Saturday, April 24, 2010

“Block ထားတဲ့ လေဟာနယ်”



ချစ်သူရေ ... (တဖက်သက်ပါ)
လေဟာနယ် တခုက
မင်းနဲ့ ငါ့ကြား ပါးပါးလေး ...
ဒါပေမယ့် ...
အလွမ်းစကား မကြားရတာကြာပြီ
သတိများရရဲ့လား ...။

ဆက်သွယ်မှု ဧရိယာ တဖက်စွန်းက
နှလုံးသားတစုံမှာ လက်ခံမှုနှုန်းကလည်း
အားနည်းနေတာကြောင့်
ငါ ... သတိရတိုင်း ပို့လိုက်တဲ့ စကားတွေ
လေဟာနယ်မှာပဲ ပြန့်ပွသွားပြီလား ...။

ခုတော့လည်း
လွမ်းတတ်တဲ့ ငါ့ ... စိတ်တွေက
မဆိုင်တော့တဲ့ ပတ်ဝန်းကျင်မှာ
အကျွမ်းဝင်နေလောက်ပါပြီ ...။

အနောက်တောင်လေတွေက တိုက်လာပြီ ...
မျက်ဝန်းမှာ မိုးတွေညိုပြီဆို
နှလုံးသား အော်ငိုတော့မယ် ...
လှိုက်တက်လာတဲ့ တောင့်တမှုတွေ
အန်ချလိုက်တဲ့ နောက်
စိတ်က တကောက်ကောက်နဲ့ ပါသွားတယ်
အဲဒီ လေဟာနယ် စီးကြောင်းတွေထဲ ...။

တချက်တချက် ရှိုက်သံသဲ့သဲ့ဟာ
ကြိမ်နှုန်းခုန်သံနဲ့အတူ စီးမျောရင်း
တိုး ၀င် ပျောက် ရှ သေး သိမ် သွား ...

ဒီလိုနဲ့ ...
ထပ်တူမကျနိုင်တဲ့ ခံစားမှုကို
ပြန်မျိုအချ တဒင်္ဂမှာပဲ
နှလုံးသားလေး ဖျားသွားတယ် ဆိုတာ ...
အဲဒီနေ့က မကြော်ငြာတဲ့ (နားမထောင်ဖြစ်တဲ့)
မိုးလေ၀သ သတင်းတခုကြောင့် ...
........ ......
“လေဟာနယ်ကို တဖက်က block လုပ်လိုက်ပြီတဲ့ ...။”

ညလင်းအိမ် (၂၄.၀၄.၂၀၁၀)
~~~~ @@@@ ~~~~~~

ပုံလေးကို ဒီကနေ ယူပါသည်။

13 comment[s]:

Anonymous said...

အလန်းတွေချည်းပဲဗျာ..
Heart ထိတယ်..

Blackroze said...

ကောင်းလိုက်တဲ့ကဗျာလေး....
ရင်ထဲတန်းရောက်သွားတယ်...
ဘာလဲဆိုတာခံစားနေဖို့တောင်မလိုဘူး..
တကယ်တော့ကဗျာတွေဆိုတာ...
ရင်ထဲကနှလုံးသွေးစက်တွေပါဘဲနော်..
ခံစားပြီးဖွင့်အန်ချလိုက်တဲ့...
စကားလုံးတွေဘဲလေ..။။။

ဒဏ္ဍာရီ said...

ကဗျာလေးက အရမ်းကောင်းသလို ခံစားချက်တွေလည်း မြင်နေရတယ် မောင်လေးရေ...။
ဘာဖြစ်လဲ သူက block လုပ်ရင် ကိုက contact delete သာပြန်လုပ်လိုက် အေးရော......း))
စိတ်ထဲမှာ ခံစားနေရတာတွေအတွက် ခဏတာလေး ပေါ့ပါးသွားအောင် စသွားတယ်နော်။

ခင်မင်လျှက်
မမနွယ်

လင်းခေတ်ဒီနို said...

ဒီလိုနဲ့ ...
ထပ်တူမကျနိုင်တဲ့ ခံစားမှုကို
ပြန်မျိုအချ တဒင်္ဂမှာပဲ
နှလုံးသားလေး ဖျားသွားတယ် ဆိုတာ ...
အဲဒီနေ့က မကြော်ငြာတဲ့ (နားမထောင်ဖြစ်တဲ့)
မိုးလေ၀သ သတင်းတခုကြောင့် ...

လုပ်ချက်ကတော့ လန်းတယ် ဆရာည လိုက်မမှီအောင်ပဲ

~ဏီလင်းညို~ said...

ကိုတူးရေ......
သူ့ဘလော့ပစ်လည်း....... ကိုယ်က ဟော့ရှော့(ခ်)သာလုပ်ပစ်လိုက်.........း))
(ကဗျာတွေကတော့ ကောင်းတယ်ကွာ...။ ခံစားမိတယ်...။)
ခင်မင်တဲ့
ဏီလင်းညို

အင်ကြင်းသန့် said...

ကဗျာကတော့ လန်ထွက်နေတာပဲ (လူနဲ့များ တခြားစီပဲ :)))))

Flower said...

ခံစားချက်တွေကိုလည်း blocked ပစ်လို့ရရင် မကောင်းဘူးလား
ကြာကြာခံစားရတာ ပင်ပန်းလွန်းတယ်
ဒီတော့ လိုအပ်ရင် blocked ရော deleted ပါ လုပ်ပစ်တာအကောင်းဆုံး..
ဟုတ်ဘူးလား?

အနှိုင်းမဲ့ said...

ချစ်သူရေ ... (တဖက်သက်ပါ)
လေဟာနယ် တခုက
မင်းနဲ့ ငါ့ကြား ပါးပါးလေး ...
ဒါပေမယ့် ...
အလွမ်းစကား မကြားရတာကြာပြီ
သတိများရရဲ့လား ...။

ဆက်သွယ်မှု ဧရိယာ တဖက်စွန်းက
နှလုံးသားတစုံမှာ လက်ခံမှုနှုန်းကလည်း
အားနည်းနေတာကြောင့်
ငါ ... သတိရတိုင်း ပို့လိုက်တဲ့ စကားတွေ
လေဟာနယ်မှာပဲ ပြန့်ပွသွားပြီလား ...

(ခံစားမှုတွေ ပျောက်ရှလို့
သာယာပျော်ရွှင်နိုင်ပါစေ ကောင်းကင်...)

Cameron said...

ကဗျာလေး အရမ်းကောင်းတယ်...လန်းတယ်ဗျာ တကယ်ပဲ....။
ဘာဖြစ်လဲ သူဘလောက်တော့လဲ ကိုယ်လဲအားလုံးကိုသာဘလောက်လိုက်..
အဲ...ခံစားချက်တွေမရှိတော့လဲ တခြားကဗျာလေးတွေ ဖွဲ့ပေါ့ ဟုတ်ဘူးလား..


ခင်မင်စွာဖြင့်
မိုးငွေ့

noblemoe said...

ကဗျာဆရာတွေများတော်ချက်ကတော့  block လုပ်ခံရတောင် ကဗျာတစ်ပုဒ် ကောင်းအောင်ရေးနိုင်တယ်နော် အော် ဒါလည်းခံစားချက်ရှိမှ တော်ပြီးရင်တော်နေတာပဲ တော်တိတိတော်
အားမငယ်နဲ့ အားတင်းတာမောင်လေးရေးးးးးးးးးး
လေဟာနယ်က စာသားတွေ လေဟာနယ်မှပြန့် ပွချင်ပွမယ် နှလုံးသားကစာသားတွေကတော့ နှလုံးသားကခံစားပေးသွားမှာပါ။
သာယာချမ်းမြေ့ပါစေနော်

ဏီ(န်)ကင်း said...

ခိုက်တယ်ကိုယ့်လူရေ...

အဖြူရောင်နတ်သမီး said...

ကဗျာလေး အရမ်းလန်းတယ် ကိုတူးရေ...
ရင်ထဲက လာတဲ့စာသားတွေမို့ ကောင်းချက်ကတော့ ပြောမနေတော့ပါဘူး...။

သူBlock လည်း...ကိုယ့်ဘက်က “click and delete”...ပေါ့..

ပေါက်တယ်နော်....နောက်တခေါက်ထပ်ပြောမယ်...

“click and delete”...

ကိုဇော် said...

ဇာတ်လမ်းရဲ့ အစက အဲဒီ Gtalk ရဲ့ Block ဆိုတာက စတာပါပဲ...
အခုတော့ ရင်နှစ်ခြမ်း ဗြမ်းဗြမ်းကွဲတာတောင်မှ . . .
သိသူမရှိ ၊ ကြည့်သူ မရှိ. . .