Wednesday, April 21, 2010

ကဗျာစုလေးများ

“အမည်မဲ့ ပန်း”

နကိုကတည်းကမှ
နှင်းမှုံကြားမှာ မပွင့်နိုင်တဲ့ပန်း
စိတ်ကူးတွေနဲ့ လန်းခဲ့ရင်တောင်
လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းမှာ
အနမ်းပွင့်တွေကို ကိုယ်တိုင်ချွေနေခဲ့ရသူပါ ...။

လေဟာနယ်ဆိုတာ ဒြပ်တခုသာဆို
မွှေးပျံ့လာမယ့် ရနံ့တိုင်းမှာ
ဆောင်ကျဉ်းပေးမယ့် ဒြပ်တခုသာသာဟာ
အမည် မပါလာတဲ့ ပန်းတပွင့်စာရဲ့
တိုးလျှပါးလွှားတဲ့ ငိုရှိုက်သံ သဲ့သဲ့သာ ဖြစ်မယ်ဆိုတာ ...။


ညလင်းအိမ် (၁၀.၄.၂၀၁၀)

************************@@@*********************

“လမ်းခွဲမိုးတိမ်”

လမ်းခွဲခြင်းမှာ နှုတ်ဆတ်မှုတွေမပါသလို
မိုးတိမ်တွေလည်း မပြိုအက်ခဲ့ပါဘူး
သဘာဝဆန်ဆန်ပဲ ညနေခင်းတွေလည်း
သူ့တာဝန်နဲ့သူ လှပနေခဲ့တယ်။
ဒါပေမယ့် ...
တိတ်တဆိတ် ရှိုက်သံတချို့နဲ့
နှလုံးသား တဖက်လပ် ဖြစ်သွားတဲ့ ငါ ......
ရပ်နေဆဲပါပဲ ဒီနေရာလေးမှာ
လေထဲက အောက်ဆီဂျင်တွေ
အယောင်ယောင် အမှားမှားနဲ့မို့လား
ငါ ... တခဏသေသွားတယ် ...။
(ဘ၀ သေသွားသလိုပါပဲ)
ဒီလိုနဲ့ ...
စိတ္တဇ ဆန်ဆန် ဦးမော့ပစ်လိုက်တယ်
မိုးတိမ်ရေ ငါ့ကို ခေါ်ဆောင်ပေးပါ
အလွမ်းမပွင့်တဲ့ ရာသီတွေဆီသို့ ...။


ညလင်းအိမ် (၁၅.၄.၂၀၁၀)

************************@@@*********************

“လွဲ”

ပန်းတပွင့် မိုးပေါ်က ကြွေအလာ
လေအညှာ တချက်ခတ်မှာ
ရှောင်ဖယ်ကာ သွားလိုက်ပုံက
အလှမ်းမမှီတဲ့ပန်း ကြွေတာတောင် အကျလွဲတယ် ...။

နက္ခတ်တွေ ဖွက်တဲ့ ကောင်းကင်မှာ
မထင်မရှား ထိပ်ထားလေးက
အချစ်စကား ဆိုမှာစိုးလို့
တိမ်ညစ်တွေ ကာဆီးလိုက်ပုံက
စိတ်ကူးယဉ်အိပ်မက်တောင် စိတ်ကူးထဲ ပြန်ကျုံဝင်တယ် ...။

ဒီလိုပါပဲ ...
ဂြိုလ်တွေတောင် ဘယ်နေ့သေမှန်းမသိ
အသက်တွေလည်း ဘယ်ရွေ့ရှည်မှန်းမသိ
လျှောက်တဲ့ လမ်းတောင် မြေသားတွေ ပြိုကျမှာတော့
လွဲတယ်ဆိုတာ ပါးပါးလေးပါ ...။


ညလင်းအိမ် (၁၉.၄.၂၀၁၀)

************************@@@*********************
ဒီကဗျာလေးတွေက ကျွန်တော် ညလင်းအိမ် နာမည်နဲ့ ရေးထားခဲ့တဲ့ ကဗျာစုလေးတွေပါ။ မြက်ခင်းသစ်ဆိုတဲ့ ဆိုက်လေးမှာတော့ တင်ဖူးပါတယ်။ 
************************@@@*********************

12 comment[s]:

အင်ကြင်းသန့် said...

(၃)ပုဒ်လုံးကောင်းပါတယ် ကိုတူး...ဒါပေမယ့် အကြိုက်ဆုံးနဲ့ အခံစားမိဆုံးကတော့ အောက်ဆုံးက ကဗျာလေးပဲ...

ခင်မင်စွာဖြင့်
အင်ကြင်း

မြစ်ကျိုးအင်း said...

လမ်းခွဲမိုးတိမ်နဲ့ လွဲ ကိုပိုသဘောကျတယ်။

နာမည်အသစ် တန်းပလိတ်အသစ်နဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ် ဖြစ်ပြီပေါ့။

ညလင်းအိမ် လို့ နာမည်ပြောင်း ချိတ် ပေးရမယ်နဲ့ တူတယ်နော်။

ကိုဇော် said...

ဂွတ်....
ဒီလို ကဗျာတို အစုလေးတွေ ဖတ်ရတာလည်း တစ်မျိုး အရသာပဲ. . .

ahphyulay said...

ဘာဖြစ် လို့  ဒီလောက် နု ဖတ် နေရအောင်
ရေးရ စပ်ရ တာလဲ ဟင်...
ဖတ် နေရင်းနဲ့  ကောင်းကင် တစ်ခု လုံး အလွမ်းမိုးတွေ
ညှို့  မဲ လာသလိုပါပဲ ။

ခင်တဲ့ 
.......

ဂျပန်ကောင်လေး said...

ကိုတူးရေ... ကောင်းလိုက်တဲ့ ကဗျာလေးတွေဗျာ......... လမ်းခွဲမိုးတိမ်ကို ပိုကြိုက်တယ်.......

noblemoe said...

ကဗျာတွေမရေးတတ်ပေမဲ့ ကဗျာနှစ်သက်သူတစ်ယောက်ပါ။ရေးတတ်လိုက်တဲ့
မောင်လေး ကိုလည်းလေးစားပါတယ်။ ကဗျာတွေကတော့ကောင်းလွန်းပါတယ်မောင်လေးရေ
ပန်းတပွင့် မိုးပေါ်က ကြွေအလာ
လေအညှာ တချက်ခတ်မှာ
ရှောင်ဖယ်ကာ သွားလိုက်ပုံက
အလှမ်းမမှီတဲ့ပန်း ကြွေတာတောင် အကျလွဲတယ် ...။အဒီလိုအပြင်မှာလွဲမနေနဲ့ အုံး မောင်လေးရေးp

မြတ်မွန် said...

သုံးပုဒ်လုံး တင်တယ်..နမြောစရာကြီး..
အမည်မဲ့ပန်းလေးကို ပိုနှစ်သက်မိတယ်..ကိုည..
ကဗျာလေးတွေက ကောင်းနေဆဲပဲ..

ဒဏ္ဍာရီ said...

ကဗျာလေးတွေထဲမှာ ရေးထားတဲ့ စာလုံးတိုင်း နုနုလေးတွေနဲ့ အရမ်း ကောင်းတယ် မောင်လေးရေ..။ နှစ်သစ်မှာ နာမည်သစ်၊ အိမ်သစ်လေးနဲ့ ခြေလှမ်းသစ်တွေ စတင်နိုင်ပါစေနော်။
ကဗျာတွေ ကောင်းတယ်ဆိုတဲ့ အကြောင်းတော့ အထူးပြောဖို့ မလိုတော့ဘူးနော်။ ရင်နဲ့ခံစားပြီး အမြဲဖတ်သွားလို့ပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အနှိုင်းမဲ့ said...

အကုန်ပြောင်းပစ်တာပါပဲလား...
လူကော..ပြောင်းလိုက်ပြီလားး
အသဲကွဲနေတဲ့စိတ်ကိုပြောပါတယ်..:P

Flower said...

နှစ်သစ်မှာ နံမည်အသစ်လေးနဲ့ပါလား
ခံစားချက်တွေလဲ အသစ်ဖြစ်နေပြီထင်တယ်နော်
ကဗျာလေးတွေသိပ်ကောင်းတာဘဲ
ကိုယ်တိုင်က မရေးနိုင်တဲ့အတွက်
ရေးတတ်သူတွေကို အားကျမိတယ်..
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့လို့
ခံစားရခြင်းမှ ကင်းဝေးပါစေ မောင်လေးရေ...

Cameron said...

လမ်းခွဲမိုးတိမ်” အဲဒီအပုဒ်လေးကြိုက်တယ် ခေါင်းစဉ်ရော စာသားအားလုံးကိုရော...။ ထူးထူးခြားခြား အသဲကွဲညီအစ်ကိုနှစ်ယောက် တပြိုင်တည်းလိုလို နာမည်ပြောင်းသွားကြတယ်နော်..။ မောင်ဗညားလေးလေ...။

ခင်မင်စွာဖြင့်
မိုးငွေ့

Blackroze said...

ကောင်း၏....ခံစားသွားပါသည်...