Thursday, April 29, 2010

“ရင်ကွဲနာ”



ဒဏ်ရာတွေ အုပ်မိုး အပိုင်စိုးထားတဲ့ ညဉ့်နက်နက်မှာ
အလင်းပြတ်ရွေ့တွေ ကသုတ်ကရုတ်နဲ့ ခေါင်းပေါ်ထိုးချတယ်
နှုတ်ခမ်းတလှုပ်စာပါပဲ ရုန်းမရတဲ့ ဒီအနာက
ဝုန်းကနဲ့ ထလောင်တော့
ရင်ကွဲနာ ကျတယ် ...။

နှလုံးသားကို သတိတရားနဲ့ သံပတ်ပေးတယ် ...
မရဘူး ...
တစက္ကန့်ရဲ့ ရွေ့လျားမှုမှာ နာရီ မိနစ်တံတွေ လိုက်ပါနေတော့
တောင်စဉ်ရေမရ အတွေးတွေနဲ့
သတိရမိခြင်းကြောင့်
ရင်ကွဲနာ ကျတယ် ...။

တလှပ်လှပ်နဲ့ တုန်ခါလာတဲ့ အိပ်မက်တွေ
ဆေးပန်းချီ ခပ်ရေးရေးဆွဲမိလို့လား
မာရ်နတ်ရဲ့ လှောင်ပြောင်ခြင်းကို ခံရတယ်
တိုးတိုးလေး ငုပ်လျိုးလိုက်ချင်ပါတယ်
အစပါလာတဲ့ ကြိုးမို့လား
ရင်ကွဲနာ ကျတယ် ...။

ငှက်ဆိုးရဲ့ အော်သံက ရှိုက်သံတွေနဲ့ အတူ
နေ၀င်သွားသလို
မီးညှိထားတဲ့ ဖယောင်းတိုင်တောင်
ကိုယ်တိုင် အလင်းမဲ့တယ်
ပိုင်ဆိုင်လိုမှု အတ္တတွေက ရေမျောကမ်းတင်မို့လား
ပင်လယ်ကို ဆဲဆိုပြီးမှ ချုံးချုံးချ ငိုရလို့
ရင်ကွဲနာ ကျတယ် ...။

လွှတ်ပစ်လိုက်တဲ့ အဟောင်းတွေ
သတိရလို့ ပြန်ကောက်တော့
အမှိုက်တွေပါတယ် ...
ဒါပေမယ့် စံပယ်ရနံ့တွေ ရှိုက်မိလိုက်တော့
အနမ်းတချက်မှာ အသက်မဲ့သွားတယ်
အသက်ပြန်သွင်းတိုင်းမှာလည်း
ထစ်အထစ်အနဲ့
ရင်ကွဲနာ ကျတယ် ...။

အချိန်ကာလရဲ့ သမားတော်က ဘယ်မှာလဲ ...။
ကုရာနတ္ထိ ဆေးမရှိတဲ့ ညသန်းခေါင်တွေ
အမှောင်တွေအကူးမှာ ကျွံကျွံကျမှတော့
တမ်းတမ်းတတနဲ့ပဲ ရင်ခွင်အပျက်မှာ
နေတခြစ်ခြစ်ပူအောင်
ရင်ကွဲနာ ကျတယ် ...။

ဒီလိုနဲ့ ... ဒီလိုနဲ့ ... ဒီလိုနဲ့ပဲ
စခဲတဲ့ အမှတ်တခု
မဆုံးသေးတဲ့ မှတ်တိုင်ထိ
ရင်ကွဲနာ ကျလွန်းနေတော့
နွေမိုးဆောင်း ဥတုသုံးလီမှာ
ပဲ့ပဲ့သွားတဲ့ နှလုံးသားစည်းချက်တိုင်း
မျဉ်းဖြောင့်တစ်ကြောင်းတည်း အောက်မှာမှ
တဖြည်းဖြည်း တွန့်ကောက်လာခဲ့တယ် ....။

ညလင်းအိမ် (၂၉.၀၄.၂၀၁၀)
~~~~ @@@@ ~~~~~~
ပုံလေးကို ဒီကနေ ယူပါသည် ။
~~~~ @@@@ ~~~~~~
စိတ်အခြေအနေ လုံးဝမကောင်းပါသဖြင့် ညီအစ်ကို မောင်နှမတို့ဧ။် ဘလော့ဂ်သို့ မရောက်ရှိနိုင်ခြင်းအတွက် နားလည် ခွင့်လွှတ်ပေးနိုင်ကြပါစေး((( 
*************************************************************************** 

17 comment[s]:

Ree Noe Mann said...

နားလည်ပါတယ် ငါ့ညီရယ်
ဒီလိုပဲပေါ့ လောကကြီးက

ညီညီထွေး said...

အရေးအသားကတော့ ပြောင်မြောက်လွန်းပါတယ်ဗျာ...

ပဲ့ပဲ့သွားတဲ့ နှလုံးသား စည်းချက်တိုင်း
မျဉ်းဖြောင့်တစ်ကြောင်းတည်း အောက်မှာမှ
တဖြည်းဖြည်း တွန့်ကောင်လာခဲ့သတဲ့လား........

(ကဗျာကိုပဲခံစားသွားတော့တယ်... အလွမ်းနဲ့ပတ်သက်လို့တော့ ကြေကွဲခြင်းနဲ့ပတ်သက်လို့ကတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး....)

ခင်မင်တဲ့
ညီညီထွေး

Flower said...

တရားနဲ့ ဖြေ
တရားနဲ့ဖြေ
ကိုယ့်စိတ်ကို ကိုယ်မှ မနိုင်ရင် ဘယ်သူက လာထိန်းချုပ်မလဲ
ကိုယ့်ကိုယ်ကို အဆင်ပြေအောင် ပျော်ရွှင်အောင်နေပါမောင်လေးရေ
ကဗျာတွေကတော့ ခံစားချက်တွေ ပျော်ဝင်နေလို့ထင်ပါရဲ့
ကောင်းမှကောင်းပါပဲ....

အနှိုင်းမဲ့ said...

ရင်ကွဲနာ.....တဲ့လားး
သိပ်ခံရခက်တဲ့ ဝေဒနာတစ်ခုပေါ့...
မျှဝေခံစားသွားပါတယ်....ညလင်းအိမ်

noblemoe said...

မောင်လေးရေးးးးးကဗျာတွေကကောင်းပေမဲ့ စာရေးသူတစ်ယောက်တည်းရင်ကွဲတာဟုတ်ဖူး မျှဝေခံစားမိတဲ့ စာဖတ်သူတွေလည်းကွဲတော့မယ်သိလား
ကောင်မလေး နဲ့ အဆင်ပြေပြီး
သာယာချမ်းမြေ့တဲ့အချစ် ကဗျာလေးတွေရေးနိုင်ပါစေ..
မိုး

လင်းခေတ်ဒီနို said...

ဆရာသမား ကောင်းလွန်းလို့ ဘယ်နေရာ ကောင်းတယ်ပြော ရမှန်းမသိအောင်ကို ကောင်းလွန်းနေခဲ့တယ်း)))))

Cameron said...

ကိုတူးရယ်........အမတို့တွေအားလုံးနားလည်ကြပါတယ်
ဒါမျိုးဝေဒနာက ချစ်ဖူးသူတိုင်း တော်တော်များများခံစားရပါတယ်...။
ဘာပဲဖြစ်ဖြစ် ရင်ကွဲနာကျတဲ့ အချိန်ရော မကျတဲ့ချိန်ရော ကဗျာတွေက ကောင်းနေလို့ပဲ..။
အိုကေ...မောင်လေး ဘာမှစိတ်ဓါတ်မကျနဲ့ ညကျမှ တို့မောင်နှမတွေ ခွက်တိုက်ကြရအောင်...
အမြည်းကောင်းကောင်းလုပ်ခဲ့မယ်(နောက်တာ...နောက်တာ မိုးငွေ့ကိုအထင်လွှဲကြပါနဲ့)

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

ကဗျာခေါင်းစဉ်လေး တွေ့ပြီး စိတ်မကောင်းလို့ မောင်လေးရေ...။ နှစ်သိမ့်ပေးမယ့် စကားလုံးလည်း ရှာမရတော့ဘူး။ ရင်နဲ့ရင်းပြီး စာစီထားတဲ့ ကဗျာတွေကတော့ ကလောင်ထက်မှာ စီးမျောနေဆဲပေါ့။
အစစ အရာရာ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

flowerpoem said...

စိတ်ဒဏ်ရာတွေ အမြန်ကျက်ပါစေရှင်..

မယ့်ကိုး said...

စာတွေ ကဗျာတွေ စုဖတ်သွားပါတယ်။ လှပကောင်းမွန်တဲ့အရေးအသားအသုံးအနှုန်းတွေကို နှစ်သက်သဘောကျမိပါတယ်။
အစစအရာရာအဆင်ပြေ
အောင်မြင်ပါစေ..

အားပေးလျက်

မြတ်မွန် said...

အသည်းကပြောတယ်ကိုညရေ..ငါ့ကို ချမ်းသာပေးပါတော့တဲ့..မင်းရင်ဘက်မှာ အသည်းနှလုံးဖြစ်ရတာ ကံမကောင်းဘူးကွာတဲ့..ငါလည်း ပျော်ရွှင်တဲ့ အသည်းနှလုံး ဖြစ်ချင်ပါသေးတဲ့ ကိုညရေ..

မေကျော် said...

ဟပ်ချလောင်း
အချိန်သမားတော် ရောက်စေသား....

စံလင်းထွန်း said...

အစ်ကိုရေ ...
ရောက်တယ်ဗျာ။

မြစ်ကျိုးအင်း said...

တစ်ကယ်များ ရင်ကွဲနာ ကျနေသလား
ကဗျာကို တစ်ကြောင်းချင်းဖတ်သွားရင်
ဒဏ်ရာတွေကို မြင်လာရသလိုပါပဲ

what is good things said...

ကဗျာဖတ်ရတာ ခံစားချက်တွေပေါ်လွင်နေတယ်။
ဟင်းးးး......

ဏီလင်းညို said...

ကိုတူးရေ.....
အစ်ကိုလည်း..... မင်းကဗျာလေးထဲမှာပါတဲ့ ဖယောင်းတိုင် တစ်တိုင်နဲ့ တူနေသလိုလိုပဲဗျာ..........။

ခင်မင်တဲ့
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

တောင့်ထား ငါ့မောင်ရေ...
အထပ်ထပ်အခါခါ အားပေးရတာလည်း မောလှပါပြီ...
ထပ်အားပေးလိုက်ပါအုံးမယ်...
“တောင့်ထားဟေ့...တောင့်ထားဟ”....
ဟူးးးးးးးး
အိမ်ရှေ့ပူတော့...အိမ်နောက်မချမ်းသာဘူး....း(