Saturday, September 10, 2011

“သို့ ... သူ”

သတိ၇ပါတယ် ...
ဘေးနေရာပေမယ့် အဝေးမှာနေရသလိုပဲ
မြင်သမျှ စကားလုံးများ
ကြားသမျှ အသံပွက်ပွက်
ကျွန်တော်ထက့် အသာမှာမို့
အလှမ်းကွာတာ မဆန်းပါဘူး ... သူ ...။

လှမ်းမျှော်စရာ ပန်းတစ်ပွင့်မို့
မှန်းမျှော်ကာလည်း မရည်မှန်းမိဘူး
တခုတ်တလျလို့ပဲ ဆိုဆို 
မုန်းမရလို့ပဲ ဆိုဆို
ကျွန်တော်မျက်ရည်ပူပူနဲ့
ပွဲဆူအောင်လည်း မလုပ်ချင်ဘူး ... သူ ...။

နေလိုရာစေ ထားလိုရာသွား
မင့်အသံပါးပါးမှ မကြားနိုင်သရွေ့
အရူးလိုပဲ ဆိုဆို 
အမူးလို့ပဲ ဆိုဆို
တခါတခါ မှောင်ရိပ်ခို ငိုရတာ
မသက်သာလှဘူး ... သူ ...။

မုန်းရင်လည်းရူး
ပစ်ရင်လည်း(ရင်)စူးမှာပါပဲ ... သူ
အညာတရဆန်ဆန်လို
ဘ၀ထန်ထန်လှိုင်းထက်မှာ
ယှဉ်တွဲကာ မခေါ်ရက်ဘူး
ရင်ထဲမှာ အနာတရနဲ့
ဒဏ်ရာတရှရှကို ခံယူ
ကျွန်တော်ရင်တွေလည်း ပူတယ် ... သူ ...။

စကားအပို မဆိုတတ်တာနဲ့
အသည်းမာတတ်သူတဲ့လား ... သူ
ပန်းကိုပဲ ပျိုးချင်
အလွမ်းကိုပဲ (ပိုင်) စိုးချင်သူမို့
ပန်းတစ်ပွင့် တင့်တယ်နေသမျှ
တသိမ့်သိမ့်ကြည်နူး
ဒီဥယျာဉ်မှူး ကျွန်တော်
စိတ်ကူးနဲ့ ရူးနေတုန်းပါ ... သူ ...။

ဘယ်လိုပဲဆိုဆို
ရင်ထဲမှာ ငွေ့ရည်ဖွဲ့တုန်းမို့
တချက်ချက်လွင့်လာတဲ့
မင်းအသံထွက် အတွက်
ဆန္ဒတစ်စုံကို စိုက်ပျိုး
လက်ဆစ်တွေကို ရည် (တွက်) ချိုးရင်း
မင်း အပြန်တလှည့်ကို
သေသပ်စွာ ဆုတောင်း
ကျွန်တော် အလွမ်းတွေ ကြောင်းနေပါရစေတော့
ထာဝရ ရင်၌ပျိုးသော ... အို ... သူ ...။

ညလင်းအိမ်
(၁၀.၁၀.၁၁)