Sunday, April 4, 2010

“ပိတောက်နှင့်အတူ”



ရော်ရွက်ဝါကြွေ လေအလာရူး
ရွက်နုဖူးတဲ့ နွေဦးမှာလ
အတာကျူးမယ့် တန်ခူးချိန်ခါ
ဖန်တခါခါ ရောက်ခဲ့ပြန်တော့
ဖော်ပြန်ကာလွမ်း အတိတ်လမ်းလည်း
မှုန်ရီဝါးဝါး မပြတ်သားဆဲ ...။

ဟိုတချိန်က ပိတောက်ဖူးတွေ
နေရာဦးတဲ့ ကေသာဦးမှာ
ရနံ့ရယ်ကြိုင် တလှိုင်လှိုင်နဲ့
မွှေးကြူသင်းပျံ့ မမေ့ရက်လို့
ခြေရာယှက်အောင် လည်ပတ်ခဲ့တဲ့
နေ့ရက်တွေလည်း လွမ်းမိနေဆဲ ...။

ဖက်စွတ်သွန်းဖြိုး အတာမိုးထဲ
နှစ်ကိုယ်လက်တွဲ လျှောက်လှမ်းခဲ့တဲ့
အပြုံးထင်ဟပ် ချစ်သူလက်လည်း
မက်မောတမ်းတ သတိရဆဲ ...။

စကားတီတာ ပြောခါခါဖြင့်
ကြည်သာရွှင်ပြ နေ့ရက်လှတို့
ဖြတ်ကျော်ခိုင်မြဲ သစ္စာသည်လည်း
ပိတောက်နှင့်တူ သင်္ကြန်နှင့်တူ
ကျွန်ုပ်နှလုံးသား ရင်ထဲတွင်မယ်
မြဲတသသ ပိုင်စိုးနေဆဲ ...။

ခုတော့ ...
ပိတောက်တွေဝေ မိုးတွေစွေလည်း
အတိတ်ဟောင်းက ချစ်သူကြောင်းကို
ကဗျာတွေစပ် စာတွေမှတ်သည်
သင်္ကြန်သည်လည်း ရာသီကူးမို့
ပွဲတော်ထူးသည် စိတ်မှာထင်မိ
ဘယ်ဆီထံပါး ချစ်သူနားသို့
ပိတောက်မှာကြား စကားပါးစေ
ဤချိန်ဤခါ ရောက်လာလျှင်ဖြင့်
ချစ်သူပျော်မြူး ကြည်နူးနိုင်ပါစေ ...။
~~~~ @@@@ ~~~~

19 comment[s]:

ဒဏ္ဍာရီ said...

နှစ်ဦးအတာမှာ ချစ်တဲ့သူအတွက် တောင်းပေးထားတဲ့ ဆုတောင်းလေး ပြည့်ဝနိုင်ပါစေ..။
ကဗျာလေးနဲ့ ထာဝရ အဝေးကနေ ဆုတောင်းပေးနေတဲ့ ချစ်တဲ့သူကိုလည်း နားလည်နိုင်ပါစေနော်။

ခင်မင်လေးစာလျှက်

အင်ကြင်းသန့် said...

ကဗျာလေးကကောင်းသလို ကဗျာမှာ သုံးထားတဲ့ စကားလုံးလေးတွေက လှတယ် ကိုတူး...

ကိုတူးရဲ့ ခံစားချက်ဆုတောင်းလေးကို အဲဒီကောင်မလေးအား ဖတ်စေချင်ပါ၏။

ခင်မင်စွာဖြင့်
အင်ကြင်း

အနှိုင်းမဲ့ said...

ပိတောက်ကဗျာလေး ကောင်းလိုက်တာနော်....
ကျေးဇူးးးးးးးးးး :)

စံလင်းထွန်း said...

ကဗျာလေး လာရောက်ခံစားသွားပါတယ်။

Flower said...

သင်္ကြန်မှာလည်း အမှတ်တရ ရှိခဲ့တာပဲလား
ချစ်သူရဲ့ အရိပ်နဲ့ လွတ်ကင်းတဲ့နေရာ ဘယ်မှာမှ
မရှိတော့ပါလားနော်....
ပိတောက်ရနံ့တွေ သင်းနေတဲ့ ကဗျာလေးကို
ချစ်သူဖတ်မိပါစေ...

what is good things said...

ကဗျာလေးဖတ်ရင်း ပိတောက်နဲ့အတူ သင်္ကြန်ရနံ့ကိုပါ ခံစားမိလာတယ်။
ချစ်သူနဲ့အတူ ပျော်ရွှင်နိုင်ပါစေ။

ကိုဇော် said...

ကွက်တိ စပ်ထားတဲ့ ကဗျာလေးပါလား...
တူကိုများ ပေးလိုက်ရင်တော့...ဟင်း...

မြစ်ကျိုးအင်း said...

ကဗျာဖတ်ရင်း တစ်ခါက သင်္ကြန် လေးကို သတိရမိသွားတယ်ဗျာ။ လွမ်းမော ဖွယ်ရာပါပဲ။

Anonymous said...

တပုဒ်လုံးကောင်းနေလို့ ဘယ်နေရာရွေးပီးကောင်းတယ် ပြောရမှန်းမသိအောင်ကို ကောင်းနေတော့တာပါပဲ

ကျွန်တော်တို့ရဲ့ အလွမ်းအဆွေးဆရာကြီး ကိုတူး လက်ရာကတော့ ပြောင်လွန်းတယ်ဗျာ ( ဆီတွေပေနေလို့ ) ဟိဟိ . . . .

သဒ္ဓါလှိုင်း said...

ကဗျာလေးကသင်္ကြန်ကိုလွမ်းမောဖွယ်ဖြစ်သွားစေတယ်နော်။
ချစ်သူလေးလည်းပျော်ရွှင်ကြည်နူးနိုင်ဖို့ဆုတောင်းပါတယ်။
ကဗျာကောင်းလေးဖတ်ရလို့ကျေးဇူးနော်.
ခင်တဲ့
သဒ္ဓါ

ဆောင်းနှင်းရွက် said...

သြော် ...
သတိရ ၊ အမှတ်ရ စရာ လေးးတွေ ..

noblemoe said...

ကဗျာတွေနဲ့ ဆုတောင်းရင်းလွမ်းနေတဲ့ ချစ်သူနဲ့ အမြန်ဆုံ နိုင်ပါစေနော်
နှစ်သစ်မှာပျော်ရွှင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ်
မိုး

အဖြူရောင်နတ်သမီး said...

“ဧပရယ်(ဧပြီ)”..တဲ့လား...
“သင်္ကြန်”..တဲ့လား..
“ပိတောက်”..တဲ့လား....
မပြောပါနဲ့...မပြောကြပါနဲ့...

ahphyulay said...

ကဗျာ ဖတ်ရင်းနဲ့  ဘယ်တော့ မှ မရိုးတဲ့ 
သင်္ကြန် မိုး ကို မြင်မြင်လာတယ်ဗျို့ 
ကဗျာလေးရဲ့  အား ပါပဲ။
ကြည်နူးမိ ရသလို ဝမ်းလဲနဲ မိပါတယ် လို့ ။
ကိုယ်က အဝေး ရောက်နေလို့ လေ...။

ဂျပန်ကောင်လေး said...

ဂျစ်တူ...လည်း.. ကြည်နူးနိုင်ပါစေဂျာ.....း((

ဂျပန်ကောင်လေး said...

ဂျစ်တူလေး... ကြည်နူးနိုင်ပါစေဂျာ....း((

Beauty Studio USA Branded Store said...

နှစ်ကူး တခူး မြူးကြွတဲ့ လရာသီမှာ ပျော်ရွှင်ပါစေ ညီရေ။

မြတ်မွန် said...

အတာတန်းခူးမှာ
ချစ်သူလေးလည်း
ပျော်ရွှင်မြူးလို့..
အမြဲကြည်နူးနိုင်ပါစေရှင်..။

Blackroze said...

ခံစားမှု့အပြည့်ပါတဲ့ကဗျာလေးပါဘဲ...
ရင်ဘတ်နဲ့ခံစားသွားပါတယ်...