio USA Branded Store said...

အမေကို ချစ်တဲ့သားအတွက် အမေ့ကို လွမ်းနေတဲ့ သားတစ်ယောက်က အမေချစ်တဲ့သားကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူပါရစေဗျာ။

Nge Naing said...

အမေနေ့ အမှတ်တရ ကဗျာလေးကို လာခံစားသွားပါတယ်။

အနှိုင်းမဲ့ said...

ကဗျာလေးကောင်းတယ်..ကောင်းကင်
ဆုတောင်းပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်..။

Flower said...

ခြေစုံကန်တဲ့ သားသမီးတွေမဖြစ်အောင်တော့
ကြိုးစားကြဦးစို့မောင်လေးရေ
အမေ့အတွက်ရေးတဲ့ကဗျာတွေက မရိုးနိုင်အောင်
လှပချိုမြနေတာပါဘဲ..
အမေတွေအားလုံး ကျန်းမာ ချမ်းသာ ရှိကြပါစေ..

သဒ္ဓါလှိုင်း said...

အမေနေ့အမှတ်တရကဗျာလေးက ရင်ကိုထိပါတယ်။
အမေချစ်တဲ့သားတယောက်အဖြစ်အမြဲဂုဏ်ယူနိုင်ပါစေ..။

ခင်တဲ့
သဒ္ဓါ

noblemoe said...

ကဗျာအစဆုံးကောင်းနေလို့  ကောင်းကြောင်း ဆွဲထုတ်မပြချင်တော့ပါဖူးမောင်လေးရေးးးးးးးးး
တနေ့တော့  အမေ့အေးချမ်းတဲ့ရင်ခွင်မှာ နားခိုခွင့်ရမှာပါ။
သာယာချမ်းမြေ့ပါစနော်
မိုး

မေကျော် said...

ဝမ်းနည်းသွားတယ်

မိုးစက်အိမ် said...

ကိုညရေ အမေနဲ့ ဝေးနေတဲ့လူချင်းတူတူမို့ 
ထပ်တူ ထပ်မျှ ကဗျာလေးနဲ့ အတူခံစားသွား
တယ်ဗျာ ... ပျော်ရွှင်ချမ်းမြေ့ပါစေ

မောင်သီဟ said...

ကိုယ်ချင်းစာတယ်ဗျို့

flowerpoem said...

အမေများနေ့ အမှတ်တရကဗျာ လာဖတ်ပါတယ်
ပျော်ရွှင်စွာနဲ့ အမေ့ကို ကျေးဇူးဆပ်နိုင်သော သူဖြစ်ပါစေရှင်

ပေါ့ဆိမ့် said...

အမေနေ့ အတွက်ရေးထားတဲ့ ပိုတွေ ဘလော့မိတ်ဆွေတွေရှိမှာ ဖတ်ခဲ့ပြီးပါပြီ ...
ဒီစာသားကဗျာလေးက
အမေရေ ...
သားမိုက် အလွမ်းပိုက်လို့
အမေ့ဆီ ဆိုက်ဆိုက် မပြန်နိုင်သေးတောင်
အမေ့မေတ္တာ ကရုဏာကို
မှန်းမျှော်တမ်းတ ရှိခိုးကန်တော့ပါရစေ ...။
ရင်ထဲမှာ အမေကို ပိုလွမ်းစေတယ်ဗျာ....