Wednesday, April 7, 2010

“အဓိပ္ပါယ်အပြည့်နဲ့ သင်္ကြန်”

  

လေးတစ်ည ကမ္ဘာမြေရဲ့ အလှအပကို သူက ပိုင်စိုးထားဧ။်။ ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ ကောင်းကင်ကြီးက လှပနေဧ။်။ ရုတ်တရတ် ပြန့်လွင့်လာတဲ့ ပိတောက်သင်းနံ့ မွှေးပျံ့ပျံ့က ကျွန်တော့် နှာခေါင်းဝသို့ တိုးဝင်လာတယ်။ မနက်ကတည်းက ခြံထောင့်က ပိတောက်ပင်ကြီးက အပွင့်တွေဝေေ၀ဆာဆာ ဖူးပွင့်လို့ နေပေမယ့် ခုအချိန်မှာမှ ပိတောက်နံ့ကို အားရပါးရ ရှုမိလိုက်ဧ။်။

“အားပါးပါး မွှေးလိုက်တာ” ...

သြော် မနက်ဖြန်ဆို သင်္ကြန်တောင်ကျပြီ .. အဟိ။ ကိုယ့်ဘာသာကိုယ် တွေးထားတဲ့ စိတ်ကူးလေးကို သဘောကျလို့ ရယ်မိလိုက်ဧ။်။ ပျော်လိုက်တာ မနက်ဖြန် သင်္ကြန်အကျနေ့မှာ ချစ်ဆုံးသူ့ကို ပထမဆုံး ရေလောင်းရမယ်။ နောက်ပြီး မတွေ့တာ ကြာနေပြီ ဖြစ်တဲ့ ချစ်သူ မျက်နှာလေးကို မြင်ရတော့မည်။ အင်း ... အိပ်တော့မှပဲ။ မနက်ဖြန် သူငယ်ချင်းအိမ်ကို စောစောရောက်အောင်သွားရမယ်။ သူငယ်ချင်းအိမ်နဲ့ ချစ်သူအိမ်က နီးတယ်လေ။ သူငယ်ချင်းအိမ်နဲ့ ချစ်သူမိသားစုက သိကြတယ်။ မနက်ဖြန် သူတို့ အိမ်မှာ မုန့်လုံးရေပေါ်နဲ့ သာကူကြိုမယ်တဲ့။ ရေကန်အသင့် ကြာအသင့်ပဲ ချစ်သူအိမ်သွားဖို့ အကြောင်းရှာလို့ရပြီ။  ခုံတန်းလေးထက်မှ ကျွန်တော်ဖြည်းညှင်းစွာ ထလိုက်မိသည်။ လေညှင်းလေးက ဝှေ့တိုက်သွားလိုက်တာ အင်္ကြန် အငွေ့အသက်တွေနဲ့ ပါလား။ အရာရာ အားလုံးဟာ သာယာလှပလို့လေ ...။

တူ ... တူ ... တူ ...။ အချိန်မှန် နှိုးစက်လေးက သတိပေးနေလေရဲ့။ ကျွန်တော်အိပ်ယာထက်မှ အမြန်ခုန်ထလိုက်တယ်။ သွားတိုက် မျက်နှာသစ် ရေချိုးလိုက်ပြီးမှ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးသဲ့သဲ့ကို တွေ့ရတော့ မနေနိုင် အမြန်ရိတ်လိုက်မိတယ်။ ဒီနေ့ဟာ ကျွန်တော်အတွက် စိတ်ရော ကိုယ်ပါ နုနေရမယ့် နေ့တစ်နေ့ဖြစ်နေလို့ပါပဲ။ ခေါင်းကို အသေသပ်ဆုံးဖြစ်ဖို့ သေသေချာချာကို ဖီးနေမိသည်။ အိုကေပြီ ဒီလောက်ဆိုရလောက်ပြီ။ ဂျင်းပင်နဲ့ တီရှပ်လက်ရှည်ကို သေချာဝတ်ပြီး မှန်ကိုပြန်ကြည့်လိုက်မိဧ။်။ အလဲ့ ဒီလိုဆိုတော့လည်း ကျွန်တော်က မဆိုးဘူးပဲ။

“ဟဲ့ ... သားနားလှချည်လား။ ဒါက ဘယ်သွားမလို့လဲ”

“သူငယ်ချင်းအိမ်လေ အမေ... မနေ့ကတည်းက အမေ့ကို ပြောထားတယ်လေ”

“အေးပါကွယ် သားသမီးတွေများတယ်ခက်တာပဲ ... အရွယ်ရောက်လာတာနဲ့ သူတို့စိတ်ကို မခန့်မှန်းနိုင်တော့ဘူး ... ကဲကဲ သွား စောစောပြန်ခဲ့”

“ဟုတ်ကဲ့ ... အဟဲ သား သွားပြီနော်” .........

အမေ့မျက်နှာက ပြုံးရောင်သန်းနေသည်။ တခုခုကို ရိပ်မိနေတဲ့ပုံမျိုး။ ဘက်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်းက နာရီကိုကြည့်မိလိုက်တယ်။ မနက် ၆ နာရီခွဲ ... တော်တော်စောသေးတာပဲ။ လိုင်းကားတွေကော ထွက်ပါ့မလား။ စိုးရိမ်စွာ ကျွန်တော်တွေးလိုက်မိတယ်။ ချစ်သူရပ်ကွက်လေးကို ရောက်ဖို့က ကားသုံးဆင့်တောင် ပြောင်းစီးရမှာလေ။ ဒီအချိန်မှာ မထွက်ရင် နောက်ကျလိမ့်မယ်။ဟော ... ကားလာပြီ ကျွန်တော်ပျော်သွားတယ်။ ကားက နဲနဲကျပ်နေပေမယ့် ဒီလောက်တော့ ရှိမှာပေါ့လို့ တွေးလိုက်မိသည်။ အင်္ကြန်ချိန်ခါက ကားတွေက သိပ်မထွက်ကြဘူးလေ။

“...... ကိုဘယ်လောက်လဲ ...” 

“၂၀၀ ပါအစ်ကို ” 

“ဟာများလိုက်တာ မင်းတို့ကလည်းကွာ လွန်တာပေါ့” ကျွန်တော်မကျေမနပ်နဲ့ ပြောလိုက်မိတယ်။ ပုံမှန် ၅၀ ခရီးပါ နောက်ပြီး မှတ်တိုင်က ငါးမှတ်တိုင် လောက်ပဲ စီးရမှာ...။

“ကဲ ... ဟိုအစ်ကို စီးမှာလား မစီးဖူးလား ... မကျေနပ်ရင် ဆင်း” 

အန် .. သူတို့ကလည်း မတရားယူသေးတယ်။ ကျွန်တော်ဘာမှမပြောပဲ ပိုက်ဆံ ၂၀၀ကို ထုတ်ပေးလိုက်ရတယ်။ ဒီလိုနေ့မှာ ကိုယ့်ကပြန်ပြောရင် အမှားပဲ ဖြစ်နေမှာ။

ဒီလိုနဲ့ပဲ ကားသုံးဆင့် ပြောင်းစီးပြီးမှာ ချစ်သူရှိတဲ့ ရပ်ကွက်ကို ခြေချမိတော့တယ်။ နာရီကို ကြည့်လိုက်တော့ ၈ နာရီကျော်ပြီ။ ဟူးးးးးးးးး ... သတ်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိဧ။်။

“ဟိတ်ကောင် ... နောက်ကျလှချည်လား ...”

“ဟာ ... မင်းကလည်း ငါအစောကြီးထဲက ထွက်လာတာ ... ကားစီးရတာ ခက်တယ်ကွ”

“အေးအေး စကားအပိုတွေ မပြောပဲ ၀ိုင်းကူလုပ် ... တော်ကြာ ငါ့အိမ်က အမြင်ကတ်ပြီး မင်းချစ်သူအိမ်ကို မုန့်သွားမပို့နဲ့တော့ဆို ခက်မယ်နော်”

“အေးပါကွာ... ငါ့ကောင်ကလည်း ပဲကိုင်လိုက်တာ”

မုန့်လုံးရေပေါ် ၀ိုင်းလုံးပေးရင်း နာရီကို ကြည့်နေမိတယ် ... သူနိုးနေပြီလား ... ရေပဲထွက်ပက်နေပြီလား ... ငါပြောထားတာပဲ ငါအရင်ဆုံးသူု့ကို ရေလောင်းချင်တယ်လို့ ... သူစောင့်နေမှာပါ ... တွေးရင်းတွေးရင်း ... မုန့်လုံးရေပေါ်က လုံးရင်းနဲ့ ထန်းညက်တွေ အရည်ပျော်ကုန်ပြီ။

“ဟား ... ဟား ... ဟား ...” သူငယ်ချင်း မိသားစုက ကျွန်တော်ကိုကြည့်ပြီး ၀ိုင်းရယ်ကြသည်။ ရှက်လိုက်တာဗျာ ... အဟီး ။

သူငယ်ချင်းက စက်ဘီးကို ထုတ်လာသည်။ မုန့်တွေ ထည့်ထားတဲ့ ချိုင့်က အဆင်သင့် ကျွန်တော်လက်ထဲမှာ။

“ဟိတ်ကောင် ... သေချာကိုင်ထားအုန်း စက်ဘီးပေါ်က ပြုတ်ကျပြီး မုန့်တွေမှောက်ကုန်မယ်” သူငယ်ချင်းက ရယ်ကျဲကျဲနဲ့ နောက်သည်။

“ငါသိပါတယ်ကွ ... ခွီးမှပဲ” မကျေမနပ်နဲ့ ကျွန်တော်ပြန်ပြောလိုက်တယ်။ ဒီထက်ထပ်ပြောလို့ မဖြစ် သူ့အကူအညီအများကြီးပါတယ်။ ဒီနေ့တော့ ခံလိုက်ဦးပေါ့ကွာ ...။

ရင်တွေခုန်လိုက်တာ ... ချစ်သူနဲ့ တွေ့ရတော့မယ် ။ ချစ်သူအိမ်ကို ပထမဆုံးရောက်ဖူးတာလေ။ ဒါကြောင့် ... ရင်တွေတုန်နေသည်လား ခုန်နေသည်လား မသိတော့။ သူငယ်ချင်းနောက်က ကျွန်တော်ကုပ်ကုပ်နဲ့ ပါသွားတယ်။ အိမ်ရှေ့မှာ ဘယ်သူ့မှမရှိ။

“အန်တီရေ ... အန်တီရေ ...”

“ဟေ .. သားပါလား ... သူငယ်ချင်းလည်း ပါလာတာလား ... လာလေ အထဲဝင်” အန်တီကြီးက ဖော်ရွှေပုံရတယ် အိမ်ထဲကို ၀င်ခိုင်းသည်။

“ဟုတ်ကဲ့ အန်တီ ... ဒါ (...)ရဲ့ သူငယ်ချင်းပဲလေ ... လာလည်ချင်တယ်ဆိုလို့”

“အေးအေးလာလာထိုင် ... သမီးရေ ... ဒီမှာ ကို(...) တို့ ရောက်နေတယ်”

ဟာ ရင်တွေခုန်လိုက်တာ ... တံခါးဝမှာ ချစ်သူမျက်နှာကို တွေ့လိုက်ရသည်။ အိပ်ယာထခါစ ဆံပင်စုတ်ဖွားနဲ့ ပုံစံလေးက ချစ်ဖို့ကောင်းလိုက်တာ။ သူငယ်ချင်းက ခြေထောက်လှမ်းကုပ်သည်။ ကျွန်တော်မနည်း မျက်နှာလွှဲလိုက်ရသည်။

“သားတို့ ခဏထိုင်ကြ ... အန်တီ မုန့်တွေယူပြီး အိမ်မှာ လုပ်ထားတဲ့ မုန့်တွေထည့်ပေးလိုက်မယ် ... သူငယ်ချင်းအတွက်ပါ ပိုထည့်ပေးမယ်”

“ဟုတ်ကဲ့ ကျေးဇူး” ကျွန်တော်တို့ နှစ်ယောက်စလုံး ပါးစပ်က ပြိုင်တူအသံထွက်သွားဧ။်။

ချစ်သူအမေက အိမ်ထဲဝင်သွားဧ။်။ ချစ်သူက ထွက်လာရရင် ကောင်းမလားလို့ စဉ်းစားနေလေဧ။်။ သူငယ်ချင်းက ရှောင်ပေးရှာသည် ။

“ငါ ... ဒီနားမှာ ကွမ်းသွားဝယ်အုန်းမယ် ... ကောင်းကောင်းနေခဲ့နော်”

ကျွန်တော့် အသံတိတ် ပါးစပ်ပိတ်ပြီး ဆဲလိုက်သည်။

ချစ်သူက တခစ်ခစ်နဲ့ ရယ်သည်။ လာအုန်းလို့ လက်ယက်ပြီး ကျွန်တော် လှမ်းခေါ်လိုက်သည်။ ချစ်သူ ခြေလှမ်းတလှမ်းပဲ ရွေ့ရသေးတယ် ...။

“ သမီးရေ လာဝိုင်းလုပ်အုန်း ... မျက်နှာလည်း သစ်အုန်းလေ .. တယ်ညစ်ပတ်တာကို” 

“ ဟုတ်..ဟုတ် မေမေ လာပြီ” ချစ်သူပါ အိမ်ထဲပြန်ဝင်သွားလေသည်။

ကျွန်တော်တယောက်တည်း အိမ်ရှေ့မှာ ဘာလုပ်ရမှန်းလည်းမသိ ... လက်နှစ်ဖက်ကို ယောင်ပြီး ပွတ်နေမိတယ်။

“သားက သမီးနဲ့ သူငယ်ချင်းပဲလား” .. ရုတ်တရတ်ထွက်ပေါ်လာတဲ့ အသံကြောင့် လန့်သွားမိသည်။

“ဟုတ်ကဲ့ အန်တီ”  ဒီထက်ဘာဆက်ပြောရမှန်းမသိဘူး ...။

ယောင်တောင်တောင်နဲ့ “သူငယ်ချင်းက ဒီနားမှာ ကွမ်းယာသွားဝယ်တဲ့ အန်တီ” လို့ အကြောင်း ရှာပြောလိုက်မိဧ။်။ အန်တီကြီးက ကျွန်တော့်ကို သေချာအကဲခတ် နေသည်ထင်ပ။ ကျွန်တော်ခေါင်းကို ငုံလိုက် အပြင်ကို ကြည့်လိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေမိသည်။ တော်ပါသေးဧ။် သူငယ်ချင်းပြန်ရောက်လာလို့။ ချစ်သူကလည်း ကော်ဖီထည့်ထားသော လင်ပန်းလေးနဲ့ ထွက်လာသည်။ ပါးမှာလည်း သနပ်ခါး ရေကျဲလေးနဲ့လေ ... အားပါး ... ချစ်ဖို့ သိပ်ကောင်းလိုက်တာ။ သူငယ်ချင်းနဲ့ အန်တီက စကားတွေပြောလို့။ ကျွန်တော်က အဲဒါကို အခွင့်ကောင်းယူကာ ချစ်သူနဲ့ အသံတိတ်စကားတွေ ပြောနေမိသည်။

သူငယ်ချင်းက “ညီမလေး ရေမဆော့ဘူးလား ... အိမ်ရှေ့မှာပဲ ဆော့မှာလား” မေးလိုက်သည်။

“ဟုတ် အိမ်ရှေ့မှာပဲ ဆော့မှာလေ ... အားရင်လာဆော့လေ” ...
ပြောသာပြောလိုက်သည် ချစ်သူက သူ့အမေကို ပြန်ကြည့်လိုက်သည်။ အန်တီကြီးက ဘာမှတော့မပြော။ ဒီလိုနဲ့ အချိန်အနည်းငယ်  ကြာသွားသည်လေ။

သူငယ်ချင်းက လက်တို့သည် ... “ငါတို့ ပြန်ရအောင်လေ...” တဲ့  

“အော်.. အေးပြန်ကြမယ်လေ” ကျွန်တော်အသံက စိတ်မပါမှန်းသိသာနေတယ်။ ရေလောင်းချင်တဲ့ စိတ်ကူးလေး မပြည့်သေးဘူးကို။ နောက်ဆုံး နှုတ်ဆတ်ပြီး ကျွန်တော်တို့ ပြန်ထွက်လာကြဧ။်။ ကျွန်တော့် ခြေလှမ်းတွေက နေရာမှမရွေ့ချင်။ သူငယ်ချင်းက ရိပ်မိတယ်။ လမ်းပေါ်ရောက်မှ စက်ဘီးရပ်ကာ ...

“လာကွာ ရေနည်းနည်း သွားလောင်းရအောင်” ချစ်သူတို့ အိမ်ရှေ့မှာ ရေပက်နေကြသူတွေ ရှိနှင့်လေပြီးသားလေ။ ကျွန်တော်လည်း စိတ်မပါတပါနဲ့ အနားရောက်သွားတယ်။ ကျွန်တော်ကို ရေ၀ိုင်းလောင်းကြပါတယ်။ ချစ်သူလောင်းတာ မဟုတ်လို့ ဒီအတိုင်းပဲ ရပ်နေမိတယ်။ ချစ်သူနဲ့ သူ့အမေက အိမ်ထဲမှ ကြည့်နေလေရဲ့။ 

“လာကွာ သွားကြရအောင် ပြန်ကြမယ်” သူငယ်ချင်းကို လှမ်းပြောအပြီး လှမ်းထွက်လိုက်သည်။ ချစ်သူက စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ နှုတ်ဆတ်အပြုံးလေး အဝေးကနေ လှမ်းခြွေလိုက်ဧ။်။ သူငယ်ချင်းကော ကျွန်တော်ကာ အပြန်လမ်းမှာ စကားမပြောမိကြ။ တနေရာရောက်မှ သူငယ်ချင်းက စက်ဘီးရပ်လိုက်သည်။

“ဟိတ်ကောင် ငါ့တို့ကို အိမ်က အုန်းသီး ၀ယ်ခဲ့ဖို့ မှာခဲ့တယ်မလား ... မပါလာရင် ဆူအုန်းမယ်”

“အေး ၀ယ်လေကွာ”

“ ဟာ ငါ့ ပိုက်ဆံအိတ် မင်းချစ်သူအိမ်မှာ ကျန်ခဲ့တယ်ဟ  ... အတော်ပဲဟေ့ ပြန်ယူကြရအောင်”

“ ငါ မျက်နှာပူတယ်ကွာ ပြန်သွားရမှာ”

“အေး မင်းဆန္ဒမပြည့်သေးလို့ ကံကြမ္မာဖြည့်ပေးတာ ပြန်မလိုက်ချင်လည်း နေ”

“ဟာ .. လိုက်မှာပေါ့ကွာ .. မင်းကလည်း” 

အမှန်ပြောရရင် အရမ်း ပျော်သွားတယ်။ ချစ်သူအိမ်ရှေ့ရောက်တော့ ကွက်တိဗျာ။ ချစ်သူက ရေထွက် လောင်းနေတယ်။

သူငယ်ချင်းက “ ဟိတ်ကောင် သွား သွာ ... သွားလောင်းချေ... ငါ့ပိုက်ဆံအိတ် ၀င်ယူရင်း အန်တီကို အာရုံလွှဲထားလိုက်မယ်” 

ပျော်လိုက်တာဗျာ ... ချစ်သူ မျက်နှာကလည်း ၀င်းပသွားသည်။ ကျွန်တော်ကို ရေလောင်းဖို့ လှမ်းလာအခိုက် ချစ်သူလက်ထဲက ခွက်ကိုလုပြီး သူ့ကိုသေချာ စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း လောင်းလိုက်မိဧ။် ။ နောက်ပြီးတော့ ချစ်သူက ကျွန်တော့်ကို ပြန်လောင်းသည် ။ နှစ်ယောက်သား တော်တော်နီးကပ် သွားတယ်ဆိုတာ မသိသာလိုက်ဘူး။ အရမ်းကို ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ ချစ်သူလက်ကလေးကို ခိုးကိုင်လိုက်သည်။ 

“နောက်နေ့တွေမှ တွေ့မယ်နော်” တဲ့

ချစ်သူ နှုတ်ခမ်းပါးပါးလေးမှ တိုးတိုးလေး ပြောလိုက်တဲ့ အသံ။ အဲဒီအခိုက်အတန့်ဟာ ကျွန်တော့်ဘ၀မှာတခါမှ မခံစားဘူးတဲ့ ခံစားချက်တွေ ရရှိလိုက်ပါသည်။

အပြန်လမ်းက သာယာလိုက်တာဘိ။ ကားတွေဘယ်လောက်ကျပ်ကျပ်မမှုတော့။ ကားခတွေလည်း ဘယ်လောက်ပေးရမှန်းမသိတော့။ အိမ်ကိုဘယ်လို ရောက်လာမှန်းလည်း မသိတော့။ လူက ပျော်လွန်းလို့ ခြေလှမ်းတွေ တက်ကြွနေလေဧ။်။

နေရောင်ခြည်သဲ့သဲ့ကတော့ သူထွက်မခွာသေးခင် ကမ္ဘာမြေကြီးကို နှုတ်ဆတ်နေလေရဲ့။ အနောက်ဘက်ယွန်းယွန်းမှာလည်း သင်္ကြန်အကြတ်နေ့ကို ကြိုဆိုဖို့ နေမင်းကြီး အနားယူသွားလေပြီ။ ထွန်းလင်းနေတဲ့ လမင်းနှင့်အတူ ညလေညှင်းလေးတွေ တိုက်ခတ်မှုက ရင်ကိုအေးမြစေလိုက်တာ။  မနက်ဖြန်အတွက်ကြိုတွေးဖို့ အတွေးတွေနဲ့ ခုံတန်းလေးဆီသို့အလာ ပိတောက်ရနံ့ သင်းသင်းလေးကို အားရပါးရ ရှုရှိုက်ရင်း အဓိပ္ပါယ်ရှိသော သင်္ကြန်အကျ နေ့လေးကို ပြန်လည် ပုံဖော်နေမိပါသည်။ ကျွန်တော် အတွက်တော့ အဓိပ္ပါယ်ရှိသော သင်္ကြန်ရက်လေးတွေ ဖြစ်လာတော့မယ် ဆိုတာ ... ။
  ~~~~ @@@@ ~~~~
ပြီးပါပြီ။
-------------------------------------------------
အားလုံးပဲ အဓိပ္ပါယ်ရှိသော သင်္ကြန်ရက်များ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ...။
ပုံလေးကို ဒီကနေ ယူပါသည်။
-------------------------------------------------
စာကြွင်း ။  ။ ဒီပို့စ်လေးက ၁၀၀ မြောက်တိတိ ပို့စ်လေးဖြစ်သလို။ ကျွန်တော် ဘလော့ဂ်ရပ်ဝန်းလေး တစ်နှစ်တိတိ ပြည့်တဲ့ အထိမ်းအမှတ်လေးနဲ့ ရေးသားလိုက်ရခြင်း ဖြစ်ပါသတည်း ။

22 comment[s]:

ဇောင်း said...

ပျော်စရာနဲ့ ရင်ခုန်စရာပုံလေးတွေဗျ ကိုကောင်းကင်ရ၊ မိုက်တယ်။ ချစ်သူအိမ်က ပြန်တဲ့ အပြန်လမ်းမှာ ကားထဲ လူကျပ်တာ တောင် မသိတော့ဘူးဆိုတော့၊ တော်တော်လေးကို ပျော်ခဲ့ပုံပဲနော်း)
=------------------------------------=

ဘလော့ ၁နှစ်ပြည့်မှာ တိုက်တိုက်ဆိုင်ဆိုင်
ပိုစ့်၁၀၀ ပြည့်တယ်ဆိုတော့ ၀မ်းသာစရာ နဲ့ ပီတီဖြစ်စရာလေးပဲဗျာ၊ ဆက်လက်၍ စိတ်ထွက်ပေါက်များကို ရေးသားနိုင်ပါစေကြောင်း ဆုတောင်းပေး၏း)
=------------------------------------=

ZaunG

Cameron said...

ပို့စ်တစ်ရာပြည့်လေးကို လာရောက်ချီးမြှင့်ပါတယ်...။
တကယ့်ကို ကြည်နူးစရာသင်္ကြန်လေးပဲ...။ ကိုတူးတစ်ယောက် ဒီလိုသင်္ကြန်ရက်မျိုးပြန်ရနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...။ အတာရေနဲ့အတူး ရင်ထဲကအပူတွေပျော်ဆင်းပါစေနော်..။

ခင်မင်စွာဖြင့်
မိုးငွေ့

အဖြူရောင်နတ်သမီး said...

နှစ်(၁၀၀)ပြည့် post လေး မှသည် နောင်နှစ်ပေါင်း(၁၀၀)ပြည့်တိုင် ပါစေသော်.....

ဒဏ္ဍာရီ said...

ပိုစ့် ၁၀၀ ပြည့်နဲ့ သင်္ကြန်ခံစားချက်လေး လာဖတ်တယ် ကိုတူးရေ... ပျော်ရွှင်ကြည်နူးစရာ သင်္ကြန်ကာလလေးကို မျက်စိထဲထိ မြင်ယောင်သွားတယ်နော်။ ဘ၀မှာ မမေ့ပျောက်နိုင်တဲ့ အမှတ်တရ တွေပေါ့ မောင်လေးရယ်..။

ဘလော့(၁) နှစ်ပြည့်နဲ့ ပိုစ့် (၁၀၀) ပြည့်လေးကို ဂုဏ်ပြုပါတယ်။

ခင်မင်လေးစားလျှက်

Flower said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ တိုင်ပါစေ
ပိုစ့်တစ်ရာပြည့်မှသည် နောင် ပိုစ့်ထောင်ပေါင်းများစွာ ဖန်တီးနိုင်ပါစေ...
ပိတောက်ရနံ့တွေလွှမ်းနေတဲ့ သင်္ကြန်ဇာတ်လမ်းလေးကို
လာရောက်ခံစားသွားပါတယ်..
ပျော်စရာလေးမို့လည်း ကြည်နူးမိပါတယ်...
ခုလိုဘဲ ကြည်နူုးစရာလေးတွေ အမြဲတမ်း ကြုံတွေ့နိုင်ပါစေ..
နာကျင်တဲ့ အတိတ်လွင်ပြင်ကနေ အမြန်ဆုံးလွတ်ကင်းပါစေနော်..


ခင်တဲ့
မချော

ဆောင်းနှင်းရွက် said...

နိုက်စ် နိုက်စ် ....

ခု တလော ၁ နှစ်ပြည့်တွေ များနေတယ် ..
သူများလည်း ၁ နှစ် ပြည့်ပို့စ်တင်လိုက်ရရင်
ကောင်းမယ် နဲ့ တူတယ် ..
ဟီးးဟီးး...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အနှိုင်းမဲ့ said...

ဂုဏ်ယူပါတယ်...ဘလော့တစ်နှစ်ပြည့်အတွက်
ကြည်နူးစရာကောင်းတဲ့ သင်္ကြန်ရက်ကလေးပါပဲ
ကျုပ်တို့ကတော့ မနှစ်ကစလို့ နောင်နှစ်ခါလဲ
ဒီနှစ်လိုပဲ..ဒီနှစ်ခါလဲ နောင်နှစ်လိုပါပဲ
မောင်ကောင်းကင်ရယ်..
အရာအားလုံးကလွမ်းစရာတွေချည်ပါပဲ:(

မြစ်ကျိုးအင်း said...

ရေလောင်းခွင့်ရလိုက်တဲ့ နေရာ ဖတ်ရတော့ ကိုယ်ပါ ပျော်သွားမိတယ်။ ပြောပြရင် လွန်မယ် ထင်မလား မသိဘူး။ ချစ်သူနဲ့ တစ်မြေစီ ရောက်နေချိန်မှာ သင်္ကြန်ရောက်လို့ အိမ်ပြင် ထွက်ခါနီးတိုင်း ကိုယ့်ကိုကိုယ် ရေလောင်းပြီးမှ ထွက်ဖြစ်တယ်။ ကိုယ်လောင်းစေချင်သူမှ ရှိမနေတာလေ။ ရူးတာလား ၊ ဘာလားတော့ မပြောတတ်ဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တော့ ဟုတ်နေတာပါပဲ။

ဒါကြောင့် ရေလောင်းခွင့်ရလိုက်တဲ့ နေရာ ဖတ်ရတော့ ကိုယ်ပါ ပျော်သွားမိတာပေါ့။

ကိုဇော် said...

ဒီနှစ်လည်း လောင်းခွင့်ရပါစေဗျာ..
ကြည်ကြည်နူးနူးလေးနဲ့. . .

ပို့စ်တစ်ရာပြည့်....
တစ်နှစ်ပြည့်မှ.....
ပို့စ်ပေါင်းများစွာ ၊ နှစ်ပေါင်းများစွာ တိုင်စေသော်ဝ်. . . .

အားကျသွားပါကြောင်း...

ပျော်ရွှင်ပါစေ
ကိုဇော်

ကိုရင်စည်သူ said...

ချစ်သူအိမ်သွားပြီး ခွက်ဆွဲပြီး သွားကြံတယ်ပေါ့လေ.. ပိုင်ပါ့ဗျာ.. အားကျတယ်... ယောက်ခမနဲ့ပါ အိုကေတယ်ဆိုတော့ ကိုညရဲ့ ဇ လည်းမသေးဘူးပြောရမယ်...။ ဒါမျိုးတော့ အနော်လည်း မကြုံဖူးဘူး.. ဖတ်ရင်းနဲ့.. လူတောင် ဖီလင်တက်သွားတယ်.. ဟဲဟဲ..

ပျော်ရွှင်ပါစေ...
ကိုရင်စည်သူ

အင်ကြင်းသန့် said...

ကိုတူးရေ...
ဒီပိုစ့်လေးထဲကလိုပဲ နှစ်တိုင်းမှာ ချစ်သူကို ကြည်ကြည်နူးနူး ရေလောင်းခွင့်ရပါစေ...

ပိုစ့် ၁၀၀ ပြည့်မှသည် ပိုစ့် ၁၀၀၀၊ ၁၀၀၀၀ အထိမကတိုင်အောင်လည်း ဆက်လက် ရေးသားနိုင်ပါစေကြောင်း... ဆုမွန်ကောင်းတောင်းပေးပါ၏။


ခင်မင်စွာဖြင့်
အင်ကြင်း

~ဏီလင်းညို~ said...

ကိုတူး......
သူများတွေဆုတောင်းပေးပြီးသွားပြီမို့....... အစ်ကိုဆုမတောင်းပေးတော့ပါဘူးကွာ.......။
စာတွေ.....ကဗျာတွေ ဆက်လက်မွေးဖွုားနိုင်ပါစေလို့ပဲ....
ခင်မင်တဲ့
ဏီလင်းညို

noblemoe said...

အဓိပ္ပါယ်အပြည့်နဲ့ သင်္ကြန် လေးလို့ ပဲ တစ်ဘဝလုံး
မျက်နှာမသစ်သေးတဲ့ဆံပင်စုတ်ဖွားလေးနဲ့ ကောင်မလေးကို မနက်တိုင်းတွေ့ နိုင်ပါစေ တောင်းဆုပြုပါတယ်။နောင်နစ်ပေါင်းများစွာတိုင်အောင်လည်း လှပတဲ့စာသားနဲ့ ကဗျာတွေရေးနိုင်ပါစေ အလွမ်းတွေကင်းပါစေ နှစ်သစ်မှာပျော်နိုင်ပါစေရန်တောင်းဆုပြုပါတယ်။
မိုး

မြတ်မွန် said...

ကိုညရေ..ပိုစ့် တရာ မြောက်ကနေ ဒီထက် ပိုရေးနိုင်ပါစေ..။ ပိုစ့်လေးတွေကို မျှော်နေမယ်။
သင်္ကြန်ပိုစ့်လေး မိုက်တယ်။
ပျော်ရွှင်စရာ ရသလေးပါပဲ..။

သဒ္ဓါလှိုင်း said...

ဘလော့တနှစ်ပြည့်နဲ့ပိုစ့်၁၀၀မြောက်အတွက်ဂုဏ်ယူ
လေးစားမိပါတယ်ကောင်းကင်ရေ..။ ဒီထက်ပိုပြီးနောက်
နှစ်ပေါင်းများစွာအထိပိုစ့်တွေရေးသားနိုင်ပါစေလို့..။
သင်္ကြန်မှာလည်း ပျော်ရွှင်ပါစေ..

ခင်တဲ့
သဒ္ဓါ

နှင်းဝတီရဲ့ မေတ္တာရိပ် said...

တစ်ရာပြည့်ပို့စ်မှ နောင့်နောင့်ပို့စ်ကောင်းများစွာ ဆက်လက်ရေးသားနိုင်ပါစေ...
သင်္ကြန်မှာလဲ ပျော်ရွှင်ပါစေ..
ပို့စ်ဖတ်ပီးအပျော်တွေကူးစက်သွားပီ..
ဒါမဲ့သင်္ကြန်မှာရေလာလောင်းမဲ့သူမရှိဘူးးး
း(

Blackroze said...

ဒီနှစ်သင်္ကြန်မှာဒီပိုစ့်လေးထဲကအတိုင်းဘဲ...
ပျော်ရွှင်ရပါစေလို့ဆုတောင်းပေးပါတယ်နော်...

ဂျပန်ကောင်လေး said...

ဂလိုဆို တစ်ရက်တည်း စရေးကြတာပေါ့... အွန်..... တော်သေးတာပေါ့.. အဆုံးသတ်ကယ်လို့.... အစပိုင်းက တအားကိုချစ်နေတယ်ဆိုတော့ နောက်ပိုင်း အိပ်မက်လား... ဘာလားများဖြစ်မလားလို့.....

flowerpoem said...

တစ်နှစ်ပြည့်အထိမ်းအမှတ်ရော နှစ်သစ်သင်္ကြန်ရက်များနှင့် အတူ ပျော်ရွှင်သော နေ့ရက်များစွာကို ပိုင်ဆိုင်ပါစေ

Beauty Studio USA Branded Store said...

တနှစ်ပြည့် ပိုစ့်တရာမြောက် ရသလေးဖတ်ရင်းနဲ့ အတာတန်ခူးရဲ့ နှစ်ဦးမှာ ညီလေးညရဲ့ ကောင်းကင်တစ်ယောက် ချစ်ခင်သူများနဲ့ ပျော်ရွှင်ပါစေဗျာ။

what is good things said...

တစ်နှစ်ပြည့်မှာ ၁၀၀မြောက်ပိုစ့်လေးက ထူးခြားတယ်။ ဂျပန်လေးပြောသလိုပဲ အိမ်မက်များဖြစ်နေတာလား ထင်မိ သေးတယ်။ တကယ်ဆိုတော့ အလွန်ပျော်စရာပေါ့နော်း)))
တစ်နှစ်ပြည့် ဘလော့နဲ့အတူ နှစ်သစ်ကို ပျော်ရွှင်စွာဆက် လက်လျှောက်လှမ်းနိုင်ပါစေ။
ပိုစ့်တွေလည်း များများရေးနိုင်ပါစေ။း)))

may said...

LIKE :)